အခန်း (၄၀၃-၄၀၄)
Vol. 17 Ch. 403-404
အခန်း(၄၀၃) ဆရာကြီးကော ရောက်လာခြင်း
“ယောက်ျား။ ကျွန်မတို့ဆီ လျှောက်လာနေတဲ့လူက ဆရာကြီးကောလား”။ ချင်းယန်ကျစ်၏ လက်မောင်းကို တွန်းရင်း ရှောင်းပေပေ မေးလိုက်သည်။
ချင်းယန်ကျစ်နဲ့ ရှောင်းပေပေတို့က ပေကျင်းမြို့မှာ နေထိုင်တာဖြစ်သဖြင့် ဆရာကြီးကောအကြောင်း သိကြပါသည်။
ဒီဂုဏ်သရေရှိ ပုဂ္ဂိုလ်ကြီးက တရုတ်ရိုးရာပန်းချီနဲ့ လက်ရေးလှပညာရှင်ကြီးဖြစ်သည်။
ရှောင်းပေပေနဲ့ ချင်းယန်ကျစ်တို့က သူ့အကြောင်းကြားဖူးပြီး ခပ်ဝေးဝေးကသာ မြင်ဖူးတာဖြစ်သည်။
တစ်ခါမှ မျက်နှာချင်းဆိုင် စကားပြောဖူးတာမျိုး မရှိပါ။ သူတို့ ချင်းမိသားစုက ပေကျင်းမြို့ရှိ မိသားစုကြီးတွေနဲ့ ယှဉ်လိုက်လျှင် သာမန်အဆင့်သာ ရှိသေးသည်။ ထို့ကြောင့် ရှောင်းပေပေက ဆရာကြီးကောကို မြင်လိုက်ရသောအခါ အမြင်မှားနေသည်ဟု ထင်နေခြင်း ဖြစ်ပါသည်။
“ဟုတ်တယ်ဟ! ဘေးနားက ဦးလေးချိုင်ပဲ! သူ့ကို သိတယ်။ သူက ကိုယ့်မိဘတွေနဲ့ မိတ်ဆွေတွေလေ။ အဲ့တာဆို သူကူတွဲပေးထားတဲ့ လူက ဆရာကြီးကောပဲ ဖြစ်မယ်!”။ ချင်းယန်ကျစ်က ပြန်ပြောလိုက်ပါသည်။
“ဆရာကြီးကောက ဘာလို့ ဒီရောက်လာရတာလဲ”။ ရှောင်းပေပေ အံ့အားသင့်စွာ မေးလိုက်သည်။
ပန်းချီလောကတွင် ဩဇာအာဏာကြီးမားသူ ၂ ယောက် တစ်ပြိုင်တည်း ရောက်ရှိလာကြသဖြင့် ချင်းယန်ကျစ်နဲ့ ရှောင်းပေပေတို့ မယုံကြည်နိုင် ဖြစ်သွားခဲ့ကြပါသည်။
“အင်း… ဆရာကြီးကောကလည်း လူပဲလေ။ ဒီနားမှာ နေ့လယ်စာလာစားရင်းနဲ့ ဒီရှေ့က ဖြတ်သွားတာများလား” ချင်းယန်ကျစ်က ပြောလိုက်ပါသည်။
“မဟုတ်ဘူး။ ဟိုမှာကြည့် ကျွန်မတို့ဆီ တည့်တည့်ကို လာနေတာ!”။ ရှောင်းပေပေက ချင်းယန်ကျစ်၏ လက်မောင်းကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်ပါသည်။
“အဲ့တာဆို ဦးလေးချိုင်က ဆရာကြီးကောကို ခေါ်လာတာ ဖြစ်မယ်!”
