ကြက်သမား
Vol. 29 Ch. 367
နားခိုရာဂိုဏ်း၏ အတွင်း၌ နံရံများပေါ်မှ စီးကျလာသော သွေးစက်များ တတောက်တောက် မြည်သံမှလွဲ၍ တိတ်ဆိတ်နေသည်။ ရှည်လျားပြီး မည်းမှောင်သော စင်္ကြံလမ်းတလျှောက် ရွှေရောင်မျက်လုံး လူငယ်က ဦးဆောင်၍ ယွမ်ကျန်းနှင့် ဖီးနစ်ဧကရီ လိုက်ပါလာကြ၏။ သူမ၏ ဝတ်ရုံမှာ အမွေးများမှ အသွင်ပြောင်ထားခြင်းဖြစ်၍ ခန္ဓာကိုယ်နှင့် ကွက်တိဖြစ်နေပြီး လှပသော ကောက်ကြောင်းအဖြာဖြာ ပေါ်လွင်နေသည်။ ငရဲကိုးထပ်၏ အုပ်စိုးသူတစ်ယောက်ဖြစ်သည့်တိုင်အောင် ညီအစ်ကိုနှစ်ယောက်အနားတွင် ကြောက်ရွံ့တုန်လှုပ်နေပြီး ယွမ်ကျန်း ဒေါသထွက်စေမည့် အမှားတစ်ခုခု လုပ်မိမည်ကို စိုးထိတ်နေရသည်။ သူမကို လမ်းပြ အဖြစ် ခေါ်ဆောင်လာခဲ့သော်လည်း စကားမပြောကြသဖြင့် တစ်ချက်ခိုးကြည့်လိုက်ပြီး ရွှေရောင်မျက်လုံး လူငယ်၏ အရှိန်အဝါမှာ သူမထက် သာလွန်ကြောင်း ခံစားမိခဲ့၏။
"အစ်ကိုကြီး ရှေ့မှာ အန္တရာယ်ရှိတယ်။ ရပ်လိုက်ရအောင်"
ကိုယ့်ကိုကိုယ် ဓားတစ်လက်ပမာ သွေးမည်ဟု ကြွေးကြော်ခဲ့သော ယွမ်ကျန်းမှာ ရုတ်တရက် နောက်တွန့်သွားသည်။
"မင်းက ကြက်တိုက်ဖို့ စဥ်းစားနေပြန်ပြီ။ ပေါ့ပျက်ပျက် မလုပ်နဲ့။ မင်း အရှုံးကြီး ရှုံးရလိမ့်မယ်"
ရွှေရောင်မျက်လုံး လူငယ်က စိတ်ပျက်ဟန်ဖြင့် လှည့်ကြည့်လိုက်သည်။
"အစ်ကိုကြီးကလည်း အဖေ ပြောဖူးတယ်လေ။ ကျင့်ကြံရေးမှာ မိတ်ဆွေအပေါင်းအသင်းက အရေးပါတယ်။ ကျုပ်တို့က ထင်ရှားတဲ့ မိသားစုဝင်ဆိုတော့ လောကထဲမှာ ဝင်ဆံ့ရမယ်။ ပေါင်းသင်းဆက်ဆံရေး ကောင်းရမယ်။ ကြက်တိုက်တာက အပျင်းပြေဆ်ိုပေမယ့် အင်မော်တယ်လမ်းကြောင်းအတွက် လူမှုရေးတစ်ခုပဲ။ ဒီဝါသနာကြောင့် ဘယ်သူနဲ့မှ တသီးတသန့် ဖြစ်မနေတော့ဘူး"
ယွမ်ကျန်းက အလေးအနက် ကန့်ကွက်သည်။
"ဆင်ခြေတွေ"
ရွှေရောင်မျက်လုံး လူငယ်က တစ်ချက် စိုက်ကြည့်၏။
"တိုက်ကြက်ကောင်းကောင်းဆိုတာ ရှာရခက်တယ်။ ဒီတစ်ခါတော့ အလိုလိုက်စမ်းပါဦး"
