← Chapters

အခန်း (၄၀၇-၄၀၈)

Vol. 17 Ch. 407-408

အခန်း (၄၀၇-၄၀၈)

Vol. 17 Ch. 407-408

အခန်း(၄၀၇) ချင်းယုကျီးရဲ့ လက်တုန့်ပြန်မှု (၂)

ကျန်းကျန့်မင်က လှောင်ပြောင်ကာ ပြောလိုက်သည်။ “ဘယ်သူများလဲလို့ကွာ! ချင်းမိသားစုရဲ့ မျိုးမစစ်သားလေး ဖြစ်နေတာကိုး!”

“ခင်ဗျားဘယ်သူ့ကို မျိုးမစစ်လို့ခေါ်နေတာလဲ” ချင်းယုကျီးက ပြုံးလျက် မေးလိုက်သည်။

“မင်းကိုပြောနေတာကွ! မင်းကများ လူငှားပြီး ငါ့ကို ဒုက္ခပေးရဲတယ်ပေါ့! အသက်ရှင်ရတာ ပင်ပန်းနေပြီလား။ တက္ကသိုလ်မတက်ချင်တော့ဘူးလား။ ဒါမှမဟုတ် မင်းနဲ့အတူ ချင်းမိသားစုကိုပါ သေတွင်းထဲ ဆွဲခေါ်သွားချင်လို့လား”။ ကျန်းကျန့်မင်က ခြိမ်းခြောက်လိုက်သည်။

“အခုလည်း ကျုပ်တို့ မိသားစုကို ဒုက္ခပေးဖို့ ခင်ဗျားအစွမ်းကုန် ကြိုးစားနေတာပဲ မဟုတ်ဘူးလား။ ဒါပေမယ့် ခင်ဗျားကို ကြည့်ရတာ သိပ်အောင်မြင်နေတဲ့ပုံလည်း မပေါ်ပါဘူး”

“ဟား… မင်းတို့ ကံကောင်သွားလို့ပါကွာ!”။ ကျန်းကျန့်မင် အံကြိတ်လျက် ပြောလိုက်ပါသည်။

သတ္ထုတွင်းကို မိုးကြိုးပစ်လို့ သတ္ထုကြောအသစ်ရှာတွေ့သွားတာကြောင့်သာ မဟုတ်ရင် ချင်းမိသားစု ဒေဝါလီ ခံသွားရတာ ကြာပြီကွ! ဒီလောက်ထိ ပြဿနာတွေ ကြီးလာစရာအကြောင်း မရှိဘူး!

“ခင်ဗျား အဲ့တာတစ်ခုတော့ မှန်တယ်။ ကျုပ်တို့ မိသားစုက အရမ်းကံကောင်းတယ်”။ ချင်းယုကျီးက ပြောလိုက်ပါသည်။ “ဒါပေမယ့် ဒီနေ့ ခင်ဗျားကို ကျုပ်လက်သီးအရသာ မြည်းစမ်းခွင့် ပေးချင်လို့”

ချင်းယုကျီး လက်သီးမြှောက်လိုက်တာကို မြင်ပြီး ကျန်းကျန့်မင် ကြောက်လန့်တကြား ကျိန်ဆဲလိုက်ပါသည်။ “ချင်းယုကျီး ခွေးသား! မင်းကိုယ်မင်း ဘာလုပ်နေတယ် ထင်လဲ”

“ခင်ဗျား မကြာခင် သိမှာပါ”

ထို့နောက် ကျန်းကျန့်မင်၏ မျက်နှာပေါ် အလွန်အားပြင်းသော လက်သီးချက်တစ်ချက် ကျရောက်လာလေသည်။

“အား! လူရမ်းကားကောင်… မင်းကများ ငါ့ကို ထိုးရဲ- အား!!”

