အခန်း (၄၀၅-၄၀၆)
Vol. 17 Ch. 405-406
အခန်း(၄၀၅) ယောက်မနဲ့ သိပ်မရင်းနှီးဘူး
“ရပါတယ်။ သမီးတူချောလေးက လုပ်ကျွေးလိမ့်မယ်”။ စူစူလေးက ဝမ်ချင်း၏ ကမ်းလှမ်းချက်ကို ငြင်းဆန်လိုက်ပါသည်။
ဝမ်ချင်းကို အကူအညီတောင်းမည့်အစား တူချောလေးကိုသာ စူစူလေး အကူအညီတောင်းချင်ပါသည်။
“ဒါဆို သမီးတူလေးကကော တစ်ခုခုစားချင်တာ ရှိလား” ဝမ်ချင်းက ထပ်မေးလိုက်သည်။
“မရှိပါဘူး”။ စူစူလေး ပြန်ဖြေလိုက်ပါသည်။
သူမက ယောက်မဖြစ်သူနဲ့ သိပ်မရင်းနှီးပါ။ ထို့ကြောင့် သူမ မရင်းနှီးသည့်လူကို ဒုက္ခမပေးချင်ပါ။
စူစူလေး ငြင်းတာခံလိုက်ရပြီးနောက် ဝမ်ချင်း အနည်းငယ် ရှက်သွားသော်လည်း ထွက်မသွားသေးပါ။
စူစူလေးမှာ ဆက်နေပြီး စူစူလေး စားသောက်နေတာကို ကြည့်နေခဲ့ပါသည်။
အမေတစ်ယောက် ထပ်ဖြစ်လာတော့မှာကြောင့်လား မသိသော်လည်း စူစူလေး စားသောက်နေပုံလေးကို ချစ်ဖို့ကောင်းသည်ဟု ဝမ်ချင်း ထင်မိသည်။
စူစူလေး တစ်ကိုက်ကိုက်ပြီးနောက် ရပ်တန့်သွားသည်။ ထို့နောက် ခေါင်းလေးမော့လျက် မျက်မှောင်ကြုတ်ကာ မေးလိုက်ပါသည်။
“ဘာလို့ မသွားသေးတာလဲ”
“စူစူလေးစားတာ ကြည့်ချင်လို့ပါ”။ ဝမ်ချင်းက အပြုံးချိုချိုဖြင့် ရှင်းပြလိုက်ပါသည်။
“သမီးက ရုပ်ချောပြီး အရမ်းမိုက်တာ သိပါတယ်။ ဒါပေမယ့် အဲ့လောက်ကြီး ကြည့်နေစရာ မလိုပါဘူး”။ စူစူလေး ပြန်ပြောလိုက်ပါသည်။
စူစူလေးက ကိုယ့်ရုပ်ရည်ကိုယ် အလွန်ယုံကြည်ချက်ရှိပါသည်။
“အဲ… ယောက်မ ဒီတိုင်း အဖော်ပြုပေးချင်လို့ပါ”။ ဝမ်ချင်း ရှင်းပြလိုက်သည်။
“ရပါတယ်။ တူချောလေးရှိတယ်။ ယောက်မကို မလိုဘူး”။ စူစူလေးက ထပ်ငြင်းလိုက်ပါသည်။
ဝမ်ချင်း အပြုံးများ တောင့်တင်းသွား၏။
အရင်တုန်းကလိုသာဆို သူမ ဒေါသထွက်နေလောက်ပါပြီ။
သို့သော်လည်း အခုတော့ စူစူလေးနဲ့ သူမရဲ့ ဆက်ဆံရေးကို ပြေပြစ်အောင် ဖန်တီးဖို့ စိတ်ပိုင်းဖြတ်ထားသည်။
ဝမ်ချင်းက ချင်းရှင်းကျစ်ကို လှည့်ကြည့်လိုက်ပြီး အကူအညီ တောင်းလိုက်ပါသည်။
မိန်းမဖြစ်သူ၏ အကြည့်ကို နားလည်ကာ ချင်းရှင်းကျစ် ဆောင့်ကြောင့်ထိုင်လျက် စူစူလေးကို ပြောလိုက်ပါသည်။ “ညီမလေး အသားလုံးတွေစားပြီး ရေဆာနေပြီလား။ နွားနို့သောက်ချင်လား”
