အခန်း (၄၁၉-၄၂၀)
Vol. 17 Ch. 419-420
အခန်း(၄၁၉) နတ်ဆေးသမားတော်အတုကို အရှက်ခွဲခြင်း (၁)
ဦးလေးပိုင်ဟူကျစ်ကိုတောင် မသိဘဲနဲ့ သူ့တပည့်လို့ ပြောရဲသေးတယ်! လူလိမ်ကြီး!
ရှဲ့ကျန်း ဝါးလုံးကွဲ ရယ်မောလိုက်သည်။ “ရယ်ရလွန်းလို့ သေတော့မယ်။ နင့်ဦးလေးပိုင်ဟူကျစ်ရဲ့ တပည့်ပါလို့ ဘယ်တုန်းက ပြောမိလို့လဲ။ ငါ့ဆရာက ဆရာကြီးရှုယီလေ! နာမည်ကျော် ဆရာကြီးရှုယီ! အဲ့ဒါဘယ်သူလဲ နင်သိတောင် သိရဲ့လား။ နင်မသိတိုင်း သူများတွေကို လိုက်မစွပ်စွဲနဲ့!”
“ဟုတ်တယ်။ အဲ့ဒီလူက ဦးလေးပိုင်ဟူကျစ်ပဲ!”။ ဆရာကြီးရှုယီဆိုသည့် နာမည်က ခေါ်ဆိုဖို့ခက်သည်။ ဦးလေး ပိုင်ဟူကျစ်ဆိုတာက ခေါ်ရပိုလွယ်ကူပါသည်။
ရှဲ့ကျန်းက လှောင်ရယ်ရယ်ကာ ပြောလိုက်သည်။ “ဟာသပဲဟေ့! ကလေးတွေကတော့ ကမ္ဘာကြီးအကြောင်း ဘာမှကို မသိကြဘူး!”
ထိုစဉ် လင်းယုရှန်းက စူစူလေးကို အမြန်လာရှင်းပြလိုက်သည်။ “စူစူလေး မှားနေပြီထင်တယ်။ ဒီသမားတော်ဘိုးဘိုးကြီးရဲ့ ဆရာက အရမ်းတော်တဲ့ နတ်ဆေးသမားတော်ကြီးတစ်ပါးပဲ။ သမီးရဲ့ ဦးလေးပိုင်ဟူကျစ်က သူ့ဆရာတော့ မဟုတ်လောက်ဘူးထင်တယ်နော်။ နာမည်တူတာနေမှာပါ”
“စူစူလေး ပြောတာ အမှန်ပဲဒေါ်လေး။ နာမည်တူတာမဟုတ်ဘူး”။ လုကျန်းယွီက စူစူလေးကိုယ်စား ဝင်ပြောလိုက်သည်။
စူစူလေးကို တခြားသူတွေ နားလည်မှုလွဲမှာမျိုး သူမဖြစ်စေချင်ပါ။
“ကျန်းယွီ သားမသိလောက်ဘူး။ ဒေါ်လေးတို့ ပြောနေတဲ့ ဆရာကြီးရှုယီဆိုတာ သာမန်လူမဟုတ်ဘူး”
နာမည်တူသည့် လူတစ်ယောက်ကို တွေ့ဖူးကြသဖြင့် ကလေးတွေ မှားနေတာဖြစ်မည်ဟု လင်းယုရှန်း ထင်သွားပါသည်။
ထို့အပြင် သူတို့လို ကလေး ၂ ယောက်က တကယ့်ဆရာကြီးရှုယီအစစ်နဲ့ သိကျွမ်းလိမ့်မည်ဟုလည်း လင်းယုရှန်း မထင်ပါ။
စူစူလေးရဲ့ စကားကိုကြားပြီး ချူးယန်ရှီ ရင်ထဲမှ လှောင်ပြောင်လိုက်ပါသည်။
ဆရာကြီးရှုယီ အစစ်နဲ့ သူက သိတယ်ပေါ့။ မဖြစ်နိုင်တာေတွေ။
အရင်ဘဝတုန်းက လုကျန်းယွီ အသက် ၃၀ လောက် ရောက်သည့်အချိန်မှာတောင် ဆရာကြီးရှုယီနဲ့ မဆုံခဲ့ပါ။ နောက်တော့ ဆရာကြီးရှုယီ သေဆုံးသွားတာကြာပြီဖြစ်ကြောင်း သတင်းတွေ ထွက်လာခဲ့သည်။ တောထဲမှာပင် သေဆုံးသွားတာ ဖြစ်သဖြင့် အလောင်းကိုတောင် အချိန်အတော်ကြာသည်အထိ ရှာမတွေ့ခဲ့ကြပါ။
တစ်နည်းအားဖြင့် ဒီကမ္ဘာမှာလည်း အခုချိန်လောက်ဆို နတ်ဆေးသမားတော် ဆရာကြီးရှုယီ သေဆုံးသွားလောက်ပါပြီ။
ထို့ကြောင့် ချင်းစူစူက ဆရာကြီးရှုယီကို သိကျွမ်းသည်ဟု ဆိုနေတာ လုံးဝ မဖြစ်နိုင်ပါ။ ချင်းစူစူလို့ အဆင့်အတန်းနဲ့ ဆရာကြီးရှုယီလို ဂုဏ်သတင်းကြီးမားသူတစ်ယောက်ကို ဆုံနိုင်မှာတောင် မဟုတ်ပါ။
စူစူလေးပြောသည့်စကားကို ချူးယန်ရှီ ယုံကြည်ချင်ယောင် ဆောင်ပြီး ဝင်ပြောလိုက်ပါသည်။ “စူစူလေးက နတ်ဆေးသမားတော်ဘိုးဘိုးကြီးရဲ့ ဆရာကို တကယ်သိလောက်တယ်! သူက အရမ်းတော်တာကိုး။ လူတွေ အများကြီးနဲ့လည်း ရင်းနှီးတယ်။ လူကြီးတွေကလည်း စူစူလေးကို ချစ်ကြတယ်လေ!”
