ကြောက်မက်ဖွယ် Final Spark
Vol. 2 Ch. 25
သောက်ရမ်းတွေ ဒေါသထွက်နေပြီနော်... ဒါပေမဲ့ ပြုံးထားရမယ်... ပြုံးထား... ပြုံးထား...
တကယ်တမ်းတွင် ဂိမ်းထဲရှိ ကြယ်စင် စောင့်ရှောက်သူ Luxသည် အချို့ အချက်များကိုသာ မြှင့်တင်ထားခြင်း ဖြစ်သည်။
သူ့ဘေးတွင် ထိုင်နေသည့် ကြယ်စင် စောင့်ရှောင်သူ Lux အကောင်လိုက်ကြီးမှာတော့ “Final Spark” တစ်ချက်နှင့်ပင် အန်လင်းအား အစိတ်စိတ် အမြွှာမြွှာ ဖြစ်စေနိုင်သည်။
မေးခွန်း __ ဂိမ်းထဲတွင် မသမာသူ တစ်ဦးအား မည်သို့ အနိုင်ယူနိုင် မည်နည်း။
အန်လင်း၏ အဖြေမှာ __ နတ်ဘုရား စွမ်းရည်တွေ ထုတ်သုံးလိုက်။
ထိုမိန်းမပျိုသည် အတော်လေး မကျွမ်းကျင်သည့် ကစားသမားတစ်ယောက် ဆိုသည်ကို အန်လင်းက သိထားပြီးသား ဖြစ်သည်။ သူမ သုံးလိုက်သမျှ စွမ်းရည် အားလုံးသည် ပစ်မှတ်ကို လွဲချော်သွားပြီး သူက ရှောင်တိမ်းဖို့ မလိုအပ်ပါ။ သူမကတော့ A ကိုသာ ဆက်တိုက် ဖိနှိပ်နေတုန်းပင်။
သူမက ကြောက်မက်ဖွယ် အနေအထားနှင့် A ကို အသုံးပြုနေသော်လည်းပဲ အန်လင်း သည်တော့ မျှော်လင့်ချက် ရောင်ခြည် သန်းလာပြီပဲ ဖြစ်သည်။
LeBlanc the Deceiver ပြန်ရှင်လာပြီး နောက်တွင်တော့ အန်လင်းက တိုက်ခိုက်မှုကို တိုးတက်လာစေသည့် ပစ္စည်း ဝယ်ယူလိုက်သည်။ လယ်ဗယ် ၆ သို့ရောက်လျှင် ပေါင်းစပ်တိုက်ကွက်ကို အသုံးပြုပြီး Lux အား သူမ၏ အခြေစိုက်စခန်းသို့ ပြန်ပို့ရန် ကြံရွယ်ထားသည်။
အန်လင်းက သူမနှင့် အဆင်အခြင်မဲ့ တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်သည်။ သူ့စစ်သားများ ထွက်ပေါ်လာမည့် အချိန်နှင့် လယ်ဗယ် တက်လာမည့် အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။
နောက်ဆုံးတွင် LeBlanc က လယ်ဗယ် ၆ သို့ ရောက်ရှိပြီ ဖြစ်သည်။ ထို့ကြောင့် ဖျက်ဆီးအား အများဆုံးဖြစ်သည့် QEWR အတွဲကို ရွေးချယ်မည် ဖြစ်သည်။
Lux ၏ “Light Binding” စွမ်းရည်ကို ရှောင်တိမ်းပြီးသည့် နောက်တွင်တော့ LeBlancက သူမအနီးသို့ သွားကာ ချက်ချင်း ဆိုသလို Sigil of Malice နှင့် Ethereal Chains တို့ကို သုံးလိုက်သည်။ မရှေးမနှောင်းမှာပင် Distortion နှင့် Mimic တို့ကိုပါ အသုံးပြုလိုက် ပြန်သည်။
