ကြီးမြတ်တဲ့ချိပ်ပိတ်မှော်အစီအရင်
Vol. 58 Ch. 801
နတ်ဆိုးနတ္ထိသာရနယ်မြေတွင် လူသူပေါက်ရောက်ရာနည်းသောကျင့်ကြံခြင်းဂြိုလ်တစ်ခုရှိလေသည်။ ပို၍တိကျစွာပြောရလျှင် ဂြိုလ်တစ်ခုပြိုကျပျက်စီးခဲ့စဉ်ကကျန်ခဲ့သော အပိုင်းအစတစ်ခုမျှသာဖြစ်သည်။
လွန်ခဲ့သော အနှစ်တစ်သောင်းခန့်က ထိုဂြိုလ် ပြိုကျပျက်စီးသွားခဲ့သည်။ထိုအချိန်မှာ မဟာလောကကြီးလေးခုကငါးခုမြောက်မဟာလောကကြီးနှင့် ဆန့်ကျင်တိုက်ခိုက်ချိန်ကဖြစ်၏။ ဂြိုလ်ကြီးပြိုကျသွားပြီးနောက်သို့ ထိုကဲ့သို့အပိုင်းအစကျင့်ကြံခြင်းဂြိုလ်လေးဖြစ်ပေါ်လာသည်။
ထိုဂြိုလ်က သာမန်ဥက္ကာပျံထက် ပိုကြီး၏။ အချိန်အတန်ကြာသောအခါတွင် ၎င်းက လွင့်မျောနေသော ဥက္ကာခဲများနှင့် ပေါင်းစည်းမိသွားသည်။
စုမင်က ထိုဂြိုလ်ပေါ်တွင် ထိုင်နေလေ၏။ ထိုဂြိုလ်တွင် သက်ရှိများမရှိ ၊ ကျင့်ကြံသူများ မရှိပေ။ သက်ရှိအားလုံး ဆိတ်သုဉ်းသွားပြီး ပျက်စီးနေသောနေရာတစ်ခုနှင့်တူ၏။
စုမင်က ထိုနေရာတွင် တရားထိုင်နေသည်မှာ သုံးရက်ရှိပြီ။
ထိုသုံးရက်မှာ အဖိုးတန်ကြောင်း သူသိလေ၏။ မဟာလောကကြီးလေးခုနှင့် နတ္ထိအနှစ်သာရနယ်မြေရှိလောဘကြီးသူများကြောင့် သူ့ကို ရှာဖွေတွေ့ရှိနိုင်ခြေက များလှသည်။ ထို့ကြောင့် သူ့ဒဏ်ရာများကို ကုစားရန်နေရာကို ရွေးပြီးတိုင်း သုံးရက်သာနေနိုင်ပြီး နောက်တစ်နေရာသို့ ပြောင်းရလေသည်။
ခဏအကြာတွင် စုမင်က မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် ပင်ပန်းနွမ်းနယ်မှုအရိပ်အယောင်များရှိနေလေသည်။ သူက ခေါင်းငုံ့ပြီး ဝတ်ရုံကိုချွတ်လိုက်သည်။ သူ့ရင်ဘတ်ပေါ်ရှိ ဓါး၏အနည်းငယ် မှိန်ဖျော့သော အမှတ်အသားကို ကြည့်လိုက်သည်။ ထို့နောက် သူ အကြည့်လွှဲပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။
“လောကအမြုတေကျောက်တုံးတစ်ရာလား...”
