အခန်း (၄၁၁-၄၁၂)
Vol. 17 Ch. 411-412
အခန်း(၄၁၁) အဆောင်တုကြီး
“ဘာမှမဟုတ်ပါဘူး”။ လုကျန်းယွီက ချူးယန်ရှီကို အသေးစိတ်ရှင်းမပြနိုင်ပါ။
သူ့ကို ဆရာကြီးရှုယီ ဆေးကုပေးနေသည့်ကိစ္စအား အမြဲတမ်း လျှို့ဝှက်ထားခဲ့တာ ဖြစ်သည်။
သူ့အဘိုးနဲ့ ချင်းမိသားစုဝင်တချု့ကလွဲပြီး တခြားဘယ်သူမှ မသိကြပါ။
ဒါက ဆရာကြီးရှုယီနဲ့ သူ့အဘိုးတို့ရဲ့ သဘောတူညီချက်အရ ဖြစ်ပါသည်။
ထို့ကြောင့် ချူးယန်ရှီကိုဖြစ်စေ သူ့ဒေါ်လေးကိုဖြစ်စေ လုကျန်းယွီ ပြောဖို့ စိတ်ကူးမရှိပါ။
“ဝမ်းကွဲအစ်ကို…” ချူးယန်ရှီ ဝမ်းနည်းစွာ ထပ်မေးလိုက်ပါသည်။ “သမီးကို ဘာလို့ မပြောပြတာလဲဟင်။ ဝမ်းကွဲအစ်ကိုနဲ့ စူစူတို့ကြားက လျှို့ဝှက်ချက်လား”
“ဟုတ်တယ်ပဲ ဆိုပါတော့”။ လုကျန်းယွီက ဘာမှ ထပ်မပြောချင်ပါ။
ချူးယန်ရှီ အံကြိတ်လိုက်ပြီး ရင်ထဲမှာလည်း ခါးသီးသွားသည်။ သူမကို ဒီလို ပထုတ်ထားတာ လက်သင့်မခံနိုင်ပါ။
ချင်းစူစူနဲ့ လုကျန်းယွီမှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေလို့လဲ။
မကျေနပ်ချက်တွေကို မျိုသိပ်ပြီးနောက် ချူးယန်ရှီ ပြန်လည်တက်ကြွသွားသည်။ ထို့နောက် သူမ အသင့်ပြင်ထားသည့် အဆောင်လေးတစ်ခုကို အိတ်ကပ်ထဲမှ ထုတ်လိုက်ပါသည်။
“ဒါ ဝမ်းကွဲအစ်ကိုအတွက်လေ။ သမီး ဘုရားကျောင်းကိုသွားပြီး ဝမ်းကွဲအစ်ကို နေမြန်မြန် ပြန်ကောင်းဖို့ ဆုတောင်းပေးခဲ့တာ။ ဘုန်းကြီးတစ်ပါးက သမီးကို ဒီအဆောင်လေး ပေးလိုက်တယ်။ ဒါလေးကို ဆောင်ထားရင် ဘေးကင်းတယ်တဲ့။ အဲ့တာကြောင့် ဝမ်းကွဲအစ်ကို အမြဲတမ်း ဘေးကင်းအောင် သမီးလက်ဆောင်ပေးမလို့”
ပြောပြောဆိုဆိုနဲ့ ချူးယန်ရှီက လုကျန်းယွီ၏ ခြေထောက်ပေါ်ကို ထိုအဆောင်လေး တင်ပေးလိုက်ပါသည်။
ထိုအဆောင် တကယ်အလုပ်ဖြစ်တာ မဖြစ်တာ ချူးယန်ရှီ မသိပါ။ သို့သော်လည်း ဒီလိုပေးလိုက်ခြင်းက သူအတွက် ဘယ်လောက် ဂရုစိုက်သလဲဆိုတာ သိသာစေလိမ့်မည်။
လုကျန်းယွီက အဆောင်ကို ငုံ့ကြည့်လိုက်ပါသည်။ သူက အယူသည်းသူမဟုတ်သဖြင့် ဒါတွေကို အယုံအကြည်မရှိပါ။