ချင်းရှင်းကျစ်၏ မေးခွန်းက စူစူလေး လိုအပ်နေသည့်အရာဖြစ်သည်။
“အင်း သောက်မယ်”။ စူစူလေး ရေဆာသလိုလို ရှိသဖြင့် ပြန်ဖြေလိုက်ပါသည်။
“နို့မှုန့်ဖျော်ပေးရမလား နွားနို့သောက်မလား”။ ချင်းရှင်းကျစ်က မေးလိုက်သည်။
“ဒီနေ့ နွားနို့သောက်မယ်”။ စူစူလေး ခေတ္တစဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။
“ဟုတ်ပြီ။ အဲ့တာဆို အစ်ကိုကြီး နွားနို့သွားယူပေးမယ်နော်။ ၄၀ ဒီဂရီလောက် နွှေးခဲ့မယ်”။ ချင်းရှင်းကျစ်က သူ့ ညီမလေးအကြိုက်ကို သိပါသည်။
“ဟုတ်ပြီ”။ စူစူလေး ခေါင်းငြိမ့်လိုက်ပါသည်။
သူမရဲ့ ပုံစံလေးက ချစ်ဖို့ကောင်းပြီး စကားလည်း နားထောင်သည်။ ဝမ်ချင်းကို ဆက်ဆံသည့် ပုံစံနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါသည်။
ဝမ်ချင်းက အမြန် ဝင်ပြောလိုက်သည်။ “ကျွန်မ သွားယူပေးလိုက်မယ်”
စူစူလေးရဲ့ သဘောကျမှုကို ခံရဖို့အတွက် ဝမ်ချင်း အကူအညီပေးခွင့် တောင်းလိုက်ခြင်းဖြစ်ပါသည်။
“အာ့ချင်း ကိုယ်ဝန်ကြီးနဲ့ လျှောက်သွားလို့ မဖြစ်ဘူးလေ…”။ ချင်းရှင်းကျစ်က သူ့မိန်းမကို သိပ်ပြီး မလှုပ်ရှားစေချင်ပါ။
“ရပါတယ်။ ဒီတိုင်း နွားနို့သွားနွှေးတာပဲဥစ္စာ။ ကျွန်မ သား ၃ ယောက် မွေးထားတာပါ။ ဒီလောက်တော့ လုပ်နိုင်ပါတယ်”။ ဝမ်ချင်းက ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်ပါသည်။
“ဟုတ်ပါပြီ”။ မိန်းမဖြစ်သူက ခေါင်းမာနေသဖြင့် ချင်းရှင်းကျစ်လည်း မတားနိုင်တော့ပါ။
ထို့နောက် စူစူလေးဘက်သို့ ချင်းရှင်းကျစ် အာရုံပြန်လှည့်လိုက်ပါသည်။ “စူစူလေး ဒီနေ့အရမ်းမိုက်နေတယ်ဆို…”
“ဒါပေါ့!”
“နောက်တစ်ခါ ငါးသွားမျှားရင် အစ်ကိုကြီးကို ခေါ်မှာလား။ အစ်ကိုကြီးလည်း စူစူလေးဆီက ငါးမျှားနည်း သင်ချင်လို့”
“ခေါ်မယ်! အစ်ကိုကြီးကို သင်ပေးမယ်! ငါးအကြီးကြီးတွေ ဖမ်းမိအောင် သင်ပေးမယ်!”။ စူစူလေးက ခေါင်းမော့ ရင်ကော့လျက် ယုံကြည်ချက် ပြည့်ဝစွာ ပြောလိုက်ပါသည်။
“အား!”