ရှဲ့ကျန်း ရယ်ရလွန်းသဖြင့် ဗိုက်တွေပါ နာလာပါပြီ။ “နောက်မနေကြနဲ့တော့။ ငါ့ဆရာက မင်းတို့လို ကလေး နှစ်ယောက် ဒီကမ္ဘာမှာ ရှိမှန်းတောင် သိမှာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ ၅ နှစ်တုန်းက ငါ့ဆရာ အနားယူသွားပြီဆိုတာ လူတိုင်း သိကြတယ်။ သူဘယ်မှာ ရှိနေသလဲဆိုတာ ဘယ်သူမှ မသိကြဘူး။ ငါတောင် မသိဘူး။ မင်းတို့လို ကလေး ၂ ယောက်က ဘယ်လိုလုပ် သိမှာလဲ”
ရှဲကျန်းက အထင်အမြင်သေးသော မျက်လုံးများဖြင့် ပြောလိုက်သည်။ ကလေးတွေ နောက်တာပြောင်တာ အတိုင်းအတာတစ်ခုအထိပဲ ခွင့်ပြုသင့်သည်။
“ကျွန်တော်တို့ အမှန်တိုင်းပြောနေတာ။ ပြီးတော့ ဒီနေ့ ပြောစရာရှိတာအကုန် ပြောပြီးသွားပြီ။ ယုံတာ မယုံတာ ခင်ဗျားအပိုင်းပဲ”။ လုကျန်းယွီက စကားဆက်မများချင်တော့သဖြင့် စကားဖြတ်ကာ ပြောလိုက်ပါသည်။
သူများတွေနဲ့ စကားနိုင်လုပြောရတာကို သူမုန်းတီးသည်။ ဒီနေ့ စူစူလေးကို ကာကွယ်ပေးဖို့အတွက်သာ ဝင်ပြောပေးခဲ့တာ ဖြစ်သည်။
“ဟုတ်တယ် ဟုတ်တယ်! ကိုကြီးပြောတာမှန်တယ်!’။ စူစူလေးက ခေါင်းငြိမ့်က ထောက်ခံလိုက်ပါသည်။
“ဟားဟားဟား! ဟာသပဲဟေ့! မင်းတို့ငါ့ဆရာကြီးကို ခေါ်လာပြနိုင်ရင် မင်းတို့ နှစ်ယောက်စလုံးကို ဒူးထောက် ဂါဝရပြုလိုက်မယ်!”။ ရှဲ့ကျန်းက အကြောက်တရားကင်းမဲ့စွာ စိန်ခေါ်လိုက်ပါသည်။
“ခင်ဗျား ဒူးထောက်ဂါဝရပြုတာ မပြုတာ စိတ်မဝင်စားဘူး။ ခင်ဗျား ဆေးကုသပေးမှာကိုလည်း မခံချင်ဘူး။ အခု ပြန်လိုက်ပါ”။ လုကျန်းယွီ တည်ငြိမ်စွာ ပြောလိုက်ပါသည်။
လုကျန်းယွီ၏ သဘောထားက အလွန်ရှင်းလင်းသည်။
ရှဲ့ကျန်း ဒီတိုင်း ထွက်မသွားနိုင်ပါ။
ထို့ကြောင့် ရှဲ့ကျန်း တမင်တကာ ပြောလိုက်ပါသည်။ “ငါ့ကို နှင်ထုတ်တာနဲ့ပဲ ထွက်သွားရမှာလား။ မသွားနိုင်ဘူးကွာ! မင်းကို ရအောင်ကို ဆေးကုပေးဦးမှာ! စိတ်ပျက်နေတဲ့ မင်းမျက်နှာကို မြင်ချင်လွန်းလို့!”