စွမ်းရည် လေးခု စလုံးသည် ပစ်မှတ်သို့ တိုက်ရိုက် ထိမှန်သွားသည်။
အန်လင်း၏ ပေါင်းစပ် တိုက်ခိုက်မှုသည် အတားအဆီးမရှိ ပြည့်စုံသည်ကြောင့် ကဝေမငယ်၏ ချန်ပီယံကောင်သည် အကာအကွယ် စွမ်းရည်ကို အသုံးမပြုခင်မှာပင် အသတ်ခံလိုက်ရသည်။
သူမဖုန်းမျက်နှာပြင် အမှောင် ကျသွားသည်ကို ကြည့်ပြီး မိန်းမပျိုက စိတ်ကောက်ကာ နှုတ်ခမ်းဆူပြီး အန်လင်းအား ဘုကြည့် ကြည့်လိုက်သည်။ "အေး... နင်စောင့်နေလိုက်... ငါက သေချာပေါက် လက်စားချေပြမယ်..." သူမက တတွတ်တွတ် ပြောနေသည်။
သူ့တိုက်ခိုက်မှု အောင်မြင်သွားသဖြင့် အန်လင်း နှလုံးသားထဲတွင် မျှော်လင့်ခြင်း မီးတောက်လေး ထွန်းလင်းလာသည်။ သူ့စခန်းသို့ ပြန်သွားပြီးနောက် မှော်စွမ်းအင်သုံး တိုက်ခိုက်မှုကို တိုးတက်စေရန် ပစ္စည်းများ ဝယ်ယူလိုက်သည်။
ထို့နောက် သူမ၏ တိုက်ခိုက်မှု အားလုံးကို ရှောင်တိမ်းနေရင်း စွမ်းရည်ပြန်သုံးနိုင်မည့် အချိန်ကို စောင့်နေလိုက်သည်။ ထို့နောက်တွင် အခုနက တိုက်ကွက်ကို တဖန် အသုံးပြုလိုက်ပြန်သည်။
တည်တည်ငြိမ်ငြိမ် နေလိုက်စမ်း... ငါနိုင်မှာ...
Lux ၏ Light Bindingနှင့် Lucent Singularity တို့သည် LeBlancအား တစ်ချိန်တည်း မတိုက်ခိုက်နိုင်ပါ။
အန်လင်း၏ ကျွမ်းကျင် ပိုင်နိုင်သည့် ထိန်းချုပ်မှုနှင့် ထူးချွန် ပြောင်မြောက်သည့် နေရာယူမှုတို့အား ချီးကျူးမည်ဆိုလျှင် Lux the Lady of Luminosity အား ကိုင်တွယ် ထိန်းချုပ်နေသည့် ကဂျိုးကဂျောင် ကစားသမားကိုလည်း ချီးကျူး ဂုဏ်ပြုအပ်သည်။
အန်လင်း အထူးစွမ်းရည် cooldownသည် ပြီးဆုံးလုနီး ဖြစ်သဖြင့် ကြယ်စင် စောင့်ရှောက်သူ Lux အကောင်လိုက်ကြီး၏ စိုးရိမ်ကြောင့်ကျမှု တို့သည်လည်း မြင့်တက် လာနေသည်။
အချိန်က တရွေ့ရွေ့ ကုန်လွန်နေပြီး အဆုံးတွင် သူမက ဆုံးဖြတ်ချက် တစ်ခု ချရတော့မည် ဖြစ်သဖြင့် သူမလက်ချောင်းက အထူးစွမ်းရည် အပေါ်တွင် ရစ်ဝဲနေသည်။
"ငါ့ရဲ့ အလင်းတန်းက အမှောင်ထုကို ခွင်းပြီး ရန်သူတွေ အားလုံးကို သန့်စင်ပစ်လိမ့်မယ်..." ဆံပင်ပန်းရောင်နှင့် မိန်းမပျိုသည် ရုတ်တရက် ဆိုသလိုပင် ထိုကလေးဆန်လွန်းသည့် စကားကို ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အထူးစွမ်းရည်ကို ဖိနှိပ်လိုက်သည်။
ဝှစ်...
