ပဲစေ့စစ်သည်များ
Vol. 29 Ch. 370
စစ်သည်တော်များကိုပင် တုန်လှုပ်သွားစေနိုင်လောက်အောင် ဟိန်းဟောက်နေသည့် အနေအထားမှာ ရွှေရောင်မျက်လုံး လူငယ် ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ပြောင်းလဲသွားပြီး ယွမ်ရှောင်နှင့် ရင်ဆိုင်စဥ်က ကျေနပ်ပျော်ရွှင်နေသော ဆံနီအဘိုးအို၏ မျက်နှာထားမှာ ခပ်မဲ့မဲ့ ဖြစ်သွားသည်။ သူက ချောင်ပိတ်နေသော သားရဲတစ်ကောင်ပမာ အော်ဟစ်နေပြီး အဘိုးအိုအုပ်စုနှင့်အတူ တိုးဝင်လာစဥ် တစ်ဖက်လူ၏ မျက်ဝန်းများ နေနှစ်စင်းပမာ တောက်ပနေ၏။ ထိုအုပ်စု၏ ပြေးလွှားမှုကြောင့် မြေပြင်မှာ တဘုန်းဘုန်း တုန်ခါနေပြီး မျက်နှာများ မဲ့ရွဲ့ကာ အသက်အရွယ်နှင့် မဆိုင်လောက်အောင် လျင်မြန်ဖျတ်လတ်၍ လှောင်ချိုင့်အတွင်းမှ လွတ်မြောက်လာသော တိရိစ္ဆာန်တစ်အုပ်အလားပင်။ ဆံနီအဘိုးအိုသည် အရိပ်တစ်ခုပမာ ပြောင်းလဲ၍ အုပ်စုအကြား ရွေ့လျားနေပြီး ရွှေရောင်မျက်လုံး လူငယ်ထံ တိတ်တဆိတ် ချဥ်းကပ်လာနေသည်။
"ပိုးကောင်တွေ"
သူက တစ်ကိုယ်တော် ခံတပ်ကြီးပမာ တည်ငြိမ်စွာ ရပ်နေပြီး ရန်သူများကို ကြွက်တစ်အုပ်ပမာ သဘောထား၍ အေးစက်စက် ကြည့်နေခဲ့သည်။ လေထဲတွင် ရွှေရောင် သေတ္တာတစ်ခု ထွက်ပေါ်လာ၍ မျက်နှာပြင်ထက်တွင် လျှို့ဝှက်ဆန်းကြယ် ရုန်းများ ရစ်သိုင်းကာ ပွင့်ထွက်လာပြီး စွမ်းအင်မြူခိုးများ လွင့်ပျံလာ၏။ အတွင်း၌ ပဲစေ့တစ်ထောင်ခန့် ကခုန်နေပြီး ရွှေဖြင့် စစ်သည်တော်ပမာ ထွင်းထုထားကာ စစ်ခေါ်သံ စောင့်ဆိုင်းနေသည့် စစ်တပ်အလား ထင်မှတ်ရသည်။
"ချီတက်စမ်း"
သူက ပဲစေ့များကို ဖြန့်ကြဲလိုက်သောအခါ မြေကြီးနှင့် မထိခင်မှာပင် ရွှေရောင်မြူခိုး ပေါက်ကွဲထွက်လာပြီး သံချပ်ကာဝတ် စစ်တပ်အဖြစ် ပြောင်းလဲသွားသည်။ ဤရွှေရောင်စစ်တပ်သည် တောက်ပသော ဝတ်စုံကိုယ်စီဖြင့် မားမားမတ်မတ် ရပ်နေကာ လက်ထဲတွင် ဓားလွတ်ကိုယ်စီနှင့် ပျက်စီးခြင်းကို ဆောင်ယူရန် အဆင်သင့်ဖြစ်၏။ သာမန်မျက်လှည့်ပြကွက်မျိုး မဟုတ်ဘဲ ငရဲကိုးထပ်တွင် သာမန်ကျင့်ကြံသူများ လက်လှမ်းမမီနိုင်သော အစွမ်းမျိုး ဖြစ်သည်။ ၎င်းကို အသုံးချနိုင်ရန်အတွက် ကျင့်ကြံသူတစ်ယောက်သည် တာအိုသဘောတရားများ နားလည်ရန် လိုအပ်သည့်အပြင် စစ်သည်များ ဖန်းတီးရန် ပင်လယ်ကဲ့သို့ အရင်းအမြစ်များစွာ လိုအပ်ပေ၏။
