အခန်း (၄၂၁-၄၂၂)
Vol. 17 Ch. 421-422
အခန်း(၄၂၁) နတ်ဆေးသမားတော်အတုကို အရှက်ခွဲခြင်း (၃)
ဆရာကြီးရှုယီလား…
တကယ် ဆရာကြီးရှုယီပဲ!
နာမည်ကျော် နတ်ဆေးသမားတော် ဆရာကြီးရှုယီ!
ထိုအဘိုးကြီးကို ရှဲ့ကျန်းက ဆရာကြီးဟု ခေါ်လိုက်သဖြင့် လင်းယုရှန်းကော ချူးယန်ရှီပါ နှစ်ယောက်စလုံး ကြက်သေသေသွားကြလေသည်။
ရှဲ့ကျန်းရဲ့ ဆရာက တကယ်ပဲ နတ်ဆေးသမားတော်ဆရာကြီးရှုယီလား!
ထို့နောက် အိမ်ထဲဝင်လာသည့် အဘိုးကြီးကို လင်းယုရှန်းတို့ သားအမိ တစ်ပြိုင်တည်း ကြည့်လိုက်ကြသသည်။
ဒီအဘိုးကြီးက ဆရာကြီးရှုယီဟုတ်ရဲ့လား။
ရှဲ့ကျန်း မျက်လုံးပြူးသွားပြီး ဆရာကြီးရှုယီဖြစ်မှန်း အကြိမ်ကြိမ် အတည်ပြုပြီးမှ အံ့အားသင့်စွာ ပြောလိုက်ပါသည်။ “ဆရာကြီး ဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာတာလဲ”
“သိပ်ဝမ်းသာမနေပါနဲ့။ ငါမင်းကို တပည့်တော်ဖူးတာ မမှတ်မိဘူး။ မင်းအလုပ်သင်ကာလတုန်းက ခဏလောက် ပညာသင်ပေးဖူးတာပဲရှိတာ”။
ဆရာကြီးရှုယီက ရှဲ့ကျန်းကို သူ့တပည့်အဖြစ် အသိအမှတ်မပြုပါ။
ဆေးရုံမှာ ဆရာကြီးရှုယီ အလုပ်လုပ်ခဲ့စဉ်က ရှဲ့ကျန်းမှာ အလုပ်သင်ဆရာဝန်အဖြစ်သာရှိသေးသည်။ အလားအလာ ကောင်းပြီး အလုပ်ကြိုးစားတာကြောင့် ရှဲ့ကျန်းကို ဆရာကြီးရှုယီ နှစ်ဝက်လောက် ပညာသင်ကြားပေးခဲ့သည်။
သူ့ကို တပည့်တော်ဖို့ ဆရာကြီးရှုယီ စဉ်းစားခဲ့သော်လည်း နှစ်ဝက်လောက် စောင့်ကြည့်ပြီးနောက် ရှဲ့ကျန်း၏ အစွမ်းအစများက သူ့စံနှုန်းနဲ့ မကိုက်ညီခဲ့ပါ။ ထို့အပြင် ရှဲ့ကျန်းက ယုံကြည်မှုလွန်ကဲနေသူလည်း ဖြစ်သဖြင့် ဆရာကြီး ရှုယီ လက်လွှတ်ခဲ့ပါသည်။
ဆရာကြီးရှုယီ အနားယူသွားပြီးနောက်ပိုင်း ရှဲ့ကျန်းက ဆရာကြီးရှုယီ၏ တပည့်ဖြစ်သည်ဟု ကြွားဝါကာ လူတွေကို လှည့်စားခဲ့သည်။
“ဆရာကြီးကလည်း။ ပညာ တစ်ရက်သင်ပေးလည်း ဆရာပဲမဟုတ်လား။ ဆရာကြီးက ကျွန်တော့်ကို ပညာတွေ သင်ပေးခဲ့တာ။ အဲ့တော့ ဆရာကြီး အသိအမှတ်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ ဆရာကြီးက ကျွန်တော့် ဆရာပဲ!”
