← Chapters

အခန်း (၄၀၉-၄၁၀)

Vol. 17 Ch. 409-410

အခန်း (၄၀၉-၄၁၀)

Vol. 17 Ch. 409-410

အခန်း(၄၀၉) ဝမ်းကွဲအစ်ကိုနဲ့ နေချင်တယ်

“ချင်းစူစူပါ။ ဒေါ်လေးက ဘယ်သူလဲ”။ စူစူလေး မေးလိုက်သည်။

“ဒေါ်လေးနာမည်က လင်းယုရှန်းပါ။ လုကျန်းယွီရဲ့ ဒေါ်လေးလေ။ သမီးက လုကျန်းယွီရဲ့ သူငယ်ချင်းလား”။ လင်းယုရှန်း မေးလိုက်သည်။

“အွန်း ဟုတ်တယ်။ သမီးက ကိုကြီးရဲ့ သူငယ်ချင်း!”။ စူစူလေး ခေါင်းငြိမ့်ကာ အတည်ပြုလိုက်သည်။

“ဟုတ်လား အဲ့တာဆို ကိုကြီးအတွက် သူငယ်ချင်းကောင်းဖြစ်အောင် နေရမယ်နော်။ သူက သမီးကို သူငယ်ချင်းအဖြစ် သတ်မှတ်တယ်ဆိုတော့ သမီးကို အရမ်းသဘောကျလို့နေမှာ။ တစ်ခါတလေ သမီးကိုကြီးက နည်းနည်း ခပ်တည်တည် နေတယ်။ အဲ့တာကြောင့် သူ့ကို စိတ်မဆိုးပါနဲ့နော်”

“ကိုကြီးက ခပ်တည်တည်မနေပါဘူး။ သူက အရမ်းတော်တာ!” စူစူလေးက ပြန်ပြောလိုက်ပါသည်။

“တကယ်လား”။ လင်းယုရှန်းက အံ့အားသင့်သွားသော လေသံဖြင့် မေးလိုက်ပါသည်။

“ဒေါ်လေး”

လုကျန်းယွီ၏ အသံကို ကြားသောအခါ လင်းယုရှန်း ခေါင်းမော့ကြည့်လိုက်သည်။

ထို့နောက် အမြန်မတ်တပ်ရပ်ပြီး လုကျန်းယွီထံ လျှောက်သွားခဲ့ပါသည်။

“ကျန်းယွီ”။ တူဖြစ်သူ ကျန်းကျန်းမာမာ ရှိနေတာကို မြင်သောအခါ လင်းယုရှန်း အလွန်ပျော်ရွှင်သွားပါသည်။

“ဒေါ်လေး ဘာကိစ္စနဲ့ ဟွာချန့်ကို ရောက်လာတာလဲ”။ လုကျန်းယွီ မေးလိုက်သည်။

“ဒီလိုပဲ အခြေအနေတွေ လာကြည့်တာပါ။ ရှောင်းရှီလေးကိုလည်း အဖော်ပြုပေးချင်လို့”။ လင်းယုရှန်းက ရှင်းပြလိုက်၏။ “ဒီမှာ သူတစ်ယောက်တည်း ကျောင်းတက်နေရတာကို ငါကော သူ့အဖေကော စိတ်ပူနေကြတာ”

“အဲ့တာဆို သူ့ကို ပေကျင်းဆီ ပြန်ခေါ်သွားသင့်တယ်”။ လုကျန်းယွီက အကြံပေးလိုက်ပါသည်။

“အဲ့တာက…”။ လင်းယုရှန်းလည်း ချူးယန်ရှီကို လှည့်ကြည့်လိုက်သည်။ ဒါက ချူးယန်ရှီရဲ့ ဆုံးဖြတ်ချက်အပေါ်မှာသာ မူတည်ပါသည်။ မိထွေးတစ်ယောက်အနေနဲ့ သူ့အတွက် ဆုံးဖြတ်ပေးလို့ မသင့်တော်ပါ။

ချူးယန်ရှီက လုကျန်းယွီနား ကပ်လာပြီး ပြောလိုက်သည်။ “သမီးပေကျင်းကို မပြန်ချင်ဘူး။ အဲ့မှာ ပျော်စရာလည်း မကောင်းဘူး။ ပြီးတော့ ပေကျင်းမှာ သမီးဝမ်းကွဲအစ်ကိုမှ မရှိတာ။ သမီးက ဝမ်းကွဲအစ်ကိုနဲ့ပဲ နေချင်တာ!”