"သတ်လိုက်"
ရွှေရောင်မျက်လုံး လူငယ်က အမိန့်ပေးလိုက်သောအခါ တန်းစီရပ်နေသည့် စစ်သည်တော်များသည် ကြမ်းတမ်းသော အကြည့်ကို အဘိုးအိုအုပ်စုထံ ပြောင်းလဲကာ သုတ်သင်ရှင်းလင်းရန် ဓားသွားများ တဖြတ်ဖြတ် လင်းလက်နေသည်။ ထို့နောက် တိုက်ပွဲစတင်ခဲ့ပြီး အသားနှင့် သံမဏိ ထိပ်တိုက်ရင်ဆိုင်မိသောအခါ အရိုးများ ပေါက်ကွဲထွက်ကုန်ပြီး သံချပ်ကာများ ကြေမွကုန်ရာ မိုးချုန်းသံကဲ့သို့ ဆူညံ၍ နားကွဲမတတ် ကျယ်လောင်နေရာ မည်မျှ ကြမ်းတမ်းကြောင်း သိနိုင်၏။ အင်္ဂါအစိတ်အပိုင်းများ လေထဲတွင် လွင့်ပျံပြီး စစ်သည်တော်များစွာ ဦးခေါင်းများ လိမ်ချိုးခံရ၍ သေဆုံးကုန်သကဲ့သို့ အဘိုးအိုများမှာလည်း ခေါင်းဖြတ်ခံရကာ ဝမ်းဗိုက်များ ဟင်းလင်းဖွင့်ခံလိုက်ရသဖြင့် အူများ အစိတ်အပိုင်းများ ကြောက်မက်ဖွယ် ထွက်ကျကုန်သည်။
သတ်ပွဲအလယ်တွင် ရွှေရောင်မျက်လုံး လူငယ်က ရပ်နေပြီး ပဲ့စေမှ စစ်သည်ဖန်တီးခြင်း ကျင့်စဥ်သည် အံ့သြဖွယ်ကောင်းလွန်းပြီး ငရဲကိုးထပ်ကိုပင် ရှင်းပစ်နိုင်လောက်သည်။ သူက ယွမ်ကျန်းထက် အသက်ဆယ်နှစ်ကြီးပြီး ကျင့်ကြံသူတစ်ယောက်အတွက် အကောင်းဆုံး အရွယ်ဖြစ်သည်။ ယွမ်ကျန်းသည် အသက်ဆယ့်သုံးနှစ်ဖြင့် နောက်ပိုင်းအဆင့် မူလဝိညာဥ်နယ်ပယ်သို့ ကျင့်ကြံနိုင်ခဲ့ပြီး သူ၏ ကျင့်ကြံဆင့်ကိုမူ မသိရပေ။ သူက ရုတ်တရက် ပြုံးလိုက်ပြီး လေထဲသို့ လက်သီးတစ်ချက် ထုတ်ဖော်လိုက်ရာ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လာသည့် ဆံနီအဘိုးအို၏ တိုက်ကွက်နှင့် ရင်ဆိုင်တွေ့သွားသည်။ တန်ပြန်လှိုင်းများသည် မြေပြင်တလျှောက် တုန်ခါသွားပြီး နှစ်ယောက်စလုံး နောက်ဆုတ်လိုက်ရကာ ဆံနီအဘိုးအိုမှာ လေပေါ် မြောက်တက်သွား၍ ရွှေရောင်မျက်လုံး လူငယ်သည် တစ်လှမ်းချင်း ဆုတ်ခွာသွားသော်လည်း ခြေလှမ်းတိုင်း တည်ငြိမ်နေသည်။
"တကယ့်ကို အားနည်းနေတာပဲ"
သူက လက်သီးအထက်ရှိ ခြစ်ရာများကို စစ်ဆေးကာ ကောက်ချက်ချလိုက်ပြီး တစ်ဖက်လူ၏ ခွန်အားအတိုင်းအတာကို စစ်ဆေးပြီးဖြစ်၍ စစ်မှန်သော စွမ်းအား ထုတ်ဖော်ရန် အချိန်တန်နေသည်။ သူ၏ မျက်လုံးများ ပိုမို တောက်ပလင်းလက်ကာ တစ်ကိုယ်လုံး ရွှေရောင်အလင်းများ လွှမ်းခြုံ၍ အရေပြားထက်တွင် သံချပ်ကာပမာ စုစည်းပြီး ခန့်ညားထည်ဝါသော စစ်နတ်ဘုရားတစ်ပါးပမာ တူညီသွားခဲ့၏။