“တော်စမ်း တော်စမ်း။ မပြောနဲ့တော့။ ငါက မင်းဆရာမဟုတ်ဘူး။ လျှောက်ပြောမနေနဲ့။ ငါတပည့်အဖြစ် ထားချင်တဲ့လူက တစ်ယောက်တည်းပဲရှိတယ်! ဟိုမှာ!”။ ဆရာကြီးရှုယီက စူစူလေးကို လက်ညှိုးထိုးပြလိုက်သည်။
“မသင်ချင်ဘူး! မသင်ချင်ဘူး! မသင်ဘူး!”။ စူစူလေးက ချက်ချင်း ငြင်းဆန်လိုက်ပါသည်။
စူစူလေး ဆေးပညာမသင်ချင်ပါ။ သူမ ဦးလေးပိုင်ဟူကျစ်ရဲ့ တပည့်မလုပ်ချင်ပါ။
“ဟုတ်ပါပြီ ဟုတ်ပါပြီ။ ထွက်မပြေးပါနဲ့။ ဒီတိုင်း စကားအဖြစ်ပြောတာပါ။ မကြောက်နဲ့နော်စူစူလေး”။ စူစူလေး ထွက်ပြေးသွားမည်စိုးသဖြင့် ဆရာကြီးရှုယီ အမြန်ချော့လိုက်ရပါသည်။
လွန်ခဲ့သည့် ၆ လလောက်က စူစူလေးကို သူ့တပည့်အဖြစ် ထားချင်သည့်အကြောင်း ပြောဖူးသည်။ စူစူလေးက ချက်ချင်း ငြင်းဆန်ခဲ့ပြီး သူ့ကို ရက်အတော်ကြာအောင် ရှောင်နေခဲ့ပါသည်။ သူမကို ဖမ်းပြီး ဆေးပညာတွေ သင်ခိုင်းမှာစိုးလို့ ဖြစ်သည်။
ဆရာကြီးရှုယီက စူစူလေးနားသွားကာ ပွေ့ချီလိုက်သည်။ “စူစူလေး။ ထပ်ပြီး ထွက်ပြေးမသွားရဘူးနော်။ စူစူလေးက သူ့ထက် အလားအလာအများကြီးပိုရှိတယ်လို့ပဲ ပြောတာပါ။ စူစူလေးက အများကြီး ပိုတော်တယ်”
“ပြီးရော”။ သူရှင်းပြတာကို စူစူလေး လက်ခံပါသည်။
ဆရာကြီးရှုယီ ရောက်လာကတည်းက လင်းယုရှန်းနဲ့ ချူးယန်ရှီတို့ ကြက်သေသေနေကြတာဖြစ်သည်။
ရှဲ့ကျန်းရဲ့ နှုတ်မှ ခေါ်လိုက်သော ‘ဆရာ’ဟူသည့်စကားက ဗုံးတစ်လုံးလို အာနိသင်ရှိပြီး သူတို့ နားတွေ တဝီဝီမြည်ကုန်ကာ အသိစိတ်ပြန်ကပ်ဖို့ အချိန်အတော်ယူလိုက်ရသည်။
အသိစိတ်ပြန်ကပ်သွားတော့လည်း အားလုံး လေးစားရသည့် ဆရာကြီးရှုယီက စူစူလေးနောက် ပြေးလိုက်နေတာကို မြင်လိုက်ရသည်။
ဒါဆို စူစူလေး ပြောတာတွေ အကုန်လုံးက အမှန်တွေလား။
သူမ တကယ် ဆရာကြီးရှုယီနဲ့ ရင်းနှီးတာပဲ!
ရင်းနှီးရုံတင်မဟုတ်ဘူး ဆက်ဆံရေးက အရမ်းထူးခြားတဲ့ပုံပဲ!
