← Chapters

အခန်း (၄၁၃-၄၁၄)

Vol. 17 Ch. 413-414

အခန်း (၄၁၃-၄၁၄)

Vol. 17 Ch. 413-414

အခန်း(၄၁၃) ဝမ်းကွဲအစ်ကိုအတွက် နတ်ဆေးသမားတော် ရှာဖွေပေးခြင်း (၁)

ထို့ကြောင့် လင်းယုရှန်း တခြားဘာမှ မတွေးအားဘဲ ဝမ်းနည်းနေသည့် ချူးယန်ရှီကို ဘယ်လို နှစ်သိမ့်ရမလဲ ဆိုတာသာ စဉ်းစားနေမိပါသည်။

“ရှောင်းရှီလေး မငိုပါနဲ့။ သမီး ဝမ်းကွဲအစ်ကိုနဲ့ ချင်းစူစူလေးတို့က ရင်းနှီးနေတာ ကြာပြီမို့လို့ပါ။ အဲ့တာကြောင့် သူ့ကို ပိုခင်တာ မဆန်းဘူး။ ရှောင်းရှီလေးလည်း ဝမ်းကွဲအစ်ကိုဆီ ခဏခဏ လာလည်ရင် ရှောင်းရှီလေးကိုလည်း ချစ်မှာပေါ့”

“အီးဟီးဟီး… ဒါပေမယ့် သမီးက အဝေးကြီးမှာနေတာလေ။ ဝမ်းကွဲအစ်ကိုကို အမြဲတမ်း လာမတွေ့နိုင်ရင် သမီးကို ပိုသဘောမကျတော့ဘဲ နေမှာပေါ့”။ ချူးယန်ရှီက ဆက်ငိုလိုက်သည်။

လုကျန်းယွီ၏ စိတ်ကို ပြောင်းလဲနိုင်သည့် တစ်ဦးတည်းသောလူက လင်းယုရှန်းသာ ရှိမှန်း သူမ သိပါသည်။

လင်းယုရှန်းသာ သူမဘက်မှ ရပ်တည်ပေးလျှင် လုအိမ်တော်မှာ သူမနေထိုင်ခွင့် ရနိုင်သည်။

“အဲ့လိုတော့ ဘယ်ဟုတ်မလဲ။ ရှောင်းရှီလေး အဲ့လိုမတွေးရဘူး။ ငါတို့ရှောင်းရှီလေးက အရမ်းလိမ္မာပြီး ချစ်ဖို့ကောင်းတာ လူတိုင်းက ချစ်ကြမှာပါ။ သမီးဝမ်းကွဲအစ်ကိုလည်း ထိုနည်းလည်းကောင်းပဲ”။ လင်းယုရှန်းက စိတ်ရှည်ရှည်ထားပြီး ရှင်းပြလိုက်ပါသည်။ “ရှောင်းရှီလေးက ဝမ်းကွဲအစ်ကိုကို အချိန်လေး နည်းနည်းပေးဖို့ပဲလိုတာ။ သူက လူတွေကို ခင်တွယ်ဖို့ အချိန်နည်းနည်းယူရတတ်တယ် ဟုတ်ပြီလား”

တခြားသူတွေကို လုကျန်းယွီ ခင်တွယ်ဖို့ အချိန်ယူရသည်ဆိုတာ ရာနှုန်းပြည့်မမှန်ကန်ပါ။ ကားအက်ဆီးဒင့်ကြောင့် သူ့ခြေထောက်တွေ ထိခိုက်သွားပြီးကတည်းက သူ့အဘိုးအရင်းကိုတောင် ဘာသိဘာသာ ဆက်ဆံခဲ့တာဖြစ်သည်။

ချူးယန်ရှီက ဆက်ငိုနေဆဲပင်။

“သမီးဝမ်းကွဲအစ်ကိုနဲ့ သူငယ်ချင်းတွေဖြစ်ချင်တယ်။ သမီးသူနဲ့ အတူတူကစားချင်တယ်။ အဝေးကြီးမှာ နေရတော့ နေ့တိုင်းလာမတွေ့နိုင်ဘူး… အီးဟီးဟီး…”

ကလေးတစ်ယောက်ဖြစ်ရခြင်း၏ အားသာချက်ဖြစ်သော အငိုသန်ခြင်းကို သူမ အပြည့်အဝ အသုံးချဖို့လိုအပ်မှန်း သိပါသည်။