"သိုင်းတာအို ကောင်းကင်ရွှေချပ်ကာ"
ထိုစကားလုံးများကို တီးတိုးရေရွတ်၍ ဆံနီအဘိုးအိုကို သိမ်းငှက်တစ်ကောင်က သားကောင်ကို စိုက်ကြည့်နေသည့်အလား ပြင်းထန်စွာ ပစ်မှတ်ထားလိုက်သည်။ သူက မြင်ကွင်းကို မှုန်ဝါးသွားစေနိုင်သည့် အလျင်မျိုးဖြင့် လှုပ်ရှားကာ ရန်သူ၏ နောက်ကျောတွင် ရုတ်တရက် ထွက်ပေါ်လာ၍ လက်သီးမှာ ရွှေရောင် ကြယ်တံခွန်အလား ကျောပေါ်သို့ တောင်တစ်လုံး ပစ်ချလိုက်သည့်ပမာ ကျရောက်လာ၏။ ဆံနီ အဘိုးအိုက ကြောက်လန့်သွားပြီး အသည်းအသန် ကြိုးစားကာကွယ်လိုက်သော်လည်း လက်သီးချက်မှာ တားဆီးမရနိုင်ခဲ့ပေ။ ထို့နောက် နောက်ထပ် လက်သီးတစ်ချက် ရင်ဘတ်သို့ ဝင်ရောက်လာကာ သွေးများ ပန်းထွက်၍ နံရိုးများ ဖန်သားပမာ ကြေမွပျက်စီးကာ ချိုင့်ဝင်သွားခဲ့သည်။ မျက်နှာတစ်ခုလုံး ကြောက်မက်ဖွယ် တွန့်လိမ်ရှုံ့တွသွားကာ အနက်ရောင်သွေးများ အန်ထွက်၍ အော်ဟစ်ရင်း လွင့်ထွက်သွားရာ ရှုံးနိမ့်သူမှာ ထင်ရှားပေ၏။ တစ်ချိန်က မာနကြီးခဲ့သော သားရဲ၏ ခန္ဓာကိုယ်အစိတ်အပိုင်းမှာ နာကျင်စွာ အော်ဟစ်နေရပြီး မြေပြင်တွင် လိမ့်ထွက်သွားခဲ့သည်။
"နိမ့်ကျတဲ့ သားရဲတစ်ကောင်က အတိတ်ကလို အစွမ်းထက်နေဦးမယ် ထင်ထားတာလား။ မင်းရဲ့ နေ့ရက်တွေ ကုန်ဆုံးသွားပြီ"
ရွှေရောင်မျက်လုံး လူငယ်က လှောင်ပြောင်၍ မည်သည့်ခုခံမှုမဆို ဖျက်ဆီးပစ်မည့် လေသံမျိုးနှင့် ပြောလိုက်သည်။ စိတ်ပျက်အားငယ်နေသော ဆံနီအဘိုးအိုက ဒယိမ်းဒယိုင် ထရပ်လာပြီး ကျိုးပဲ့နေသော ခန္ဓာကိုယ်အထက်၌ သွေးများစွန်းထင်း၍ ရှုံးနိမ့်ကြောင်း သက်သေပင်။
"သတ်ပစ်မယ်"
၎င်းက ဒေါသတကြီး အော်ဟစ်နေသော်လည်း ရုတ်တရက် နောက်လှည့်ကာ နားခိုရာဂိုဏ်း၏ စင်္ကြံလမ်း အတွင်းပိုင်းသို့ ရှင်သန်လိိုစိတ်ဖြင့် ထွက်ပြေးသွားခဲ့သည်။
"ထွက်ပြေးတာလား"
လူငယ်က ကျေနပ်စွာ ရယ်မောနေရင်း လှံတစ်စင်း ပစ်လွှတ်လိုက်သည့်ပမာ ပြေးထွက်၍ သားကောင်ကို လိုက်လံဖမ်းဆီးခဲ့၏။
"ရှေးဟောင်းအပျက်အစီးနယ်မြေရဲ့ ကျင့်ကြံသူတစ်ယောက်ကို လျှော့တွက်လို့ မရဘူး။ ငါ ထင်ထားသလိုပဲ"
