အခန်း (၄၀၁-၄၀၂)
Vol. 17 Ch. 401-402
နတ်သားရဲမလေးရဲ့ကမ္ဘာသစ် Book-17
အခန်း(၄၀၁) မှ (၄၂၅)
အခန်း(၄၀၁) စူစူလေးရဲ့ သူငယ်ချင်း (၄)
“မဟုတ်တာ ဘာမှ မပတ်သတ်ပါဘူး!”။ ရှုထျန်းဖေး အမြန် ငြင်းဆန်လိုက်ပါသည်။
“မပတ်သတ်တာ ကောင်းပါတယ်”
သူ့အတွက် အခြေအနေ မဟန်တော့သဖြင့် ရှုထျန်းဖေး အမြန်ပြောလိုက်သည်။ “စိတ်မရှိပါနဲ့ အရာရှိရှောက်၊ ဒီနေ့ နေ့လယ်ခင်း အလုပ်ကိစ္စချိန်းထားတာလေးတစ်ခုရှိလို့ ခွင့်ပြုပါဦး”
ပြောပြီးတာနဲ့ တစ်ပြိုင်နက် ရှုထျန်းဖေး လှည့်ထွက်သွားပါသည်။ ရှုထျန်းဖေးထွက်သွားတာကို မြင်ပြီးနောက် ကျန်းကျန့်မင်ကလည်း အူကြောင်ကြောင့်ဖြင့် အနောက်က လိုက်သွားခဲ့ပါသည်။
“ဘော့စ်ရှု ခင်ဗျား ဘာဖြစ်နေတာတုန်း။ အဲ့လူက ဘယ်သူလဲ။ ဘာလို့အဲ့လောက် ကြောက်နေတာလဲ”။ ကျန်းကျန့်မင်က နားမလည်နိုင်စွာ မေးလိုက်ပါသည်။
“ခင်ဗျား မဟုတ်တာ တစ်ခုခုလုပ်ထားရင် အဲ့လူနဲ့ မဆုံစေနဲ့! ပြီးတော့ ဘာမှ ထပ်မေးမနေနဲ့! အဲ့လူက ရန်စလို့ကောင်းတဲ့လူ မဟုတ်ဘူး။ စည်းကျော်မိတဲ့လူတိုင်း ဇာတ်သိမ်းမကောင်းဘူး”။ ရှုထျန်းဖေးက အသံတိုးတိုးဖြင့် ပြောလိုက်ပါသည်။
“အဲ့လောက်တောင်… ကြောက်ဖို့ကောင်းတာလား”။ ကျန်းကျန့်မင် အလွန်အံ့ဩမိပါသည်။
လူတစ်ယောက်ကို ရှုထျန်းဖေး ဒီလောက်ထိ ကြောက်နေတာ သူဒီတစ်ခါပဲ မြင်ဖူးသေးသည်။
ဒီလောက် အရှိန်အဝါကြီးတဲ့လူတစ်ယောက်က ချင်းမိသားစုကို ကာကွယ်ပေးထားတယ်တဲ့လား…။ အဲ့တာဆို ချင်းမိသားစုကို ရှင်းထုတ်ဖို့ ပိုခက်ခဲမသွားနိုင်ဘူးလား။ ကျန်းကျန့်မင် တွေးလိုက်ပါသည်။
ရှုထျန်းဖေးနဲ့ ကျန်းကျန့်မင်တို့ လစ်ထွက်သွားကြသောအခါ ကျန်ခဲ့သည့် ချင်းကျင်းဖန်တို့ လင်မယား သွေးပျက်သွားကြပါသည်။
သူတို့က ပညာမတတ်ကြသော်လည်း အရိပ်အခြေတော့ ကြည့်တတ်သည်။ အခြေအနေ မကောင်းတော့သဖြင့် သူတို့လည်း ဆက်ပြီး မနေရဲကြတော့ပါ။
အကြည့်ချင်းဖလှယ်ပြီးနောက် ချင်းကျင်းဖန်က ဟုံပေါင်ကျူးကို ဆွဲထူပြီး လူအုပ်ကြီးထဲ တိုးဝင် ပျောက်ကွယ်သွားကြလတော့သည်။
ဒီလိုနဲ့ ရုပ်ပျက်ဆင်းပျက် ပြဿနာလည်း အဆုံးသတ်သွားခဲ့တော့သည်။