သူပ တောင်းပန်တိုးလျှိုးသံဖြင့် စိတ်လှုပ်ရှားစွာ တောင်းဆိုနေသည်။
"ကောင်းပြီ။ မြန်မြန်လုပ်။ သိပ်အချိန်မဆွဲနဲ့"
ရွှေရောင်မျက်လုံး လူငယ်က တွန့်ဆုတ်နေသော်လည်း ခဏတာ စဥ်းစားပြီးနောက် ခေါင်းညိတ်လိုက်ရာ ညီဖြစ်သူအပေါ် အလွန် အလိုလိုက်ကြောင်း ထင်ရှား၏။
"ကျေးဇူးပဲ အစ်ကိုကြီး"
ထို့နောက် သူက တစ်ယောက်တည်း နားခိုရာဂိုဏ်းအတွင်း ထွက်ခွာသွားပြီး ယွမ်ကျန်းသည် လက်ဝှေ့ယမ်းပြနေရင်း ဖီးနစ်ဧကရီနှင့်အတူ ကျန်ရစ်ခဲ့သည်။
"ကြက်ပွဲတွေက အတော်လေး ပျော်စရာကောင်းတယ်။ ကျင့်ကြံသူတွေက မွေးမြူထားတဲ့ ငှက်မျိုးစုံနဲ့ တိုက်ခိုက်ကြတယ်။ လောင်းကြေးထပ်ကြတယ်။ စိတ်လှုပ်ရှားစရာကောင်းလိုက်တာနော်"
သူ၏ စကားကြောင့် သေမျိုးလောကရှိ ကြက်ပွဲအကြောင်း စဥ်းစားမိသော ဖီးနစ်ဧကရီ၏ မျက်နှာက သွေးဆုတ်ဖြူရော်သွားသည်။
"ငါက မင်းကို မျက်စိကျနေတယ်လို့ ထင်တာလား။ အိပ်မက်ကြီးကြီး မက်မနေနဲ့။ စောက်ရူးမ ငါ့လို မြင့်မြတ်တဲ့ သခင်လေးတစ်ယောက်က မင်းကို စိတ်မဝင်စားဘူး။ မင်းက ငါ့အတွက် တိုက်ကြက်ကောင်းကောင်း တစ်ကောင်သာသာပဲ"
အစ်ကိုနှစ်ယောက်နှင့် အပြင်လူများ မရှိသောအခါ ထိုကလေးငယ်၏ ဟန်ဆောင်မျက်နှာဖုံး ကွာကျသွား၍ မောက်မာအေးစက်သော လေသံ ထွက်ပေါ်လာခဲ့၏။
"လှောင်အိမ်ထဲ ဝင်စမ်း"
သူက နောက်ထပ် အပိုစကားများ ပြောရန် စိတ်မရှည်တော့ပေ။ ရှေးအပျက်အစီးနယ်မြေ၏ တမန်တစ်ယောက်အနေဖြင့် အများရှေ့တွင် လေးစားဖွယ်ကောင်းသော ပုံရိပ်ကို ဟန်ဆောင်ထားသော်လည်း လူပေါ့လူသွမ်းတစ်ယောက်သာ ဖြစ်သည်။ လက်အတွင်းမှ ရွှေရောင်တိုင်များဖြင့် ပြုလုပ်ထားကာ ရုန်းများစွာ ရေးထွင်းထားသည့် ရွှေရောင် လှောင်အိမ်တစ်ခု ထွက်ပေါ်လာကာ ထိပ်တန်းရတနာတစ်ခုပင်။ ၎င်းကို အသက်သွင်းလိုက်သောအခါ ရွှေရောင်လက်ဝါးပမာ ဖီးနစ်ဧကရီ အပေါ် အုပ်မိုးကျလာပြီး မူလအသွင်ဖြင့် ပျံသန်းထွက်ပြေးချင်ခဲ့သော်လည်း နဂါးတံဆိပ်ထက်ပင် ပိုမို အစွမ်းထက်နေသဖြင့် အငိုက်မိသွား၏။