ဆရာကြီးရှုယီက သူ့ကို တပည့်အဖြစ် အသိအမှတ်မပြုဘူးဟု ငြင်းလိုက်သောအခါ ရှဲ့ကျန်း အလွန်ရှက်သွားခဲ့ပါသည်။
“ဆရာကြီး အဲ့လိုမလုပ်ပါနဲ့…”
“ဘာကို မလုပ်ရမှာလဲကွ။ ငါ့တပည့်လို့ လျှောက်ပြောပြီး လူတွေကို ငွေလိုက်လိမ်နေတာ ငါမသိဘူးများထင်နေလား”။ ဆရာကြီးရှုယီက ရွံ့ရှာစွာ ပြောလိုက်သည်။ “မင်းက ဒီကောင်လေးရဲ့ ခြေထောက်ကို ကုပေးနိုင်တယ်ပေါ့ ဟုတ်လား။ အဲ့တာဆို ပြောစမ်း။ သူ့ခြေထောက်က ဘာဖြစ်နေတာလဲ။ ဘယ်နေရာကို အပ်စိုက်ကုသရမလဲ။ ဘယ်လို ဆေးပင်မျိုးတွေ သုံးရမလဲ မင်းပြောစမ်း”။
ဆရာကြီးရှုယီက ရှဲ့ကျန်းအား မေးခွန်းပေါင်း သောင်းခြောက်ထောင် မေးလိုက်လေသည်။
ထိုမေးခွန်းများကြောင့် ရှဲ့ကျန်း ပါးစပ်အဟောင်းသား ဖြစ်သွားပါသည်။
လုကျန်းယွီ ခြေထောက်တွေ ဘာဖြစ်နေတာလဲဆိုတာ သူတကယ်မသိပါ။ သူ့ဆေးပညာ စွမ်းရည်ကို ကြွားဝါချင်တာ ကြောင့်သာ ကုသပေးနိုင်သည်ဟု ပြောခဲ့ခြင်းဖြစ်ပါသည်။
… … …
အခန်း(၄၂၂) နတ်ဆေးသမားတော်အတုကို အရှက်ခွဲခြင်း (၄)
တကယ်တော့ သူ့ကို ပြန်ကောင်းလာအောင် ကုသပေးနိုင်မလားဆိုတာပင် သေချာမသိပါ။
“ကျွန်…ကျွန်တော်…”။ ရှဲ့ကျန်း လိပ်ပြာမလုံသဖြင့် စကားတောင် ကောင်းကောင်း မပြောနိုင်တော့ပါ။
“ရှင်… ရှင်ကျွန်မတို့ကို လိမ်ခဲ့တာပေါ့”။ အခုမှ ရှဲ့ကျန်းက လူလိမ်ဖြစ်မှန်း လင်းယုရှန်း နားလည်သွားပါသည်။
“မဟုတ်ပါဘူး။ သူ့ရောဂါကို သေချာ မစစ်ဆေးရသေးတာပဲရှိတာ။ စစ်ဆေးပြီးရင်လည်း ကုပေးနိုင်မှာ သေချာပါတယ်!”။ ရှဲ့ကျန်းက ပြန်ပြောလိုက်ပါသည်။
“ဖွီး!”။ ဆရာကြီးရှုယီက စက်ဆုပ်စွာ ပြောလိုက်သည်။ “ငါတောင် သူ့ကို ရာနှုန်းပြည့် ကုပေးနိုင်မလား မသေချာဘူး။ မင်းလို ငနုက မျက်လုံးနဲ့ ကြည့်လိုက်ရုံနဲ့ ကုပေးနိုင်မှန်း သိတယ်ပေါ့။ မင်းကတော့ တစ်ခုခုပဲ! ငါ့တပည့်ဆိုပြီး လိုက်မပြောနဲ့တော့။ ငါက မင်းတပည့်လို့သာ ပြောလိုက်ပါတော့လား”
“ဆရာကြီး… တပည့်အမှားကို နားလည်ပါပြီ။ နောက်တစ်ခါ စကားကို အဲ့လိုတွေ မဟုတ်မက လျှောက်မပြောတော့ပါဘူး”။ ရှဲ့ကျန်း အမြန်တောင်းပန်လိုက်သည်။