နားခိုရာဂိုဏ်း၏ တံခါးအပြင်ဘက်တွင် ယွမ်ရှောင်သည် တောင်ထိပ်တစ်ခု၌ မတ်တပ်ရပ်နေပြီး အတွင်းမှာ တုန်ခါမှုများနှင့် နီအန်သားရဲ၏ နာနာကျင်ကျင် အော်သံများကြောင့် စဥ်းစားခန်းဝင်နေသည်။ သူ့ကို စိတ်မပျက်မသာ ဖြစ်စေသည်မှာ ရွှေရောင်မျက်လုံး လူငယ်၏ စွမ်းအား မဟုတ်ဘဲ ကာကွယ်ရန် ကြိုးစားနေသူများ၏ ဝန်ထုပ်ဝန်ပိုး ဖြစ်သည်။ သူက ဓားအစောင့်အရှောက်နှင့် သစ္စာခံများကို ဘေးကင်းရာ ပို့ဆောင်လိုက်သော်လည်း ပုန်ကန်ဆူပူချင်နေသည့် ရုန်းကျင့်ကြံသူများနှင့် ယန်မိစ္ဆာများအနက် အသံအကျယ်ဆုံး အယောက်တစ်ရာစီ သတ်ဖြတ်ခဲ့သည်။
"ဒါက မင်းတို့ရဲ့ နောက်ဆုံးအခွင့်အရေးပဲ။ တန်ဖိုးထားကြ၊ မဟုတ်ရင် မင်းတို့ ငရဲပြည်တွေမှာ ကံပင်လယ်နယ်ပယ် ကျင့်ကြံသူအဆင့် တစ်ယောက်မှ မကျန်စေရဘူး"
ယွမ်ရှောင်က မျက်နှာများ ပြာနှမ်းနေသည့် ကျင့်ကြံသူများထံ ရာဇသံပေးလိုက်သဖြင့် စိတ်ဓာတ်ကျဆင်းကာ ဒူးထောက်ကျသွား၏။
"တမန်တော် နီအန်သားရဲကို သတ်ဖြတ်နိုင်ခဲ့ပါသလား"
အချိန်တစ်ခုအကြာတွင် နားခိုရာဂိုဏ်းအတွင်းမှ ထွက်လာသော ရွှေရောင်မျက်လုံး လူငယ်ထံ သူက ချဥ်းကပ်ကာ သတင်းစုံစမ်းလိုက်သည်။
"သူ တော်တော်လေး ဒဏ်ရာပြင်းထန်ခဲ့ပေမယ့် လွတ်မြောက်သွားတယ်"
လူငယ်က စိတ်ဓာတ်ကျနေဟန်ဖြင့် ခေါင်းယမ်းပြသည်။
"ကျုပ် နားလည်ပါပြီ။ ဒီလောက်ဆိုရင်ကို တော်တော် အထင်ကြီးစရာကောင်းပါတယ်"
ယွမ်ရှောင်က ချီးကျူးလိုက်ပြီး ဆံနီအဘိုးအိုနှင့် တိုက်ပွဲအပြီးတွင် ဒဏ်ရာ လုံးဝ မရခဲ့သော တစ်ဖက်လူကို စိတ်ထဲမှ အံ့သြနေခဲ့၏။
"မင်းရဲ့ နောက်လိုက်တွေကို အုပ်စုရှစ်ခု ခွဲပြီး နားခိုရာဂိုဏ်းရဲ့ တံခါးရှစ်ခုကို စောင့်ကြည့်ခိုင်းထားလိုက်။ အဲ့ဒီသားရဲအဘိုးကြီး ထွက်ပြေးဖို့ ကြိုးစားရင် ငါ့ကို အမြန်ဆုံး အကြောင်းကြား။ နီအန်သာ လွတ်မြောက်သွားရင် သာမန်ပြည်သူတွေအပေါ် ဘေးဒုက္ခဖြစ်စေလိမ့်မယ်။ မရေမတွက်နိုင်တဲ့ အသက်တွေကို မင်း ပခုံးပေါ်မှာ ထမ်းထားရတယ်။ နားလည်လား"
"ကောင်းပါပြီ"
