အခန်း (၄၁၇-၄၁၈)
Vol. 17 Ch. 417-418
အခန်း(၄၁၇) နတ်ဆေးသမားတော် အတုကြီး (၂)
လုကျန်းယွီက ရှဲ့ကျန်းကို တည်ငြိမ်စွာ ကြည့်နေသည်။
ဆရာကြီးရှုယီကတောင် သူ့ခြေထောက်ကို ပြန်ကောင်းအောင် ကုသပေးဖို့ ၉၀ ရာခိုင်နှုန်းလောက်သာ ယုံကြည်ချက် ရှိသည်ဟု ဆိုထားသည်။ ဒီလူကြီးကတော့ တစ်ချက်လောက် ကြည့်လိုက်ရုံနဲ့ ပြန်ကောင်းအောင် ကုသပေးနိုင်မှာ ရာနှုန်းပြည့် သေချာသွားတာလား။
တူဖြစ်သူရဲ့ ခြေထောက်တွေ ပြန်ကောင်းနိုင်သည်ဆိုတာ ကြားလိုက်ရသောအခါ လင်းယုရှန်း မျက်လုံးများ အရောင်တောက်သွားပြီး မျက်နှာကလည်း အလွန်ပျော်ရွှင်သွားပါသည်။
“တကယ်လား။ သမားတော်ကြီး တကယ်ယုံကြည်ချက်ရှိတာလား”။ လင်းယုရှန်း အားတက်သရော မေးလိုက်ပါသည်။
နတ်ဆေးသမားတော်ကြီးကို ဒီခေါ်မလာခင်တုန်းက လုကျန်းယွီရဲ့ ခြေထောက်တွေကို ပြန်ကောင်းအောင် ကုသပေးနိုင်ချေ အနည်းငယ်သာ ရှိလိမ့်မည်ဟု လင်းယုရှန်း ထင်ထားခဲ့တာဖြစ်သည်။
“ဒါပေါ့ ငါက မဟုတ်တာ ပြောမလား!”။ ရှဲ့ကျန်းက ဆိုသည်။ “ဒါပေမယ့် ကုသနိုင်တယ် ဆိုပေမယ့် တန်ဖိုးကြီး ဆေးဝါးပစ္စည်းတွေနဲ့ တခြား ကုန်ကျစရိတ်တွေကလည်း…”။
“အဲ့အတွက် စိတ်မပူပါနဲ့။ လုံးဝ ပြဿနာမရှိဘူး!”။ လင်းယုရှန်း အမြန် ဖြတ်ပြောလိုက်သည်။
ခြေထောက်တွေ ပြန်ကောင်းအောင် ကုသပေးနိုင်မည်ဆိုလျှင် ငွေဘယ်လောက်ပဲကုန်ကုန် ကိစ္စမရှိပါ။
ထို့နောက် လုကျန်းယွီဘက်သို့လှည့်ကာ လင်းယုရှန်း ပြောလိုက်သည်။ “ကျန်းယွီ ကြားလိုက်လား။ သမားတော် ဦးလေးကြီးက သားခြေထောက်တွေ ပြန်ကောင်းအောင် ကုသပေးနိုင်တယ်တဲ့!”