အရင်တုန်းက ခင်မင်မှုကိုထောက်ပြီး သူ့ကို ဆရာကြီးရှုယီ ခွင့်လွှတ်ပေးလိမ့်မည်ဟု ရှဲ့ကျန်းမျှော်လင့်မိပါသည်။
“မင်းကိုယ်မင်း ငါ့တပည့်လို့ ပြောနေတုန်းလားကွ။ အဲ့ဒီစကားကိုက မဟုတ်မက စကားဖြစ်နေတာ။ မင်းသာ တကယ် အစွမ်းအစရှိရင် ကိုယ့်စွမ်းရည်နဲ့ကိုယ် ဂုဏ်သတင်းကို တည်ဆောက်ပေါ့ကွ! ဘာလို့ ငါ့တပည့်ဆိုပြီး လူတိုင်းကို လျှောက်ပြောနေတာလဲ”
ဆရာကြီးရှုယီ၏ စကားကြောင့် ရှဲ့ကျန်း ဟန်ဆောင်နေတာတွေအကုန် ပေါ်သွားသည်။
“ရှင် လူလိမ်ကောင်ပဲ!”။ လင်းယုရှန်း ဒေါသတကြီး အော်လိုက်သည်။
“ငါ- ငါ…”။ ရှဲ့ကျန်းမျက်နှာ ခရမ်းချဉ်သီးလို နီရဲသွားသည်။ သူ့ကိုယ်သူ ကာကွယ်ဖို့ တစ်ခုခုပြောချင်သော်လည်း ရှေ့က ဆရာကြီးရှုယီကို မြင်ပြီး ပြောစရာ စကားတွေပျောက်ဆုံး ကုန်ပါသည်။
ချူးယန်ရှီက အားလုံးထက် ပိုဒေါသထွက်နေသည်။
ဒီသမားတော်ရှဲ့က လူလိမ်ကြီးလား။
သူမ အလှည့်စားခံလိုက်ရတာပေါ့။
မဟုတ်ဘူး… သူမ အလှည့်စားခံလိုက်ရတာမဟုတ်ဘူး။ အရင်ဘဝက လုမိသားစု အလှည့်စားခံလိုက်ရတာပဲ!
ယခင်ဘဝတုန်းက လုမိသားစုမှာ ရှဲ့ကျန်းကို နတ်ဆေးသမားတော်အစစ်ဟု ယုံကြည်သွားခဲ့ကြတာဖြစ်မည်။ ထိုအချိန်တုန်းက နတ်ဆေးသမားတော် အစစ်ဖြစ်သည့် ဆရာကြီးရှုယီလည်း သေဆုံးသွားပြီဖြစ်တာကြောင့် ရှဲ့ကျန်း၏ အလိမ်အညာကို ဘယ်သူမှ မဖော်ထုတ်နိုင်တော့ပါ။
ထို့ကြောင့် ဒီတစ်ခေါက် အလှည့်စားခံရတာ ချူးယန်ရှီကို အပြစ်တင်လို့မရပေ။
ချူးယန်ရှီ ဒေါသဖြင့် အံကြိတ်လိုက်မိသည်။ သူမ အားလုံးကို သေချာကြံစည်ထားခဲ့တာဖြစ်သည်။ ဒီတစ်ခါတော့ သခင်ကြီးလုနဲ့ လုကျန်းယွီတို့ သူမ စေတနာကို တကယ်မြင်နိုင်တော့မည်ဟု ထင်ခဲ့မိသည်။
သို့သော်လည်း အရေးကြီးသည့် အချိန်ကိုရောက်မှ သူမအစီအစဉ်ပျက်သုဉ်းသွားရသည်။ သူမ စေတနာကို မမြင်ကြသည့်အပြင် ပိုလို့တောင် မုန်းတီးသွားတော့မည်။
အလွန်ဒေါသထွက်စရာကောင်းပါသည်။ ချူးယန်ရှီ ဒေါသတွေ အလွန်ထွက်၊ စိတ်တွေ ဖိစီးနေသော်လည်း ဘာလုပ်ရမှန်း မသိတော့ချေ။