ကျန်းကျန့်မင် စကားဆုံးအောင် မပြောနိုင်ခင် ချင်းယုကျီးက နောက်တစ်ချက် ထိုးလိုက်သည်။

ယုဝမ်ရှုက ကျန်းကျန့်မင်၏ အော်သံတွေကို နားထောင်ရင်း လက်ပတ်နာရီကို ကြည့်နေပါသည်။

သူတို့နှစ်ယောက် ဒါမျိုးလုပ်ဖူးတာ ပထမဆုံးအကြိမ်မဟုတ်မှန်း သိသာသည်။

၅ မိနစ်ပြည့်သောအခါ ယုဝမ်ရှု လျှောက်လာပြီး ပြောလိုက်သည်။ “အချိန်ပြည့်ပြီ”

ချင်းယုကျီးလည်း အထွန့်မတက်ဘဲ ရပ်တန့်လိုက်ပါသည်။

ထို့နောက် ကားဘေးမှာ ဒဏ်ရာဒဏ်ချက်အပြည့်နဲ့ လဲကျနေသော ကျန်းကျန့်မင်ကို ယုဝမ်ရှု စစ်ဆေးကြည့်လိုက်သည်။ အသက်အန္တရာယ်မရှိတာ သေချာစေဖို့ ဖြစ်ပါသည်။

ထို့နောက် Spray ဘူးတစ်ဘူးကို ထုတ်လျက် ထိုနားတစ်ဝက်ကို ဖျန်းလိုက်သည်။

ဘာသက်သေမှ မကျန်ခဲ့အောင် ယုဝမ်ရှု ကူညီပေးနေတာဖြစ်မှန်း ချင်းယုကျီး သိပါသည်။ ယုဝမ်ရှုသာ ရှိပါက ချင်းယုကျီး စိတ်လွတ်ကိုယ်လွတ် သောင်းကျန်းလို့ ရသည်။ အဘယ့်ကြောင့်ဆိုသော် သူ သတိမထားမိသည့် အသေးစိတ်အကျဆုံး အရာတွေကိုတောင် ယုဝမ်ရှုက ရှင်းလင်းပေးမှာဖြစ်တာကြောင့်ပင်။

“ဟုတ်ပြီ သွားကြစို့”။ ယုဝမ်ရှုက ပြောလိုက်သည်။

“ငါမကျေနပ်သေးဘူးကွာ။ နောက်တစ်ခါဆို အချိန်များများပေးစမ်းပါ”။ ချင်းယုကျီးက ပွစိပွစိပြောလိုက်ပါသည်။

“မင်းပြောတော့ လုံလောက်တယ်ဆို။ ပြီးတော့ မင်း တက္ကသိုလ်တက်နိုင်အောင် စာကြိုးစားမယ်လို့ ကတိပေးထားတာ မဟုတ်ဘူးလား။ အိမ်ပြန်ပြီး စာလုပ်လိုက်တော့”

“မင်းတောင် ငါ့ကို ပွစိပွစိလာပြောနေပါလား”

“ကတိတစ်ခု ပေးထားပြီးရင် အဲ့ကတိအတိုင်း ဖြစ်အောင် လုပ်ရတယ်”

“အေးပါကွာ အေးပါ”

ယုဝမ်ရှုနဲ့ ချင်းယုကျီးတို့ အနီးနားမှာ ပါကင်ထိုးထားသည့် ကားပေါ် တက်လိုက်ကြပြီး ထိုနေရာမှ ထွက်ခွာလာကြသည်။

ကားထဲတွင် ချင်းယုကျီး ဖုန်းဖွင့်လျက် စူစူလေးကို အသံမက်‌ဆေ့ ပို့လိုက်ပါသည်။ “ဒီနေ့ နည်းနည်းနောက်ကျမယ်။ နင့်အတွက် ကိတ်မုန့်တစ်လုံး ဝယ်လာခဲ့မယ်”

ထို့နောက် ချင်းယုကျီး ထိုင်ခုံမှာ မှီထိုင်လိုက်ပြီး မျက်လုံးမှိတ်ကာ အနားယူဖို့ ပြင်လိုက်ပါသည်။

