အခန်း (၄၁၅-၄၁၆)
Vol. 17 Ch. 415-416
အခန်း(၄၁၅) သခင်ကြီးလုကပါ ငြင်းဆန်လိုက်ခြင်း
“ရပါတယ်။ ကျွန်တော့်ကို ကုပေးဖို့ မလိုဘူးလို့ အဲ့ဆရာဝန်ကို ပြန်သွားပြောလိုက်ပါ။ သူ့ကို ပြန်လွှတ်လိုက်ပါ”။ လုကျန်းယွီ ထပ်မံ ငြင်းဆန်လိုက်ပြန်သည်။ သူ့ဆုံးဖြတ်ချက်က ပြတ်သားပါသည်။
ဒါကိုမြင်တော့ လင်းယုရှန်း မျက်မှောင်ကြုတ်မိသွားသည်။
ချူးယန်ရှီလည်း ဒေါသထွက်လွန်းသဖြင့် ကြမ်းပြင်ကို ဖနောင့်ဖြင့် ပေါက်ချင်စိတ်များ ဖြစ်လာပါသည်။
လုကျန်းယွီ ဘာဖြစ်နေတာလဲ။ ဆရာကြီးရှုယီရဲ့ တပည့်အရင်းလို့ ပြောထားတာတောင် ဘာလို့ စိတ်မဝင်စားတာလဲ။
မကျေနပ်ချက်တွေကို မျိုသိပ်ရင်း ၄ နှစ်သမီးအရွယ်မှာ ရှိသင့်သည့် ကလေးဆန်သော အသံလေးနဲ့ လုကျန်းယွီကို ချူးယန်ရှီ မေးလိုက်သည်။ “ဝမ်းကွဲအစ်ကို ဆေးကုခံချင်အောင် သမီး ဘာလုပ်ပေးရမလဲ။ ဝမ်းကွဲအစ်ကို နေပြန်ကောင်းဖို့ဆို သမီးဘာမဆို လုပ်ပါ့မယ်!”
ချူးယန်ရှီက အလွန်စိတ်အားထက်သန်စွာ ပြောလိုက်ပြီး လုကျန်းယွီရဲ့ စိတ်ကို ပြောင်းလဲဖို့ ကြိုးစားပါသည်။
လုကျန်းယွီ ဘာမှ ထပ်မပြောနိုင်ခင် အပေါ်ထပ်မှ သခင်ကြီးလု ဆင်းလာခဲ့သည်။
“ရပါတယ်။ ငါ့မြေးကို ဆေးကုသပေးဖို့ ဆရာဝန်ကို ငါတို့ရှာတွေ့ပြီးသွားပြီ”။ သခင်ကြီးလုက လုကျန်းယွီကိုယ်စား ပြောလိုက်သည်။
လုကျန်းယွီ ငြင်းဆန်မှာကို ချူးယန်ရှီ မျှော်လင့်ထားပြီးသား ဖြစ်သည်။ သို့သော်လည်း သခင်ကြီးလုကပါ ငြင်းဆန်နေတာကတော့ ချူးယန်ရှီအတွက် အလွန်ထူးဆန်းနေပါသည်။
လုကျန်းယွီ ဆေးကုသမှုခံယူဖို့ လက်ခံပြီး မျှော်လင့်ချက်တွေ ပြန်ပြည့်ဝလာမှာကို အဖြစ်စေချင်ဆုံးလူက သခင်ကြီးလု မဟုတ်လား။
“ဦးလေးလု ဘာပြောလိုက်တယ်”။ သခင်ကြီးလု၏ စကားကြောင့် လင်းယုရှန်းလည်း အံ့အားသင့်သွားခဲ့ပါသည်။
“ကျန်းယွီအတွက် နင်စိတ်ပူပေးတာ ကောင်းပါတယ် ယုရှန်း။ ဒါပေမယ့် ငါ့အစီအစဉ်နဲ့ငါ ရှိပြီးသားမို့လို့ပါ”။ သခင်ကြီးလုက ရှင်းပြလိုက်ပါသည်။
