← Chapters

၁၈ထပ်မှ အကျဥ်းသား

Vol. 29 Ch. 368

၁၈ထပ်မှ အကျဥ်းသား

Vol. 29 Ch. 368

"ငါ့အတွက် ဘာကြောင့် ဒီလောက်စွန့်စားရတာလဲ"

ဖီးနစ်ဧကရီသည် သူမအတွက် ငရဲကိုးထပ်၏ ကျင့်ကြံသူအများအပြား သေဆုံးသွားနိုင်သဖြင့် ဝမ်းနည်းစိတ်ဓာတ်ကျနေသည်။

"တွေ့ပြီ"

ထိုအချိန်တွင် ယွမ်ရှောင်၏ ဝိညာဥ်မျက်လုံး ပွင့်ထွက်လာသောအခါ အမှောင်ကို ထိုးဖောက်၍ ပုံရိပ်တစ်ခုကို မြင်နိုင်ခဲ့သည်။ သူက ဓားပျံကို လှစ်ခနဲ စီးနင်းကာ တိတိကျကျ လိုက်ပါသွားပြီး ယွမ်ကျန်းမှာ အလန့်တကြား ထွက်ပြေးနေကာ အဆင့်နိမ့် နယ်မြေ၏ ကျင့်ကြံသူများ ပြန်လည်တိုက်ခိုက်ရဲမည်ဟု ထင်မထားပေ။

"လူမိုက်လေး"

အေးစက်စက် စကားသံတစ်ခု ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ယွမ်ကျန်းမှာ တုန်လှုပ်သွားပြီး အရှေ့ဘက်မှ ကြီးမားသော ဓားပျံတစ်လက် ရောက်ရှိလာကာ ရင်ဘတ်ကို ထိုးဖောက်ခံလိုက်ရ၍ နံရံ၌ တံစို့ထိုးခံထားလိုက်ရသည်။

"မင်း"

သူက ဒဏ်ရာကြောင့် တစ်ကိုယ်လုံး အကြောဆိုင်းသွားစဥ် ယွမ်ရှောင်သည် ဓားပျံကို ဓားရှည်အသွင်ပြောင်း ဆွဲကိုင်ထားသည်။ အော်သံတစ်ချက်ပင် ထွက်မလာနိုင်ခင် ဓားဖျားသည် ပါးစပ်မှ နောက်စေ့အထိ ထုတ်ချင်းပေါက် ထိုးဖောက်လာကာ နံရံအထိ စိုက်ဝင်သွား၏။

"ကြောက်စရာကောင်းလိုက်တာ"

ယွမ်ကျန်းမှာ လက်တွဲလောင်းကျသွားပြီး အသက်ပျောက်ခဲ့သော မြင်ကွင်းကို ဖီးနစ်ဧကရီ တွေ့လိုက်ရသောအခါ မင်သက်သွား၏။ လှောင်အိမ်သည်လည်း ထိန်းချုပ်သူ သေဆုံးသွားသဖြင့် သူမကို လွတ်မြောက်ခွင့်ပေးလိုက်သော်လည်း တစ်ကိုယ်လုံး ချွေးများ စိုရွှဲနေသည်။ ထိုအခိုက်တွင် ယွမ်ရှောင်သည် အလောင်း၏ ကျောရိုးကို ဓားဖြင့် ထိုးစိုက်ကာ အနက်ရောင် ဓားဝိညာဥ်အား စုပ်ယူနေကြောင်း သိလိုက်ရသောအခါ သူမ ကြက်သီးထလာသည်။ ထို့နောက် ယွမ်ကျန်း၏ သွေးကြောမှ အဖြူအနက် စွမ်းအင်များ စိမ့်ထွက်လာကာ သူ၏ ခန္ဓာကိုယ်အတွင်း စိမ့်ဝင်သွားသဖြင့် သူမမှာ ကြောက်ရွံ့တုန်လှုပ်နေရင်း သိချင်စိတ်ဖြင့် မေးလိုက်မိသည်။

"ဒါက ဘာတွေလဲ"

"နတ်ဆိုးချိုးဖျက်သွေးကြောလို့ ခေါ်တယ်။ ငါ့စွမ်းအားကို တိုးတက်စေဖို့ အသုံးဝင်တယ်။ ကြယ်သွေးကြောတွေကို အားကောင်းစေတယ်လေ"