သူမ ဖြစ်ချင်တာတွေ ဖြစ်မလာသည့်အခါ အားရပါးရ ငိုကြွေးလိုက်ပြီး လူကြီးတွေ ဖြေဖို့ ခက်ခဲသည့် မေးခွန်းတွေ မေးပစ်လိုက်မည်။

လင်းယုရှန်း အခက်တွေ့သွားလေသည်။ သူမ သမီးကိုဝမ်းမနည်းစေချင်သလို တူလေးကိုလည်း စိတ်မညစ်စေချင်ပါ။

အချိန်အကြာကြီး တွန့်ဆုတ်သွားပြီးနောက် လင်းယုရှန်း ပြန်ပြောလိုက်သည်။ “ရှောင်းရှီလေး မငိုနဲ့တော့နော်။ သမီး ဝမ်းကွဲအစ်ကိုနဲ့ နီးတဲ့ အိမ်တစ်အိမ်မှာ နေလို့ရအောင် ဒေါ်လေး လုပ်ပေးမယ်လေ”

ဒီလောက်ငိုပြနေတာတောင် လင်းယုရှန်းက သူမကို လုအိမ်တော်မှာ နေခွင့်မပေးတာ ချူးယန်ရှီ မယုံနိုင်ပေ။

သို့သော်လည်း သူမ အလွန်အကြူးခေါင်းမာလို့ မဖြစ်မှန်း ချူးယန်ရှီ သိပါသည်။ ဒီအစီအစဉ်က အကောင်းဆုံး မဟုတ်သော်လည်း ယခုလက်ရှိ အခြေအနေထက်တော့ သာပါသေးသည်။

“အွန်း…”။ ချူးယန်ရှီ ရှိုက်ငင်လျက် သဘောတူလိုက်ပါသည်။

ချူးယန်ရှီ သဘောတူလိုက်တာကို မြင်မှ လင်းယုရှန်းလည်း သက်ပြင်းချနိုင်သည်။ ထို့နောက် လက်ကိုင်ပဝါလေးတစ်ထည်ကို ထုတ်လျက် သူမ မျက်နှာလေးကို သန့်စင်ပေးလိုက်ပါသည်။

ထို့နောက် လုကျန်းယွီနဲ့ သွားတွေ့ဖို့ ချူးယန်ရှီ၏ လက်ကိုတွဲရင်း လင်းယုရှန်း အိမ်ထဲ ဝင်လာခဲ့ပါသည်။

ချူးယန်ရှီလည်း လိမ်လိမ်မာမာနဲ့ လင်းယုရှန်းနောက် လိုက်သွားခဲ့သည်။ အပြင်ပန်းမှာတော့ ဖြူစင်ရိုးသားသည့် ကလေးတစ်ယောက်သဖွယ် ထင်ရသော်လည်း စိတ်ထဲမှာတော့ ဒီနေ့အဖြစ်အပျက်တွေကို ပြန်သုံးသပ်ကာ အစီအစဉ်တွေ ထပ်ချနေပါပြီ။

--- --- ---

နောက်တစ်နေ့…

ချူးယန်ရှီ၏ တောင်းဆိုမှုကြောင့် လုကျန်းယွီကိုတွေ့ဖို့အတွက် လုအိမ်တော်သို့ လင်းယုရှန်း နောက်တစ်ဖန် လာခဲ့ရပြန်သည်။

လုကျန်းယွီကို မြင်တာနဲ့တစ်ပြိုင်နက် ချူးယန်ရှီက ပျော်ရွှင်မြူးထူးစွာ ပြောလိုက်ပါသည်။ “ဝမ်းကွဲအစ်ကို။ သမီးဖေကြီးက ဝမ်းကွဲအစ်ကိုအတွက် အရမ်းတော်တဲ့ နတ်ဆေးသမားတော်ကြီး ရှာတွေ့ထားတယ်လို့ ပြောတယ်! ဝမ်းကွဲအစ်ကိုကို နေပြန်ကောင်းအောင် ကုပေးနိုင်မယ်ထင်တယ်!”