သူ့နှုတ်ခမ်းများက အေးစက်သော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။ သူ့ရှေ့မှာ အလောင်းနှစ်လောင်း လဲလျောင်းနေ၏။ နှစ်ယောက်လုံးက ပိန်လှီးပြီး ခြောက်သွေ့နေသည်။ လွန်ခဲ့သော သုံးရက်က စုမင်နှင့်ထိပ်တိုက်တိုးမိသောကျင့်ကြံသူနှစ်ယောက်ဖြစ်သည်။ စုမင်က သူတို့နှစ်ယောက်ကိုရှောင်ရန် ဆုံးဖြတ်ထားသော်လည်း သူတို့က စုမင်၏အထောက်အထားကို ရှာဖွေတွေ့ရှိခဲ့ပြီး ဆုများရယူရန် ရွေးချယ်ခဲ့သည်။ ထို့ပြင် သူတို့ကအမြန်ပြန်လှည့်ပြီး တပ်ကူခေါ်ရန်သွားကြသည်။
ထိုစဉ် စုမင်က မတ်တပ်ရပ်လိုက်ပြီး ညာလက်ကို လွှဲယမ်းလိုက်သည်။ ချက်ချင်းပင် ထိုအလောင်းနှစ်လောင်းက ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားခဲ့သည်။သူက နဂါးငွေ့တန်းထဲသို့ ခြေတစ်လှမ်းတိုးလိုက်သည်။ ထို့နောက် သူ့ပတ်ဝန်းကျင်က အနီရောင်အလင်းတန်းများဖြင့် လင်းလက်သွားသည်။ ထို့နောက်အနီရောင်ချည်မျှင်များက သူ့ခန္ဓာကိုယ်ကို ဝိုင်းရံထားလိုက်သည်။ သူတို့က အနီရောင်ခေါင်းတလားကြီးအဖြစ်ပြောင်းလဲသွားပြီး ကျယ်လောင်သော အသံနှင့်အတူ ပျံသန်းသွားသည်။
စုမင်က ခေါင်းတလားထဲတွင် ရှိနေစဉ် သူ့မျက်လုံးများ တောက်ပလာသည်။
‘ဒီတစ်ခါက ငါးရက်ပဲ…’
စုမင်က လွန်ခဲ့သည့်ငါးရက်က ဥက္ကာပျံပေါ်တွင်ထားရစ်ခဲ့သောသူ့အငွေ့အသက်ကို ခံစားသိရှိနိုင်ခဲ့သည်။ ဆိုလိုသည်မှာ တစ်စုံတစ်ယောက်က သူ့ကို ရှာဖွေနေစဉ်တွင် ထိုဥက္ကာပျံကို တွေ့ရှိခဲ့ကြောင်း ဆိုလိုခြင်း ဖြစ်သည်။
‘တစ်ခုခုတော့ မူမမှန်ဘူး.. နောက်ဆုံးအကြိမ်.. ငါရဲ့အငွေ့အသက်ကို ရှာဖွေတွေ့ရှိဖို့ ခုနစ်ရက်လိုလိမ့်မယ်..”
စုမင်က စိတ်အလိုမကျစွာ မျက်မှောင်ကြုတ်လိုက်သည်။
“မီးလျှံဂြိုလ်သခင်..ခင်ဗျား ကျုပ်အပေါ်မှာသုံးတဲ့စွမ်းရည်ရဲ့အာနိသင်က အနားမှာကျန်နေသေးတာလား..”
“ဟုတ်တယ်.. အနီးအနားမှာ ကျန်နေတုန်းပဲ...မင်းရဲ့ရန်သူတွေ မင်းနဲ့ သိပ်မနီးကပ်နေသရွေ့ မင်းကို ရှာဖွေတွေ့ရှိဖို့ ခက်လိမ့်မယ်..မင်းရဲ့အငွေ့အသက်က ခုနစ်ရက်ကြာအောင် တစ်နေရာတည်းမှာ ရှိနေမှာဖြစ်ပြီး သူတို့မြင်တဲ့အရာက လွန်ခဲ့တဲ့ ခုနစ်ရက်က မင်းရှိခဲ့တဲ့နေရာကို ဖြစ်လိမ့်မယ်...”
“ဒီလျှို့ဝှက်စွမ်းရည်က အချိန်နဲ့ နေရာတွေကို လှည့်စားသလိုပဲ..တခြားသူအပေါ်သုံးလိုက်ရင်အရမ်းကြီး အကျိုးသက်ရောက်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ မင်းက အသူရာဖန်ဆင်းရှင်ဖြစ်ပြီး မင်းရဲ့မွေးရာပါအရည်အချင်းက အချိန်နဲ့နေရာကို သူ့ဘာသာသူ ထိန်းချုပ်ထားတဲ့အတွက်ကြောင့်မို့လို့ ဒီလိုအကျိုးသက်ရောက်မှုဖြစ်လာတာ....”
