တာအိုလောက၏ အပြင်မှ သက်ရှိ
Vol. 29 Ch. 369
"ဒီအတိုင်း ပျောက်ကွယ်သွားတာလား"
ကြောက်မက်ဖွယ် သက်ရှိတစ်ယောက်နှင့် လူတစ်ယောက်သည် လေထဲတွင် ရုတ်တရက် ပျောက်ကွယ်သွားပြီး ခြောက်ချားဖွယ် အရှိန်အဝါမှာ လုံးဝမရှိသကဲ့သို့ ပျောက်ကွယ်နေသည်။ တစ်ဖက်လူက ၁၈ထပ်တွင် စောင့်နေမည်ဟု မှာကြားသွားသောကြောင့် ယွမ်ရှောင်သည် သားရဲလေးကို ဆွဲထုတ်၍ စုံစမ်းခဲ့သည်။
"ငါ သိသလောက်ဆိုရင် ဒီနှစ်ယောက်ကလည်း အကျဥ်းသားတွေ ဖြစ်ရမယ်"
သားရဲလေး၏ အသံက အနည်းငယ် တုန်ရီနေသောကြောင့် တစ်ဖက်လူမှာ မည်မျှကြောက်စရာကောင်းကြောင်း ယွမ်ရှောင် တွေးမိလိုက်သည်။
"အဲ့လို မကြည့်စမ်းပါနဲ့။ ရှင်းရှင်းလင်းလင်း ပြောရရင် ငါတို့က သူ့ကို ကြောက်နေတာ မဟုတ်ဘူး။ မင်းနဲ့အတူ ပြန်လည်မွေးဖွားလာရတော့ အားနည်းနေတယ်။ သတိကြီးကြီးထားတာ မမှားဘူး"
ကြယ်ပြာက မကျေမနပ်ဖြင့် ရေရွတ်လိုက်သည်။
"ဒါဆိုရင် ငါတို့ ကြုံတွေ့လိုက်ရတာက အစစ်အမှန် အသွင် မဟုတ်ဘူး။ ပုံရိပ်တစ်ခု ထုတ်လွှတ်တာ ဖြစ်ရမယ်။ သူတို့က နားခိုရာဂိုဏ်း အောက်ဘက်မှာ ချုပ်နှောင်ခံထားရမှာပဲ"
ယွမ်ရှောင်၏ အကြည့်က နားခိုရာဂိုဏ်း၏ အတွင်းပိုင်းသို့ ကျရောက်နေ၏။
"ဖြစ်နိုင်တယ်"
"ဘာကိုလဲ"
"ဒါက ရှုပ်ထွေးတယ်။ သူတို့က ဒီတာအိုလောကရဲ့ သက်ရှိတွေ မဟုတ်ဘူး။ ပြောရရင် မင်းရဲ့ ဖန်တီးမှုတွေ မဟုတ်ဘူး။ ခန္ဓာကိုယ်တစ်ခုလုံး အကျဥ်းခံနေရတာလည်း ဟုတ်ချင်မှဟုတ်မယ်။ ဒီနေရာမှာ သူတို့ ပေါ်လာတာက မေးခွန်းထုတ်စရာပဲ"
ကြယ်ပြာက အတွေးနက်နေရင်း ကောက်ချက်ဆွဲသည်။
"ဒါဆိုရင် ဖန်ဆင်းရှင် လက်လှမ်းမမီတဲ့ တာအိုလောကအပြင်ဘက်မှာ တခြားလောကတွေ ရှိသေးတာလား"
"ဟုတ်တယ်။ ဒီအချက်ကို မင်းရဲ့ အတိတ်ဘဝက ရှာပုံတော်ဖွင့်ခဲ့တယ်။ ဒီသဲလွန်စက ကြောက်စရာတော့ ကောင်းတယ်။ သူက မင်းရဲ့ သရုပ်မှန်ကို အကြည့်တစ်ချက်တည်းနဲ့ ဖော်ထုတ်နိုင်ဖို့ဆိုတာ တော်ရုံတန်ရုံ မဟုတ်ဘူး။ ကံကောင်းတာက ရန်လိုပုံမပေါ်ဘူး။ ဒါပေမယ့် နားခိုရာဂိုဏ်းရဲ့ အနက်ရှိုင်းဆုံး အဆင့်မှာ ပိတ်မိနေလို့ မလှုပ်ရှားနိုင်တာ အတော်ကြာလောက်ပြီ။ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်တဲ့ အခြေအနေမျိုး မရှိတာလည်း ဖြစ်နိုင်တယ်"
သို့ရာတွင် တစ်ဖက်လူ၏ အရှိန်အဝါအရ ထိုမှတ်ချက်မှာ ဖြစ်နိုင်စရာမရှိဟု ယွမ်ရှောင်က သတ်မှတ်လိုက်သည်။