သူမ ပြန်လည်မွေးဖွားလာပြီးနောက် လုကျန်းယွီကို ကုသပေးဖို့အတွက် နတ်ဆေးသမားတော်တစ်ယောက် ရှာဖွေပေးရန် အဖေဖြစ်သူကို ချူးယန်ရှီ အကြိမ်ကြိမ်ပူဆာခဲ့ပါသည်။

လုကျန်းယွီ ခြေထောက်တွေ ပြန်ကောင်းတာ မကောင်းတာ အရေးမကြီးပါ။ ဒီလို ရှာဖွေပေးလိုက်ခြင်းအားဖြင့် လုမိသားစုက သူတို့ရဲ့ စေတနာကို အသိအမှတ်ပြုနိုင်သည်။ ဒီလိုသာဆို နောက်ပိုင်း ချူးမိသားစုအတွက် အကျိုးအမြတ်တွေ အများကြီး ရလာနိုင်ပါသည်။

အစကတော့ ချူးဟမ့်မှာ ဒါတွေလုပ်ဖို့ မလိုအပ်ဘူးဟု ထင်ခဲ့သည်။ လင်းယုရှန်းနဲ့ လက်ထပ်ထားတာနဲ့တင် လုမိသားစုနဲ့ ဆက်ဆံရေးခိုင်မာနေပြီဟု ထင်ခဲ့ပါသည်။

သို့သော်လည်း သမီးဖြစ်သူရဲ့ အကြိမ်ကြိမ် ပူဆာမှုများကြောင့် ချူးဟမ့်လည်း တဖြည်းဖြည်း နားလည်လာခဲ့သည်။ ပိုသေချာအောင် ပြင်ဆင်ထားလို့ သူတို့အတွက် အရှုံးမရှိနိုင်ပါ။

ထို့ကြောင့် ချူးဟမ့် တကယ်ပဲ နတ်ဆေးသမားတော်တစ်ယောက်ကို လိုက်လံရှာဖွေခဲ့သည်။ ကံကောင်းစွာဖြင့် ရက်ပိုင်းအတွင်းမှာတင် သတင်းကောင်းတချို့ ရရှိခဲ့ပါသည်။

လုကျန်းယွီကို လင်းယုရှန်းကလည်း ဝင်ပြောလိုက်သည်။ “ကျန်းယွီ။ ရှောင်းရှီလေးပြောတာ အမှန်ပဲ။ သားဦးလေးက သာားအတွက် အရမ်းတော်တဲ့ တရုတ်တိုင်းရင်းဆေးဆရာကြီး တစ်ယောက်ကို ရှာတွေ့ထားတယ်။ ရိုးရိုးသားသား ပြောရရင် ဒေါ်လေးလည်း ကြားခါစက သိပ်ပြီး မယုံခဲ့ဘူး”

… … …

အခန်း(၄၁၄) ဝမ်းကွဲအစ်ကိုအတွက် နတ်ဆေးသမားတော် ရှာဖွေပေးခြင်း (၂)

ထိုအကြောင်းပြောရင်း လင်းယုရှန်း စိတ်ကြည်နူးသွားသည်။ “ရှောင်းရှီလေးကြောင့် ကံကောင်းသွားတာပါ။ ဒေါ်လေးတို့ ရှာနေတာ မလုံလောက်ဘူးဆိုပြီး တောင်ပေါ်ဒေသ ကျေးရွာတွေမှာ ရှာသင့်တယ်လို့ ရှောင်းရှီလေး အကြံပေးခဲ့တာ။ ဒေါ်လေးတို့ တကယ်ရှာတွေ့သွားမယ်လို့ ထင်မထားဘူး”

အရင်ဘဝက မှတ်ဉာဏ်တွေကြောင့် အနာဂတ်မှာ သခင်ကြီးလုရှာဖွေတွေ့ရှိသွားမည့် တရုတ်တိုင်းရင်း ဆေးဆရာကြီး တစ်ယောက်၏ ခန့်မှန်းခြေ တည်နေရာကို ချူးယန်ရှီ ရှာဖွေနိုင်ခဲ့ပါသည်။

ထို့နောက် သူမ မှတ်ဉာဏ်ထဲက တည်နေရာကို သွားရောက်ရှာဖွေဖို့ သူမ အဖေကို အကြံပေးခဲ့သည်။

ကံတရားက သူတို့ဘက်မှာ ရှိနေသည်ဟု ဆိုရမည်။ ထို နတ်ဆေးသမားတော်ကြီးကို အချိန်တိုအတွင်း ရှာဖွေ တွေ့ရှိခဲ့ကြလေသည်။

“မလိုပါဘူး”။ လုကျန်းယွီ ငြင်းဆန်လိုက်ပါသည်။ ချူးယန်ရှီ ရှာပေးထားသည့် နတ်ဆေးသမားတော်ဆိုတာကို စိတ်မဝင်စားပါ။