မီးလျှံဂြိုလ်သခင်က တည်ငြိမ်စွာရှင်းပြခဲ့သည်။
စုမင်က ငြိမ်ကျသွားလေသည်။ သူက တိတ်တဆိတ် တွေးတောရင်း ထိုပြဿနာကို စိတ်ထဲမှာ ခဏသိမ်းထားလိုက်သည်။ အနီရောင်ခေါင်းတလားက နဂါးငွေ့တန်းကိုဖြတ်၍ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။
သုံးရက်အကြာတွင် ခေါင်းတလားက ရုတ်တရက် ရပ်သွားပြီး စုမင်၏ မျက်လုံးများတွင် အေးစက်နေသော အလင်းတန်းတစ်ခု ပေါ်လာသည်။
“ကျုပ်ထင်သလိုပဲ..ကျုပ်ရဲ့အငွေ့အသက်တွေက ပျောက်သွားပြန်ပြီ..အခုမှ သုံးရက်ပဲရှိသေးတယ်”
စုမင်၏ မျက်နှာက မည်းမှောင်နေ၏။ ခေါင်းတလားက ချက်ချင်း အရည်ပျော်သွားကာ စုမင်က ထိုထဲမှထွက်လာလေသည်။ ထို့နောက် သူက နဂါးငွေ့တန်းထဲမှာ ရပ်နေပြီး တောက်ပနေသောမျက်လုံးများဖြင့် သူသဲလွန်စချန်ခဲ့သောဦးတည်ရာကို ကြည့်လိုက်သည်။
“သူတို့မှာ သွေးအမှတ်အသားပုလဲကလွဲရင် တခြားနည်းလမ်းတွေ ရှိအုံးမှာပဲ..ဒီလျို့ဝှက်စွမ်းရည်က အရင်က အလုပ်ဖြစ်ခဲ့တယ်..ဒါပေမဲ့ သိပ်မကြာခင်မှာပဲ အချိန်နဲ့ နေရာလှည့်စားတဲ့စွမ်းရည်မှန်းကးသိသွားရင် ကျုပ်ကိုအလွယ်တကူ ခြေရာခံမိမှာပဲ...”
စုမင်၏မျက်လုံးများက ဖျတ်ခနဲလင်းလက်လာသည်။ သူက ထိုကဲ့သို့ကျဉ်းထဲကျပ်ထဲရောက်နေလျှင် သူများလိုက်ဖမ်းတာပဲ ခံရမည်ကို သေချာသိလေသည်။
“ကျုပ် နည်းနည်းသိချင်မိတယ်..လျှို့ဝှက်ကျင့်စဉ်ရဲ့အကျိုးသက်ရောက်မှု မပျောက်ပါဘူး..ဒါပေမဲ့ အချိန်နဲ့ နေရာ လွဲမှားနေတာကို သူတို့ဘယ်လိုလုပ်သိတာလဲ..သူတို့မှာ အခြားနည်းလမ်းတွေရှိနေတာလားး..”
မီးလျှံဂြိုလ်သခင်၏ ပဟေဠိဆန်သော အသံက စုမင်၏နားထဲတွင် ပဲ့တင်ထပ်သွားသည်။
“ကျုပ်တို့နဲ့ မင်နက်ရောင်ဂြိုလ်ကြား ဘယ်လောက်ဝေးသေးလဲ...”