"သေချာနားထောင်။ အခြေအနေက ဘယ်လိုဖြစ်ဖြစ် မင်း ပြန်လည်မွေးဖွားလာတဲ့ လမ်းကြောင်းမှာ အကြီးမားဆုံး ခြိမ်းခြောက်နိုင်စွမ်းကို ဖယ်ရှားဖို့ နားခိုရာဂိုဏ်းကို ထိန်းချုပ်နိုင်မှ ဖြစ်မယ်"
ကြယ်ပြာ၏ သတိပေးချက်ကြောင့် သူက မင်သက်သွားကာ ရှေးဟောင်းအင်မော်တယ်ဘိုးဘေးပင် ထိုအဆင့်မျိုး သတ်မှတ်ခံရမည်မဟုတ်ပေ။
"တစ်ချက်ကြည့်ရုံနဲ့ မင်းရဲ့ ဖြစ်တည်မှုကို သိနိုင်တယ်။ သူသာ လွတ်မြောက်သွားပြီး ရန်သူ ဖြစ်လာရင် ကံကြမ္မာက အဆုံးသတ်ပြီပဲ။ မင်းရဲ့ အစွမ်းကို လောဘတက်ခဲ့တဲ့ အင်မော်တယ်ဘိုးဘေးခြောက်ယောက်လည်း လှုပ်ရှားလာနိုင်တယ်။ ဒါဆိုရင် ဘယ်သူမှ မင်းကို မကာကွယ်နိုင်တော့ဘူး"
ကြယ်ပြာက လေးနက်စွာ ပြောလာသဖြင့် ယွမ်ရှောင်အနေဖြင့် အန္တရာယ်များသော ရေခဲပြင်ပါးပါးတွင် လမ်းလျှောက်နေရကြောင်း သဘောပေါက်သွားခဲ့၏။ နားခိုရာဂိုဏ်းကို ထိန်းချုပ်နိုင်လျှင် မိတ်ဆွေဖြစ်စေ၊ ရန်သူဖြစ်စေ သူ့အနေဖြင့် နိုင်ကွက်အချို့ ရရှိနိုင်မည်ဖြစ်ကာ အခြားသူများ ကံကြမ္မာကို ထိန်းချုပ်ခွင့် မပေးလိုပေ။
"ဒါပေမယ့် နားခိုရာဂိုဏ်းကို ဘယ်လိုထိန်းချုပ်ရမလဲ"
"ခက်တော့ခက်တယ်။ နီအန် ထိန်းချုပ်ထားတဲ့ ပထမထပ်က ဝင်ပေါက် ဖြစ်နိုင်တယ်။ နားခိုရာဂိုဏ်းက တကယ်တော့ ရတနာတစ်ခုပဲ။ အင်မော်တယ်တွေကို ချုပ်နှောင်နိုင်တဲ့ ရတနာတစ်ခုအကြောင်းကို စဥ်းစားကြည့်လိုက်"
ကြယ်ပြာက စင်္ကြံလမ်း၏ အနက်ပိုင်းသို့ ငေးကြည့်ရင်း ပြောလိုက်၏။
"နားခိုရာဂိုဏ်းကို ထိန်းချုပ်နိုင်ရင်ရော ဘာအကျိုးရှိမှာလဲ"
ယွမ်ရှောင်က အဓိက အချက်ကို ထောက်ပြလိုက်သည်။
"ဒီနေရာမှာ နီအန်သားရဲလို ဖြစ်တည်မှုတွေရော တခြားလောကရဲ့ သတ္တဝါတွေပါ ဖမ်းချုပ်ခံထားရတယ်။ မင်းသာ သူတို့ကို ဝါးမျိုလိုက်ရင် ကျင့်ကြံရေးလမ်းကြောင်းက အဆင်ပြေချောမွေ့သွားမှာပဲ"
"ဝါးမျိုရမှာလား။ ငါက သူတို့ကို ကျွန်ပြုပြီး ခိုင်းစားဖို့ ကြံစည်နေတာလေ။ ငါ့ကို လမ်းညွှန်ပေးနိုင်တဲ့ ကျင့်ကြံသူတွေတောင် ရှိလောက်တယ်။ ဒါပေမယ့် ဖန်ဆင်းရှင်ရဲ့ နည်းလမ်းအတိုင်း ကြမ်းကြုတ်ရက်စက်ရမှာပေါ့"
"မှန်တယ်။ မင်း သတိမထားမိဘူးလား။ နီအန် ပိုင်ဆိုင်ထားတဲ့ မျိုးစေ့ မင်း ဝါးမျိုဖူးသမျှထက် အဆများစွာ သာလွန်တယ်။ ဒီလောက်ဝဖြိုးနေတဲ့ ဝက်တစ်ကောင်ကို မစားရင် ဘာလုပ်ရမှာလဲ"