… … …
အခန်း(၄၂၀) နတ်ဆေးသမားတော်အတုကို အရှက်ခွဲခြင်း (၂)
ရှဲကျန်း ဒေါသထွက်နေတာကို မြင်သောအခါ လင်းယုရှန်းက အမြန်ဝင် တောင်းပန်လိုက်ပါသည်။ “သမားတော်ရှဲ့၊ ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့။ ကျွန်မ တူလေးက အဲ့သဘော ပြောတာ မဟုတ်ပါဘူး”
တခြားကိစ္စသာဆို တူဖြစ်သူရဲ့ သဘောထားကို လင်းယုရှန်း ကြည်ကြည်ဖြူဖြူ လက်ခံနိုင်ပါသည်။
သို့သော် တူလေးရဲ့ ကျန်းမာရေးနဲ့ ပတ်သတ်လာရင်တော့ လင်းယုရှန်း အခွင့်အရေးကို လက်လွှတ်မခံနိုင်ပါ။ သူမ တူလေး ပြန်ကောင်းဖို့ ဖြစ်နိုင်ချေ ၁၀,၀၀၀ ပုံ ၁ ပုံသာ ရှိရင်တောင် သူမ ရအောင် ကြိုးစားပါမည်။
“ကျွန်တော် အဲ့သဘော ပြောတာ”။ လုကျန်းယွီ တဲ့တိုး ပြောလိုက်သည်။ “ဒေါ်လေး။ ဒီလူက အလကား လူလိမ်ပဲ။ ဒေါ်လေး အချိန်ကုန်ခံ တောင်းပန်နေဖို့ မတန်ဘူး”
“ကျန်းယွီ။ သမားတော်ရှဲ့ကို အဲ့လို မပြောပါနဲ့။ သူက သားအတွက် သားဦးလေး ရအောင်ရှာပေးထားတဲ့ သမားတော်ပါ…”။ လင်းယုရှန်း ထိတ်လန့်သွားပြီး လုကျန်းယွီကို အမြန်တားဖို့ ကြိုးစားပါသည်။
သို့သော် လင်းယုရှန်း နောက်ကျသွားလေပြီ။ ရှဲ့ကျန်း အလွန်ဒေါသထွက်သွားပါသည်။ “မင်းငါ့ကို လူလိမ်လို့ ခေါ်လိုက်တာလား”
“ဟုတ်တယ်။ ခင်ဗျားကို လူလိမ်လို့ ခေါ်လိုက်တာ”။ လုကျန်းယွီ အကြောက်တရားမရှိဘဲ တုန့်ပြန်လိုက်သည်။ အသက်ငယ်သော်လည်း ပြဿနာကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်သည်။
ရှဲ့ကျန်းတစ်ယောက် ဒေါသဖြင့် ရယ်မောလိုက်ပါသည်။ “ခွေးကောင်လေး ငါ့ကို လူလိမ်လို့ ခေါ်ရအောင် မင်းက ဘာနားလည်လို့လဲ။ ဟာသပဲကွာ! မင်းမမွေးခင်ကတည်းက ငါလူတွေကို ဆေးကုပေးလာခဲ့တာကွ! မင်းခြေထောက် ပြန်မကောင်းတာလည်း မပြောနဲ့။ အဲ့သောက်ချိုးနဲ့ ဘယ်သူက ဆေးကုပေးချင်မှာလဲ”
“ကျွန်တော့် သဘောထားကို ပြောပြီးပြီ။ ခင်ဗျားမကြိုက်ရင် အခုချက်ချင်း ပြန်သွားလို့ရတယ်”။ လုကျန်းယွီ တည်ငြိမ်နေဆဲဖြစ်သည်။
“မသွားဘူးကွ! မင်းကို ဒေါသထွက်ပေမယ့် ရအောင် ကုပေးဦးမှာ ဒုက္ခိတကောင်!။ မင်းတို့အိမ်က လူကြီးတွေ ဘယ်မှာလဲ။ အခုချက်ချင်း သွားတွေ့ပြီး မင်းခြေထောက်ကို ကုပေးနိုင်တယ်လို့ သွားပြောမှာ! သူတို့ ကုခွင့် ပြုမပြု ကြည့်ကြသေးတာပေါ့!’။ ရှဲ့ကျန်းက လှောင်ပြုံးပြုံးလျက် မောက်မာစွာ ပြောလိုက်သည်။
“ငါ့ ကိုကြီးကို မကောင်းမပြောနဲ့နော်!”။ စူစူလေးခါးထောက်ကာ သတိပေးလိုက်သည်။
ကျန်တာ ကိစ္စမရှိသော်လည်း သူမ ကိုကြီးကို ဒုက္ခိတဟုခေါ်သူတိုင်းက သူမ မျက်လုံးထဲမှာ လူဆိုးဖြစ်သည်။
“သူ့တစ်ယောက်တည်းကို ပြောတာမဟုတ်ဘူး။ နင်လည်းပါတယ် ကောင်မစုတ်လေး! စကားကြီးစကားကျယ်နဲ့! ပိုက်ဆံမပေးရတိုင်း လေပေါနေတယ်! ငါ့ဆရာကြီးကို သိတယ်ဟုတ်လား။ နင်သာ ဒီ့ထက် အသက်ကြီးရင် လိမ်လည်မှုနဲ့ တရားစွဲပစ်မှာ!”။ ရှဲ့ကျန်းက စူစူလေးကိုပါ ငေါက်လိုက်သည်။
“ငါက ဦးလေးပိုင်ဟူကျစ်ကို သိတယ်! နင်ကမှ လူလိမ် လူဆိုးကောင်!”