ကြည့်စရာ ဘာမှမရှိတော့သဖြင့် လူတွေလည်း ကိုယ့်အလုပ်ကိုယ်လုပ် ကိုယ့်လမ်းကိုယ် ဆက်လျှောက်သွားကြသည်။
စားသောက်ဆိုင်အသစ်ရှေ့မှာ ချင်းမိသားစုနဲ့ ရှောက်ကျင်းယန်၊ စန်းကျစ်တို့သာ ကျန်ခဲ့ပါသည်။
“အစ်မ ရှောင်းကျစ်၊ မစ္စတာရှောက်နဲ့ သိနေတာလား”။ ချင်းယုကျီးက ရှောက်ကျန်းယီရဲ့ သရုပ်မှန်ကို မသိချင်ယောင် ဆောင်ပြီး စပ်စုတတ်သော အထက်တန်းကျောင်းသား တစ်ယောက်သဖွယ် မေးလိုက်ပါသည်။
“အင်းသိတယ်။ ခေါင်းဆောင်ရှောက်က စူစူလေးရဲ့ သူငယ်ချင်းလည်း ဟုတ်တယ်။ စူစူလေးကြောင့် သူနဲ့ ဆုံခဲ့တာ”။ စန်းကျစ်က ပြန်ဖြေလိုက်သည်။
စန်းကျစ်နဲ့ ရှောက်ကျင်းယန်တို့လည်း စူစူလေးကြောင့် ဆုံခဲ့ရတာဖြစ်သည်။ ထို့နောက် စန်းကျစ်၏ Hacking စွမ်းရည်များကို ရှောက်ကျင်းယန်က အထင်ကြီးသွားခဲ့ပါသည်။ ထို့ကြောင့် ရှောက်ကျင်းယန်က သူ့အဖွဲ့အတွက် စန်းကျစ်အား နည်းပညာအထောက်အကူအဖြစ် ခေါ်ယူခဲ့ခြင်းဖြစ်သည်။
“စူ… စူစူလေးရဲ့ သူငယ်ချင်း ဟုတ်လား”။ ချင်းယုကျီး မျက်လုံးပြူးသွားသည်။
ဒါဆို… ခေါင်းဆောင်ရှောက်ပြောတော့ သူငယ်ချင်းဆိုတာ သူ့ဝမ်းကွဲအစ်ကို ယုချဲကို ပြောတာ မဟုတ်ဘဲ စူစူလေးကို ပြောတာပေါ့! စူစူလေးရဲ့ သူငယ်ချင်းတွေဆိုတာ တစ်ယောက်ပြီးတစ်ယောက် ပိုကြောက်ဖို့ကောင်းလာပါလား။
“ဟုတ်တယ်။ စူစူလေးက ကျွန်တော့်သူငယ်ချင်းပါ”။ ရှောက်ကျင်းယန်က ရှင်းပြလိုက်သည်။ “ဒီနေ့က သူ့တူချောလေးရဲ့ စားသောက်ဆိုင်ဖွင့်ပွဲနေ့လို့ စူစူလေးက ပြောတယ်။ ကျွန်တော်တို့ကို လာအားပေးဖို့ ဖိတ်ထားလို့”
“ဟုတ်ပါတယ် ဟုတ်ပါတယ်”။ စန်းကျစ်ကလည်း ခေါင်းငြိမ့်လိုက်ပါသည်။
စူစူလေးက သူတို့ကို အကူအညီတောင်းတာ ရှားသည်။ ထို့ကြောင့် သူတို့ ကျိန်းသေ လာသင့်ပါသည်။
“အဲ…”။ ချင်းယုကျီး ဘာပြန်ပြောရမှန်းတောင် မသိတော့ပါ။
စူစူလေးက သူတို့နဲ့ ရင်းနှီးရုံတင်မကဘဲ စကားတစ်ခွန်းပြောလိုက်ရုံနဲ့ အကုန်လုံးကို ဆင့်ခေါ်နိုင်သည်။
ချင်းယုကျီး ရင်ထဲမှာ သူ့ဒေါ်လေးကို လေးစားသွားခဲ့ပါသည်။