"ဘုန်း"
၎င်းသည် တောင်တစ်လုံးပမာ ဖိနှိပ်ထားပြီး ဖီးနစ်တောင်ပံများဖြင့် ဆက်တိုက် ရိုက်ခတ်ခံနေရသော်လည်း မီးပွားများ လွင့်စင်လာရုံမှလွဲ၍ လှုပ်ပင်မလှုပ်သွားချေ။
"မဆိုးဘူး။ တော်တော်ကြမ်းတဲ့ တိုက်ကြက်ပဲ။ ကြက်လောကမှာ ငါ နာမည်တစ်လုံး ရလာတော့မယ်"
သူမ ရုန်းကန်လေလေ ယွမ်ကျန်းက ပို၍ ပျော်ရွှင်လေလေဖြစ်ကာ ကောက်ကျစ်စွာ ပြုံးနေခဲ့သည်။
"အဲ့လောက် တိုက်ခိုက်ချင်နေရင် မင်းကိုယ်တိုင် ဝင်တိုက်ခိုက်ပါလား"
ဖျော်ဖြေရေးအတွက် တိုက်ကြက်ပမာ ပြုမူဆက်ဆံခံရခြင်းသည် အသိဉာဏ်မြင့်မားသော ကျင့်ကြံသူတစ်ယောက်အတွက် အဆုံးစွန်သော စော်ကားမှုဖြစ်ရာ သည်းမခံနိုင်စရာပင်။
"ငါတို့က ဘာလို့ တိုက်ခိုက်ရမှာလဲ။ အချင်းချင်းက ညီအစ်ကိုတွေပဲ။ တိုက်ကြက်တွေနဲ့ ပျော်စရာ ရှာရုံပဲ။ သားရဲတွေက ငါတို့နယ်မြေမှာ ကျွန်တွေပဲ။ ငှက်တစ်ကောင်က လူသားတွေအကြောင်း ဘာသိလို့လဲ"
ယွမ်ကျန်းက လက်ပိုက်ကြည့်နေပြီး ကြီးကျယ်မြင့်မြတ်သော ဟန်ပန် ထုတ်ဖော်ထား၏။
"မင်းတို့လို လူမိုက်တွေကြောင့် ရှေးဟောင်းအပျက်အစီးနယ်မြေက ရွံစရာဆိုတာ သေချာတယ်"
ဖီးနစ်ဧကရီက တံတွေးတစ်ချက် ထွေး၍ ကျိန်ဆဲသည်။
"မှားတယ်။ ငါတို့က လူသားမျိုးနွယ်ရဲ့ ကယ်တင်ရှင်ပဲ။ နတ်ဆိုးသားရဲတွေကတော့ သေရမှာ ဖြစ်တယ်။ ဘာကိစ္စ သဘောထားကြီးနေရမှာလဲ"
"ဒါဆိုရင် နတ်ဆိုးတွေ အကုန်လုံးကို သတ်လိုက်လေ"
"ငါ့ကို ပြန်ပြောရဲတယ်။ ကောင်းပြီ။ ငါ့အကြောင်း ပြရသေးတာပေါ့။ အစ်ကိုနှစ်က ဒဏ်ရာကို ကုသပေးနိုင်တယ်။ သေချင်တယ်ဆိုရင် သတ်သေလို့မရဘူး"
ဖီးနစ်ဧကရီက စကားတိုင်း ခွန်းတုံ့ပြန်နေသဖြင့် ယွမ်ကျန်းမှာ ဒေါသထွက်လာပြီး ရွှေရောင်လှောင်အိမ်ကို ကျုံ့သွားစေကာ ဖီးနစ်ဧကရီ၏ အသားအတွင်း နစ်ဝင်သွားခဲ့သဖြင့် သွေးများ ပန်းထွက်လာသည်။ လှောင်အိမ်က ဆက်တိုက် ကျုံ့ဝင်လာကာ သူမကို လူအသွင်ဖြစ်သွားစေပြီး နူးညံ့သော ခန္ဓာကိုယ်လေးမှာ ဖိသိပ်ခံနေရသည်။ ဤမြင်ကွင်းကြောင့် ငယ်ရွယ်သွေးဆူလွယ်သော ယွမ်ကျန်းသည် ခဏတာ အာရုံ့ပျံ့လွင့်သွား၏။