ယွမ်ရှောင်က ပေါ့ပေါ့ပါးပါး ရှင်းပြလိုက်သော်လည်း သူမမှာ ဆွံ့အသွားခဲ့သည်။

"ဒီအကြောင်းကို လျှို့ဝှက်ထား။ မဟုတ်ရင် မင်းလည်း ငါ့စာရင်းထဲ ရောက်လာလိမ့်မယ်"

ယွမ်ရှောင်က တစ်ချက်ပြုံး၍ သတိပေးလိုက်ပြီး ယွမ်ကျန်း၏ သိုလှောင်အိတ်ကို ဖြုတ်ယူကာ အသုံးမဝင်တော့သော အလောင်းကို ဓားဝိညာဥ်၏ တိုက်စားနိုင်စွမ်းဖြင့် အနက်ရောင် အရည်အဖြစ် ပြောင်းလဲလိုက်ရာ ခြေရာလက်ရာ မကျန်တော့ပေ။

"လမ်းလျှောက်နိုင်လား"

"ဟင့်အင်။ ငါ့ကို ပွေ့သွားနိုင်မလား"

ကောင်းကင်ကိုပင် ဆန့်ကျင်ရန် မကြောက်ခဲ့သော ဖီးနစ်ဧကရီမှာ ဤလူသားကို စတင် ကြောက်ရွံ့လာခဲ့သည်။ ယွမ်ရှောင်၏ ကိုယ်တွင်းမှ ငွေရောင်အလင်းတန်းတစ်ခု ခွဲထွက်လာကာ အမြှီးလေးချောင်း မြေခွေးနတ်ဆိုးအဖြစ် ပြောင်းလဲသွားပြီး မျက်တောင်တစ်ခတ်အတွင်း ချောမောလှပသော လူငယ်လေးတစ်ယောက် ဖြစ်လာခဲ့သည်။

"မင်းတစ်ယောက်တည်း လနတ်သားရဲ့ သရုပ်မှန်ကို သိထားတယ်။ သစ္စာဖောက်ရင် ဘယ်လိုအကျိုးဆက် ရှိမလဲဆိုတာ သိတယ်မလား"

ယွမ်ရှောင်နှင့် လနတ်သားထံမှ စကားသံ တပြိုင်နက် ထွက်ပေါ်လာသည်။

"ရူးနေမှ နင့်လို မကောင်းဆိုးဝါးကို သစ္စာဖောက်ရဲလိမ့်မယ်"

ဖီးနစ်ဧကရီက ရေရွတ်ရင်း လနတ်သား၏ ကျောပေါ်သို့ တွယ်တက်ကာ လည်ပင်းကို ပွေ့ဖက်ရင်း ချစ်မြတ်နိုးစွာ တီးတိုးပြောလိုက်သည်။

"ဒီမြေခွေးလေးက ပိုပြီး ချစ်စရာကောင်းတယ်။ လူသားကတော့ ကြောက်စရာပဲ"

ယွမ်ရှောင်သည် သူမ၏ ခံစားချက်ကို လျစ်လျူရှုထားပြီး တစ်ယောက်တည်း ဖြစ်သော်လည်း ကွဲပြားခြားနားပေသည်။ ကိုယ်ပွားသည် သူ့အတွက် ခံစားချက်များ နှင့် ကိုယ်လက်ရင်းနှီး ဆက်ဆံမှု မျှဝေရာ မဟုတ်ပေ။ သူက ကိုယ်ပွားနှင့် ဘဝနှစ်ခုကို ဟန်ချက်ညီညီ ထိန်းကျောင်းနေပြီး ကျင့်ကြံရေးလမ်းကြောင်း၌ အထောက်အပံ့ တစ်ခုသာ ဖြစ်၏။ လူသား၊ မြေခွေးနှင့် ငှက်တစ်ကောင်သည် နားခိုရာဂိုဏ်း အပြင်ဘက်သို့ ဦးတည်လာစဥ် ဖီးနစ်ဧကရီက အကြံတောင်းလာခဲ့သည်။

"အစီအစဥ်က ဘယ်လိုလဲ"