"ကောင်းပြီ။ အားကြီးသူ အနိုင်ရစတမ်း လောကမျိုးမှာ ငါက ရှင်သန်နိုင်ဖို့ အသန်မာဆုံး ဖြစ်လာရမယ်"
နီအန်နှင့် ရန်သူဖြစ်နေသောကြောင့် သူက ဝါးမျိုရန် တုံ့ဆိုင်းနေမည်မဟုတ်ချေ။
"အရေးအကြီးဆုံးကတော့ ဟိုနှစ်ယောက်က တာအိုလောကအပြင်ဘက် လျှို့ဝှက်ချက်တွေကို သိထားလိမ့်မယ်။ မင်းရဲ့ အတိတ်ဘဝ မရှာဖွေနိုင်ခဲ့တဲ့ ဆန်းကြယ်မှုတွေပဲ။ အတိတ်ဘဝမှာ မင်းက ဖန်ဆင်းရှင် ဖြစ်လာပြီး ဘယ်လိုမှ အဆင့်မတက်နိုင်တော့ဘူး။ တာအိုလောကအပြင်ကို ထွက်နိုင်ရင်တော့ အခွင့်အရေး ရှိလောက်တယ်"
"ဒါဆိုရင် ဘာဖြစ်ဖြစ် ငါက နားခိုရာဂိုဏ်းကို အပိုင်သိမ်းပစ်မယ်"
ယွမ်ရှောင်သည် အံကြိတ်၍ ဆုံးဖြတ်ချက် ချကာ တစ်ချက်လှည့်ကြည့်၍ တောနက်အတွင်း ဝင်ရောက်ပျောက်ကွယ်သွားသည်။ ထို့နောက် သူက တံခါးအပြင်ဘက်သို့ ရောက်သောအခါ စိုးရိမ်တကြီး စောင့်ဆိုင်းနေသည့် မုတလုံကို တွေ့လိုက်ရ၏။
"ရုန်းကျင့်ကြံသူတွေနဲ့ ယန်မိစ္ဆာတွေ ပုန်ကန်ချင်နေတယ်။ မင်းအကြောင်းကို တမန်တော်တွေဆီ တိုင်တန်းဖို့ ကြံစည်နေပြီ"
"သူတို့ရဲ့ လျှာတွေက မြန်မလား။ ငါ့ဓားက မြန်မလား ကြည့်ရသေးတာပေါ့"
သူမက သတိပေးလိုက်သောအခါ ယွမ်ရှောင်သည် ခပ်အေးအေး ပြောကာ စမ်းချောင်းတစ်ခုထံ ဦးတည်သွားခဲ့သည်။ ရေညှိတက်နေသော ကျောက်တုံးတစ်ခုအောက်တွင် အိတ်တစ်လုံး ရှိကာ စစ်မင်းသမီး၏ ခန္ဓာကိုယ်ကို ထိန်းသိမ်းထားသည်။ တမန်တော်သုံးယောက်သည် နီအန်သားရဲကိုသာ ဂရုစိုက်နေသဖြင့် သူ၏ နတ်ဆိုးနှင့် မိစ္ဆာ အရှိန်အဝါများကို သတိမထားမိခဲ့ကြပေ။ လက်ရှိတွင် သူက လနတ်သားကိုရော စစ်မင်းသမီးကိုပါ ထုတ်ဖော်ရမည့် အချိန်ဖြစ်၍ သွေးရောင်အလင်းတစ်ခု ထုတ်လွှတ်ကာ ခြောက်သွေ့နေသော ရုပ်ခန္ဓာထံ ဝင်ရောက်သွားစေသည်။
နဂါးသဏ္ဍာန်တိမ်တိုက်အောက်တွင် ၎င်းမှာ သွေးရောင်လွှမ်းလာပြီး စစ်မင်းသမီးသည် သေခြင်းတရားမှ ပြန်လည်ဆွဲခေါ်ခံလိုက်ရသဖြင့် အော်ဟစ်ရင်း နိုးထလာခဲ့၏။ ဖြူဖျော့နေသော အသားအရေသည် ပြာနှမ်းနေရာမှ ပြန်လည်ပြည့်တင်းလာပြီး နှလုံးခုန်သံ စည်းချက်ကျကျ ထွက်ပေါ်လာသည်။ သူမက အမောတကောဖြင့် လျှာတစ်လစ်ထုတ်၍ အသက်ကို ပြင်းထန်စွာ ရှူနေရာ လှပသော ပန်းပုရုပ်အလား နတ်သမီးများအောက် မလျော့ပေ။
"ငါ မသေဘူး"
သူမသည် ပတ်ဝန်းကျင်ကို သတိထားမိလာပြီး တီးတိုးရေရွတ်လိုက်သည်။