စူစူလေး စကားအဆုံးတွင် မီးဖိုဆောင်ထဲမှ ဝမ်ချင်း၏ အော်သံ ထွက်ပေါ်လာခဲ့ပါသည်။
ထို့နောက် ဖန်ကွဲသံတွေလည်း ကြားရသည်။
ချင်းရှင်းကျစ် ထိတ်လန့်သွားပြီး ချက်ချင်း ပြေးသွားခဲ့၏။
ကြမ်းပြင်ပေါ်က ဖန်ကွဲစတွေမှာ နွားနို့ထည့်ထားသည့် ဖန်ခွက်ဖြစ်သည်။
“ဘာဖြစ်တာလဲ။ နာသွားလား။ ဘယ်နေရာ နာသွားသေးလဲ”။ ချင်ရှင်းကျစ် အလွန်စိတ်ပူသွားသည်။
“ကျွန်မလက်… အပူလောင်သွားလို့…”
ဝမ်ချင်း မျက်လုံးများ နီမြန်းသွားသည်။ အပူလောင်ဒဏ်ရာကြောင့်လား၊ ဒီနေ့ စူစူလေးနဲ့ အဆင်ပြေအောင် မနေနိုင်ခဲ့တာကြောင်လား၊ ဒါမှမဟုတ် ကိုယ်ဝန်ကြောင့် စိတ်ခံစားလွယ်နေတာလား ဝေခွဲမရပါ။ ဘယ်လိုပဲဖြစ်ဖြစ် သူမ ငိုချင်နေသည်။
စူစူလေးနဲ့ ဆက်ဆံရေးကို ပြန်ပြုပြင်ချင်ရုံပါ။ ဘာလို့ ဒီလောက်ခက်ခဲနေရတာလဲ။
… … …
အခန်း(၄၀၆) ချင်းယုကျီးရဲ့ လက်တုန့်ပြန်မှု (၁)
ချင်းယုချဲ၏ စားသောက်ဆိုင်သစ်ဖွင့်ပွဲကြီး အလွန်အောင်မြင်ခဲ့ပါသည်။ စူစူလေး၏ လက်ဆောင်က တကယ် အသုံးဝင်ခဲ့သည်။ ဖွင့်ပွဲစတင်ကတည်းက ကတ်စတမ်မာတွေ အများကြီးကို ဆွဲဆောင်နိုင်ခဲ့ပါသည်။
ထို့အပြင် စားဖိုမှူးများရဲ့ ပြိုင်ဘက်ကင်း အချက်အပြုတ်စွမ်းရည်များကြောင့် ကတ်စတမ်မာများ၏ ချီးမွန်းမှုကို ခံခဲ့ရသည်။
နောက်နေ့တွေအတွက်လည်း ဘိုကင်တွေပါ ပြည့်သွားခဲ့ပါသည်။
ချင်းယုချဲတို့ စားသောက်ဆိုင် အောင်မြင်သွားတာကို ရှုထျန်းဖေးနဲ့ ကျန်းကျန့်မင်တို့ အဝေးကသာ ဒေါသဖြင့် ကြည့်နေနိုင်သည်။ သူတို့ ဘာမှ မလုပ်နိုင်တော့ပါ။
ညမိုးချုပ်သောအခါ အလုပ်ကိစ္စတွေ ပြီးမြောက်ပြီးနောက် လက်ထောက်နဲ့အတူ ကျန်းကျန့်မင် ဟိုတည်မှ ထွက်လာခဲ့ပြီး မြေအောက် ကားပါးကင်သို့ သွားခဲ့ကြသည်။
ကားထဲရောက်သောအခါ အရက်မူးနေသည့် ကျန်းကျန့်မင်က ဒရိုင်ဘာကို ပြောလိုက်သည်။ “မြို့စွန်က ငါ့အိမ်ဆီ မောင်းစမ်းကွာ”