"မင်းက ရှေးဟောင်းနတ်ဆိုးငရဲမှာ ပုန်းအောင်းနေပြီး သေချင်ယောင်ဆောင်ရမယ်။ ငါ မပြောမချင်း ထွက်လာလို့ မရဘူး"

လနတ်သားက ငြင်းဆန်ရန် မလွယ်သော လေသံမျိုးဖြင့် အမိန့်ပေးလိုက်သည်။

"ဒါဆိုရင် နီအန်သားရဲကို အပြစ်ပုံချရမှာပေါ့"

"မလိုအပ်ဘူး။ သူတို့ဘာသာ ခန့်မှန်းပါစေ။ အမှန်တရားက နားခိုရာဂိုဏ်းမှာ ယွမ်ကျန်း ပျောက်ကွယ်သွားတယ်။ တရားခံကို ထုတ်ပြောနေစရာ မလိုဘူး"

"ဒါဆိုရင် မင်းက ငါ့ကို ကယ်တင်ဖို့ အစတည်းက အစီအစဥ် ရှိတယ်ပေါ့။ အပြင်ပန်းမှာ အေးစက်စက် လုပ်နေပေမယ့် ငါ့အတွက် အရာရာကို စွန့်စားနေတာပဲ"

ဖီးနစ်ဧကရီက လနတ်သား၏ ပါးကို ညှင်သာစွာ နမ်းလိုက်ပြီး မကျေမနပ် ရေရွတ်သည်။

"ဒါကရော ဘာလဲ။ အထဲမှာ ဝိညာဥ်တစ်ခု ရှိနေတာလား"

"ငါ့ရဲ့ ပထမဆုံး မိန်းကလေး"

လနတ်သားက မေးခွန်းကို အမှန်အတိုင်း ဝန်ခံလိုက်သောအခါ သူမ၏ မျက်စောင်းတစ်ချက် လက်ခံရလိုက်သည်။

"အမှန်အတိုင်း ပြောစမ်း။ နောက်ထပ်ဘယ်နှယောက် ရှိသေးလဲ ရုပ်ရည်နဲ့ လုပ်စားနေတဲ့ ကောင်လေး"

"နှစ်ယောက်တည်းပါ"

"ဟွန့်"

သူမက နှာခေါင်းတစ်ချက်ရှုံ့၍ သိပ်မကျေနပ်သော်လည်း လောလောဆယ် သည်းခံပေးလိုက်၏။

"သူမကို မင်းအနေနဲ့ လေးစားသင့်တယ်"

"ဘာကြောင့်လဲ"

"တစ်ချိန်က ငါ အရမ်းအားနည်းခဲ့ပြီး သူမကို မကယ်တင်နိုင်ခဲ့ဘူး။ ဒါကြောင့် ရှေးဟောင်းအပျက်အစီးနယ်မြေကို ရန်သူဖြစ်ရရင်တောင် မင်းကို ကယ်တင်ဖို့ စွန့်စားခဲ့တာပဲ။ နောက်တစ်ခါ နောင်တ မရချင်ဘူး"

လနတ်သားက သက်ပြင်းတစ်ချက်ချ၍ ရှင်းပြခဲ့သည်။

"ကောင်းပြီ။ တော်တော် ဟတ်ထိစရာကောင်းတဲ့ ပုံပြင်လေးပဲ။ ဒါပေမယ့် လူသားလေသံနဲ့ မပြောစမ်းပါနဲ့။ မင်းရဲ့ မူလအသံလေးကို လွမ်းတယ်"

"ဒါပေမယ့် ဟန်ဆောင်ထားတာလေ"

"ရတယ်။ ဆက်ပြီး ဟန်ဆောင်နေလိုက်"

"ကောင်းပါပြီဗျာ"

ဤသို့ဖြင့် လနတ်သားသည် ဖီးနစ်ဧကရီကို အမြှီးလေးချောင်းဖြင့် ထွေးပွေ့ထားလိုက်ပြီး တခစ်ခစ် ရယ်သံများ ထွက်ပေါ်လာစေသည်။ ယွမ်ရှောင်မှာ နောက်ထပ် ကိုယ်ပွားများ ဖန်တီးရန် စဥ်းစားခန်းဝင်နေပြီး ကိုယ်ပွားတစ်ယောက် ဘဝတစ်ခု ဆိုလျှင် လောကတာအိုနှလုံးသားအတွက် အကျိုးဖြစ်စေလိမ့်မည်။