"လူသားရုပ်ရည်နဲ့ ဖြားယောင်းချင်တာလား။ ရွံစရာကောင်းတယ်"
လှောင်အိမ်က တင်းကျပ်သထက် တင်းကျပ်လာသောကြောင့် ဖီးနစ်ဧကရီမှာ တစ်ကိုယ်လုံး နာကျင်မှုအပြည့်ဖြင့် ဒေါသတကြီး စိုက်ကြည့်နေရုံသာ တတ်နိုင်သည်။
"အရှုံးပေးပြီလား"
"နင့်အမေကို အရှုံးပေးခိုင်းလိုက်"
သူမ၏ မေးကို တစ်ဖက်လူက ဆွဲကိုင်၍ အနားကပ်လာသောအခါ တံတွေးဖြင့် ထွေးချလိုက်ပြီး ဒဏ္ဍာရီလာ ဖီးနစ်တစ်ကောင်အနေဖြင့် အရှုံးပေးခြင်း လုံးဝ မရှိပေ။
"သတ်ပစ််မယ်"
မာနကြီး၍ မောက်မာသော ယွမ်ကျန်းသည် ဒေါသကြောင့် ကြက်ပွဲကို မေ့လျော့သွားကာ အနက်ရောင် ဓားဝိညာဥ်တစ်ခု ဆင့်ခေါ်၍ ဓားအော်ရာ သုံးသောင်းနှင့် ဓားစက်ကွင်း ခုနစ်ခု ရစ်ပတ်ထားသည်။ ၎င်း၏ ဗဟိုတွင် ဒေါင်လိုက် အဖြူရောင် အလင်းတန်း တစ်ခု တောက်ပနေကာ ဓားနှလုံးသားပင်။
"နိမ့်ကျတဲ့ နတ်ဆိုးမ သေစမ်း"
သူက ဓားရှည်ဖြင့် နူးညံ့သော လည်တိုင်ကျော့ကျော့ကို ပစ်မှတ်ထား၍ လျင်မြန်ရက်စက်စွာ တိတိကျကျ တိုက်ခိုက်လိုက်သည်။ ဖီးနစ်ဧကရီမှာ သေခြင်းတရားကို မလွန်ဆန်နိုင်သဖြင့် လက်ခံရပြီး တစ်ခုတည်းသော နောင်တမှာ မြေခွေးလေးကို မမြင်နိုင်တော့ခြင်းပင်။
"ရွှစ်"
သို့ရာတွင် ဓားတစ်လက် လေထုကို ထိုးဖောက်သွားသည့် အသံတစ်ချက် ထွက်ပေါ်လာသောကြောင့် သူမ မော့ကြည့်လိုက်သောအခါ မိုးပြာရောင် အလင်းတန်းတစ်ခု ယွမ်ကျန်း အနောက်တွင် ရုတ်တရက် ထွက်ပေါ်လာ၏။
"ဘာကြီးလဲ"
သူက အလန့်တကြား လှည့်ကြည့်လိုက်သည်နှင့် တပြိုင်နက် ဓားကိုင်လက် ပြတ်ထွက်သွားကာ နာနာကျင်ကျင် အော်ဟစ်ရင်း မြေပြင်သို့ လဲကျသွားသည်။ ညာလက်တစ်ဖက်လုံး ဖြတ်တောက်ခံလိုက်ရပြီး ဓားရှည်လည်း လွတ်ကျသွားသဖြင့် ဖီးနစ်ဧကရီမှာ အသက်အန္တရာယ်မှ လွတ်မြောက်ခဲ့၏။
"ငါ့လက်"