စူစူလေးလည်း လုကျန်းယွီခြေထောက်ပေါ်က အဆောင်လေးကို လှမ်းကြည့်လိုက်သည်။ ထို့နောက် ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်၏။ “ဒါအတုကြီး ဘာမှ အသုံးမဝင်ဘူး”
ထိုအဆောင်ထံမှ စူစူလေး ဘာခံစားချက်မှ မရပါ။
ခုတလော သူမရဲ့ စွမ်းရည်တွေ တိုးတက်လာသည်ဟု ဆိုနိုင်သည်။ တချို့လူတွေရဲ့ အရှိန်အဝါတွေကို မြင်နိုင်ပါပြီ။ ထို့ကြောင့် ဒီလိုအဆောင်လေးတစ်ခုရဲ့ အရှိန်အဝါကို မြင်နိုင်ဖို့ဆိုတာ မခက်ပါ။
ဒီအဆောင်သာ တကယ် အသုံးဝင်လျှင် သူမ အရှိန်အဝါတချို့ကို ခံစားရမည်ဖြစ်သည်။
စူစူလေးက အမှန်တရားကို ပြောပြနေခြင်းသာဖြစ်ပြီး လက်ဆောင်ပေးသူကို တိုက်ခိုက်တာ မဟုတ်ပါ။
သို့သော်လည်း ချူးယန်ရှီကတော့ ဒီလို မမြင်ပေ။ သူမနဲ့ လုကျန်းယွီတို့ ရင်းနှီးမှာကို မလိုချင်သဖြင့် စူစူလေး သူမကို တမင်သက်သက် လိုက်တိုက်ခိုက်နေတာဖြစ်မည်ဟု ထင်နေပါသည်။
ချူးယန်ရှီက စူစူလေးကို စိန်ခေါ်လိုက်ပါသည်။ “ငါ့အဆောင်ကို အတုလို့ ဘာလို့ တပ်အပ်ပြောနိုင်ရတာလဲ”
စူစူလေးက ပြန်ပြောလိုက်သည်။ “ငါအတုလို့ ခံစားရရင် အတုပဲ”
ချူးယန်ရှီ ရယ်ချင်သွားသည်။ ချင်းစူစူက ဘာသိလို့လဲ။ ဒီအဆောင်က အတုလား အစစ်လား ဘယ်သူက တပ်အပ် ပြောနိုင်မှာလဲ။
ပေကျင်းမြို့က နာမည်ကျော် ရုပ်လွန်ပညာရှင်ကြီးများကတောင် အဆောင်တစ်ခုကို အတုလားအစစ်လား မဝေခွဲနိုင်ကြပါ။
သူမ ဝမ်းကွဲအစ်ကိုကို ပေးထားသည့် အဆောင်က အတုဆိုတာ ချင်းစူစူ ဘယ်လို သိနိုင်မှာလဲ။
သို့သော်လည်း ဒီလိုဖြစ်တာ ကောင်းပါသည်။ ချင်းစူစူရဲ့ စကားကြောင့် လုကျန်းယွီ စိတ်ခုသွားနိုင်သည်။
ထို့ကြောင့် စူစူလေး နှုတ်မှ သဘောထားသေးသိမ်သည့် စကားလုံးတွေ ပိုထွက်လာအောင် ချူယန်ရှီ ကြိုးစားဖို့ ဆုံးဖြတ်လိုက်ပါသည်။ ဒါမှ ဝမ်းကွဲအစ်ကို ချင်းစူစူကို မုန်းသွားမှာ ဖြစ်သည်။
ချူးယန်ရှီက ရန်စကာ ပြောလိုက်သည်။ “စူစူ နင့်စကားကိုနင် သက်သေပြနိုင်လား။ သက်သေမရှိဘဲ အဲ့လိုတွေ လျှောက်ပြောလို့မရဘူး!’