လူငယ်၏ ညွှန်ကြားချက်ကို သူက ချက်ချင်း နာခံလိုက်ပြီး လက်အောက်ခံ ကျင့်ကြံသူများကို နားခိုရာဂိုဏ်း၏ အခြားတံခါးများထံ စေလွှတ်လိုက်သည်။ အမှန်တကယ်၌ သူက ကြိုတင်စီစဥ်ထားပြီးဖြစ်သော်လည်း ရွှေရောင်မျက်လုံး လူငယ်ရှေ့မှောက်တွင် အခြေအနေကို ထိန်းချုပ်ထားနိုင်ကြောင်း ပြသပေးခဲ့၏။
"သာမန်ကောင်တွေ ထွက်လာရင်တော့ မင်းလူတွေ ကိုင်တွယ်နိုင်လို့ ကိစ္စမရှိဘူး။ ဆံနီကောင် ပေါ်လာရင်တော့ အကုန် ပြဿနာတက်ကုန်မယ်"
ရွှေရောင်မျက်လုံး လူငယ်က လေးနက်စွာ သတိပေးလိုက်သည်။
"ဟုတ်ကဲ့"
ယွမ်ရှောင်က ခေါင်းညိတ်ပြ၏။
"ညီနှစ် နီအန်သားရဲ အကြွင်းအကျန်တွေကို ရှင်းပစ်ဖို့ ရှေးဟောင်းအစောင့်တစ်ဖွဲ့ စေလွှတ်ပေးနိုင်တယ်။ လွတ်မြောက်လာတဲ့ အဘိုးအိုတွေ အဝေးမရောက်အောင် သေချာလုပ်။ မင်း သေချာ စောင့်ကြည့်နိုင်ရင် ဆုလာဘ် ချီးမြှင့်မယ်။ အသက်ဆယ့်ခြောက်နှစ်နဲ့ ငရဲကိုးထပ် ဘုရင်ဖြစ်လာတယ်ဆိုတော့ မင်းအနောက်မှာ ထောက်ခံမှုတွေ ရှိရမယ်"
ထိုလူငယ်က ယွမ်ရှောင်၏ ခွန်အားထက် နောက်လိုက်များကို စုစည်းနိုင်စွမ်းအပေါ် ချီးကျူးခြင်းဖြစ်ကာ အထင်ကြီးနေမိသည်။
"ကျုပ် အစွမ်းကုန် ကြိုးစားမယ်"
"ညီသုံးရော ဘယ်မှာလဲ"
ရွှေရောင်မျက်လုံး လူငယ်က ယွမ်ရှောင်၏ ကတိကို လျစ်လျူရှုကာ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်၍ မေးခွန်းထုတ်သည်။
"ခင်ဗျားတို့ သုံးယောက် နားခိုရာဂိုဏ်းထဲကို ဝင်သွားပြီးကတည်းက သူ ပြန်ထွက်လာတာ မမြင်မိပါဘူး"
"ဒါဆိုရင် သူက ပြန်ထွက်မလာဘူးလား"
"ကျုပ်တို့အားလုံး ဒီမှာ တစ်ချိန်လုံး ရှိနေခဲ့တယ်။ အရိပ်အယောင်တောင် ထွက်လာတာ မတွေ့ရဘူး"
ယွမ်ရှောင်က အဖြေကို အတည်ပြုပေးလိုက်၏။
"ဒီလူမိုက်ကတော့ အမေ အလိုလိုက်ထားလို့ ဆိုးချင်တိုင်း ဆိုးသွမ်းနေတာပဲ"
လူငယ်၏ မျက်နှာက မည်းနက်သွားပြီး လေသံအရ ယွမ်ကျန်း ဤသို့ ဒုက္ခပေးသည်မှာ ပထမဆုံးအကြိမ် မဟုတ်ကြောင်း သိသာနေသည်။
"သူ့နောက်ကို ငါ လိုက်သွားမယ်။ တံခါးတွေကို စောင့်ကြည့်ထားပြီး သတင်းထူးရင် အကြောင်းကြား။ ရှေးဟောင်းအစောင့်တပ် ရောက်လာရင် အခြေအနေကို ရှင်းပြလိုက်"
စကားအဆုံးတွင် ရွှေရောင်မျက်လုံး လူငယ်သည် အလင်းတန်းတစ်ခု အဖြစ် ပြောင်းလဲကာ နားခိုရာဂိုဏ်းသို့ ပြန်လည် ဝင်ရောက်သွားပြီး ယွမ်ရှောင်အား စောင့်ကြည့်ရန် အမိန့်ပေးထားခဲ့လေသည်။