ထို့နောက် သူ့အဘိုးအဘွားများကို ချင်းယုကျီး လှည့်မေးလိုက်သည်။ “အဘိုးနဲ့ အဘွား။ စူစူလေးမှာ သူငယ်ချင်းတွေ ဒီလောက်များတာ သိထားပြီးသားလား”
“ဒါပေါ့ ငါတို့သိတာပေါ့။ စူစူလေးက ဒီလောက်လိမ္မာပြီး ချစ်ဖို့ကောင်းတာ။ တောင်ပေါ်ဒေသမှာ သွားနေတုန်းက လူတိုင်း သူ့ကိုချစ်ကြတယ်။ အဲ့တာကြောင့် သူငယ်ချင်းတွေ အများကြီးရှိတာ ဘာဆန်းလဲ”။ အဘိုးချင်းက ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်ပါသည်။
လိမ္မာပြီး ချစ်ဖို့ကောင်းတာတော့ ချင်းယုကျီး လက်ခံသည်။ သူငယ်ချင်းတွေအများကြီး ရှိတာကိုလည်း ချင်းယုကျီး လက်ခံနိုင်သေးသည်။
ဒါပေမယ့် သူ့သူငယ်ချင်းတွေက ထူးခြားလွန်းမနေဘူးလား။
ပထမဆုံး နတ်ဆေးသမားတော်ကြီး ဆရာကြီးရှုယီ…
ပြီးတော့ Hacker မလေး စန်းကျစ်…
အခုလည်း ရှောက်ကျင်းယန်…
သာမန် ၃ နှစ်ခွဲအရွယ် ကလေးတိုင်း ဒီလို သူငယ်ချင်းတွေ ရှိတတ်တာလား။
နှပ်ချေးတွဲလောင်း လူဆိုးလေးတွေနဲ့ပဲ သူငယ်ချင်းဖွဲ့တတ်ကြတာ မဟုတ်ဘူးလား။
စူစူလေးကျမှ ဘာလို့ ဒီလောက် ဆန်းကြယ်နေရတာလဲ။
… … …
အခန်း(၄၀၂) ညီမလေးရဲ့ ကျေးဇူးတွေ
၅ မိနစ်ခန့် ကြာသောအခါ ချင်းရှင်းကျစ်၊ ဝမ်ချင်း၊ ချင်းယန်ကျစ်၊ ရှောင်းပေပေတို့လည်း စားသောက်ဆိုင်သို့ ရောက်လာကြပါသည်။
စားသောက်ဆိုင်ရှေ့က လူတန်းကြီးကို မြင်ပြီးနောက် ၄ ယောက်စလုံး အံ့အားသင့်သွားခဲ့ကြသည်။
“ဘာတွေဖြစ်နေတာလဲ။ ယုချဲက အဆင့်မြင့်စားသောက်ဆိုင် ဖွင့်ထားတာ မဟုတ်ဘူးလား။ ပြီးတော့ ပရိုမိုးရှင်းလည်း လုပ်မထားတော့ လူနည်းနည်းပဲ ရှိမယ်ဆို”။ ရှောင်းပေပေက ဇဝေဇဝါဖြစ်ကာ မေးလိုက်ပါသည်။
“ဧကန္တ အချက်အပြုတ်လောကမှာ ငါ့သား နာမည်ကြီးလွန်းလို့ ကတ်စတမ်မာတွေ သူ့အကြောင်းကြားပြီး ရောက်လာကြတာများလားနော်”။ ချင်းယန်ကျစ်က အတည်တစ်ဝက် အနောက်တစ်ဝက် ပြောလိုက်ပါသည်။
ချင်းယုကျီးက နှာခေါင်းပွတ်ကာ ပြောလိုက်သည်။ “အစ်ကိုယုချဲ နာမည်ကြီးတာ မှန်ပေမယ့် ဒီနေ့ ကိစ္စက သူနဲ့ သိပ်မဆိုင်ဘူး”
“ဪ အဲ့တာဆို ဘာတွေဖြစ်နေတာလဲ။ သူ့အတွက် နင်တို့ ပရိုမိုးရှင်းလုပ်ပေးထားကြတာလား”။ ရှောင်းပေပေက မေးလိုက်ပါသည်။