ပန်းရောင်အလုံးသည် အန်လင်း၏ ချန်ပီယံဆီသို့ ဦးတည်လာနေသည်။ Final Spark...
ဘုရား... ဘုရား... အထူးစွမ်းရည်ကို တိုက်ရိုက်ကြီး သုံးချ ပစ်လိုက်တာလား...
အန်လင်း မျက်ဝန်းများသည် ဂနာမငြိမ်တော့ပေ။ ချက်ချင်းဆိုသလို Distortion သုံးပြီး LeBlancအား ဘေးသို့ ရွှေ့လိုက်သည်။
Lux ၏ Final Spark အသုံးပြုပြီး နောက်တွင် လေဆာပစ်ခတ်ရန်အတွက် ခေတ္တမျှ စောင့်ဆိုင်းရသည်။ အန်လင်း၏ လျင်မြန်သည့် လှုပ်ရှားမှုကိုပင် ကျေးဇူးတင်ရမည် ဖြစ်သည်။ သူက ထိုအားပြင်းလှသည့် တိုက်ခိုက်မှုကို ရှောင်တိမ်း လိုက်နိုင်သည်လေ။
ဒီမိန်းမက အတော်လေး စိတ်မရှည်တာပဲ... အထူးစွမ်းရည်ကို တိုက်ရိုက်သုံးရင် သူရဲ့ ပျက်စီးနှုန်းက အဲဒီလောက်ကြီး မမြင့်ဘူးလေ... အဲဒီလို ပေါက်ကရ ဆုံးဖြတ်ချက်တွေ ထပ်ချအောင် သူမကို ဖိအားပေးသင့်သလား...
အန်လင်းက သက်ပြင်း ရှိုက်လိုက်ပြီးတော့ သူ့နှုတ်ခမ်းများက အပေါ်သို့ တွန့်ကွေးသွားကာ အပြုံးနုနု တစ်ချက် ပေါ်လာသည်။
ဘယ်လိုပဲဖြစ်ဖြစ် ထိုတိုက်ခိုက်မှုသည် ကြောက်ဖို့ ကောင်းလွန်းသည်။ သို့သော်လည်း တစ်ဖက်လူသည် တည်ငြိမ်မှု ပျောက်ဆုံးနေသဖြင့် အန္တရာယ်တော့ မရှိ။ ဒါက သူ့အတွက် သတင်းကောင်းပဲ မဟုတ်ပါလား။
များမကြာမီပင် ဖုန်းထဲမှနေ ပေါက်ကွဲသံများ ဆက်တိုက် ထွက်လာသည်။ ဘုန်း... ဘုန်း... ဘုန်း...
ဟမ်... အထူးစွမ်းရည်ရဲ့ အသံက အဲဒီလိုမျိုးလား...
အန်လင်းက ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်သည်။ ထို့နောက်တွင်တော့ Final Spark၏ တိုက်ခိုက်မှုကြောင့် သူ့ ခံစစ် မျှော်စင် သုံးခုစလုံးသည်....
ပေါက်ကွဲ... ပေါက်... ကွဲ...
သူက နောက်ထပ်တစ်ဖန် အံ့ဩ တုန်လှုပ်သွား ရသည်။ သူ့နံဘေးတွင် ရှိနေသည့် မိန်းမပျိုကို ကြည့်လိုက်ပြီး မနေနိုင်တော့သဖြင့် "မေးပါရစေနော်... အဲဒီ စွမ်းရည်က ဘယ်လိုမျိုး ဖြစ်သွားရတာလဲ ဟင်..."