“ဦးလေးလု။ အဲ့ဒီ နတ်ဆေးသမားတော်ကြီးကို အာ့ဟမ့် ခက်ခက်ခဲခဲ ရှာပေးထားရတာပါ။ ပြီးတော့ ဆရာကြီးရှုယီရဲ့ တပည့်အရင်းလည်း ဟုတ်တယ်။ ကျွန်မတို့ ကြိုးစားကြည့်သင့်တယ်လို့တော့ ကျွန်မ ထင်တယ်”။ ခုနက သခင်ကြီးလု အပေါ်ထပ်မှာရှိနေခဲ့တာကြောင့် သူမတို့ စကားကို သေချာ မကြားလိုက်မှာ စိုးရိမ်တာသဖြင့် လင်းယုရှန်း ထပ်ရှင်းပြလိုက်ပါသည်။
“အင်း ငါအကုန်ကြားပြီးပါပြီ။ ဒီကိစ္စအတွက် စိတ်ပူစရာမလိုဘူးလို့ နင့်ယောက်ျားကို ပြောလိုက်ပါ။ ကိုယ့်ကုမ္ပဏီကိုပဲ သေချာ စီမံလို့။ လက်တွေ့မဆန်တာတွေကို စိတ်ကူးယဉ်နေမယ့်အစား လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အောင်မြင်မှုမျိုး ရနိုင်အောင် ကြိုးစားလို့ ပြောလိုက်”။ သခင်ကြီးလုက ငြင်းဆန်လိုက်ပြီး တစ်ချိန်တည်းမှာပင် ယုရှန်း၏ ယောက်ျား ဖြစ်သူ ချူးဟမ့်ကိုပါ ဝေဖန်လိုက်ပါသ်ည။
သခင်ကြီးလုက လင်းယုရှန်းကို မမုန်းတီးပါ။ သူမက လူကောင်းဖြစ်ပြီး တူဖြစ်သူကိုလည်း တကယ်ဂရုစိုက်တာ ဖြစ်သည်ဟု သူယုံကြည်သည်။
သူရွေးချယ်ထားသည့် လက်တွဲဖော်ကတော့ ထိုသို့မဟုတ်ပါ။
သခင်ကြီးလုရဲ့ အမြင်မှာ ချူးဟမ့်က ရုပ်ချောပြီး မိန်းမတွေကို ဆွဲဆောင်တတ်တာကလွဲပြီး ဘာမှ အသုံးမကျသည့် လူတစ်ယောက်ဖြစ်သည်။
အမြဲတမ်း ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲနေပြီး သူ့ကျရှုံးမှုတိုင်းက ကံမကောင်းတာကြောင့် ဖြစ်သည်ဟုသာ ပြောလေ့ရှိသည်။ သူများတွေလို ကံကောင်းလျှင် သူလည်း အောင်မြင်မှုတွေရရှိပြီး နာမည်ကျော်လာနိုင်သည်ဟု ထင်နေသည်။
ခေါင်းမာပြီး ကိုယ့်ကိုယ်ကို တိုးတက်အောင် လုပ်ချင်စိတ်လည်း မရှိပါ။ ဘယ်သူ့စကားမှလည်း နားမထောင်ဘဲ ကိုယ့်ကမ္ဘာထဲမှာကိုယ် သာယာနေတတ်သူဖြစ်သည်။
ချွေးမဖြစ်သူနဲ့ တစ်ဦးတည်းသော မြေးလေးကြောင့်သာ မဟုတ်လျှင် သခင်ကြီးလု ချူးမိသားစုကို လျစ်လျူရှုခဲ့တာ ကြာပါပြီ။
လုမိသားစုအတွက် ချူးမိသားစုကို ကူညီဖို့ဆိုတာ လက်ကလေးတစ်ချောင်း မြှောက်ရတာလောက် လွယ်ကူသည်။ ထို့ကြောင့် သူတို့ အကူအညီတောင်းတိုင်း အမြဲတမ်း ကူညီပေးခဲ့သည်။
သခင်ကြီးလု၏ စကားကိုကြားသောအခါ လင်းယုရှန်း အနေခက်သွားပြီး ယောက်ျားဖြစ်သူကို ကာကွယ်ပေးလိုက်ပါသည်။ “ဦးလေးလု၊ အာ့ဟမ့်ကလည်း ကျန်းယွီလေးကောင်းဖို့ လုပ်ပေးနေတာပါ။ အဲ့တာကြောင့် သမားတော်ကြီးကို ခက်ခက်ခဲခဲ ရှာပေးခဲ့တာပေါ့”