ခဏလောက် နှုတ်ဆိတ်ပြီးနောက် စုမင်က မေးလိုက်သည်။စုမင်က လမ်းခရီးစဉ်တစ်လျှောက်တွင် ဒဏ်ရာမသက်သာသည့်အချိန်တိုင်း အရှိန်အဟုန်ဖြင့် ရှေ့သို့ တိုးလာခဲ့သည်။ သူ၏ ဦးတည်ရာမှာ မင်နက်ရောင်ဂြိုလ် ဖြစ်သည်။
ဤနေရာမှ ထွက်ခွာပြီး အနှစ်သာရကြယ်ဂြိုလ်ကို ရောက်သွားလျှင် မဟာလောကကြီးလေးခုကို ရှောင်တိမ်းနိုင်ပြီး ယခုကဲ့သို့ပြေးလွှားနေစရာမလိုတော့ပေ။
“ငါမင်းကို နှစ်ခါပြောင်းရွေ့ပေးနိုင်သေးတယ်...နှစ်ခါပဲကျန်တော့တာ...နောက်တစ်ခါရွေ့ပြောင်းနိုင်ဖို့ဆို နှစ်တစ်ရာအချိန်ယူရမယ်...”
“ဒါပေမဲ့ ငါတို့နေရာရွေ့ပြောင်းနိုင်မယ်ဆိုရင်တောင် ကန့်သတ်ချက်ရှိသေးတယ်..မင်နက်ရောင်ဂြိုလ်ကို အချိန်တိုအတွင်းမှာ ရောက်ဖို့ ခက်ခဲလိမ့်မယ်..ငါတွက်ချက်ကြည့်တာတော့ မင်းနှစ်ခါနေရာရွေ့ပြောင်းပြီးရင်တောင် အဲ့ဂြိုလ်ကိုရောက်ဖို့ နှစ်ခုနစ်ဆယ်လောက်ပျံသန်းရမှာ...”
မီးလျှံဂြိုလ်သခင်က အသံတိုးတိုးဖြင့် ပြောသည်။
စုမင်က မျက်မှောင်ကြုတ်ပြီး ဘေးပတ်ဝန်းကျင်ကို တောက်လျှောက်ကြည့်လိုက်သည်။
“အဲဒီသွေးအမှတ်အသားပုလဲအပြင် ကျုပ်ကိုရှာဖို့ သူတို့သုံးနေတဲ့နည်းလမ်းကို ရှာမှရမယ်...”
ထိုအချိန် စုမင်နှင့် အတော်အတန်အလှမ်းဝေးသော နေရာတစ်ခုတွင် နဂါးငွေ့တန်းကိုဖြတ်၍ အရှိန်တင်နေသော ရှေးဟောင်းကြေးဝါဓါးကိုးချောင်းရှိသည်။ ထိုဓားရှည်များ၏ ထိပ်တွင် ထင်ယောင်ထင်မှားဖြစ်စေသော ပုံသဏ္ဍာန်တစ်ခုရှိသည်။
ထိုဓါးထိပ်တွင် သွေးနီစက်ဝိုင်းတစ်ခုရှိသည်။ ၎င်းက မှော်အစီအရင်နှင့်တူ၏။သို့သော် တစ်စုံတစ်ယောက်က ၎င်းကို အဆပေါင်းစွာချဲ့ကြည့်လျှင် စက်ဝိုင်းကို တည်ဆောက်ထားသော မျဉ်းများတွင် မရေမတွက်နိုင်သောမှော်သင်္ကေတများနှင့်
ပေါင်းစပ်ထားသည်ကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်မည်။
ထိုစက်ဝိုင်းပုံစံမှော်အစီအရင်က အသက်ခုနှစ်ရှိုက်စာတွင်တစ်ကြိမ်တောက်ပသည်။၎င်း တောက်ပလာစဉ်တွင် အဖြူရောင်အစက်အပြောက် အများအပြား ပေါ်လာတတ်သည်။ ထိုအစက်များက ပြန့်ကျဲနေသည် သို့မဟုတ် နီးကပ်စွာ စုဝေးနေလိမ့်မည်။ ထိုအစက်များကို မှော်အစီအရင်၏မတူညီသောနေရာများတွင် စုစည်းတွေ့ရှိနိုင်သည်။
ထို့အပြင် မျက်စိမလွှဲနိုင်အောင်ဆွဲဆောင်မှုရှိသောအနီရောင်အစက်တစ်ခု ရှိ၏။ ထိုအစက်က လျင်မြန်စွာ ရွေ့လျားနေခဲ့သော်လည်း ထိုအချိန်တွင် ရပ်တန့်သွားခဲ့သည်။
“ဟမ်...ဒီလူကိုသတ်မှရမယ်ကွ..မဟာလောကကြီးလေးခုက ကြီးမြတ်တဲ့ချိပ်ပိတ်မှော်အစီအရင်သုံးဖို့ သဘောတူခဲ့တယ်..ဒီမှော်အစီအရင်ထဲမှာ ရှိတဲ့ လူတွေအားလုံး ပုန်းစရာနေရာမရှိဘူး..”