ချူးယန်ရှီက ဆုံးဖြတ်ချက် ခိုင်မာစွာ ပြောလိုက်ခြင်းဖြစ်သည်။ သူမဝမ်းကွဲအစ်ကိုနဲ့ ဘယ်လောက် အတူရှိချင်နေသလဲဆိုတာ လုကျန်းယွီကို မြင်စေချင်ပါသည်။

လုကျန်းယွီကို ချူးယန်ရှီ အလွန်သဘောကျနေတာကို မြင်ပြီး လင်းယုရှန် စိတ်ချမ်းမြေ့သွားသည်။

“ရှောင်းရှီလေးက လိမ္မာလိုက်တာ။ ဒါဆို ရှောင်းရှီသဘောအတိုင်းပဲ လုပ်ကြမယ်နော်။ သမီး ဟွာချန့်မှာပျော်ရင် ဟွာချန့်မှာပဲနေနော်” လင်းယုရှန်းက ချူးယန်ရှီ၏ ခေါင်းလေးကို ပုတ်ပေးရင်း ပြောလိုက်ပါသည်။

အရင်တုန်းက သူမကို ချူးယန်ရှီက အလွန် အမြင်စောင်းနေပြီး လုကျန်းယွီကိုလည်း သဘောမကျခဲ့ပါ။

သို့သော် အခုတလော သူမအပေါ် ဆက်ဆံသည့်ပုံစံ ပြောင်းလဲလာပြီး ဒေါ်လေးဟုတောင် ခေါ်နေသည်။ လုကျန်းယွီနဲ့ အတူနေနိုင်အောင် လုအိမ်တော်မှာ ပြောင်းနေထိုင်ချင်သည်ဟုလည်း ပူဆာနေသည်။

ထို့ကြောင့် လင်းယုရှန်း ပြောမပြတတ်အောင် ပျော်ရွှင်ရပါသည်။

သူမ မြင်ချင်တာလည်း ဒါပဲဖြစ်သည်။ သူမရဲ့ သမီးလေးက သူမကို လက်ခံပြီး ကျန်းယွီနဲ့လည်း အဆင်ပြေပြေ‌ နေထိုင်နေတာကို မြင်ချင်တာဖြစ်သည်။

လုကျန်းယွီမှာ သူငယ်ချင်းမရှိသလောက်ရှားပြီး ဆွေမျိုးကလည်း ရှားသေးသည်။ ထို့ကြောင့် သူအလွန် အထီးကျန်ခဲ့ရသည်။ ဝမ်းကွဲညီမလေးတစ်ယောက် ရှိနေပါက သူလည်း အဖော်ရပြီး စိတ်ပျော်ရွှင်နိုင်ပါသည်။

လင်းယုရှန်းက လုကျန်းယွီဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “ကျန်းယွီ။ ဟွာချန့်မြို့ကို ရှောင်းရှီလေး ဘယ်လောက် သဘောကျလဲ သားလည်းတွေ့ရဲ့သားနဲ့။ ဒီမှာပဲ နေခွင့်ပေးလိုက်ပါ။ သားလည်း အဖော်ရတာပေါ့”

လုကျန်းယွီ၏ မျက်နှာက လင်းယုရှန်းထင်ထားသလို ပျော်ရွှင်မနေပါ။ သူ သူစိမ်းဆန်စွာ ပြောလိုက်သည်။ “သူပြောသမျှကို ဒေါ်လေး အလိုမလိုက်သင့်ဘူး”

လင်းယုရှန်း အနည်းငယ် မျက်နှာငယ်သွားသည်။ “ကျန်းယွီ၊ သားပြောတာ ဒေါ်လေး နားလည်ပါတယ်။ ဒါပေမယ့် ဒေါ်လေးကို ရှောင်းရှီလေး ဒီလို တောင်းဆိုလာဖို့ဆိုတာ အရမ်းရှားတယ်လေ”