သူမနဲ့ သူမ ကိုကြီးကို မကောင်းပြောသည့် ဒီလူ့ကို ခြေတွေလက်တွေ ရိုက်ချိုးရန် စူစူလေး ရှေ့ထွက်လာသည်။
ဒေါသထွက်စရာကောင်းတဲ့ လူဆိုးကောင်ကြီး! အမှိုက်သရိုက်လို လွှင့်ပစ်ရမယ်!
ကံကောင်းစွာဖြင့် စူစူလေး၏ လက်ကို လုကျန်းယွီ အချိန်မှီ ဆွဲနိုင်လိုက်ပါသည်။
“စူစူလေး မလုပ်ပါနဲ့။ သူက မတန်ပါဘူး”။ လုကျန်းယွီ ပြောလိုက်သည်။
ဒီလို လူမျိုးကြောင့် စူစူလေး ပင်ပန်းသွားမှာ မတန်ပါ။ လုပ်စရာရှိလျှင် အိမ်တော်ထိန်းကျန်းကို ခိုင်းလို့ရသည်။
“ဒါပေမယ့် သမီးတို့ကို မကောင်းပြောနေတာကို…”
“ရပါတယ်။ သူက သူများကိုမကောင်းပြောဖို့ကလွဲပြီး တခြားဘာမှ မလုပ်တတ်ဘူး”။ လုကျန်းယွီက စူစူလေးကို သိမ်မွေ့စွာ ရှင်းပြလိုက်ပါသည်။
“အွန်း”။ ကိုကြီးစကားကို နားထောင်ဖို့ စူစူလေး ဆုံးဖြတ်လိုက်ပါသည်။
“ဟား! မင်းတို့ သောက်ကလေးတွေနဲ့ အချိန်ဖြုန်းမနေတော့ဘူး။ မင်းအဘိုး ဘယ်မှာလဲ။ သူနဲ့တွေ့ချင်တယ်။ ဆရာကြီးရှုယီရဲ့ တပည့်အရင်းခေါက်ခေါက်ဖြစ်တဲ့ငါက မင်းတို့လို ကလေးစုတ်တွေနဲ့ စကားများနေစရာအကြောင်း မရှိဘူး! အောက်ကျတယ်!”။ ရှဲ့ကျန်းက အထင်အမြင်သေးစွာ ပြောလိုက်ပါသည်။
“အသံကျယ်ကျယ်နဲ့ ဘယ်သူများလဲလို့။ မင်းကိုး…”
ရှဲ့ကျန်း ဒေါသပေါက်ကွဲပြီး ကြုံးဝါးနေစဉ် အရှိန်အဝါကြီးသည့် အဘိုးကြီးတစ်ယောက် ရောက်လာလေသည်။
ဆရာကြီးရှုယီ လှောင်ပြုံးပြုံးလျက် လုအိမ်တော် ဧည့်ခန်းထဲသို့ အေးအေးလူလူ လျှောက်လာခဲ့ပါသည်။
ကြားဖူးနေသော ထိုအသံကြောင့် ရှဲ့ကျန်း တစ်ကိုယ်လုံးတောင့်တင်းသွားပြီး နောက်သို့ ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်မိသည်။
ထိုလူ့ မျက်နှာကို မြင်လိုက်ရတာနဲ့တစ်ပြိုင်နက် ရှဲ့ကျန်း၏ မျက်နှာ လုံးဝ ပြောင်းလဲသွားလေော့သည်။
“ဆ-ဆရာကြီးလား”။ ရှဲ့ကျန်း ကိုယ့်မျက်လုံးကိုယ် မယုံနိုင်တော့ပေ။
… … …