သူတို့သားကတော့ ပရိုးမိုးရှင်းလုပ်မှာမဟုတ်မှန်း ရာနှုန်းပြည့်သေချာသည်။
“ကျွန်တော်တို့လုပ်တာမဟုတ်ဘူး။ ဒေါ်လေးရဲ့ ယောက်မ လုပ်တာ”။ ချင်းယုကျီးက ရှင်းပြလိုက်ပါသည်။
“စူစူလေးကလား”။ ဒါကိုကြားတော့ ရှောင်းပေပေ အံ့အားသင့် တုန်လှုပ်သွားပါသည်။
ရှောင်းပေပေက စူစူလေးကို အလွန်ချစ်ပါသည်။ သို့သော် သူမ မျက်လုံးထဲမှာ စူစူလေးက ချစ်ဖို့ကောင်း နူးညံ့သော ကလေးမလေးသာ ဖြစ်သည်။
စားသောက်ဆိုင်အတွက် ပရိုမိုးရှင်းဆင်းတာတွေ ဘာတွေက စီးပွားရေးအမြင်ရှိသည့် လူကြီးတွေ ဆောင်ရွက်ရမည့် ကိစ္စ ဖြစ်သည်။
စူစူလေးနဲ့ ဘာမှ မသက်ဆိုင်ပါ။
တခြားသူတွေလည်း သူမလိုပဲ အံ့အားသင့်သွားကြပါသည်။
စူစူလေးက အသက် ၃ နှစ်ခွဲပဲ ရှိသေးတာ ဘယ်လို ပရိုမိုးရှင်း ဆင်းနိုင်မှာမို့လို့လဲ။ ဒါတွေကို နားတောင် လည်ပါ့မလား။
“အင်း”။ ချင်းယုကျီး ခေါင်းငြိမ့်ကာ အတည်ပြုပေးလိုက်ပါသည်။ ထို့နောက် ဆက်ရှင်းပြလိုက်သည်။ “တိတိကျကျ ပြောရရင် စူစူလေး သူ့အကြံနဲ့သူ လုပ်လိုက်တဲ့ ကိစ္စတစ်ခုကြောင့် ထင်မှတ်မထားဘဲ ကတ်စတမ်မာတွေ အများကြီး ရလိုက်တာ”
“သူက ဘာလုပ်လိုက်လို့လဲ”။ ရှောင်းပေပေ မေးလိုက်သည်။
“ငါးအကြီးကြီးတစ်ကောင်ဖမ်းပြီး ကျွန်တော့်အဖေ ဝယ်ပေးထားတဲ့ ကလေးစီးတဲ့ အရုပ်ကားလေးပေါ်တင်ပြီး ဒီကိုသယ်လာတာ။ သူကပဲ ချစ်ဖို့ကောင်းလွန်းလို့လား ငါးအကြီးကြီးကိုပဲ စိတ်ဝင်စားသွားကြတာလားတော့ မသိဘူး။ ဒါပေမယ့် သူရောက်လာတာနဲ့ လူတွေအများကြီး နောက်က လိုက်လာကြတာပဲ”။ ချင်းယုကျီးက သေချာ ရှင်းပြလိုက်ပါသည်။
သူရှင်းပြတာကို နားထောင်ပြီး အားလုံး ခေတ္တမှင်သက်သွားကြကာ ဝါးလုံးကွဲ ရယ်မောမိကြလေတော့သည်။
ချင်းယန်ကျစ်က ရယ်မောရင်း ပြောလိုက်၏။ “ဟားဟားဟား… ငါတို့ ညီမလေးလို့ မပြောရဘူးကွာ။ အမြဲတမ်း အဆန်းကြီးတွေ လုပ်နေတာ။ ငါးအကြီးကြီးဖမ်းပြီး အရုပ်ကားလေးနဲ့ သယ်လာတယ်တဲ့လား။ ဒီနေ့ အိမ်ကနေ နောက်ကျမှ ထွက်လာမိတာ နောင်တရတယ်။ ငါ့ညီမလေးရဲ့ ချစ်ဖို့ကောင်းတဲ့ ပုံစံလေးကို မမြင်ရတော့ဘူး!”