"မင်း မသေပါဘူး"
"ယွမ်ရှောင် ကျေးဇူးပြုပြီး မလုပ်ပါနဲ့တော့။ ငါ သည်းမခံနိုင်ဘူး။ အကျဥ်းခန်းတစ်ခုထဲမှာ ပိတ်လှောင်ခံထားရသလိုပဲ။ လုံးဝ မလှုပ်ရှားနိုင်ပေမယ့် တစ်ကိုယ်လုံး နာကျင်နေတယ်"
သူမက ယွမ်ရှောင်၏ လက်ကို ဆုပ်ကိုင်ကာ မျက်ရည်များ မျက်လုံးအပြည့် လျှံထွက်နေပြီး တောင်းပန်တိုးလျှိုးနေ၏။
"ဒါဆိုရင် မင်း သေလိုက်ပေါ့။ ငါလည်း ခန္ဓာကိုယ်တစ်ခုကို မပျက်စီးအောင် ထိန်းသိမ်းဖို့ ဒုက္ခခံနေစရာ မလိုတော့ဘူး။ သဘောတူညီချက်ကို မေ့သွားတာလား။ မင်းရဲ့ အသက်အတွက် ငါ့ကို အမှုထမ်းရမယ်"
"မှတ်မိပါတယ်"
အေးစက်သော တုံ့ပြန်မှုကြောင့် သူမ ခေါင်းငုံ့သွားခဲ့သည်။
"မင်းရဲ့တန်ဖိုးကို အဆုံးမဲ့ငရဲပြည်မှာ သက်သေပြနိုင်သရွေ့ ဘာဖြစ်ဖြစ် အရေးမကြီးဘူးလို့ ပြောခဲ့တယ်မလား။ အခု မင်းက တစ်ခေါက်လောက်လေးသေဟန်ဆောင်ခဲ့ရတာကိုတောင် မကျေမနပ် ဖြစ်နေတာလား"
ယွမ်ရှောင်က ငေါက်ငမ်း၍ သူမ၏ မေးကို မြှောက်ကိုင်လိုက်သည်။
"တောင်းပန်ပါတယ်။ ငါ မှားသွားတယ်"
သူမက အကြည့်ချင်း ရင်မဆိုင်ဝံ့ဘဲ မျက်ရည်များ တသွင်သွင် စီးကျလာသည်။
"အမှားကို သိတာ ကောင်းတယ်။ နောက်တစ်ကြိမ် မင်းကို အသုံးချမယ်ဆိုရင် သိပ်မကြာစေရဘူး"
သူက ရုတ်တရက် နူးညံ့သွားကာ သူမ၏ ပါးပြင်ကို တစ်ချက်ပုတ်၍ ရယ်မောလိုက်သည်။ ခြောက်လှန့်မှုသည် သတိပေးချက် ဖြစ်ပြီး ကြင်နာမှုအပေါ် အခွင့်ကောင်းမယူရန် မီးမောင်းထိုးပြလိုက်သဖြင့် သူမအနေဖြင့် မာနကို မျိုချကာ ဆန့်ကျင်လိုစိတ် ပျောက်ကွယ်သွားခဲ့၏။
"ယွမ်ရှောင်"
"ဘယ်လိုခေါ်လိုက်တာလဲ"
"သခင်"
"ဒါကမှ နားထောင်ကောင်းသေးတယ်"
ထိုအချိန်တွင် နားခိုရာဂိုဏ်း၏ နက်ရှိုင်းသော အတွင်းပိုင်း၌ ရွှေရောင်ပုံရိပ်တစ်ခုသည် ပျက်စီးနေသော တိုက်ပွဲကွင်းထံ ရောက်လာခဲ့သည်။ ရွှေရောင်မျက်လုံး လူငယ်သည် ဆိုးရွားရက်စက်သော မြင်ကွင်းကို လျစ်လျူရှုကာ အဘိုးအိုတစ်ထောင်နှင့် မျက်နှာချင်းဆိုင်နေသည်။ သူတို့က မကောင်းဆိုးဝါးဆန်ဆန် သွားဖြဲပြနေပြီ အနောက်ဘက်တွင် ဆံနီအဘိုးအိုမှာ ပုန်းကွယ်နေပုံရသည်။
"မင်း လုံးဝ လွတ်မြောက်သွားပြီလို့ ငါ ထင်နေတာ။ တကယ်တော့ လွတ်မြောက်လာတာ အမွေးတစ်ချောင်း သာသာပါပဲကွာ"
ရွှေရောင်မျက်လုံး လူငယ်က ထီမထင်ဟန်ဖြင့် ပြုံးပြလိုက်လေသည်။