သူမ ရှာဖွေပေးခဲ့သည့်လူက အလိမ်အညာဖြစ်ကြောင်း ဖော်ထုတ်နေကြတာကို ဒီတိုင်းသာ ရပ်ကြည့်နေနိုင်သည်။ ခုနက သူမ တောင်းတောင်းပန်ပန်ပြောခဲ့တာတွေအကုန် ဟာသတွေလို ဖြစ်သွားပါပြီ။
စူစူလေးက ဆရာကြီးရှုယီ၏ လက်ထဲမှ ဆင်းဖို့ ကြိုးစားနေပါသည်။
“စူစူလေး ဘာလုပ်မလို့လဲ”။ ဆရာကြီးရှုယီက အမြန်မေးလိုက်သည်။
“လူလိမ်ကောင်ကို ကန်ထုတ်မလို့!”။ စူစူလေးက ပြောလိုက်ပါသည်။
“စူစူလေး မလုပ်နဲ့။ ကိုကြီး အိမ်တော်ထိန်းကျန်းကို လုပ်ခိုင်းလိုက်မယ်”။ လုကျန်းယွီက အိမ်တော်ထိန်းကျန်းကို တာဝန်ပေးလိုက်ပါသည်။
ဒီတစ်ခါတော့ လင်းယုရှန်း ဝင်မတားတော့သဖြင့် အိမ်တော်ထိန်းကျန်း တခြားလူတွေနဲ့ ချက်ချင်း ရောက်လာပြီး ရှဲ့ကျန်းကို ဝိုင်းမလိုက်ကြကာ အိမ်ပြင်ဆွဲခေါ်သွားကြသည်။ ထို့နောက် ခြံပြင်သို့ မောင်းထုတ်လိုက်ကြလေသည်။
သူမ နတ်ဆေးသမားတော်ကြီးဟု ထင်ထားခဲ့သည့် ရှဲ့ကျန်းကို လုမိသားစုအိမ်စေတွေ ဆွဲခေါ်သွားသည့်မြင်ကွင်းအား လင်းယုရှန်း ရီဝေစွာ ကြည့်နေမိသည်။
ခဏကြာတော့ လင်းယုရှန်း အသိစိတ်ပြန်ဝင်လာသည်။
ဆရာကြီးရှုယီကို မျှော်လင့်ချက်ကြီးမားသော မျက်လုံးများဖြင့်ကြည့်ကာ သူမ မေးလိုက်သည်။ “အဲ့တာဆို အခု ဆရာကြီးရှုယီက ကျန်းယွီလေးကို ကုသပေးနေတာလား”
“အဲ့လိုပါပဲ”။ ဆရာကြီးရှုယီက ဂရုမစိုက်ဟန်ဖြင့် ပြန်ဖြေလိုက်ပါသည်။ “ဒီကောင်လေးက စူစူလေးရဲ့ သူငယ်ချင်းဖြစ်နေလို့။ ပြီးတော့ စူစူလေးကို ကယ်တောင် ကယ်ဖူးလို့ ဒီတစ်ခါ ခြွင်းချက် ထားပေးလိုက်တာ”
အားလုံး စူစူလေးကြောင့်ပဲ!
ထိုစကားကြားသောအခါ လင်းယုရှန်း၏ အကြည့်က စူစူလေးထံ ထပ်မံရောက်ရှိသွားသည်။
ဒီတစ်ခါ သူမရဲ့အကြည့်က မယုံကြည်နိုင်သော၊ ကျေးဇူးတင်သော အကြည့်မျိုးဖြစ်သည်။
စူစူလေးကြောင့် သူမ တူလေး ဆေးကုသခွင့်ရရှိတာကို ကျေးဇူးတင်ခြင်းဖြစ်သည်။
မယုံကြည်နိုင်တာကတော့ စူစူလေးလို ကလေးလေးတစ်ယောက်က နာမည်ကျော် နတ်ဆေးသမားတော်ကြီး ရှုယီကို ခံယူချက်တွေ ပြောင်းလဲသွားအောင် လုပ်နိုင်ခဲ့တာကြောင့်ပင်။
… … …