“မလိုပါဘူး”။ လုကျန်းယွီ ပြတ်ပြတ်သားသား ငြင်းလိုက်သည်။ ထို့နောက် အိမ်တော်ထိန်းကျန်းကို လုကျန်းယွီ အမိန့်ပေးလိုက်ပါသည်။ “ဧည့်သည်တွေကို ပြန်လိုက်ပို့ပေးလိုက်ပါ အိမ်တော်ထိန်းကျန်း”
ထိုစကားကို ကြားပြီးနောက် ရှဲ့ကျန်း အလွန်အံ့အားသင့်သွားပြီး သူ့ကို အထင်အမြင်သေးနေကြသည်ဟု ထင်သွားသည်။ “မင်းကြည့်ရတာ သိပ်နားလည်ပုံမပေါ်ဘူး ကောင်လေး။ ငါ့ကို ပင့်တဲ့လူတိုင်းဆီ လိုက်ကုပေးတာမဟုတ်ဘူးနော်။ ချူးမိသားစုက ကျိုးကျိုးနွံနွံ တောင်းပန်ထားလို့သာမဟုတ်ရင် ငါလာခဲ့မှာ မဟုတ်ဘူး”
ရှဲ့ကျန်းက မောက်မောက်မာမာဖြင့် ပြောလိုက်ပါသည်။
“မလိုပါဘူး။ ကျေးဇူးပြုပြီး ပြန်လိုက်ပါ”။ လုကျန်းယွီက ဆုံးဖြတ်ချက် မပြောင်းလဲပေ။
ဒီလူ ဘယ်သူလဲဆိုတာကိုတောင် မမေးချင်ပါ။
လင်းယုရှန်းနဲ့ ချူးယန်ရှီတို့အမြင်မှာတော့ လုကျန်းယွီက ဆေးကုသမှု ခံယူဖို့ ငြင်းဆန်နေသည်ဟု ထင်သွားကြသည်။
လင်းယုရှန်းက လုကျန်းယွီကို အမြန်ဖြောင်းဖြဖို့ ကြိုးစားလိုက်ပါသည်။ “ကျန်းယွီ။ သမားတော်ဦးလေးကြီးက သားကို ကုသပေးနိုင်တယ်လို့ အတည်ပြုပြီးသွားပြီပဲဥစ္စာ။ ကြိုးစားကြည့်လိုက်ပါလား သားရယ်။ ဒေါ်လေးရဲ့ မျက်နှာကိုထောက်ပြီး လက်ခံပေးပါနော်”
ပြောပြောဆိုဆိုနဲ့ လင်းယုရှန်း မျက်လုံးများ နီမြန်းလာပါသည်။
သူမက လုကျန်းယွီရဲ့ ကျန်းမာရေးကို တကယ်ဂရုစိုက်တာဖြစ်ပြီး မျက်ရည်တွေကလည်း အတုအယောင် မဟုတ်ပါ။ ထိုကားအက်ဆီးဒင့်ကြောင့် ယောက်မဖြစ်သူ ကွယ်လွန်သွားခဲ့ပြီး တစ်ဦးတည်းသော တူလေးကလည်း ခြေထောက်တွေ ပြင်းပြင်းထန်ထန် ထိခိုက်သွားခဲ့သည်။ သူမ အိပ်မပျော်သည့် ညတွေ အများကြီး ရှိခဲ့ပါသည်။
ယခု မျှော်လင့်ချက် အရိပ်အယောင်ကို ပြန်မြင်လာရပြီဖြစ်သဖြင့် သူမ အလွယ်တကူ လက်မလျှော့ချင်ပါ။
လုကျန်းယွီကို လင်းယုရှန်း ဖြောင်းဖြဖို့ ကြိုးစားနေစဉ် ရှဲ့ကျန်းက ဒေါသထွက်နေပြီဖြစ်သည်။
“ဟား! ရိုင်းစိုင်းလိုက်တဲ့ကောင်လေး! မင်းခြေထောက်တွေ ပြန်မကောင်းချင်ဘူးဆိုရင်လည်း ရှိပါစေပေါ့! မင်းကို အချိန်ကုန်ခံပြီး ကုပေးနေစရာမလိုဘူး။ မင်းအတွက် ဘာကကောင်းသလဲဆိုတာ မင်းနားမလည်ပါဘူးကွာ!”
ပြောပြောဆိုဆိုနဲ့ ရှဲ့ကျန်း ဆေးသေတ္တာကို ကောက်ယူလိုက်ပြီး ပြန်ဖို့ ပြင်လိုက်ပါသည်။
လင်းယုရှန်း၏ တုန့်ပြန်မှုကို သူစောင့်ကြည့်နေတာဖြစ်သည်။ သူမကတော့ သူ့ကို ဒီတိုင်းထွက်သွားခွင့်ပေးမှာ မဟုတ်ဘူးမလား။ ထို့ကြောင့် သူဒေါသထွက်ပြလိုက်ပြီး ကိုယ့်တန်ဖိုးကိုယ် မြှင့်တင်လိုက်ခြင်းဖြစ်သည်။
ထင်ထားသည့်အတိုင်းပဲ လင်းယုရှန်းက သူ့နောက်ကို အမြန်ပြေးလိုက်ကာ တောင်းတောင်းပန်ပန် ပြောလိုက်ပါသည်။ “သမားတော်ဦးလေးကြီး! ကျေးဇူးပြုပြီး မသွားပါနဲ့။ ကျွန်မတူလေးက ဆေးကုသမှုကို မငြင်းပါဘူး။ ကျေးဇူးပြုပြီး ဒေါသ မထွက်ပါနဲ့!”