"မင်း နည်းနည်းလေးတောင် စိတ်မပျက်ဘူးလား"

ကြယ်ပြာက ရုတ်တရက် စကားဆိုလိုက်၏။

"ဘာကိုလဲ"

"နတ်ဘုရားတိုက်ကြီးမှာ မင်းက လူသားမျိုးနွယ်အတွက် နတ်ဆိုးတွေကို သတ်ဖြတ်ခဲ့တယ်။ အခုကျတော့ နတ်ဆိုးတစ်ကောင်အတွက် လူသားတွေကို သတ်ဖြတ်နေပြန်ပြီ။ တစ်ခုခု လွဲချော်သွားပုံပဲ"

ကြယ်ပြာ၏ မေးခွန်းက အရှိုက်ထိစေသော မြှားတစ်စင်းပင်။

"ငါ ဂရုစိုက်တာက နောက်လိုက်၊ အပေါင်းအပါတွေနဲ့ ပြည်သူတွေပဲ။ ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်ရင်တော့ အဲ့ဒီလောက် အစွန်းမရောက်ချင်ဘူး။ မဟုတ်ရင် လူယုတ်မာတွေနဲ့ ဘယ်လို ကွာခြားမှာလဲ။ မပြောင်းလဲနိုင်တဲ့ စည်းမျဥ်းတွေက ငါ့နှလုံးသားအပေါ် မူတည်တယ်။ အယူဝါဒတစ်ခုကို ဖက်တွယ်ထားရင် လမ်းပိတ်သွားလိမ့်မယ်။ ဘာကြောင့် ဒုက္ခခံနေရမှာလဲ"

ယွမ်ရှောင်သည် ကိုယ်ပွားနှင့် ဖီးနစ်ဧကရီထံ လှည့်ကြည့်ကာ ရှင်းပြလိုက်သည်။ ဤလုပ်ဆောင်ချက်များသည် လမ်းမှားနေသော လက္ခဏာ မဟုတ်ဘဲ ပိုမို ရင့်ကျက်လာ၍ ပြန်လည်မွေးဖွားလာပြီးနောက် စွမ်းရည်များကို လောကကြီးတစ်ခုလုံးအတွက် မည်သို့အသုံးချရမည်ကို နားလည်လာခြင်း ဖြစ်သည်။ ငရဲကိုးထပ်၌ အခြေအနေက ပြောင်းလဲနေပြီး မျိုးနွယ်အားလုံးအတွက် နီအန်သားရဲကဲ့သို့ အန္တရာယ်မျိုး ကျရောက်လာကာ အမှန်တကယ် စိန်ခေါ်မှုပင်။

"တော်တယ်။ မင်းရဲ့ အမြင်က ကျယ်ပြန့်လာပြီး အရာရာကို တခြားရှုထောင့်ကနေ မြင်တတ်လာပြီ"

ကြယ်ပြာက ချီးကျူးလိုက်သည်။

"မှန်တယ်"

ယွမ်ရှောင်က ကျေနပ်စွာ ပြုံးသည်။

"ဒါပေမယ့် မင်းက မတရားဘူး။ ကိုယ်ပွားအတွက်ကျ ငှက်တစ်ကောင် ရှာပေးထားပြီး ယုံကြည်ရတဲ့ ညီငယ်လေးအတွက် နို့စားနွားမလည်ူ ရှာမပေးဘူး"

လနီက မကျေမနပ် ဖြတ်ပြောလိုက်သဖြင့် သူရော ကြယ်ပြာပါ စကားဆက်မပြောနိုင် ဖြစ်ကုန်သည်။

"မှတ်ထား။ အပြင်ရောက်တာနဲ့ မင်းက သေသွားပြီ"