ဦးလေးချိုင်က သူ့မိဘတွေရဲ့ မိတ်ဆွေဖြစ်သည်။ ထို့ကြောင့် ဆိုင်သစ်ဖွင့်ပွဲကို လာတက်ရောက်ရင်း ဆရာကြီးကောကိုပါ ခေါ်ဆောင်လာတာ ဖြစ်နိုင်ပါသည်။
သူတို့ ခန့်မှန်းလို့ မပြီးသေးခင် ဆရာကြီးကောနဲ့ ချိုင်ကျမ့်ယဲ့တို့က သူတို့ရှေ့ကို ရောက်နေကြပါပြီ။
“စူစူလေး ဘယ်မှာလဲ”
ရောက်လာတာနဲ့ တစ်ပြိုင်နက် ဆရာကြီးကောက စူစူလေးအကြောင်း မေးလိုက်သည်။
ဟမ်…။
ချင်းယန်ကျစ်နဲ့ ရှောင်းပေပေတို့ ဆရာကြီးကော၏ မေးခွန်းကြောင့် ကြက်သေသေသွားကြသည်။
“စူစူလေး စားဖိုဆောင်ထဲမှာပါ”။ ချင်းရှင်းကျစ်က ပြန်ဖြေပေးလိုက်ပါသည်။
“ဟုတ်ပြီ ဟုတ်ပြီ။ ဒါဆို ငါတို့ စားပွဲမှာ သွားထိုင်စောင့်နေလိုက်မယ်”။။ ဆရာကြီးကောက ပြောလိုက်ပါသည်။
ထို့နောက် ချိုင်ကျမ့်ယဲ့၏ အကူအညီဖြင့် စားသောက်ဆိုင်ထဲ ဝင်သွားလေသည်။
သူတို့ ထွက်သွားသောအခါ ချင်းယန်ကျစ်က သူ့အစ်ကိုကြီးကို မေးလိုက်ပါသည်။ “အစ်ကိုကြီး ဘယ်လိုဖြစ်တာလဲ။ ဆရာကြီးကောက ရောက်ရောက်ချင်း ဘာလို့ စူစူလေးအကြောင်း မေးတာလဲ။ သူနဲ့ ရင်းနှီးလို့လား”
“အေး ရင်းနှီးတယ်။ သိပ်မကြာသေးခင်တုန်းက ဆရာကြီးကော ကားအက်ဆီးဒင့်ဖြစ်ခဲ့တယ်လေ။ အဲ့တုန်းက စူစူလေး သူ့အသက်ကိုကယ်ခဲ့တာ။ စူစူလေးကို သတင်းမီဒီယာတွေ အင်တာလာဗျူးတာလည်း အဲ့ဒီကိစ္စပဲ။ သူကယ်ခဲ့တဲ့သူက ဆရာကြီးကော ဖြစ်နေတာ”
“အဲ့လိုဖြစ်ခဲ့တာလား”။ သူ့ညီမလေးက အလွန်သတ္တိရှိပြီး ကားအက်ဆီးဒင့်တစ်ခုမှာ လူကယ်ခဲ့သည်ဆိုသည့်အကြောင်းသာ ချင်းယန်ကျစ် ကြားထားခြင်းဖြစ်သည်။
သို့သော်လည်း ဘယ်သူ့ကို ကယ်ခဲ့မှန်း သေချာ မသိခဲ့ရပါ။
“ဟုတ်တယ်။ ဆရာကြီးကောက ငါတို့ စူစူလေးကို အရမ်းကျေးဇူးတင်နေတာ။ စူစူလေးကို သူ့တပည့်အဖြစ်တောင် ထားချင်နေတာ ဒါပေမယ့် စူစူလေးက ပန်းချီဆွဲတာ ဝါသနာမပါဘူး ထင်ပါတယ်”။ ချင်းရှင်းကျစ်က ရှင်းပြလိုက်ပါသည်။
ချင်းယန်ကျစ်နဲ့ ရှောင်းပေပေတို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
“ငါ့ညီမလေး အဲ့လောက်တော်မှန်း မသိခဲ့ဘူး”။ ချင်းယန်ကျစ်က ပြော၏။