“မင်းတို့တွေ စိတ်ရင်းနဲ့ ပြောတာ မဟုတ်ဘူး!’။ ရှဲ့ကျန်းက ဆိုသည်။
“ကျွန်မ စိတ်ရင်းနဲ့ ပြောတာပါ! ကျေးဇူးပြုပြီး နားလည်ပေးပါ သမားတော်ဦးလေးကြီး။ ကျွန်မ တူလေးက ကလေးပဲ ရှိသေးလို့ပါ။ သူ့ကို စိတ်မခုပါနဲ့နော်”။ လင်းယုရှန်း တောင်းတောင်းပန်ပန် ပြောလိုက်ပါသည်။
လုကျန်းယွီ မတ်တပ်ပြန်ရပ်နိုင်လိမ့်မည်ဟူသော မျှော်လင့်ချက်ကြောင့် လင်းယုရှန်း ဒီလောက်ထိ အသည်းအသန် တောင်းပန်နေရတာဖြစ်သည်။
ချူးယန်ရှီလည်း စိတ်ဖိစီးသွားသည်။ နတ်ဆေးသမားတော်ကြီး ထွက်သွားပါက သူမ အစီအစဉ်တွေ ပျက်စီးသွားပါလိမ့်မည်။
တစ်ချိန်တည်းမှာပင် လုကျန်းယွီကို သူမ ဂရုစိုက်ကြောင်း ပြသဖို့အတွက် သူမလည်း ရှဲ့ကျန်းနောက်သို့ ပြေးလိုက်ကာ အင်္ကျီကို ဆွဲထားလိုက်ပါသည်။
“သမားတော်ဘိုးဘိုး ကျေးဇူးပြုပြီး မသွားပါနဲ့! သမီး ဝမ်းကွဲအစ်ကိုရဲ့ ခြေထောက်တွေကို ကုပေးပါ! ဝမ်းကွဲအစ်ကိုကို လမ်းပြန်လျှောက်စေချင်လို့ပါ!”။ ချူးယန်ရှီ ငိုကြွေးလျက် တောင်းပန်လိုက်ပါသည်။
“ဟင်း ငါ့ကို လွှတ်ကြစမ်း! ငါက ဆရာကြီးရှုယီရဲ့ တပည့်အရင်းခေါက်ခေါက်ကွ! ဒီလို ကျေးဇူးမသိတတ်တဲ့ လူမျိုးကို လုံးဝ ကုမပေးနိုင်ဘူး!”။ ရှဲ့ကျန်းက ဒေါသထွက်ချင်ယောင် ဆက်ဆောင်နေပါသည်။
… … …
အခန်း(၄၁၈) ဦးလေး ပိုင်ဟူကျစ်နဲ့ သိလို့လား
“ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့ သမားတော်ဘိုးဘိုး။ ဘိုးဘိုးက နတ်ဆေးသမားတော်ကြီးဆို။ သမီးတို့ကို စိတ်မဆိုးပါနဲ့။ သမီးတို့မှာ ပိုက်ဆံရှိတယ်။ ပိုက်ဆံတွေ အများကြီးရှိတယ်။ သမီး နှစ်သစ်ကူးမှာ မုန့်ဖိုးရရင် အကုန်ပေးပါ့မယ်။ ကျေးဇူးပြုပြီး သမီးဝမ်းကွဲအစ်ကိုကို ဆေးကုပေးပါ!”။ ချူးယန်ရှီက ရှိုက်ကြီးတငင်ပြောလိုက်ပါသည်။
“ငါ့ကို ဆွဲထားလည်း အလကားပဲ! နင့် ဝမ်းကွဲအစ်ကိုက လူလို နားလည်တာမဟုတ်ဘူး။ ဆရာကြီးရှုယီရဲ့ တပည့်အရင်းခေါက်ခေါက်က သူ့လိုကောင်ကို ကျိုးကျိုးနွံနွံနဲ့ ဆေးကုပေးနေရမှာလား”။ ရှဲ့ကျန်းက မခံချင်စွာ ပြောလိုက်သည်။
ထိုစဉ် ဟူကျစ်ကို ပွေ့လျက် စူစူလေး လုအိမ်တော်ထဲ ဝင်လာခဲ့ပါသည်။ ဧည့်ခန်းထဲမှာ လူ ၃ ယောက် ဆွဲလားရမ်းလားနဲ့ စကားများနေကြတာကို မြင်သောအခါ သူမ မျက်နှာလေး ကြောင်စီစီဖြစ်သွားသည်။
“ရန်ဖြစ်နေကြတာလား”။ စူစူလေး မေးလိုက်၏။
ကိုကြီးရဲ့ အိမ်မှာ ရန်လာဖြစ်ရင် အပြင်ကို ကန်ထုတ်မှာနော်!