အမေ မရှိတော့သည့် အသက် ၄ နှစ်အရွယ် ကလေးမလေးတစ်ယောက်အဖို့ သူမကို လက်သင့်မခံနိုင်တာ လင်းယုရှန်း နားလည်ပါသည်။ သူမရဲ့ မေတ္တာကို ရဖို့ စိတ်ရှည်သည်းခံပြီး ကြိုးစားယူရပါမည်။

“တစ်ခါတလေ အရမ်းအလိုလိုက်တာ မကောင်းဘူးနော်”။ လုကျန်းယွီက ပြောသည်။

“ဒေါ်လေး နားလည်ပါတယ်။ ဒါပေမယ့် အခုက စဦးပထမပဲရှိသေးတယ်လေ။ အရင်ဆုံး ဒေါ်လေးကို ရှောင်းရှီလေး သံယောဇဉ်ဖြစ်လာအောင် လုပ်ခွင့်ပေးပါ။ ကျန်တာ နောက်မှ စဉ်းစားလို့ရတာပဲ။ ဒေါ်လေးမှာလည်း အခက်အခဲတွေ ရှိလို့ပါ”။

“နားလည်ပါပြီ”။ လုကျန်းယွီ ဘာမှ မပြောတော့ပါ။

ချူးယန်ရှီက အခွင့်အရေးကို အရယူပြီး တောင်းဆိုလိုက်သည်။ “ဝမ်းကွဲအစ်ကို သမီးအိမ်မှာ တစ်ယောက်တည်းနေရတာ ပျင်းလို့လေ…။ ဝမ်းကွဲအစ်ကိုတို့ အိမ်မှာ လာနေလို့ရလားဟင်”

… … …

အခန်း(၄၁၀) သူစိမ်းတွေနဲ့ မနေချင်ဘူး

ချင်းစူစူက လုကျန်းယွီတို့ အိမ်ဘေးမှာ နေထိုင်ရသော်လည်း သူမကတော့ ခပ်ဝေးဝေး ဗီလာတစ်လုံးမှာ နေထိုင်ရတာကို ချူးယန်ရှီ မတရားဘူးဟု ထင်မိသည်။

သူမသာ ဒီအိမ်မှာ ပြောင်းနေနိုင်လျှင် လုကျန်းယွီနဲ့ အနေပိုနီးကာ အခွင့်အရေးပိုရနိုင်သည်။

အနည်းဆုံးတော့ သူမ လုကျန်းယွီနဲ့ နီးနီးကပ်ကပ် ရှိနေနိုင်ပါသည်။

ချူးယန်ရှီက လုကျန်းယွီကို မျှော်လင့်တကြီး ကြည့်နေပြီး ခေါင်းငြိမ့်ပါစေဟု ဆုတောင်းနေမိပါသည်။

“သဘောမတူနိုင်ဘူး”။ လုကျန်းယွီ တွန့်ဆုတ်မှုမရှိဘဲ ငြင်းဆန်လိုက်သည်။

လုကျန်းယွီကို ချူးယန်ရှီ ဝမ်းနည်းစွာ ကြည့်လိုက်သည်။ သမီးဖြစ်သူ မျက်နှာပေါ်က ဝမ်းနည်းမှုကို မြင်ရပြီး လင်းယုရှန်း စိတ်မကောင်းဖြစ်ကာ လုကျန်းယွီအား ကူပြောပေးလိုက်သည်။ “ကျန်းယွီ။ သာလို့ သဘောမတူရတာလဲ သားရယ်။ ဒေါ်လေးကို အကြောင်းပြချက်လေးဘာလေး ပြောပါဦး”

“ဘာအကြောင်းပြချက်မှ မရှိပါဘူး။ ဒီတိုင်း ကျွန်တော် မရင်းနှီးတဲ့သူတွေနဲ့ အတူတူနေရတာ မကြိုက်လို့”။ လုကျန်းယွီက ပြန်ပြောလိုက်ပါသည်။