“အင်း ကျွန်မကောပဲ”။ ရှောင်းပေပေက ထောက်ခံပါသည်။ “ဒါပေမယ့် ကိစ္စမရှိပါဘူး။ ကျွန်မ ယောက်မလေး ချစ်ဖို့ကောင်းရင် ပြီးတာပဲ။ အခုတောင် သွားဖက်ချင်လာပြီ~”
ပြောပြောဆိုဆိုနဲ့ ရှောင်းပေပေ စားသောက်ဆိုင်ထဲ ပြေးဝင်သွားလေသည်။
“ဟ… မင်း မညစ်နဲ့နော်! ငါလည်းဖက်ချင်တယ်!”။ ချင်းယန်ကျစ်လည်း အနောက်မှ ပြေးလိုက်သွားပါသည်။ သူ့ညီမလေးကို မိန်းမဖြစ်သူ အပိုင်သိမ်းသွားမှာ လက်မခံနိုင်ပါ။
“မင်းတို့ကတော့!”။ ချင်းရှင်းကျစ် သူတို့နောက်လိုက်သွားဖို့ ပြင်လိုက်သော်လည်း ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက်် ရပ်တန့်သွားပါသည်။
ထို့နောက် ဝမ်ချင်းကို အမြန်သွားတွဲရင်း ပြောလိုက်၏။ “မိန်းမကို အထဲအရင် လိုက်ပို့ပေးမယ်။ ပြီးမှ သူတို့နဲ့ စူစူလေးကို သွားလုလိုက်မယ်”
ကိုယ်ဝန်သည် ဇနီးက ပထမ ဦးစားပေးဖြစ်သည်။
“အင်း”။ ဝမ်ချင်း ရင်ထဲ နွေးထွေးသွားပါသည်။ သူမ ယောက်ျားက စူစူလေးကို အလွန်ချစ်သော်လည်း သူမကို ဦးစားပေးနေဆဲ ဖြစ်သည်။
ခေတ္တ တွန့်ဆုတ်သွားပြီးနောက် ဝမ်ချင်း ပြောလိုက်သည်။ “ယောက်ျား၊ စူစူလေးဆီ အတူတူသွားကြရအောင်”
… … …
အခန်း(၄၀၄) စူစူလေးကို ချော့ချင်တယ်
စူစူလေးရဲ့ ကံကောင်းခြင်းတွေကို ဝမ်ချင်းယုံကြည်နေပါပြီ။
အသက် ၃ နှစ်ခွဲအရွယ်သာ ရှိသေးသော်လည်း လုပ်သမျှ အရာတိုင်းမှာ ထူးထူးကဲကဲ အောင်မြင်ပြီး ဂုဏ်သရေရှိသော၊ သို့မဟုတ် အဆင့်အတန်းမြင့်မားသော လူတွေနဲ့လည်း သူငယ်ချင်းဖွဲ့နိုင်ခဲ့သည်။
သာမန်လူတွေ တစ်ကြိမ်တစ်ခါတွေ့ဖို့တောင် ခက်ခဲသည့် လူတွေက စူစူလေးရဲ့ သူငယ်ချင်း အလွယ်တကူ ဖြစ်သွားကြသည်။ ဒါကို ကံကောင်းတာဟုမခေါ်လျှင် ဘာကိုခေါ်ရမည်နည်း။
ထို့ကြောင့် စူစူလေးနဲ့ ခင်မင်ရင်းနှီးအောင် နေသင့်သည်ဟု ဝမ်ချင်း ယုံကြည်လာပါသည်။
“ဒါပေမယ့် စူစူလေးက မီးဖိုဆောင်ထဲမှာလေ။ ညှော်နံ့တွေ ဘာတွေထွက်ရင် မိန်းမ နေထိုင်မကောင်းမှာစိုးလို့”။ ချင်းရှင်းကျစ်က စိတ်ပူစွာ ပြောလိုက်ပါသည်။
“ဘာမှမဖြစ်ပါဘူး။ ကျွန်မ အဆင်ပြေမှာပါ”။ ဝမ်ချင်းက ပြောလိုက်ပါသည်။