စူစူလေးက ပြန်ပြောလိုက်သည်။ “ငါ့အကြောင်းနဲ့ငါရှိတယ်။ ဒါမယ့် နင့်ကို ပြောပြလို့မရဘူး”
အဲ့တာ ဘာသက်သေမှ မရှိတာနဲ့အတူတူပဲ မဟုတ်ဘူးလား။ ပြောပြလို့ မရဘူးဆိုတာ ဘယ်လောက် ပေါ့ဆလိုက်တဲ့ စကားလဲ။ ချူးယန်ရှီ ရင်ထဲမှ လှောင်ရယ်လိုက်ပါသည်။
“ဒီအဆောင်က အတုမဟုတ်ဘူး။ ငါဘုရားကျောင်း အကြီးကြီးကနေ ရလာတာ!”။ ချူးယန်ရှီ ရှင်းပြလိုက်သည်။
“အဲ့တာဆို နင်အလိမ်ခံလိုက်ရပြီ။ အဲ့လူကို ပြန်သွားရှာသင့်တယ်”။ စူစူလေးက တည်တံ့စွာ ပြောလိုက်ပါသည်။
“အဓိပ္ပာယ်မရှိတာ။ ငါတစ်ခါမှ အလိမ်မခံရဖူးဘူး”။
ထို့နောက် လုကျန်းယွီကို ချူးယန်ရှီ စစ်ကူတောင်းလိုက်ပါသည်။ “ဝမ်းကွဲအစ်ကို၊ သမီးအလိမ်ခံရတာ မဟုတ်ဘူးမလားဟင်။ သမီးအဆောင်လေးက အစစ်မလား။ ဝမ်းကွဲအစ်ကို ဘေးကင်းကျန်းမာအောင် တကယ် လုပ်ပေးနိုင်တယ်မလားဟင်”။
… … …
အခန်း(၄၁၂) မလိုအပ်ဘူး
ချူးယန်ရှီက နှုတ်ခမ်းကိုက်ပြီး သနားစရာကောင်းသော မျက်နှာလေးဖြစ်အောင်လုပ်ပြလိုက်သည်။ ထို့နောက် မျက်လုံးတွေလည်း နီမြန်းလာပြီး တကယ်မငိုသေးဘဲ မျက်ရည်ဝဲနေတာကို မြင်သာအောင် လုပ်ပြထားသည်။
ဒီအဆောင်က အစစ်ဟုတ်မဟုတ် ဘယ်သူမှ မဆုံးဖြတ်နိုင်တာကို သူမ သိပါသည်။
လုကျန်းယွီရဲ့ ဉာဏ်ရည်နဲ့ ရင့်ကျက်မှုတို့က သက်တူရွယ်တူတွေထက် အများကြီး ပိုသာလွန်နေသဖြင့် ဒါကို သူ နားမလည်နိုင်စရာအကြောင်း မရှိပါ။
သူမအတွက် လုကျန်းယွီ မျှမျှတတ ဝင်ပြောပေးဖို့ မျှော်လင့်နေပါသည်။
“အစစ်လား အတုလား ငါမသိဘူး။ ဒါပေမယ့် ငါမလိုအပ်တာကိုတော့ သိတယ်။ ပြန်ယူသွားပြီး နင့်အတွက်နင် ဆောင်ထားလိုက်ပါ”
လုကျန်းယွီက အဆောင်လေးကို ချူးယန်ရှီထံ ပြန်ပေးလိုက်ပါသည်။
“ဝမ်းကွဲအစ်ကို…”။ ချူးယန်ရှီ အလွန်နာကျင်သွားပါသည်။ ယခု သူမ တကယ်ငိုချင်သွားသည်။ “သမီးက ဝမ်းကွဲအစ်ကိုကို ကျန်းမာစေချင်ရုံပါ…”
“စေတနာအတွက် ကျေးဇူးတင်ပါတယ်”။ လုကျန်းယွီ အေးစက်စွာ ပြောလိုက်သည်။