“ဒါပေမဲ့ ဒီမိုစုက တော်တော်လေးပါးနပ်တယ်..သူက အချိန်နဲ့နေရာကိုလှည့်စားနိုင်တဲ့စွမ်းရည်ကို ကျွမ်းကျွမ်းကျင်ကျင်သုံးနိုင်တယ်.. လွန်ခဲ့တဲ့လအနည်းငယ်က သူ့နောက်ကို ခြေရာခံခဲ့ပေမဲ့ ခုနစ်ရက်လောက် နောက်ကျပြီးမှ တွေ့တယ်..ဒါ့ကြောင့် ဒီကြီးမြတ်တဲ့ချိပ်ပိတ်မှော်အစီအရင်ကို ဖွင့်ထားဘူးဆိုရင် သူဘယ်မှာရှိတယ်ဆိုတာကို သိဖို့က ပိုခက်လိမ့်မယ်...”
ကြီးမားသောဓားရှည်ကြီးများပေါ်တွင် စစ်မှန်သောလောက အစောင့်အကြပ်များစွာ ရှိနေသည်။ သူတို့၏ အကြည့်များက ပုံရိပ်ယောင်အနီစက်ပေါ်တွင် ရှိနေသည်။
“နောက်တစ်ရက်လောက်ဆိုရင် သူအသုံးပြုတဲ့ အချိန်နဲ့နေရာလှည့်စားတဲ့စွမ်းရည်ကို ချိုးဖျက်နိုင်မှာ..အဲဒီအချိန်ကျရင် မိုစုဆိုတဲ့ကောင်..ပြေးစရာလမ်းမရှိတော့ဘူး..သူသွားတဲ့လမ်းကြောင်းအရဆိုရင် မင်နက်ရောင်ဂြိုလ်ကိုသွားမယ်ထင်တယ်
ဒါပေမဲ့ ဒီနေရာက မင်နက်ရောင်ဂြိုလ်နဲ့
တော်တော်ဝေးဝေးမှာ တည်ရှိတယ်... သူ အဲဒီဂြိုလ်ကိုရောက်ဖို့ဆိုရင် အနှစ်နှစ်ရာလောက် လိုတယ်...အဲ့လောက်အချိန်ကြာသွားရင် သူလဲ အသက်ရှင်လျက်ရှိနေမှာ မဟုတ်တော့ဘူး...”
စစ်မှန်သောလောကအစောင့်များက
သူတို့၏ အတွေးအမြင်များကို အပြန်အလှန်ပေးပို့ကြစဉ် ရှေးဟောင်း
ကြေးဝါဓားကိုးစင်းက အဝေးသို့ လျင်မြန်စွာ အရှိန်တင်ကြလေသည်။
....
“သူတို့က ဘယ်နည်းလမ်းကို သုံးနေကြတာလဲ..”