“သူ့မှာ နင့်လို အတွေးမျိုးရှိရင် ငါမကန့်ကွက်ပါဘူး။ ဒါပေမယ့် သူ့စိတ်က နင်ထင်နေသလို မဟုတ်ဘူး”။ သခင်ကြီးလု ပြန်ပြောလိုက်ပါသည်။
သူ့မြေးကို ချူးဟမ့် တကယ်ဂရုစိုက်တာမဟုတ်မှန်း လင်းယုရှန်းထက် သူပိုသိသည်။ ချူးဟမ့်က သူ့ကို မျက်နှာလို မျက်နှာရ လုပ်ချင်လို့သာ ဒီလိုတွေ ကြိုးစားပေးနေတာဖြစ်ပါသည်။
အဖေဖြစ်သူကို ပြောဆိုနေတာတွေကြားတော့ ချူးယန်ရှီ အလွန်နေရထိုင်ရခက်လာပါသည်။ သို့သော် သခင်ကြီးလု ပြောတာတ မှန်ကန်မှန်း သူမ သိသည်။
အရင်ဘဝတုန်းကသာဆို တစ်ယောက်ယောက်က သူမအဖေကို ဒီလိုလာစွပ်စွဲလျှင် သူမ ယုံကြည်မှာ မဟုတ်ပါ။
… … …
အခန်း(၄၁၆) နတ်ဆေးသမားတော် အတုကြီး (၁)
မိသားစုလုပ်ငန်းတွေ ဒေဝါလီခံရလုနီးပါး ဖြစ်ခဲ့တာကြောင့် ရွေးချယ်စရာမရှိဘဲ သခင်ကြီးလု ပြောတာကို ထောက်ခံဖို့သာ ရှိသည်။
ချူးယန်ရှီ နှုတ်ခမ်းကိုက်ထားလိုက်သည်။ ရင်ထဲမှာလည်း ဒီလိုအခြေအနေမှ ရုန်းထွက်ဖို့ အစွမ်းကုန် ကြိုးစားမည်ဟု ကျိန်ဆိုလိုက်ပါသည်။
သို့သော် လင်းယုရှန်းကတော့ သခင်ကြီးလုရဲ့ စကားကို လက်မခံနိုင်သေးပါ။
“ဦးလေးလု နားလည်မှုလွဲနေပြီ။ အာ့ဟမ့်က ကျန်းယွီလေးကို တကယ်ချစ်ပါတယ်”။ လင်းယုရှန်း ရှင်းပြလိုက်ပါသည်။
လင်းယုရှန်း၏ အမြင်မှာတော့ သူမ ယောက်ျားက အလွန်သဘောထားပြည့်ဝသူ ဖြစ်သည်။ သူမကို အလွန်ချစ်မြတ်နိုးသဖြင့် သူမဂရုစိုက်သည့် ကျန်းယွီကိုလည်း ချစ်မြတ်နိုးသည်ဟု ပြောခဲ့ဖူးပါသည်။
“နင်ထင်ချင်သလိုသာ ထင်ပါ”။ သခင်ကြီးလု ဘာမှ ထပ်မပြောချင်တော့ပါ။ လင်းယုရှန်းသာ နားထောင်ချင်စိတ်ရှိလျှင် ဒီလောက်ထိ ပြောနေစရာ မလိုပါ။ “ကျန်းယွီအတွက် ငါ့အစီအစဉ်နဲ့ငါရှိပြီးသားမို့လို့ နင်တို့ အလုပ်ရှုပ်မခံနဲ့တော့”။
သခင်ကြီးလု ပြတ်သားစွာ ပြောလိုက်သည်။ သူ့စကားက လင်းယုရှန်း ထပ်ပြီးဖြောင်းဖြဖို့ လမ်းစတွေ အကုန်လုံးကို ပိတ်ပစ်လိုက်ပါသည်။
လင်းယုရှန်း ရွေးချယ်စရာမရှိတော့ပေ။ အနည်းငယ် တွန့်ဆုတ်မိသော်လည်း သခင်ကြီးလုရဲ့ မျက်နှာကြောင့် သူမ ဆက်ပြီး တွန်းအား မပေးချင်တော့ပါ။