ချူးယန်ရှီကို ဒီလို အေးတိအေးစက် ဆက်ဆံနေရခြင်းက ယခင်တုန်းက သူ့ကို လှောင်ပြောင်ဖူးလို့ မဟုတ်ပါ။ ခုတလော သူမရဲ့ အပြုအမူများက လုကျန်းယွီအတွက် သံသယဖြစ်စရာ ကောင်းနေတာကြောင့်ဖြစ်သည်။ အထူးသဖြင့် အရင်တစ်ခေါက်တုန်းက ကြာရေကန်ထဲ ပြုတ်ကျသွားသည့် ပြဿနာမှာ ပိုသိသာသည်။
လုကျန်းယွီရဲ့ အဖြေကြောင့် ချူးယန်ရှီ ကြံစည်ထားသမျှ ပျက်စီးကုန်ပါသည်။
စူစူလေးအပေါ်ထားသည့် လုကျန်းယွီ၏ သံယောဇဉ်ကို သူမ လျှော့တွက်မိလိုက်ပြီဆိုတာ နားလည်သွားသည်။
ဒါကို လက်မခံနိုင်သေးဘဲ ချူးယန်ရှီက စူစူလေးကို ထပ်ပြီး ရန်စပြန်ပါသည်။ “ငါ့ဝမ်းကွဲအစ်ကိုကို ငါလက်ဆောင်ပေးတာ နင်မကြိုက်လို့လား”
သူမကို သဘောမကျဘူးဟု ထုတ်ပြောလာအောင် စူစူလေးအား လှည့်စားဖို့ ချူးယန်ရှီ ကြိုးစားပြန်သည်။
“မဟုတ်ပါဘူး။ ကိုကြီးကို နင်လက်ဆောင်ပေးတာ ငါက ဘာလို့ မကြိုက်ရမှာလဲ”။ စူစူလေးက ပြန်ပြောလိုက်သည်။ “နင်က ငါ့ပစ္စည်းတွေခိုးပြီး သူများပေးနေတာမှမဟုတ်တာ။ ငါမကြိုက်စရာအကြောင်း မရှိပါဘူး”
ထူးဆန်းလိုက်တာ။ သူ့အဆောင်ကို အတုလို့ပဲပြောတာကို မကြိုက်ဘူးလို့ ဘာလို့ထင်သွားတာလဲ။
သူမ အဆောင်ကို သဘောကျရင်တောင် အစစ်အမှန်ဖြစ်လာမှာ မဟုတ်ပါ။
စူစူလေးရဲ့ အဖြေက တဲ့တိုးဆန်ပြီး ပြတ်သားသည်။ ချူးယန်ရှီ ဘယ်လိုတုန့်ပြန်ရမလဲ မသိတော့ပါ။
လုကျန်းယွီလည်း ချူးယန်ရှီနဲ့ စကားဆက်မပြောချင်တော့ပေ။ စူစူလေးဘက်သို့လှည့်ကာ ပြောလိုက်၏။ “ဦးလေးကျန်းက စူစူလေးအတွက် ရုပ်ပြစာအုပ်အသစ် ဝယ်ပေးထားတယ်တဲ့။ ကိုကြီး အတူတူ လိုက်ဖတ်ပေးရမလား”
“အွန်း! ရုပ်ပြစာအုပ်အသစ်ဖတ်မယ်!”။ စူစူလေး ချက်ချင်း တက်ကြွသွားပါသည်။
သူမ ရုပ်ပြစာအုပ်တွေကို ဖတ်ရတာ ကြိုက်နှစ်သက်ပါသည်။
လူ့ဘုံမှ ရုပ်ပြစာအုပ်များက သူမတို့ ကောင်းကင်ဘုံမှာမရှိသည့် ပစ္စည်းကေင်းများဖြစ်ကြသည်။
ထို့နောက် လုကျန်းယွီနဲ့ စူစူလေးတို့ အိမ်ထဲပြန်ဝင်သွားကြပြီး ခြံထဲမှာ ချူးယန်ရှီ တစ်ယောက်တည်းသာ ကျန်ခဲ့ပါသည်။
ချူးယန်ရှီ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။
ချင်းစူစူနဲ့ မတွေ့ခင်တုန်းက သူမအစီအစဉ်တွေ အားလုံး အဆင်ပြေချောမွေ့နေခဲ့တာကို… အခုတော့ အားလုံး ပျက်စီး ယိုယွင်းကုန်ပြီ!