ယုဝမ်ရှုက ချင်းယုကျီး အနားယူနေတာကို မျက်လုံးထောင့်မှ အကဲခတ်နေသည်။

“ခုတလော အိပ်မက်ဆိုးတွေ မက်သေးလား”။ ယုဝမ်ရှု ရုတ်တရက် မေးလိုက်သည်။

“မမက်တော့ပါဘူး”။ ချင်းယုကျီး ခေတ္တရပ်တန့်သွားပြီး မေးလိုက်ပါသည်။ “အာ့ရှု ဝိညာဉ်ဆိုတာ တကယ်ရှိလား။ တကယ်ရှိတယ်ဆိုရင် သူငါ့ကို ခွင့်လွှတ်ပေးမယ်ထင်လား”

ယုဝမ်ရှု မျက်လုံးများ အနည်းငယ် မှောင်မိုက်သွား၏။ “သူမင်းကို ခွင့်လွှတ်ပေးပြီးသားပါ။ ခွင့်မလွှတ်ဘူးဆိုလည်း မင်းတို့ ပြန်ဆုံတဲ့အခါကျမှ မင်းကို ထိုးခွင့်ပေးလိုက်ပေါ့”

“ဟုတ်တယ်နော်။ အတွေးလွန်နေလို့ ဘာထူးမှာလဲ။ ကိုယ့်ဘက်က ထိုးရင်ထိုး မထိုးချင်ရင် အထိုးခံလိုက်ပေါ့”။ ချင်းယုကျီး ရယ်မောလိုက်ပါသည်။

“အဲ့တာကို စူစူလေးဆီက သင်ယူထားတာလား”။ ယုဝမ်ရှု မေးလိုက်သည်။

“အေး”။ ချင်းယုကျီး မငြင်းပါ။

ဒီနေ့ အိမ်ပြန်ရောက်လျှင် စူစူ သူ့အခန်းထဲမှာ ခေါ်သိပ်နိုင်အောင် ကြိုးစားဦးမည်။ စူစူလေးကို ဖက်ပြီး အိပ်ရတာ အလွန်အိပ်လို့ကောင်းပါသည်။

သို့သော် ခုတလော ဒီလိုလုပ်ဖို့ မလွယ်ကူပေ။ သူ့ဒုတိယဦးလေးနဲ့ ဒေါ်လေးတို့က စူစူလေးကို အမြဲ အပိုင်သိမ်းထားကြတာကြောင့် ဖြစ်ပါသည်။

… … …

အခန်း(၄၀၈) လုကျန်းယွီရဲ့ ဒေါ်လေး

ချင်းယုကျီးနဲ့ ယုဝမ်ရှုတို့ ထွက်သွားပြီးနောက် ကျန်းကျန့်မင် မြေပေါ်မှ ခက်ခက်ခဲခဲ ပြန်ထလာပါသည်။

ထို့နောက် ဖုန်းထုတ်လိုက်ပြီး လက်ထောက်ဖြစ်သူနဲ့ သူ့ကိုယ်ပိုင် လုံခြုံရေးအဖွဲ့ကို ခေါ်လိုက်သည်။

လက်ထောက်ဖြစ်သူနဲ့ လုံခြု့ရေးအဖွဲ့တွေ ရောက်လာသောအခါ ဝက်ခေါင်းလို ဖူးယောင်နေသည့် ကျန်းကျန့်မင်၏ မျက်နှာကို မြင်လိုက်ကြရပါသည်။

ကျန်းကျန့်မင် သိသိသာသာ ဒေါသထွက်နေပါသည်။

“အဲ့ဒီ ခွေးသားလေးက ငါ့ကို ထိုးကြိတ်သွားရဲတယ်! သက်သေရအောင်ရှာပြီး ဒီကောင့်ကို သတ်ပစ်ရမယ်! ဟူး…”

ကျန်းကျန့်မင် အံကြိတ်လျက် ကြုံးဝါးလိုက်သည်။ သို့သော် မျက်နှာပေါ်က ဒဏ်ရာများကြောင့် စကားနည်းနည်း ပြောလိုက်တိုင်း နာကျင်သွားပြီး မျက်နှာရှုံ့မဲ့ကာ အသက်ရှူပင် ရပ်မတတ်ဖြစ်သွားရသည်။