တရားဝင်ဇနီးမယားရှိသည့်အပြင် ကျန်းကျန့်မင်မှာ မယားငယ်တစ်ယောက်လည်း ရှိပါသည်။ ထိုမယားငယ်အတွက် ဗီလာတစ်လုံးတောင် ဝယ်ပေးထားသေးသည်။
လက်တလော ကြုံနေရသည့် သူ့ကုမ္ပဏီ အရှုံးပေါ်မှုတွေကြောင့် သူ့စိတ်တွေ အလွန်ညစ်နေသည်။ ထို့ကြောင့် အိမ်က ပွစိပွစိလုပ်ဖို့သာ သိသော မယားကြီးဆီ ပြန်မသွားချင်ပါ။
ကျန်းကျန့်မင်၏ စကားကို ကြားပြီးနောက် ဒရိုင်ဘာက ကားစက်နှိုးလိုက်ပါသည်။
ကျန်းကျန့်မင် ထိုင်နေသည့် နေရာမှ ဒရိုင်ဘာ၏ မျက်နှာကို ထင်ထင်ရှားရှား မမြင်ရပါ။ ထို့အပြင် မူးလည်း မူးနေသဖြင့် အသိစိတ်တောင် သိပ်မကပ်ပေ။
မြေအောက် ကားပါးကင်မှ ထွက်လာပြီးနောက် မြို့စွန်သို့ ဦးတည် ထွက်ခွာလာကြသည်။
ကားအပြင်မှာ တိုက်အိမ်တွေ၊ လမ်းသွားလမ်းလာတွေ သိပ်မမြင်ရတော့သဖြင့် မြို့စွန်ကို ရောက်ခါနီးပြီဖြစ်မည်ဟု ကျန်းကျန့်မင် ထင်သွားပါသည်။
အချိန်ဘယ်လောက်ကြာသွားမှန်း မသိလိုက်ဘဲ ကားက ရုတ်တရက် ရပ်တန့်သွားသည်။
ဒရိုင်ဘာ ကားပေါ်မှ ဆင်းလာပြီး သူ့ကို တံခါးလာဖွင့်ပေးမှာကို ကျန်းကျန့်မင် စောင့်နေလိုက်သည်။
သို့သော် အချိန်အတော်ကြာတာတောင် ကားတံခါးက မပွင့်သေးပါ။
ကျန်းကျန့်မင် စိတ်မရှည်တော့ဘဲ ကျိန်ဆဲလိုက်ပါသည်။ “သောက်သုံးမကျတဲ့ကောင်! ဘာတွေ အချိန်ဆွဲနေတာလဲ။ တံခါး လာဖွင့်ပေးလေကွာ!”
သူကျိန်ဆဲလိုက်တာ အာနိသင်ရှိပုံရသည်။ ကားတံခါး ပွင့်သွားခဲ့ပါသည်။
ကျန်းကျန့်မင်က လက်ကမ်းပေးလိုက်ပြီး သူ့ကို တစ်ယောက်ယောက် ကူတွဲပေးမှာကို စောင့်နေပါသည်။
သို့သော် ဒရိုင်ဘာက သူ့ကို ကြည့်သာကြည့်နေပြီး တုပ်တုပ်မျှ မလှုပ်ပါ။
ကျန်းကျန့်မင် ထပ်ပြီး ကျိန်ဆဲလိုက်ပါသည်။ “မင်းဘာလုပ်နေတာလဲကွ! ငါ့ကို တွဲပေးဖို့တောင် မေ့နေတာလား။ ဒီလ မင်းသောက်ဆံ မရဘူးမှတ်!”