လင်းယုရှန်း သက်ပြင်းချကာ ပြောလိုက်ပါသည်။ “ဟုတ်ကဲ့ပါ။ ကျွန်မ မတိုက်တွန်းတော့ပါဘူး”
ထို့နောက် လုကျန်းယွီကို လင်းယုရှန်း ပြောလိုက်သည်။ “ဒါပေမယ့် ကျန်းယွီ။ သေချာစဉ်းစားပေးပါနော်။ သား စိတ်ပြောင်းသွားရင် ဒေါ်လေးကိုသာ ပြောလိုက်။ သမားတော်ကြီးကို ချက်ချင်း ခေါ်ပေးမယ်”
“ဟုတ်ကဲ့ပါ”။ လုကျန်းယွီ တိုးညှင်းစွာ ပြန်ပြောလိုက်သည်။
ရလဒ်တွေကို မြင်လိုက်ရသောအခါ ချူးယန်ရှီ မျက်မှောင်ကြုတ်သွားမိပါသည်။
နတ်ဆေးသမားတော်ကြီးကို ရအောင်ရှာပြီး ဘာမှ မလုပ်ရင် ဒီတိုင်း သက်သက်မဲ့ အလုပ်ရှုပ်ခဲ့တာပဲ မဟုတ်လား။
ထို့အပြင် လုမိသားစုရဲ့ အသိအမှတ်ပြုမှုကို ခံရဖို့ ဒီနည်းလမ်းက သူမ စဉ်းစားနိုင်သည့် သက်ရောက်မှုအရှိဆုံး နည်းလမ်း ဖြစ်သည်။
လုကျန်းယွီရဲ့ အသိအအမှတ်ပြုခြင်းကို မခံရသည့်အပြင် သခင်ကြီးလုကပါ အသိအမှတ်မပြုခဲ့ပါ။
သူမ ဒီအတိုင်း လက်လျှော့လိုက်လို့ မရပေ။
လင်းယုရှန်းနဲ့ ချူးယန်ရှီတို့ လုအိမ်တော်မှာ ခေတ္တဆက်နေခဲ့ကြပြီး အိမ်ပြန်လာခဲ့ကြပါသည်။
လုအိမ်တော်ခြံအပြင် ရောက်တာနဲ့တစ်ပြိုင်နက် ချူးယန်ရှီက လင်းယုရှန်းအား ပြောလိုက်သည်။ “ဒေါ်လေးလင်း၊ ဝမ်းကွဲအစ်ကိုအတွက် နတ်ဆေးသမားတော်ကြီးကို ဒီတိုင်း ခေါ်လာလိုက်ပါလား”
“ဒါပေမယ့် သမီးဝမ်းကွဲအစ်ကိုက လက်မှမခံချင်တာ… ပြီးတော့ ဘိုးဘိုးလုကလည်း ငြင်းလိုက်တယ်…”။ လင်းယုရှန်းက တွန့်ဆုတ်စွာ ပြောလိုက်ပါသည်။
“ဝမ်းကွဲအစ်ကိုက ဆေးမကုချင်တာ မဟုတ်လောက်ပါဘူး။ ဒီတိုင်း စိတ်ဓာတ်ကျနေလို့ စိတ်ဓာတ်ထပ်ကျရမယ့် ကိစ္စကို မလုပ်ချင်တာ ဖြစ်မှာပါ။ ဘိုးဘိုးလုလည်း အဲ့လိုပဲ ထင်နေတာဖြစ်မယ်! ဝမ်းကွဲအစ်ကိုကို စိတ်ဓာတ်မကျစေချင်လို့ ငြင်းလိုက်တာ ဖြစ်မှာ!”။ ချူးယန်ရှီက ယုံကြည်ချက် ပြည့်ဝစွာ ပြောလိုက်သည်။
“အင်း… ဖြစ်တော့ဖြစ်နိုင်ပါတယ်”။ လင်းယုရှန်း ထောက်ခံလိုက်သည်။
“အဲ့တာဆို သမီးတို့ နတ်ဆေးသမားတော်ကြီးကို ခေါ်လာလိုက်မယ်လေ။ ဝမ်းကွဲအစ်ကိုရဲ့ ခြေထောက်တွေကို သေချာ စစ်ဆေးခိုင်းလိုက်ပြီး ကုသဖို့နည်းလမ်းရှိတယ်ဆိုရင် ဝမ်းကွဲအစ်ကို အရမ်းပျော်သွားမှာ!”