လက်ထောက်ဖြစ်သူကလည်း အမိန့်ပေးသည့်အတိုင်း လုပ်ခဲ့ပါသည်။

သို့သော် အချိန်အတော်ကြာအောင် စုံစမ်းရှာဖွေပြီးတာတောင် သူတို့တွေ ဘာသက်သေမှ မရှာနိုင်ခဲ့ပါ။

ကျန်းကျန့်မင် ဒီရလဒ်ကို လက်မခံနိုင်ပေ။

“မဖြစ်နိုင်တာ! အဲ့ဒီကောင်က ဘာအစွမ်းအစမှမရှိတဲ့ အထက်တန်းကျောင်းသားကွ! ဒီလိုလာလုပ်တယ်ဆိုတာ ကျိန်းသေပေါက် ဘာမှမစဉ်းစားဘဲ ထင်ရာစိုင်းပြီး လာလုပ်တာ! ဘာသက်သေမှ မကျန်ခဲ့ဘူးဆိုတာ မဖြစ်နိုင်ဘူး! Dash Cam ကိုကော ကြည့်ပြီးပြီလား။ ငါ့ဒရိုင်ဘာအစစ်က ဘယ်မှာလဲ။ ဒါမှမဟုတ် လက်ဗွေရာတွေ DNA တွေဘာ‌တွေ မရှိဘူးလားကွ!”

ဘာဆိုဘာမှ မတွေ့နိုင်တာကို ကျန်းကျန့်မင် မယုံကြည်နိုင်ပေ။

“ဘော့စ်ကျန်း ကျွန်တော်တို့ တကယ်ဘာမှ ရှာမတွေ့လို့ပါ…”

“သောက်တလွဲတွေကွာ! မင်းတို့ ဘာမှ အသုံးမကျဘူး! အထက်တန်းကျောင်းသား တစ်ယောက်က ငါ့ကို ချောင်ပိတ်ပြီး ထိုးကြိတ်သွားတာ မင်းတို့က သက်သေတောင် မရှာနိုင်ဘူးတဲ့လား! မင်းတို့ ဘာအသုံးကျသေးလဲ!”

ကျန်းကျန့်မင် စိတ်ကောလူပါ ပင်ပန်းနေပြီး အလွန်ဒေါသထွက်နေပါသည်။

ချင်းမိသားစုကြောင့် စိတ်ကော လူပါ ထိခိုက်တော ဒါနဲ့ဆို ၂ ခါရှိလေပြီ။

ဘာလို့လဲ! ချင်းမိသားစုကို ဘာလို့ အမြဲတမ်း ရှုံးနေရတာလဲ! ချင်းယုကျီးလို သာမန်အထက်တန်းကျောင်းသား တစ်ယောက်ကတောင် သူ့ကို မကြောက်ဘဲ လာရှုပ်သွားရဲတယ်!

ကျန်းကျန့်မင် ဒေါသတွေ ချုပ်တည်းမရတော့ချေ။

--- --- ---

လုကျန်းယွီထံ ချူးယန်ရှီလာလည်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့သည်။ သို့သော်လည်း အကြိမ်တိုင်း ခြံဝရောက်တာနဲ့တင် ပြန်လွှတ်ခံခဲ့ရပါသည်။

ထို့ကြောင့် ချူးယန်ရှီ အလွန်စိတ်ဖိစီးနေလေသည်။

တခြားရွေးချယ်စရာ မရှိတော့ဘဲ သူမ တစ်ယောက်တည်း ဘာမှလုပ်လို့မရနိုင်မှန်း နားလည်ခဲ့ရသည်။

ထို့ကြောင့် သူမရဲ့ မိထွေးဖြစ်သူ လင်းယုရှန်းကို ဖုန်းဆက်ပြီး သတိရသည်ဟု ပြောခဲ့သည်။

မိထွေးဖြစ်သူက သူမကို အမြဲတမ်း စိတ်ကျေနပ်အောင်ထားဖို့ ကြိုးစားနေမှန်း ချူးယန်ရှီ သိပါသည်။ အရင်ဘဝတုန်းကတော့ မိထွေးဖြစ်သူကို သူမ ရန်လိုခဲ့သည်။ သို့သော် ဒီဘဝမှာတော့ သူမ တုံးအတော့မှာ မဟုတ်ပါ။