ကျန်းကျန့်မင် ကျိန်ဆဲလိုက်တာတောင် ထိုလူက သူ့ကို မကူညီသေးပါ။
သို့သော် ထိုလူ ရုတ်တရက် ရေခဲရေတွေဖြည့်ထားသည့် ရေပုံးတစ်ပုံးကို ကိုင်ပြီး ကျန်းကျန့်မင်အား ပက်ပစ်လိုက်ပါသည်။
အေးစက်နေသည့် ရေခဲရေများဖြင့် ကျန်းကျန့်မင် တစ်ကိုယ်လုံး စိုရွှဲသွားလေတော့သည်။ ရေခဲတုံးတချို့ပင် ပါသေးသည်။
ကျန်းကျန့်မင် ကြက်သေသေသွား၏။ အမူးတောင် အနည်းငယ် ပြေသွားပါသည်။
ရေခဲရေတွေကြောင့် သူ့ခန္ဓာကိုယ် ခိုက်ခိုက်တုန်ယင်နေလေသည်။
မျက်နှာကို လက်ဖြင့် ပွတ်လျက် သူ့ရှေ့က လူကို သေချာ ကြည့်လိုက်သည်။
ကြောက်ဖို့ကောင်းလောက်အောင် သူ့ရှေ့က လူက သူ့ဒရိုင်ဘာ မဟုတ်ဘဲ သူတစ်ခါမှ မမြင်ဖူးသည့် ကောင်လေးတစ်ယောက် ဖြစ်နေပါသည်။
ထို့နောက် ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ရာ သူသွားချင်သည့် မြို့စွန်ကို ရောက်နေတာမဟုတ်ဘဲ လူသူကင်းမဲ့သည့် တောကြီးမျက်မည်းထဲ ရောက်နေတာဖြစ်မှန်း ကျန်းကျန့်မင် သိလိုက်ရပါသည်။
ဘယ်လိုဖြစ်တာလဲ။ ဘာဖြစ်သွားတာလဲ။ ဓားပြတိုက်ခံရတာလား။
“မင်း… မင်းဘယ်သူလဲကွ”။ ကျန်းကျန့်မင် တုန်လှုပ်စွာ မေးလိုက်သည်။ “မင်းဘာလိုချင်လို့လဲ။ ပိုက်ဆံလား။ ငါ့မှာ ပိုက်ဆံရှိတယ်။ ငါ့ကို ဘာမှမလုပ်ပါနဲ့!”
ယုဝမ်ရှုက ကျန်းကျန့်မင်ကို ခံစားချက်မဲ့စွာ ကြည့်ရင်း သူ့နောက်ရှိ ချင်းယုကျီးအား ပြောလိုက်ပါသည်။ “ငါခေါ်လာခဲ့ပီဲ။ ကျန်တာ မင်းဖာသာမင်း ရှင်းချင်သလိုသာ ရှင်းလိုက်”
ယုဝမ်ရှုက ဦးနှောက်သုံးရသည့် အလုပ်တွေသာ လုပ်ပေးသည်။ ကိုယ်ထိလက်ရောက် ဘယ်တော့မှ မလုပ်ပါ။
ချင်းယုကျီးက ခပ်ပြုံးပြုံးနဲ့ လျှောက်လာခဲ့ပါသည်။
“အာ့ရှု နောက်ဆုတ်နေ။ အခု ငါ ဒေါသတွေ အရမ်းထွက်နေလို့ တစ်ခုခုလုပ်မှဖြစ်မယ်။ မင်းကိုပါ မတော်တဆ ထိခိုက်မိမှာစိုးလို့”
ယုဝမ်ရှုကလည်း အလိုက်သိစွာ နောက်ဆုတ်ပေးလိုက်ပါသည်။ ထို့နောက် ဘယ်ဘက် လက်ပေါ်ရှိ လက်ပတ်နာရီကို ကြည့်ရင်း ချင်းယုကျီးကို သတိပေးလိုက်သည်။ “မင်း ၅ မိနစ်ပဲ အချိန်ရတာနော်”
“အဲ့လောက်ဆို လုံလောက်တယ်”။ ချင်းယုကျီးက ကောက်ကျစ်သော အပြုံးဖြင့် ပြောလိုက်ပါသည်။
ချင်းယုကျီးကို မြင်သောအခါ ကျန်းကျန့်မင် တုန်လှုပ်သွားပါသည်။ “မင်းပါလား။ ဒီကိစ္စကို မင်းကြံစည်တာလား မျိုးမစစ်လေး!”
… … …