နဂါးငွေ့တန်းမှတစ်ဆင့် အဝေးသို့အရှိန်တင်နေသောအလင်းတန်းရှည်တစ်ခု ရှိ၏။ ၎င်းမှာ အနီရောင် ခေါင်းတလား ဖြစ်၏။ ထိုပေါ်မှာ စုမင်က တင်ပျဉ်ခွေထိုင်နေလေသည်။ သူ့မျက်နှာက မည်းမှောင်နေလေသည်။ သူ့ခေါင်းထဲတွင် မရေမတွက်နိုင်သောအတွေးပေါင်းမြောက်မြားစွာ ရှိနေလေသည်။
“ကျုပ် သတိလစ်သွားလို့ တိုက်ပွဲပြီးခါနီးမှာ တံဆိပ်ခတ်ခံလိုက်ရတာ...နှမြေစရာပဲ..နှစ်တွေကြာလာတာနဲ့အမျှ မဟာလောကကြီးလေးခုက ဒီနဂါးငွေ့တန်းထဲမှာ ဘာတွေလုပ်ထားမှန်းမသိဘူး..ကျစ်နန်ကျင့်ရဲ့အမှတ်တရတွေကို စုပ်ယူလိုက်တာတောင်မှ သူ့ရဲ့အခြေအနေကို သိဖို့ခက်တယ်...”
မီးလျှံဂြိုလ်သခင်က အတွေးရေယာဉ်ထဲနစ်မြောရင်း သက်ပြင်းချလိုက်သည်။
“ကောင်းပြီ..ငါ နေရာပြောင်းရွေ့နိုင်တဲ့တစ်ကြိမ်ကို မသုံးသေးဘူး.. မင်း မင်နက်ရောင်ဂြိုလ်နဲ့နီးလာတဲ့အခါမှ သုံးပေးမယ်...နောက်ဆုံးတော့ မင်းဘယ်ကိုသွားမယ်ဆိုတာ သူတို့ ခန့်မှန်းနိုင်သွားပြီ..သူတို့က ငါတို့နေရာပြောင်းရွေ့မဲ့နေရာတစ်ဝိုက်ကို ချိပ်ပိတ်မှာပဲ..ဒါဆိုရင် ငါတို့အဲဒီချိပ်တံဆိပ်ကိုချိုးဖြတ်ပြီး နေရာပြောင်းရွေ့ရမယ်..ပြီးရင် မင်နက်ရောင်ဂြိုလ်ထဲ ဝင်ရောက်ရမယ်...”
“နေရာတစ်ကြိမ်ပြောင်းရွေ့လို့ရတဲ့အပြင် မင်းမှာ နောက်တစ်ကြိမ်အခွင့်အရေးရှိသေးတယ်.. မင်းနောက်ကို လိုက်နေတဲ့သူတွေကို ယာယီရှင်းထုတ်နိုင်အောင် သုံးလိုက်မယ်..
မီးလျှံဂြိုလ်သခင်က ခပ်တိုးတိုးပြောလိုက်သည်။
“ကျုပ်တို့အဝေးကို ပြေးနိုင်ရင်တောင်
ဒီနည်းက အသုံးမဝင်လောက်ဘူး.. အဲဒီသွေးအမှတ်အသားပုလဲကလွဲလို့ သူတို့သုံးနေတဲ့ နည်းလမ်းကို ရှာမတွေ့ရင် .အလကားပဲ...ကျုပ်မှာ အချိန်နည်းနည်းပိုရရင်တောင် နောက်ဆုံးမှာတော့ လိုက်ဖမ်းခံနေရအုံးမှာပဲ...”
စုမင်က ခေါင်းတွင်တွင်ယမ်းလိုက်သည်။
အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးလာပြီးနောက် သူ့ရင်ထဲမှာ အန္တရာယ်အငွေ့အသက်များက တရိပ်ရိပ်တိုးပွားလာလေသည်။
ဤအတိုင်းသာ ဆက်သွားလျှင် လိုက်ဖမ်းသောသူများ၏အကြီးစားတိုက်ခိုက်မှုကို
နောက်တစ်ကြိမ် ရင်ဆိုင်ရမည်ကို စုမင် သေချာသိလေသည်။ ကောင်းကင်ဘုံရတနာဂြိုလ်ကိုဖျက်ဆီးပစ်သည့်ဓါးရောင်ဝါကို တွေးလိုက်သောအခါ သူ့မျက်လုံးများ ပြူးကျယ်သွားသည်။
ထိုစွမ်းအားက သူခံနိုင်ရည်ရှိသောအရာမဟုတ်သည်မှာ သေချာ၏။ အကယ်၍ သူက ထိုသို့ထိုးနှက်ခံရပါက
သူ၏ ရုပ်ခန္ဓာက အားကောင်းနေသော်လည်း သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် ပျက်စီးသွားမှာ သေချာလေသည်။
“အဲဒါကဘာလဲ..”