"အာ... ဒါက Final Spark လေ..." ထိုမိန်းမပျိုက ခေါင်းကိုပင် မော့မလာဘဲနှင့် ပြန်ဖြေသည်။
"Final Spark ဟုတ်လား... ဘယ်သူ့ Final Sparkက မျှော်စင်တွေကို တစ်ချက်တည်းနဲ့ ဖျက်ဆီးနိုင်လို့တုန်း..." အန်လင်းက ပေါက်ကွဲတော့သည်။
အထူးစွမ်းရည် တစ်ချက်တည်းနဲ့ မျှော်စင်တွေကို ဖြိုချလိုက်တဲ့ ချန်ပီယံ တစ်ယောက်... ကျုပ်မှာ ဘာအခွင့်အရေးတွေများ ကျန်နေဦးမှာတုန်း...
ခင်ဗျားက မသမာတဲ့နည်းတွေ သုံးထားတယ် ဆိုရင်တောင်မှပဲ အနည်းဆုံးတော့ ကိုယ်ကျင့်သိက္ခာ ဆိုတာ ရှိသင့်တယ်ဗျ...
အန်လင်းပြောတာ ကြားသော်လည်း ထိုမိန်းမပျိုသည် ဒေါသထွက်ခြင်း အလျဉ်းမရှိချေ။ အဲဒီအစား သူမက အားကြိုးမာန်တက်ဖြင့် အခြေအနေများကို ရှင်းပြနေသေးသည်။
"ကြည့်လေ ဒီမှာ... Final Spark လို့ခေါ်တယ်... Lux ရဲ့ အထူးစွမ်းရည်ပေါ့... သူ့နာမည်မှာကို ပေါ်နေပြီ... ဒါက စွမ်းအားအပြင်းဆုံး အလင်းတန်းပဲ..."
"စွမ်းအားအပြင်းဆုံး အလင်းလှိုင်း ဖြစ်တာကြောင့် ခံစစ်မျှော်စင်တွေက တိုက်ခိုက် ခံရတာတောင်မှပဲ အပျက်အစီးမရှိဘဲ ကျန်နေသေးတယ် ဆိုတာ ဆီလျော်မှု မရှိဘူးလေ... အဲဒါကြောင့် ဒီစွမ်းရည်ရဲ့ သက်ရောက်မှုက ပိုပြီး နည်းလမ်းကျ အကျိုးအကြောင်း သင့်အောင် ငါက နည်းနည်းပါးပါးလေး ပြင်ဆင် လိုက်ရတာပေါ့... "
ထိုသည်ကို ကြားလိုက် ရသည့်အခါ အန်လင်းက စိတ်ထဲမှနေ ပေါက်ကွဲတော့သည်။
သောက်ကျိုးနည်း လော့ဂျစ်... သောက်ကျိုးနည်း အကြောင်းပြချက်...
နင့် Final Spark က ကောင်းကင်ဘုံ၊ မြေပြင်နဲ့ ဟင်းလင်းပြင်တို့ကိုပါ ဖျက်ဆီးနိုင်နေပြီလေ... အဲဒါကို နည်းလမ်းကျတယ်... ဆီလျော်တယ်လို့ ပြောနေသေးတာလား...