“မကြောက်နဲ့ စူစူလေး။ သူတို့ တစ်ခုခု တိုင်ပင်နေကြတာပါ”။ လုကျန်းယွီက စူစူလေးနားသို့ သွားကာ ရှင်းပြလိုက်ပါသည်။
“ဪ”။ စူစူလေး ခေါင်းငြိမ့်လိုက်သည်။ မျက်လုံးတွေကတော့ ထို လူ ၃ ယောက်ကို ကြည့်နေဆဲဖြစ်၏။
လင်းယုရှန်းက ရှဲ့ကျန်းကို တောင်းပန်ဖို့ အာရုံများနေသဖြင့် စူစူလေးကိုတောင် ဂရုမစိုက်အားပါ။
“သမားတော်ရှဲ့! ကျွန်မတို့ သဘောတူထားတာထက် ယွမ်သန်းဝက် ထပ်ပေးပါ့မယ်! ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ!”။ လင်းယုရှန်းက ဆိုသည်။
ရှဲ့ကျန်းက အခွင့်အရေးကို အရယူပြီး ပြောလိုက်ပါသည်။ “ဒါပိုက်ဆံနဲ့ မဆိုင်ဘူး။ စေတနာကို အသိအမှတ် ပြုတတ်မှုနဲ့ပဲ ဆိုင်တာ။ နတ်ဆေးသမားတော် ဆရာကြီးရှုယီရဲ့ တပည့်အရင်းခေါက်ခေါက်ဖြစ်တဲ့ ငါ့ကို လူတိုင်းက တောင်းတောင်းပန်ပန်နဲ့ ဆေးကုသပေးဖို့ ပင့်နေကြရတာ။ မင်းတို့ အိမ်က ကလေးက ဘာလို့ အဲ့လောက် ခေါင်းမာ ရိုင်းစိုင်းနေရတာလဲ”
“ဒီကလေးက ခေါင်းမာတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် လူကောင်းလေးပါ”။ လင်းယုရှန်း ရှင်းပြလိုက်သည်။
“ပြီးတာပဲ။ နာမကျန်းဖြစ်နေတဲ့လူဆိုတော့ ဒီတစ်ခါတော့ သည်းခံခွင့်လွှတ်ပေးလိုက်မယ်!”။ ရှဲ့ကျန်းက သဘောထား ပြည့်ဝစွာ ခွင့်လွှတ်ပေးလိုက်သည်။
အချိန်အတော်ကြာအောင် တောင်းပန်ခဲ့ရသော်လည်း နောက်ဆုံးတော့ ရှဲ့ကျန်း ပြန်ငြိမ်သွားခဲ့ပါသည်။ သူ အစကတည်းက ထွက်သွားချင်ခဲ့တာ မဟုတ်ပါ။ ထို့ကြောင့် လိုချင်တာ ရပြီးနောက် လုကျန်းယွီဘေးသို့ ပြန်လာခဲ့ပါသည်။
“ကောင်လေး။ မင်းခြေထောက်တွေကို ငါတကယ် ကုပေးနိုင်တယ်။ တန်ဖိုးကြီး ဆေးပင်တွေကို ဝယ်ဖို့ မင်းတို့ ဝယ်နိုင်တယ်ဆိုရင် ငါ့ဆရာဖြစ်တဲ့ ဆရာကြီးရှုယီကို တိုင်တည်ပြီး ကျိန်ဆိုရဲတယ်။ မင်း တစ်နှစ်အတွင်း မတ်တပ်ရပ်ပြီး လမ်းပြန်လျှောက်နိုင်စေရမယ်”။ ရှဲ့ကျန်းက ယုံကြည်ချက်ပြည့်ဝစွာ ပြောလိုက်ပါသည်။