မရင်းနှီးတဲ့သူ ဟူသည့် စကားလုံးက ချူးယန်ရှီ၏ အရှိုက်ကို ထိသွားစေသည်။

ချူးယန်ရှီ ရင်ထဲ ဒေါသထွက်နေသော်လည်း အခြေအနေကို ပြောင်းလဲဖို့ ဘာမှမတတ်နိုင်ပါ။ သူတို့ တစ်ယောက်နဲ့ တစ်ယောက် သိပ်မရင်းနှီးတာ မှန်ပါသည်။

လင်းယုရှန်းက သူမ အဖေနဲ့ လက်ထပ်ခဲ့တာ ၆ လခန့်သာ ရှိသေးသည်။ ထိုအချိန်အတွင်း လုကျန်းယွီအပေါ် သူမ ဆက်ဆံရေး မကောင်းခဲ့ပါ။

ချူးယန်ရှီ၏ ဝမ်းနည်းညှိုးငယ်နေသော မျက်နှာလေးကို ကြည့်ပြီး လင်းယုရှန်း နောက်တစ်ကြိမ် ထပ်ဖြောင်းဖြဖို့ ကြိုးစားပါသည်။ “ကျန်းယွီ။ ရှောင်းရှီလေးက သားဦးလေးရဲ့ သမီးလေ။ ဒေါ်လေးရဲ့ သမီးလည်း ဟုတ်တယ်။ ဒေါ်လေးရဲ့ ခံစားချက်ကို ထည့်မတွက်ပေးနိုင်ဘူးလား”

“မတွက်ပေးနိုင်ဘူး”။ လုကျန်းယွီက စကားကို အပြတ်ပြောလိုက်သည်။ သူ့လေသံက အခုထိ အေးတိအေးစက် နိုင်နေဆဲပင်။

“ဒါဆိုလည်း… ဟုတ်ပါပြီ။ ဒေါ်လေး ထပ်မတိုက်တွန်းတော့ပါဘူး။ ဒေါ်လေးက ဒီတိုင်း အကြံပေးတာပါ။ ကျန်တာ သားတို့နှစ်ယောက်အပေါ်မှာပဲ မူတည်တာ”။ လင်းယုရှန်းက ပြောလိုက်၏။

သူမ တူလေးက ငယ်သေးမှန်း လင်းယုရှန်း သိပါသည်။ သူ့အတွေးအခေါ်၊ သူ့ခံယူချက်နဲ့သူ ရှိပြီး တစ်ခုခုကို မလိုချင်ဘူး ဆိုလျှင် ဘယ်သူကပဲ တိုက်တွန်းပါစေ သူ့စိတ်ကို ပြောင်းလဲနိုင်မှာမဟုတ်ပါ။

ချူးယန်ရှီ နှုတ်ခမ်းကို ကိုက်လိုက်သည်။ သူမ မျက်လုံးများက အခြေအနေကို လက်မခံနိုင်သေးသည့်ပုံပင်။

သို့သော် သူမ စိတ်ကို အမြန်ထိန်းလိုက်သည်။

လောစရာမလိုပါ။ လင်းယုရှန်းကို ပျော်အောင်ထားလျှင် လုကျန်းယွီနဲ့ သူမရဲ့ ဆက်ဆံရေးလည်း အလိုလို တိုးတက်လာပါလိမ့်မည်။

“ဘာမှမဖြစ်ပါဘူး ဒေါ်လေးလင်း။ သမီး ဝမ်းကွဲအစ်ကိုနဲ့ နေ့တိုင်းတွေ့ချင်ရုံပါ”။ ချူးယန်ရှီက လင်းယုရှန်း၏ အင်္ကျီစကို ဆွဲလျက် ပြောလိုက်ပါသည်။

ချူးယန်ရှီ၏ အပြုအမူက သူမ ဘယ်လောက်လိမ္မာကြောင်း သိတတ်ကြောင်းကို ပြသနေသည်။ တစ်ချိန်တုန်းက ချူးမိသားစု၏ မောက်မာရိုင်းစိုင်းသော ကလေးမလေးက ညတွင်းချင်း ရင့်ကျက်သွားသလိုပင်။