“အေးပါအေးပါ အဆင်ပြေရင် ပြီးတာပါပဲ”
ထို့နောက် ဝမ်ချင်းကို မီးဖိုဆောင်ထဲသို့ ချင်းရှင်းကျစ် လိုက်ပို့ပေးခဲ့ပါသည်။
ချင်းယုချဲက သူ့စားသောက်ဆိုင်ကို ဆွဲဆောင်မှုရှိအောင် ပြုပြင်မွမ်းမံထားသည်။ သန့်သန့်ရှင်းရှင်းနဲ့ တိတ်ဆိတ်ငြိမ်သက်ပြီး သက်တောင့်သက်သာ ရှိစေသော ဆိုင်လေးတစ်ဆိုင် ဖြစ်သည်။ မီးဖိုဆောင်ထဲမှာတောင် ဆူညံမနေပါ။
စားဖိုမှူးခေါင်းဆောင်ဖြစ်သည့် ချင်းယုချဲအပြင် ယခင်ပြိုင်ပွဲတွေတုန်းက ရင်းနှီးခဲ့သည့် တခြား စားဖိုမှူး နှစ်ယောက်လည်း ရှိပါသည်။
လောလောဆယ် မီးဖိုဆောင်ထဲ အတော်လေး အလုပ်များနေကြသည်။ ဒီနေ့ လူတွေ ဒီလောက်များလိမ့်မည်ဟု ထင်မထားခဲ့ကြတာကြောင့်လည်း ပါသည်။
ချင်းယုချဲက စူစူလေး ဖမ်းပေးထားသည့် ငွေရောင်ငါးကြင်းကြီးကို ချက်ပြုတ်ဖို့ ပြင်ဆင်နေပါသည်။
ထိုငွေရောင်ငါးကြင်းကြီး၏ အသားက တခြားဈေးကြီးကြီး ပင်လယ်ငါးတွေကိုတော့ မယှဉ်နိုင်ပါ။
သို့သော် ထိုအချက်ကြောင့်ပဲ စားဖိုမှူးတစ်ယောက်ရဲ့ စွမ်းရည်ကို ပိုပြီး ပြသခွင့်ရှိလာတာဖြစ်သည်။
ချင်းယန်ကျစ်နဲ့ ရှောင်းပေပေတို့ မီးဖိုဆောင်ထဲကို ရောက်လာကြပြီး ချင်းယုချဲ၏ ပုံစံကို မြင်လိုက်ရသောအခါ လင်မယားနှစ်ယောက် စိတ်ကျေနပ်သွားကြလေသည်။
ရှောင်းပေပေ: “ငါ့သား နင်တော်တော် တိုးတက်လာတာပဲ! အမေဂုဏ်ယူတယ်”
ချင်းရှင်းကျစ်: “အာ့ချဲ! အခုတော့ မင်းအမေနဲ့ငါ မင်းကို စိတ်ချနိုင်ပြီပေါ့!”
ရှောင်းပေပေ: “ငါ့သား။ အမေဒီနေ့ အရမ်းပျော်ရပါတယ်။ ဒါပေမယ့် စားသောက်ဆိုင်တစ်ခုကို လည်ပတ်ရတာ ပင်ပန်းတယ်။ ကိုယ်လုပ်နိုင်သလောက်ပဲ လုပ်ပြီး ကိုယ့်ကိုယ်ကို ဖိအားတွေ အရမ်းမပေးနဲ့နော်”
ချင်းယန်ကျစ်: “ယောက်ျားတစ်ယောက် ပင်ပန်းတာ ပုံမှန်ပဲ။ မပင်ပန်းတဲ့ ယောက်ျားဆိုတာ ရှိလို့လား။ စိတ်မပူစမ်းပါနဲ့ မိန်းမရာ။ ငါတို့သားက မင်းထင်သလောက် မပျော့ညံ့ပါဘူးကွ”
လင်မယားနှစ်ယောက်က ဘေးမှ ဝမ်းပန်းတသာ ပွစိပွစိ ပြောနေကြပါသည်။