“ဝမ်းကွဲအစ်ကို လက်မလျှော့ပါနဲ့။ ကြိုးစားရင် ဘာမဆို ဖြစ်နိုင်ပါတယ်! သမီးဖေကြီးက ဝမ်းကွဲအစ်ကိုအတွက် အဲ့ဒီ သမားတော်ကြီးကို ရှာဖို့ အစွမ်းကုန်ကြိုးစားထားရတာ”။ ချူးယန်ရှီက ပြောလိုက်သည်။

ချူးယန်ရှီက သက်တူရွယ်တူ ကလေးများရဲ့ စကားပြောပုံဆိုပုံ၊ မျက်နှာအနေအထားလေးများကို အတုယူကာ ပြောဆိုလိုက်ခြင်းဖြစ်သည်။ စူစူလေးနဲ့တောင် တစ်ချက်တစ်ချက် ဆင်တူသွားပါသည်။

သို့သော်လည်း အပေါ်ယံ လုပ်ယူထားသော ဆင်တူမှုဖြစ်သဖြင့် လုကျန်းယွီ အမြင်မှာတော့ အကွာကြီး ကွာခြားလို့ နေသည်။

“တကယ်ပြောတာပါ မလိုဘူး”။ လုကျန်းယွီ ထင်ငြင်းလိုက်ပြန်သည်။

လုကျန်းယွီက ငြင်းဆန်သော်လည်း ချူးယန်ရှီ မအံ့ဩတော့ပါ။ လုကျန်းယွီက သူမစကား နားထောင်ဖို့ စိတ်မပါတာကို သိနေတာကြောင့်ဖြစ်သည်။

သူမ လုပ်ဖိုလိုအပ်တာက လုကျန်းယွီ ယုံကြည်ချက်ပြန်လည်ပြည့်ဝလာအောင် အားပေးပြီး သူ့ကို သူမ ဂရုစိုက်ကြောင်း သိအောင် လုပ်ပြဖို့ဖြစ်သည်။ မတ်တပ်ပြန်ရပ်နိုင်မည့်အချိန်အထိ သူ့ဘေးမှာ သူမ ရှိနေပေးရမည်။

“ဝမ်းကွဲအစ်ကို! ကိုယ့်ကိုယ်ကို ယုံကြည်ချက်ထားပါ။ နေမကောင်းဖြစ်ပြီး လမ်းမလျှောက်နိုင်တဲ့လူတွေက ကြိုးစား အားထုတ်လိုက်ရင် လမ်းပြန်လျှောက်နိုင်သွားလိမ့်မယ်လို့ ဒေါ်လေးလင်းက ပြောတယ်! ဝမ်းကွဲအစ်ကိုလည်း လမ်းပြန်လျှောက်နိုင်မှာပါ။ သမီး ဝမ်းကွဲအစ်ကိုကို ယုံကြည်တယ်!”။ ချူးယန်ရှီက ထပ်ပြီး အားပေးလိုက်ပါသည်။

ကလေးဆန်ပြီး ဖြူစင်ရိုးသားသည့် အသံလေးဖြင့် သူမ ဝမ်းကွဲအစ်ကိုကို အားပေးလိုက်ပါသည်။

“ဟုတ်ပါတယ်။ ရှောင်းရှီလေးပြောတာ မှန်ပါတယ်။ ဒေါ်လေးကို ယုံပါ ကျန်းယွီ။ ဆေးသေချာ ကုသပြီး လေ့ကျင့်ခန်းတွေ မှန်မှန်လုပ်လိုက်လို့ လမ်းပြန်လျှောက်နိုင်သွားတဲ့လူတွေ အများကြီးရှိပါတယ်။ သားလည်း အဲ့ဒီလူတွေထဲမှာ ပါနိုင်တယ်လို့ ဒေါ်လေး ယုံကြည်တယ်”။ လင်းယုရှန်းကလည်း ဝင်ပြောလိုက်ပါသည်။

“ကျွန်တော့်ကိုယ်ကျွန်တော် ယုံကြည်ချက်ရှိပါတယ်။ ဒီတိုင်း ကျွန်တော့်အတွက် ဆရာဝန် ရှာပေးစရာ မလိုဘူးလို့ ပြောတာပါ”။ လုကျန်းယွီက ရှင်းပြလိုက်ပါသည်။