ဆရာကြီးရှုယီဟုတ်လား…။ အဲ့နာမည်ကို ကြားဖူးသလိုပဲ။
ခုတလော ဦးလေးပိုင်ဟူကျစ်ကို လူတွေက ဆရာကြီးရှုယီဟုသာ ခေါ်ဆိုနေကြသဖြင့် စူစူလေး မှတ်မိသွားတာဖြစ်သည်။
စူစူလေး သူမရှေ့က လူကြီးကို သေချာကြည့်လိုက်ပြီး မေးလိုက်သည်။ “ဦးလေးပိုင်ဟူကျစ်နဲ့ သိလို့လား”
စူစူလေး မေးတာကို ကြားသော်လည်း ရှဲ့ကျန်း ပြန်ဖြေဖို့ စိတ်ကူးမရှိပါ။ ဒီလို ကလေးမလေး မေးသမျှ ပြန်ဖြေဖို့ သူ့မှာ အချိန်မရှိပေ။
ထို့အပြင် သူမ ပြောသည့် ဦးလေးပိုင်ဟူကျစ်ဆိုတာ ဘယ်သူဘယ်ဝါမှန်းလဲ သူ မသိပါ။
“ဦးလေးပိုင်ဟူကျစ်နဲ့ သိလားလို့”။ သူမ မေးတာကို မကြားဘူးအထင်နဲ့ စူစူလေး ထပ်မေးလိုက်သည်။
“လူကြီးတွေ စကားပြောနေတာ ကလေးတွေ ဝင်မရှုပ်နဲ့”။ ရှဲ့ကျန်းက စိတ်မရှည်စွာ ပြောလိုက်သည်။
သူမလို စကားများပြီး အနှောင့်အယှက်ပေးသည့် ကလေးတွေကို ရှဲ့ကျန်း မုန်းသည်။
“ဘယ်သူ့ကို ကလေးလို့ လာခေါ်နေတာလဲ”။ စူစူလေးက ခါးထောက်ကာ ပြောလိုက်သည်။
သူမက ၁၀၃ နှစ်ခွဲ သက်တမ်းရှိ စွမ်းအားကြီး နတ်သားရဲဖြစ်သည်။
ဆံပင်တောင် ကောင်းကောင်းမရှိတဲ့ ဒီလူက သူမကိုများ ဝင်မရှုပ်နဲ့လို့ ပြောရဲတယ်ပေါ့!
“နင့်ကိုပြောနေတာပေါ့ဟ! ဒီမှာ လူကြီးတွေ အရေးကြီးတဲ့ကိစ္စ ဆွေးနွေးနေတာ မမြင်ဘူးလား”။ ရှဲ့ကျန်း စိတ်မရှည်စွာ ပြောလိုက်သည်။
“ငါလည်း အရေးကြီးကိစ္စပြောနေတာပဲ!”။ စူစူလေးက အတည်ပေါက် ပြောလိုက်ပါသည်။
“ဘာလို့ အာရုံလာနောက်တာလဲ။ နင်ပြောတဲ့ ဦးလေးပိုင်ဟူကျစ်ကို ငါမသိဘူး!။ ကျေနပ်ပြီလား”
“အဲ့တာဆို ဦးလေးပိုင်ဟူကျစ်ရဲ့ တပည့်လို့ ဘာလို့ပြောနေတာလဲ။ နင်လိမ်နေတာ!”။ စူစူလေး စွပ်စွဲလိုက်သည်။
“ဘာပြောတယ်”။ ရှဲ့ကျန်း ရယ်မိသွား၏။
“နင်က ဦးလေးပိုင်ဟူကျစ်ရဲ့ တပည့် မဟုတ်ဘူးလို့!”
… … …