အန်လင်းက ဖုန်းကိုပါ ပေါက်ခွဲပစ်ချင်နေပြီ ဖြစ်သည်။ သို့ပေမဲ့လည်း သူက ကြယ်စင်စောင့်ရှောက်သူ Lux အကောင်လိုက်ကြီး၏ ပြိုင်ဘက် မဟုတ်ချေ။
ဖုန်းကိုသာ ပေါက်ခွဲလိုက်ပါက အစစ်အမှန် Final Sparkနှင့် ရင်ဆိုင်တွေ့ဖို့ရာ အတွက် စောင့်နေစရာပင် မလို။
ဖြစ်ပေါ်လာမည့် ကြောက်မက်ဖွယ်ရာ အကျိုးဆက်ကို စဉ်းစားမိသည့် အခါတွင်တော့ အန်လင်းက သူ့ဒေါသကို ချိုးနှိမ် လိုက်ရတော့သည်။
အဆုံးတွင်တော့ အန်လင်း၏ ကြိုးပမ်းမှုကြောင့် သူက ငါးမိနစ်တိတိ ရုန်းကန်ခဲ့ရသည်။
ကဝေမငယ် ၏ Final Spark က အန်လင်း၏ Nexus ကို ဖြိုချလိုက်သဖြင့် တိုက်ပွဲ ပြီးဆုံးသွားပြီ ဖြစ်သည်။
အန်လင်းက မျက်ရည်များ ဝေ့သီနေသည့် မျက်ဝန်းများဖြင့် ဖုန်းမျက်နှာပင်ပေါ်ရှိ “ရှုံးနိမ့်သည်” ဆိုသည့် စကားလုံးကို ငေးကြည့်နေမိပြီး အတော်ကြာအောင် တိတ်ဆိတ်လျက် ရှိနေသည်။
"အား... ကျေနပ်ဖို့ ကောင်းလွန်းတဲ့ တိုက်ပွဲပဲ..." မိန်းမပျိုက ကျေနပ်အားရစွာ ပြုံးလိုက်သည်။ သူမက ပျင်းကြောဆန့်လိုက်ပြီးနောက် သေးသွယ်သည့် ခါးလေကို ဘယ်ညာ လှည့်လိုက်သေးသည်။
ကျေနပ်ဖို့ကောင်းတယ်...
အန်လင်းက ဖုန်းမျက်နှာပြင်ပေါ်ရှိ “တိုင်ကြားခြင်း” ဆိုသည့် နေရာသို့ လက်ချောင်းများကို တိတ်တဆိတ် ရွှေ့လိုက်သည်။
ဒီသောက်ကျိုးနည်း ဂိမ်းတွင် စီမံခန့်ခွဲသည့်စနစ် မရှိလောက်ဟု တွေးမိသည်။ စီမံခန့်ခွဲသူ ရှိလျင်တောင် သူ့နံဘေးရှိ မိန်းမပျိုမှလွဲ အခြားသူ မဖြစ်နိုင်ချေ။
ထိုသည်ကို စဉ်းစားမိသဖြင့် သူလုပ်နိုင်သည့် အရာမှာ သက်ပြင်းချပြီး နောက်ဆုံးသော အပြစ်ဒဏ်အတွက် သူ့ကိုယ်သူ ပြင်ဆင်ဖို့သာ ဖြစ်တော့သည်။
"ဟမ်... ဘာလို့ စိတ်ဓာတ် ကျနေတာတုန်း..." အန်လင်း၏ စိုးရိမ် ပူပန်နေသည့် အမူအရာကြောင့် ထိုမိန်းမပျိုက မေးသည်။
အန်လင်းက သူ့မျက်ဝန်းကို သူမထံ ရွေ့ကြည့်လိုက်သည်။ နင်က ငါ့ကို ရက်ရက်စက်စက် ရိုက်နှက်ခံနေရတဲ့ အချိန်မှာတောင် ပြုံးပျော်ခိုင်းနေမှာလား...
အန်လင်းက အဘယ်ကြောင့် ထိုကဲ့သို့ ဖြစ်နေရသည်ကို ထိုမိန်းမပျိုက ရုတ်တရက် နားလည်သွားသည်။
သူမက လက်ခုပ် တီးလိုက်ပြီးနောက် တခစ်ခစ် ရယ်မောကာ... "အဟမ်း ဟမ်း... ငါ့စိတ်ပြောင်းသွားပြီ... နင်ဂိမ်းရှုံးပေမဲ့လည်း ငါရဲ့ မန္တန်တွေကို နင်နဲ့ မလေ့ကျင့်တော့ ပါဘူးဟယ်..."
အန်လင်း မျက်ဝန်းများက လက်လာပြီး "တကယ်ကြီးလား..." ရွှင်မြူးစွာ မေးသည်။
"တကယ်ပေါ့..." သူမက စိတ်ပါလက်ပါ ခေါင်းညိတ်သည်။ "ဒါပေမဲ့လည်း ငါ့မှာ တောင်းဆိုချက် တစ်ခုတော့ ရှိတယ်..."