လင်းယုရှန်း မုန့်ပဲသရေစာတွေ ပြုလုပ်ပြီးသွားသောအခါ ကလေးတွေကိုခေါ်ဖို့ ခြံထဲဆင်းလာစဉ် ချူးယန်ရှီလေး တစ်ယောက်တည်းသာ ရှိတော့တာကို တွေ့လိုက်ရပါသည်။
လင်းယုရှန်းကို မြင်သောအခါ ချူးယန်ရှီတစ်ယောက် ခြေထောက်ပြေးဖက်ပြီး သနားစရာကောင်းစွာ ငိုပြလိုက်ပါသည်။
“ဒေါ်လေးလင်း….”
“ဘာဖြစ်လို့လဲ ရှောင်းရှီလေး။ မငိုပါနဲ့။ ဘာဖြစ်တာလဲ ဒေါ်လေးကို ပြောပါဦး”။ လင်းယုရှန်းက ချူးယန်ရှီကို အမြန် ပွေ့ဖက်လိုက်ပြီး နှစ်သိမ့်ပေးလိုက်သည်။
“ဒေါ်လေးလင်း၊ ဝမ်းကွဲအစ်ကိုက သမီးနဲ့ မကစားချင်ဘူးတဲ့…”
“ဘာမှမဖြစ်ပါဘူး သမီးဝမ်းကွဲအစ်ကိုက နဂိုကတည်းက ဒီလိုပဲ တည်တည်ငြိမ်ငြိမ်နေတတ်လို့ပါ။ လူတိုင်းကို အဲ့လိုပဲ ဆက်ဆံတာ။ ရှောင်းရှီလေးကို မချစ်လို့မဟုတ်ပါဘူး”။ လင်းယုရှန်း အမြန်ရှင်းပြလိုက်ရသည်။
“ဒါပေမယ့် ချင်းစူစူကိုကျတော့ အရမ်းသဘောကောင်းတယ်… သမီး မလိမ္မာလို့ပဲဖြစ်မှာ… အဲ့တာကြောင့် သမီးကို သဘောမကျတာ နေမှာ”။ ချူးယန်ရှီက ကျယ်လောင်စွာ ငိုယိုလိုက်ပါသည်။
သို့သော်လည်း အနီးကပ် သေချာကြည့်လိုက်လျှင် အော်ငိုနေသော်လည်း သူမ မျက်လုံးမှာ မျက်ရည်တွေရှိမနေမှန်း တွေ့ရပါလိမ့်မည်။
မျက်လုံးတွေ နီနေရတာကလည်း လက်ဖြင့် မကြာခဏ ပွတ်နေတာကြောင့်ဖြစ်သည်။
သို့သော်လည်း လင်းယုရှန်းကတော့ ဒါတွေကို သတိမထားမိပါ။ သူမ အမြင်မှာတော့ ကလေးဆိုတာ ဖြူစင်ပြီး ချစ်ဖို့ကောင်းသည်။ တစ်ခါတလေ ဆိုးသွမ်းရင်တောင် ဆုံးမ သွင်သင်ပေးလို့ ရပါသည်။
… … …