စုမင်က တိုးတိုးလေးပြောရင်း သူ့ခေါင်းထက် နဂါးငွေ့တန်းကို မော့ကြည့်လိုက်သည်။ သူ့ကြည့်လိုက်တိုင်း စကြာဝဠာကြီးက အဆုံးမဲ့တည်ရှိနေပြီး သူက အလွန်သေးနုပ်သောသက်ရှိဖြစ်သည်ဟု ခံစားလိုက်ရသည်။
အချိန်အတော်ကြာပြီးနောက် စုမင်က သက်ပြင်းချလိုက်သည်။ သူ ခေါင်းငုံ့ထားဉ် သူ့ခန္ဓာကိုယ်က ရုတ်တရက်တုန်လှုပ်သွားသည်။ သူကမတ်တပ်ထရပ်ပြီး ရှေ့က နဂါးငွေ့တန်းကို စိုက်ကြည့်နေလေ၏။
“နဂါးငွေ့တန်းထဲက အရာအားလုံးကုနထိန်းချုပ်နေသလိုမျိူး စောင့်ကြည့်နေတဲ့မျက်လုံးတစ်စုံရှိနေတာလား..သူ့ရဲ့အကြည့်ကနေ ဘယ်သူမှ မလွတ်မြောက်နိုင်ဘူးလား”
စုမင်က တိုးတိုးလေး ရေရွတ်လိုက်သည်။
“ငါလဲ ဒီလိုမျက်လုံးမျိုးရှိက ဘယ်နေရာမှာရှိလဲဆိုတာ မသိတော့ဘူး..ဒါပေမဲ့ အခုမင်းပြောလိုက်တော့ တစ်ခုခုကို မှတ်မိသွားပြီ..မင်းပြောသလိုမျိုး နဂါးငွေ့တန်းကို ဖုံးလွှမ်းထားတဲ့ ဧရာမမှော်အစီအရင်ကြီးတွေရှိတယ်...အဲဒါတွေက သူတို့လက်အောက်မှာရှိတဲ့ ဘဝတွေကို ထိန်းချုပ်စောင့်ကြည့်နေတာ...”
မီးလျှံဂြိုလ်သခင်က စုမင်၏ခန္ဓာကိုယ်ဘေးတွင် ထင်ရှားပေါ်လွင်ပြီး ကောင်းကင်ကို စူးစူးစိုက်စိုက်ကြည့်လိုက်သည်။
“အခု ငါ မှတ်မိသွားပြီ...အရင်တုန်းက ကျစ်နန်ကျင့်က တစ်ခုခုကို တံဆိပ်ခတ်ဖို့ နည်းလမ်းတစ်ခုကို ကျင့်သုံးခဲ့တယ်...အဲဒီတုန်းက သူ့ရဲ့အရှိန်အဝါက မယုံနိုင်လောက်အောင်ကို ကြီးမားတယ်..ကျစ်နန်ကျင့်က သူရဲ့အတွေးတွေကို အခြေခံပြီး နယ်မြေတစ်ခုကို ချိပ်ပိတ်တယ်..အဲတုန်းက ငါ နဂါးငွေ့တန်းကနေ ဆင်းသက်လာတဲ့ စွမ်းအားလှိုင်းတစ်ခုတောင် ခံစားလိုက်ရတယ်...”