“ဟုတ်တယ်။ သမီးပြောတာမှန်တယ်!”။ လင်းယုရှန်းလည်း အကြံတစ်ခုရသွားသလို မျက်လုံးများ အရောင်လက်သွားပါသည်။
ရှောင်းရှီလေး သုံးသပ်ပြတာ ဖြစ်နိုင်တာပဲ!
ခုတလော သူမရဲ့ သမီးလေး အလွန်လိမ္မာလာရုံသာ မကဘဲ ဉာဏ်ရည်လည်း ကောင်းလာသည်ဟု လင်းယုရှန်း ခံစားမိပါသည်။ တစ်ခါတလေ လူကြီးဖြစ်သည့် သူမထက်ပင် ပိုမို စဉ်းစားတတ်သေးသည်။
“အဲ့တာဆို အခုချက်ချင်း သွားခေါ်ကြရအောင်လေ!”။ ချူးယန်ရှီ အားတက်သရော ပြောလိုက်သည်။
သူမ မစောင့်ချင်တော့ပါ။
“ဟုတ်ပြီ ဟုတ်ပြီ”။ လင်းယုရှန်းကလည်း ထောက်ခံသည်။
--- --- ---
ညနေစောင်းသောအခါ ချူးယန်ရှီနဲ့ လင်းယုရှန်းတို့ ရောက်လာကြပြန်သည်။
အသက် ၄၀ - ၅၀ ဝန်းကျင်အရွယ် လူကြီးတစ်ယောက်ကိုလည်း ခေါ်လာခဲ့သည်။
ထိုလူကြီးက အရပ်အသင့်အတင့်ရှိပြီး ရိုးရိုးရှင်းရှင်း ဝတ်စားထားကာ လက်ထဲမှာလည်း ဆေးသေတ္တာတစ်လုံးကို သယ်လာပါသည်။
သူတို့ အိမ်ထဲဝင်လာသောအခါ လုကျန်းယွီလည်း အပေါ်ထပ်မှ ဆင်းလာခဲ့သည်။
ကျန်းယွီကို မြင်တော့ လင်းယုရှန်း အမြန်မိတ်ဆက်ပေးလိုက်ပါသည်။ “ကျန်းယွီ။ ဒါ နတ်ဆေးသမားတော်ကြီး ရှဲ့ကျန်းလေ”
မိတ်ဆက်ပေးပြီးနောက် ရှဲ့ကျန်းက လုကျန်းယွီထံလျှောက်လာပြီး စူးရှသော မျက်လုံးများဖြင့် သူ့ခြေထောက်တွေကို အကဲခတ်လိုက်ပါသည်။
“ကောင်လေး မင်းခြေထောက်တွေကို ပြန်ကောင်းသွားအောင် ငါကုသပေးနိုင်တယ်။ ဒါပေမယ့် ငါ့ဆေးကုသမှု စရိတ်က မသေးဘူးနော်”။ ရှဲ့ကျန်းက ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်ပါသည်။
… … …