သူမရဲ့ သမီးက သတိရသည်ဟု ပြောသဖြင့် လင်းယုရှန်း ဘာမှမစဉ်းစားတော့ဘဲ ညတွင်းချင်း ဟွာချန့်မြို့သို့ သွားရန် လေယာဉ်လက်မှတ်ဖြတ်ခဲ့ပါသည်။

ဟွာချန့်မြို့ကို ရောက်တာနဲ့တစ်ပြိုင်နက် ချူးယန်ရှီနဲ့ တွေ့ရဖို့အတွက် ချူးအိမ်တော်သို့ လင်းယုရှန်း တန်းတန်းမတ်မတ် သွားခဲ့ပါသည်။

ဒီတစ်ခေါက် သူမကို ချူးယန်ရှီ ပြောဆိုဆက်ဆံပုံတွေက အလွန်ခြားနားနေသဖြင့် လင်းယုရှန်း အံ့လည်းအံ့ဩ ဝမ်းလည်းဝမ်းသာမိပါသည်။

ထိုနေ့ညက ချူးယန်ရှီ၏ တောင်းဆိုမှုကြောင့် လင်းယုရှန်း သမီးဖြစ်သူကို ခေါ်ပြီး သူမတူလေး လုကျန်းယွီဆီ သွားလည်ခဲ့ပါသည်။

လုအိမ်တော်ထဲ ဝင်လိုက်တာနဲ့တစ်ပြိုင်နက် လင်းယုရှန်းတစ်ခါမှ မမြင်ဖူးသည့် ကလေးမလေးတစ်ယောက်ကို မြင်လိုက်ရသည်။

လင်းယုရှန်း အံ့အားသင့်သွားပြီး အိမ်တော်ထိန်းကျန်းကို မေးမြန်းလိုက်ပါသည်။ “ဒီချစ်စရာ ကောင်မလေးက ဘယ်သူလဲ အိမ်တော်ထိန်းကျန်း”

“ဒါဟိုဘက်အိမ်မှာနေတဲ့ သခင်မလေးချင်းစူစူပါ။ သခင်လေးနဲ့ သူငယ်ချင်းဖြစ်နေတာလေ”။။ အိမ်တော်ထိန်းကျန်းက နွေးထွေးစွာ ပြုံးရင်း ပြန်ပြောလိုက်သည်။

“ကျန်းယွီက သူငယ်ချင်းတွေ ဘာတွေတောင် ရနေတာလား”။ လင်းယုရှန်း အံ့အားသင့်သွားရပြန်ပြီး ဝမ်းသာမိပါသည်။

ကားအက်ဆီးဒင့်ဖြစ်ပြီးကတည်းက သူမ တူလေး ဒုက္ခိတဖြစ်သွားခဲ့သည်။ အပြင်လည်း မထွက်ချင်ဘဲ ဘာသူငယ်ချင်းမှလည်း မထားချင်ခဲ့ပါ။ ထို့အပြင် စကားတောင် ကောင်းကောင်း မပြောတော့ပါ။

တစ်နေကုန် လူကြီးလေးလို ကွန်ပျူတာနဲ့ အချိန်ကုန်ဆုံးခဲ့သည်။ သူ့အသက်အရွယ်မှာ ရှိသင့်သည့် ပျော်ရွှင်မှုမျိုး တက်ကြွမှုမျိုး ပျောက်ဆုံးနေခဲ့ပါသည်။

ယခု သူမ တူလေးမှာ သက်တူရွယ်တူ သူငယ်ချင်းလေးတစ်ယောက် ရထားသည်ဟု ကြားရသဖြင့် ပြောင်းလဲလာသည့် လက္ခဏာဖြစ်ပါသည်။

ချစ်စရာကောင်းပြီး ပါးနီနီလေးနဲ့ နူးညံ့သိမ်မွေ့နေသော ကောင်မလေးကို ကြည့်ကာ လင်းယုရှန်း မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာပါသည်။

“သမီးလေး နာမည်ဘယ်လိုခေါ်လဲ”။ လင်းယုရှန်းက ညင်သာစွာ မေးလိုက်သည်။

… … …

All Chapters