ထိုအချိန် စုမင်၏မျက်လုံးများက တလက်လက်တောက်ပလာသည်။
မီးလျှံဂြိုလ်သခင်၏နှလုံးသားက တသိမ့်သိမ့်တုန်လှုပ်သွားပြီး ချက်ချင်းပြောလိုက်သည်။
“မှော်အစီအရင်...နဂါးငွေ့တန်းထဲမှာ အလွန်ကြီးမားတဲ့မှော်အစီအရင်ရှိတယ်..ဒီမှော်အစီအရင်က နဂါးငွေ့တန်းကနေ အုပ်မိုး စောင့်ကြည့်နေပြီး နေရာပေါင်းစုံမှာ ဖြစ်ပျက်နေတဲ့အရာအားလုံးကို မြင်နိုင်တယ်...”
“ဒါဆို အကြောင်းပြချက်က ဒီမှော်အစီအရင်ပဲ ဖြစ်ရမယ်..သူတို့ ဒီနည်းလမ်းကိုအသုံးပြုလို့ ကျုပ်ရဲ့အချိန်နဲ့နေရာကို လှည့်စားနိုင်တဲ့စွမ်းရည်တွေကို ရှောင်ရှားနိုင်ပြီး ကျုပ်ကိုချက်ချင်းရှာတွေ့သွားတာ..”
စုမင်က သူ့အပေါ်မှ ကောင်းကင်ကို စိုက်ကြည့်ရင်း သူ့မျက်လုံးထဲတွင် ရူးသွပ်မှုများ တဖြည်းဖြည်း ပေါ်လာသည်။
“ထိပ်ပြောင်ကြိုးကြာငှက်...”
စုမင်က သူ့လက်ကိုလှုပ်ယမ်းလိုက်သေည် ကြိုးကြာငှက်က သူ့သိုလှောင်အိတ်ထဲက ချက်ချင်း ထွက်လာသည်။ ငှက်က စုမင်ဘေးနားတွင်ပေါ်လာပြီး မီးလျှံဂြိုလ်သခင်ကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်လိုက်သည်။ သူက စုမင်ကို ရန်မစရဲသော်လည်း သူ့နှလုံးသားထဲမှာသော မီးလျှံဂြိုလ်သခင်ကို အနိုင်ကျင့်နိုင်မည်ဟု တွေးထားခဲ့သည်။
စုမင်က ငှက်ကိုကြည့်ပြီး မေးခွန်းမေးလိုက်သည်။
“ဒီနဂါးငွေ့တန်းကို စောင့်ကြည့်နေတဲ့မှော်အစီအရင်ကို ချိုးဖျက်နိုင်လား..”
ထိပ်ပြောင်ကြိုးကြာငှက်က ခေတ္တ အံ့အားသင့်သွားသည်။ သူက နဂါးငွေ့တန်းကိုကြည့်ရန် ခေါင်းကို မော့လိုက်သည်။ ထို့နောက် သူက မဆိုင်းမတွဘဲ ခေါင်းကို ပြင်းပြင်းထန်ထန် ခါလိုက်သည်။
“မလုပ်နိုင်ဘူး.. ဒီမှော်အစီအရင်က...”
သူစကားမဆုံးခင် စုမင်က အိတ်တစ်လုံးကို ပစ် ပေးလိုက်သည် ။ ထိပ်ပြောင်ကြိုးကြာငှက်က အိတ်ကိုဖမ်းပြီးဖွင့်လိုက်စဉ် သူ၏မျက်လုံးများသည် ချက်ချင်းပင် တောက်ပလင်းလက်လာသည်။
“ဒီမှော်အစီအရင်ကိုချိုးဖျက်လိုက်...ဒါဆို မင်းကို ဒါတွေအကုန်ပေးမယ်..”
ထိပ်ပြောင်ကြိုးကြာငှက်က စိတ်လှုပ်ရှားစွာဖြင့် ပြန်ဖြေလိုက်သည်။
“ငါလုပ်မယ်.. ငါလုပ်နိုင်တယ်..ငါ့ရဲ့နောက်ဆုံးခွန်အားနည်းနည်းလေးကျန်တဲ့အထိ ဒီမှော်အစီအရင်ကို ချိုးဖျက်မယ်..ငါလုပ်နိုင်သမျှ လုပ်မယ်...”