လင်းယုရှန်း စိတ်သက်သာရာ ရသွားသလို ချူးယန်ရှီကိုလည်း သနားသွားမိပါသည်။

သို့သော် သူမ ဘာမှ မတတ်နိုင်ပါ။ သူမ တူလေးရဲ့ သဘောထားက အရေးအကြီးဆုံး ဖြစ်သည်။ ရှောင်းရှီလေးကို ပျော်အောင်ထားဖို့ တခြားနည်းလမ်း ရှာရပါမည်။

သေချာစဉ်းစားပြီးနောက် လုကျန်းယွီအား လင်းယုရှန်း ပြောလိုက်သည်။ “ကျန်းယွီ သားညီမလေး ၂ ယောက်နဲ့ ကစားနေဦးနော်။ ဒေါ်လေး မုန့်တွေ သွားပြင်ပေးမယ် ဟုတ်ပြီလား”

လုမိသားစုမှာ စားဖိုမှူးမရှားပါ။ အရသာရှိသည့် အစားအသောက်မျိုးစုံ လုပ်နိုင်သော်လည်း မိသားစုအရင်းက ပြုလုပ်ပေးသည့် မုန့်နဲ့ မယှဉ်နိုင်ပေ။

“ဟုတ်ကဲ့”။ လင်းယုရှန်း၏ စေတနာကို လုကျန်းယွီ မငြင်းဆန်ပါ။

ထို့နောက် လုမိသားစုအိမ်စေများနဲ့အတူ လင်းယုရှန်း မီးဖိုချောင်ထဲ ဝင်သွားလေသည်။

ခြံထဲမှာ ကလေး ၃ ယောက်သာ ကျန်ခဲ့၏။

လုကျန်းယွီက စူစူလေးကို လှည့်မေးလိုက်ပါသည်။ “စူစူလေး ပင်ပန်းနေပြီလား။ အိပ်ချင်ရင် ကိုကြီး လိုက်ပို့ပေးမယ်လေ”

“မပင်ပန်းပါဘူး။ ခဏနေရင် ကိုကြီးကို ကူနှိပ်ပေးရဦးမယ်”။ စူစူလေးက ပြောလိုက်၏။

ယခုဆို ကိုကြီးက နေ့တိုင်း အနှိပ်ခံဖို့ လိုအပ်နေသည်။ ဒီနေ့ သူမ အားလပ်နေသဖြင့် ကိုကြီးကျန်းယွီကို သူမပဲ နှိပ်ပေးပါမည်။

စူစူလေးက နှိပ်ပေးမည်ဟု ပြောလိုက်တိုင်း လုကျန်းယွီ မျက်နှာ နီရဲသွားတတ်သည်။

“ရပါတယ်။ ခဏနေရင် အိမ်တော်ထိန်းကျန်း လုပ်ပေးလိမ့်မယ်။ သူလည်း သင်ထားတယ်”။ လုကျန်းယွီက ရှင်းပြ၏။

ဆရာကြီးရှုယီက နေ့တိုင်း လုကျန်းယွီကို လာနှိပ်ပေးမှာမဟုတ်ပါ။ လုကျန်းယွီရဲ့ ဘေးနားက လူတွေကို နည်းလမ်းတွေအကုန် သင်ပေးထားပါသည်။

“ဪ ဟုတ်ပါပြီ”။ ကိုကြီးကို နှိပ်ပေးမယ့်လူရှိတယ်ဆိုလည်း ပြီးတာပါပဲ။

“ဝမ်းကွဲအစ်ကို ဘာတွေပြောနေကြတာလဲ။ ဘာကို နှိပ်တာလဲ”။ ချူးယန်ရှီက စိတ်ဝင်တစား ဝင်မေးလိုက်ပါသည်။

သူမ သူစိမ်းတစ်ယောက်လို ခံစားနေရသဖြင့် သူတို့စကားဝိုင်းထဲ ပါချင်ပါသည်။

… … …

All Chapters