ယွမ်ကျန်းသည် မြေပြင်၌ လူးလိမ့်နေပြီး မျက်လုံးများ ပြူးကျယ်ကာ မျက်နှာတစ်ခုလုံး ပြာနှမ်း၍ ချွေးများ စိုရွှဲနေသည်။ သူ၏ စွမ်းရည်များ ချက်ချင်း အားနည်းသွားကာ ဓားလမ်းစဥ်၌ ရည်မှန်းချက် ပျက်စီးခဲ့သောကြောင့် လက်တွေ့တရားမှာ ခါးသက်လှပေသည်။
"ဘယ်ကောင်လဲကွ"
သူက အားတင်းရင်း ဘယ်လက်ဖြင့် ဓားရှည်ကို ဆုပ်ကိုင်ကာ တိုက်ခိုက်ရန် မတ်တပ် ထရပ်လိုက်သည်။ စင်္ကြံလမ်း၏ တစ်နေရာမှ အဖြူရောင်ဝတ်လူငယ်တစ်ယောက် ဓားကိုင်ရင်း တစ်လှမ်းချင်း ထွက်လာသောအခါ ဖီးနစ်ဧကရီ၏ နှလုံးသားလေး လှုပ်ခတ်သွားခဲ့၏။ သူမသည် ယွမ်ကျန်း၏ ကစားစရာ တိုက်ကြက် မဖြစ်လိုသောကြောင့် ကိုယ့်ကိုကိုယ် သတ်သေရန် ဆုံးဖြတ်ထားသော်လည်း အေးစက်တည်ငြိမ်သော ကယ်တင်ရှင် ရောက်လာခဲ့သည်။
"မင်း...မင်း ခွင့်မလွှတ်နိုင်တဲ့ အပြစ်ကြီးတစ်ခု ကျူးလွန်လိုက်တာပဲ။ မင်းရော မင်းရဲ့ မျိုးနွယ်ရော ကြောက်စရာ ကံကြမ္မာမျိုးနဲ့ အဆုံးသတ်ရမယ်"
ယွမ်ရှောင်ကို မြင်လိုက်ရသောအခါ ယွမ်ကျန်းသည် အဆင့်နိမ့် ကျင့်ကြံသူတစ်ယောက်ကြောင့် ဒဏ်ရာရခဲ့သည်ဟု ဒေါသူပုန်ထနေခဲ့၏။
"ဒီစကားမျိုးတွေ ကြားရတာ ရိုးနေပြီ။ မင်းတို့တွေ အသစ်အဆန်းလေး ဘာလေး ပြောကြည့်ကြပါလား"
ယွမ်ရှောင်မှာ ဒေါသမီး တောက်လောင်နေသော်လည်း အလွန်အမင်း တည်ငြိမ်ပြီး ရှေ့တက်လာသောအခါ ယွမ်ကျန်း တုန်လှုပ်သွား၏။ သူက မောက်မာသော်လည်း ငယ်ရွယ်၍ ဒဏ်ရာ အပြင်းအထန် ရထားသောကြောင့် တစ်ဖက်လူကို မယှဥ်နိုင်ကြောင်း သိထားရာ ထွက်ပြေးရန်မှတစ်ပါး ရွေးစရာ မရှိပေ။
"အစ်ကိုကြီး ကယ်ပါဦး"
သူက အသံကုန်အော်ဟစ်ကာ မီးခိုးလုံး တစ်ခု ပစ်ထုတ်လိုက်ပြီး မြင်ကွင်းကို ဖုံးကွယ်နိုင်သည့် မြူခိုးများ အလုံးအရင်း ထွက်ပေါ်လာခဲ့သည်။
"မကောင်းတော့ဘူး"
အကယ်၍ ယွမ်ကျန်း လွတ်မြောက်သွားပြီး ရွှေရောင်မျက်လုံး လူငယ်ကို သတိပေးလိုက်လျှင် ငရဲကိုးထပ် တစ်ခုလုံး ဆိုးရွားသော အကျိုးဆက် ခံစားရမည် ဖြစ်သောကြောင့် ဖီးနစ်ဧကရီမှာ ရင်ထိတ်သွားလေသည်။