"ဘာတုန်း..."
ထိုမိန်းကလေးက အစစ်အမှန် Final Sparkကို မသုံးသ၍ အန်လင်းက သွားဖြီးကာ သူမ တောင်းဆိုသမျှကို ဆယ်ခုဆိုလျှင်တောင် သဘောတူမည် ဖြစ်သည်။
"ငါနဲ့ အတူဒီမှာနေပြီး ဂိမ်းဆော့ပေး..." သူမ၏ ခရမ်းရောင် မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှုများ မြင်တွေ့နေရသည်။
အန်လင်း : “…”
"ငါ့ရဲ့ သူငယ်ချင်းတွေ အားလုံးက သောက်ထုံတွေချည်းပဲ... ငါနဲ့ ငါးမိနစ် ပြည့်အောင်တောင် မတိုက်နိုင်ကြဘူး..."
"နင်တစ်ယောက်တည်းပဲ ၁၀ မိနစ်လောက် ကြာတာ... ဒါမျိုးကမှ ပြိုင်ပွဲအစစ် တစ်ခုရဲ့ ခံစားချက်မျိုး..." သူမက ဆက်ပြောသည်။
ထိုသည်ကို ကြားလိုက်ရသည့် အခါ အန်လင်း ပါးစပ်များကိုသာ မဲ့ရွဲ့ မိတော့သည်။ အေး... နင်သာ မသမာတဲ့ နည်းလမ်းတွေ သုံးမထားရင် ပြိုင်ဘက်ကို လွယ်လွယ်ကူကူ ရှာတွေ့လိမ့်မယ်... ဟုတ်ပလား... ငါ့ပြောတာ ယုံ...
"အဲဒီတော့ ငါက နင်နဲ့ ဘယ်လောက်ကြာကြာ ဆော့ပေးရမှာလဲ..." အန်လင်းက တစ်ချက်ထိုး သားကောင် ၉ကောင် ရှာဖွေဖို့ လိုအပ်နေသေးသည် မဟုတ်ပါလား။ ဒီလို ကြုံတောင့်ကြုံခဲ အခွင့်အရေးကို သူက လက်မလွှတ်နိုင်ပါ။
မိန်းမပျိုက သူမမေးကို ပွတ်လိုက်ပြီး သေသေချာချာ စဉ်းစားလိုက်သည်။
တအောင့် ကြာပြီးသည့် နောက်တွင် သူမက "အင်း... နင်ငါ့ကို တစ်ကြိမ်နိုင်တာနဲ့ လွှတ်ပေးမယ်..."
အန်လင်းက ဖျော့တော့ သွားသည်။ အေး... ဒီနှုန်းအတိုင်းသာ ဆိုရင် ငါတို့က ထာဝရ ဆော့နေရမှာကွ... သူက စိတ်ထဲတွင် အော်ဟစ်နေမိသည်။
အတွေးတစ်စက ရုတ်တရက် ဆိုသလို သူ့စိတ်ထဲ ပေါ်လာသည်။
"နင်နဲ့ ဂိမ်းဆော့ရတာတော့ ကောင်းပါတယ်... ဒါပေမဲ့ ငါ့ရဲ့ တောင်းဆိုချက် တစ်ခုကိုကော လက်ခံပေးနိုင်မလား..." အန်လင်းက မေးလိုက်သည်။
သူမက မျက်မှောင် ကြုတ်လိုက်ပြီး "ပြောလေ... နားထောင်နေတယ်..."
"မဟူရာ ကျောက်တောင်ထိပ်မှာ ဂိမ်းဆော့လို့ မရဘူးလား... ထူးခြားတဲ့ အခြေအနေတွေကြောင့် ငါက အဲဒီ တောင်ထိပ်မှာ တစ်ရက်လောက်နေဖို့ လိုအပ်လို့ပါ..." အန်လင်းက ပြောလိုက်သည်။
***