ငါးကြင်းကြီးကို အကောင်းဆုံးချက်ပြုတ်ဖို့သာ အာရုံစိုက်ထားသော ချင်းယုချဲတစ်ယောက် မျက်မှောင်အနည်းငယ် ကြုတ်သွားပါသည်။ “စူစူလေးကို သွားထိန်းလိုက်ပါ။ ကျွန်တော် အလုပ်လုပ်နေတာ မနှောင့်ယှက်နဲ့”
သူ့မိဘတွေကတော့ အရင်လို လေပေါမြဲလေပေါနေကြဆဲပင်။ သူတို့နှစ်ယောက် ဆုံလိုက်လျှင် အနားမှာ ပျားအကောင် ၁၀၀ လောက် ဝဲနေသလို နားငြီးရပါသည်။
“အေးပါ အေးပါ။ အေးအေးဆေးဆေးလုပ်။ အမေတို့ စူစူလေးကို သွားရှာလိုက်ဦးမယ်”
ရှောင်းပေပေက ချက်ချင်း စူစူလေးကို သွားရှာလိုက်ပါသည်။
စကားတတ်ပြီး ချစ်ဖို့ကောင်းသည့် ယောက်မလေးနဲ့ ယှဉ်လိုက်လျှင် စကားနည်းပြီး အမြဲတမ်း စူပုပ်နေသည့် သားက ဘာမှ ဆွဲဆောင်မှုမရှိပါ။
ချင်းရှင်းကျစ်နဲ့ ဝမ်ချင်းတို့ ရောက်လာသောအခါ စူစူလေးက မီးဖိုဆောင် ထောင့်တွင် ထိုင်ခုံသေးသေးလေးနဲ့ ထိုင်နေပြီး ပန်းကန်လုံးလေး တစ်လုံးကိုင်လျက် ငါးအသားလုံးများကို တစ်ကိုက်ချင်း ကိုက်စားနေပါသည်။
သူမ ဗိုက်ဆာနေမည်စိုးသဖြင့် ချင်းယုချဲက သူမအတွက် သီးသန့် ပြင်ဆင်ပေးထားခြင်းဖြစ်သည်။
ဝမ်ချင်းက စူစူလေးနား ရောက်လာသည်။ “စူစူလေး”
“အမ်”။ စူစူလေး မော့ကြည့်လိုက်၏။
ဝမ်ချင်းဖြစ်မှန်း တွေ့လိုက်ရသောအခါ စူစူလေးမျက်နှာ တည်တံ့သွားပါသည်။
“ငါးအသားလုံးတွေက စားလို့ကောင်းလား”။ ဝမ်ချင်း မေးလိုက်၏။
စူစူလေး စိတ်မဖိစီးအောင် သူမ ဒီလိုမေးခွန်းလေးတွေ တမင်သက်သက် မေးနေတာ ဖြစ်သည်။
ဒါကိုကြားတော့ စူစူလေးက သူမ ပန်းကန်လေးကို ချက်ချင်း ကာကွယ်လိုက်သည်။ “စားချင်ရင် သမီးတူချောလေးဆီမှာ သွားတောင်း။ ဒါသမီးဟာ!”
သူမစားနေတာကို ဘယ်သူ့ကိုမှ ကျွေးဖို့ အစီအစဉ်မရှိပါ။
စူစူလေး၏ စကားကြောင့် ဝမ်ချင်း အနည်းငယ် နာကျင်သွားပါသည်။ သူမဆီက အစားအသောက် လာလုတာဟု တွေးနေကတည်းက စူစူလေးရင်ထဲမှာ ဝမ်ချင်းက အောက်ဆုံးနေရာမှာရှိနေပုံရသည်။
“စူစူလေးဆီက လုစားမလို့မဟုတ်ပါဘူး”။ ဝမ်ချင်းက ရှင်းပြလိုက်သည်။
“ဪ”။ အဲ့တာဆိုလည်း ပြီးတာပဲ။
“တခြားဘာစားချင်သေးလဲ စူစူလေး။ ယောက်မ သွားယူပေးမယ်လေ”။ ဝမ်ချင်းက ထပ်မေးလိုက်သည်။ မျက်နှာချိုသွေးနေမှန်း အလွန်သိသာလွန်းပါသည်။
… … …