ချင်းရှင်းကျစ်ကလည်း သူ့ညီပြောတာ ထောက်ခံပါသည်။ “ဟုတ်တယ်။ ငါတို့ ညီမလေးက အမြဲတမ်း ချစ်ဖို့ကောင်းပြီး စိတ်ကူးစိတ်သန်းလည်း ကောင်းတယ်။ သူက ကံလည်း အရမ်းကောင်းတယ်လို့ အဖေနဲ့အမေက ပြောနေကျ။ ဒါ သူကံကောင်းတဲ့ လက္ခဏာများလား။ သာမန်လူက အဲ့လောက်ကြီးတဲ့ ငါးအကြီးကြီး ဘယ်လိုလုပ် ဖမ်းနိုင်မှာလဲ။ ငါတို့ ညီမလေးက ကံကောင်းလို့ပဲဖြစ်မှာ!”
ချင်းရှင်းကျစ်က သူ့သားပြောသည့် ငါးအကြီးကြီးကို မမြင်ရသေးသော်လည်း သူ့ညီမလေး ဖမ်းထားတာဖြစ်သဖြင့် ယုံကြည်ပြီးသား ဖြစ်သည်။
ရှောင်းပေပေကလည်း ရယ်မောရင်း ချီးကျူးလိုက်သည်။ “စူစူလေးက ကျွန်မတို့ အားလုံးထက် ပိုပြီး တွေးတတ်တယ်။ ကျွန်မဆို ကိုယ့်သားအတွက် လက်ဆောင်ပေးဖို့ မေ့နေတာလေ။ စူစူလေးကတော့ ငါးတောင် သွားမျှားခဲ့တာ။ အမေဖြစ်တဲ့ ကျွန်မ ရှက်မိတယ်”
ချင်းယုကျီးက စိတ်ထဲမှ ဝေဖန်လိုက်ပါသည်။ ဒေါ်လေး အဲ့စကားပြောရဲသေးတယ်ပေါ့။ တော်ရုံ လက်ဆောင်ပေးဖို့ မေ့နေတာမဟုတ်ဘူး။ ကိုယ့်သားအတွက် လက်ဆောင်ပေးဖို့ကို မေ့နေတာလေ! ဦးလေးနဲ့ ဒေါ်လေးတို့က စူစူလေးအတွက် လက်ဆောင်တွေအများကြီး ယူလာပြီး အစ်ကိုယုချဲအတွက်ကျတော့ မေ့နေတယ်တဲ့လား။
ဝမ်ချင်းလည်း စူစူလေးကို ချီးကျူးချင်ပါသည်။ သို့သော်လည်း စကားလုံးတွေ နှုတ်ခမ်းဝ ရောက်လာတိုင်း ပြောရမှာ ရှက်ရွံ့သွားခဲ့သည်။
ယခင်တုန်းက စူစူလေးကို မကြည်မဖြူ ဆက်ဆံခဲ့တာကို နောင်တရမိပါပြီ။ အခုဆို သူမ ဘာပြောပြော အနေခက်စရာ ဖြစ်တော့မည်။
သူတို့မိသားစု စကားပြောနေကြစဉ် ဂုဏ်သရေရှိ လူကြီးမင်းနှစ်ယောက် ရောက်ရှိလာခဲ့လေသည်။
… … …