“ဆရာဝန်လိုတာပေါ့! ဝမ်းကွဲအစ်ကို ဆရာဝန်တွေကို ကြောက်လို့ မရဘူး! နေမကောင်းဖြစ်ရင် ဆရာဝန်နဲ့ တွေ့မှ နေပြန်ကောင်းမှာ!”။ ချူးယန်ရှီက ကလေးဆန်သော အသံဖြင့် အားတက်သရော ထပ်ပြောလိုက်ပြန်သည်။

ထို့နောက် လင်းယုရှန်းဘက်သို့ လှည့်ကာ မေးလိုက်သည်။ “ဒေါ်လေးလင်း သမီးပြောတာ ဟုတ်တယ်မလားဟင်”

“ဟုတ်တယ် ဟုတ်တယ်။ ရှောင်းရှီလေး ပြောတာ မှန်တယ်။ နေမကောင်းဖြစ်ရင် ဆရာဝန်ပြသင့်တာပေါ့”။ လင်းယုရှန်းက ခေါင်းငြိမ့်ပြလိုက်သည်။

“ကျွန်တော့်မှာ ဆရာဝန်ရှိပြီးသားပါ”။ လုကျန်းယွီ ပြန်ဖြေလိုက်သည်။

ချူးယန်ရှီ တစ်ယောက်တည်းသာဆို သူ ဒါတွေ ရှင်းပြနေမှာ မဟုတ်ပါ။ သို့သော် အခု သူ့ဒေါ်လေးပါ ရှိနေသည်။

“မတူဘူးလေ။ သမီးဖေကြီး ရှာထားတဲ့ ဆရာဝန်က အရမ်းတော်တာ! ဝမ်းကွဲအစ်ကို စမ်းတွေ့ကြည့်လိုက်ပါ!”

လုကျန်းယွီ ဒီလောက် ခေါင်းမာလိမ့်မည်ဟု ချူးယန်ရှီ ထင်မထားပါ။ သူမ ဘာပဲပြောပြော လုကျန်းယွီ လုံးဝ လက်မခံပါ။ ထို့ကြောင့် သူမ ခေါင်းထဲ ကြိုတွေးထားသည့် ဇာတ်ကွက်နဲ့ အနည်းငယ် ကွာခြားလာပြီး ချူးယန်ရှီ အနည်းငယ် စိတ်ဖိစီးလာရပါသည်။

ချူးယန်ရှီက လင်းယုရှန်းကို ကြည့်လိုက်ပြီး အကူအညီတောင်းလိုက်ပါသည်။ လုကျန်းယွီက လင်းယုရှန်းရဲ့ စကားကို ပိုနားထောင်မှန်း သူမ သိသည်။

သူမ ထင်တာလည်း မမှားပေ။ လင်းယုရှန်းက လုကျန်းယွီကို စိတ်ရှည်ရှည်ထားပြီး ဖြောင်းဖြလိုက်ပါသည်။ “ကျန်းယွီ။ သား ဦးလေးရှာပေးထားတဲ့ ဆရာဝန်က တကယ် အစွမ်းအစရှိပါတယ်။ သူက အရမ်း ဂုဏ်သတင်းကြီးပြီး နတ်ဆေး သမားတော်ကြီး ရှုယီရဲ့ တပည့်အရင်းလို့တောင် ပြောကြတယ်”

လုကျန်းယွီ စိတ်ဝင်စားလာစေဖို့အတွက် သူမတို့ ရှာတွေ့ထားသည့် နတ်ဆေးသမားတော်ကြီးအကြောင်း လင်းယုရှန်း ထုတ်ပြောလို်ကပါသည်။

ဆရာကြီးရှုယီ လူအများရှေ့က ပျောက်ကွယ်သွားတာ အတော်ကြာပါပြီ။ သူ့ကို ဘယ်သူမှ မရှာဖွေနိုင်ခဲ့ကြပါ။ သူမ ယောက်ျားမဆိုဦးနဲ့၊ သခင်ကြီးလုတောင် သူ့ကို မရှာဖွေနိုင်ခဲ့ပါ။

ထို့ကြောင့် ဆရာကြီးရှုယီရဲ့ တပည့်ရင်းတစ်ယောက်ကို ရှာဖွေနိုင်တာနဲ့တင် ကြီးကြီးမားမား အောင်မြင်မှုတစ်ခု ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

… … …

All Chapters