နားခိုရာဂိုဏ်း၏ တံခါးနှင့် နီးကပ်လာသောအခါ သူက နောက်တစ်ကြိမ် သတိပေးလိုက်ပြန်သည်။ လနတ်သားက နှုတ်ဆက်နေစဥ် ဖီးနစ်ဧကရီ ထွက်ခွာသွားသောအခါ ယွမ်ရှောင်သည်လည်း စစ်မင်းသမီးကို ပြန်လည်အသက်သွင်းရန်အတွက် ပြန်သွားရပေလိမ့်မည်။ ထိုအချိန်တွင် ခြေသံ တရှပ်ရှပ် ထွက်ပေါ်လာသဖြင့် သူရော လနတ်သားပါ နောက်လှည့်ကြည့်၍ မျက်မှောင်ကြုတ်သွားခဲ့သည်။ နားခိုရာဂိုဏ်း အတွင်းပိုင်း အမှောင်ထုမှ ကြီးမားသော အရိပ်တစ်ခု ချဥ်းကပ်လာကာ ရပ်တန့်လိုက်သောအခါ သူ့ကို ကျောစိမ့်သွားစေသော ကြောက်မက်ဖွယ် ခံစားချက်တစ်ခု ဖြစ်တည်လာသည်။

၎င်းသည် မျောက်ဝံသဏ္ဍာန် ဧရာမ သတ္တဝါကြီးတစ်ကောင် ဖြစ်၍ အနက်ရောင် အမွေးများ ဖုံးလွှမ်းနေကာ ခေါင်းသုံးလုံး လက်ခြောက်ဖက် ပိုင်ဆိုင်ပြီး ခေါင်းတစ်လုံးချင်းစီက ဝမ်းသာ၊ဝမ်းနည်း၊ ဒေါသ ဟူသော ခံစားချက်တစ်ခုစီ ဖြစ်ပေါ်နေသည်။ သို့ရာတွင် ပို၍ ကြောက်စရာကောင်းသည်မှာ ၎င်း၏ လက်အတွင်း ရပ်နေသော အရာဖြစ်ကာ ပိုသားကဲ့သို့ ချောမွေ့သော ဆံပင်ရှည်များ ဖားလျားချထားသည့် အနက်ရောင်ဝတ် လူငယ်တစ်ယောက် ပင်။ ယွမ်ရှောင်၏ မျက်လုံးများသည် ထိုလူငယ်၏ ရင်ဘတ်ကို စိုက်ကြည့်နေပြီး အလွန်တရာ ထူးဆန်းသည့် ဝဲတစ်ခု လည်ပတ်နေခဲ့သည်။

"မဖြစ်နိုင်ဘူး"

ကြယ်ပြာ၏ မျက်လုံးများသည် မယုံကြည်နိုင်မှုဖြင့် တုန်ရီသွားကာ နေ့ခင်းကြောင်တောင် သရဲမြင်လိုက်ရသကဲ့သို့ ဖြစ်နေသည်။

"ဘာဖြစ်တာလဲ"

"ဒါကြီးက ဒီတာအိုလောကနဲ့ မသက်ဆိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး"

ကြယ်ပြာမှာ တုန်တုန်ရီရီနှင့် ယွမ်ရှောင်၏ အင်္ကျီရင်ဘတ်အတွင်း ပုန်းကွယ်နေသည်။

"မင်းက ဒီလောကရဲ့ ဖန်ဆင်းရှင်ဝိညာဥ်လား။ တော်တော် အခြေအနေဆိုးနေတာပဲ"

ထိုအခိုက်တွင် လူငယ်က စကားပြောလာခဲ့သဖြင့် ယွမ်ရှောင်၏ အကြည့်များ စူးရှသွားသည်။

"ငါ မင်းကို ၁၈ထပ်မှာ စောင့်နေပါမယ်"

လူငယ်၏ မှိတ်ထားသော မျက်ဝန်းများ ပွင့်လာကာ နက်ရှိုင်းသော အနီရောင် မျက်လုံးတစ်စုံ ဖြစ်သည်။ သူက ယွမ်ရှောင်ကို နှုတ်ဆက်ပြီးနောက် ဧရာမသတ္တဝါကြီးနှင့်အတူ အံ့သြစရာကောင်းလောက်အောင် ပျောက်ကွယ်သွား၏။ ယွမ်ရှောင်သည် ပါးစပ်အဟောင်းသားဖြင့် ကျန်ရစ်ခဲ့ပြီး စိတ်ရှုပ်နေဟန်ဖြင့် တအံ့တသြဖြစ်နေရလေသည်။

All Chapters