← Chapters

အာဏာစက်ပြင်းပြင်း စစ်သူကြီးမ

Vol. 29 Ch. 371

အာဏာစက်ပြင်းပြင်း စစ်သူကြီးမ

Vol. 29 Ch. 371

"ဒီကောင်ရဲ့ ဖန်ဆင်းရှင်မျိုးစေ့က မဆိုးဘူး"

"ဘယ်လိုမျိုးလဲ"

"ဒါက နတ်ဆိုးအရှိန်အဝါ မပါဝင်ဘဲ ရုပ်ခန္ဓာကို အားကောင်းလာစေနိုင်တယ်။ လူသားတစ်ယောက်ရဲ့ ပိုင်ဆိုင်မှုဆိုတော့ လနတ်သားကို လွှဲပေးစရာမလိုဘဲ မင်းကိုယ်တိုင် အသုံးပြုနိုင်တယ်"

ရွှေရောင်မျက်လုံး လူငယ် ထွက်ခွာသွားသောအခါ အင်္ကျီရင်ဘတ်အတွင်းမှ ကြယ်ပြာက ခေါင်းပြူထွက်လာ၍ ရှင်းပြခဲ့သည်။ ဤအချက်သည် ကံကောင်းခြင်း ဖြစ်ပြီး ဒန်တန်နှင့် သွေးကြောများ လုံလောက်အောင် အားကောင်းသော်လည်း ခန္ဓာကိုယ်အနေဖြင့် တိုက်ခိုက်စရာမလိုသည့်တိုင်အောင် ပိုမို အစွမ်းထက်လာမည်က ယွမ်ရှောင်အတွက် တွေးစရာ ဖြစ်လာခဲ့သည်။

"ကြည့်ရတာ ရှေးဟောင်းနယ်မြေမှာ သိုင်းကျင့်ကြံသူတွေက နေရာတစ်ခု ရထားပုံပဲ။ လေ့လာရသလောက်တော့ အကျိုးမယုတ်ဘူး"

ယွမ်ရှောင်က တစ်ဖက်လူ ထွက်ခွာသွားသော လားရာကို စိုက်ကြည့်ရင်း မှတ်ချက်ချကာ ကိုယ့်ကိုကိုယ် ပြန်လည်တည်ဆောက်၍ ကောင်းကင်သို့ တစ်ထစ်ချင်း တက်လှမ်းသွားရန် ရည်ရွယ်ထား၏။ သူ ကြားဖူးထားသလောက်အရ လောကများတစ်ခွင် လှည့်ပတ်သွားလာနေသော ဤနယ်မြေကြီးသည် အစွမ်းထက်တာအိုနယ်မြေတစ်ခု ဖြစ်မည်မှာ မလွဲပေ။ သို့ရာတွင် အမြဲမပြတ် သွားလာနေလျှင် ငရဲကိုးထပ်သို့ မည်သည့်အချိန်တွင် ပြန်လာမည်ကို မသိနိုင်သောကြောင့် တက်လိုက်သွားလျှင် ကျောက်ရန်ရန်နှင့် အဆက်အသွယ် ပြတ်သွားနိုင်၏။

"ဖန်ဆင်းရှင် ဖြစ်လာဖို့က အရေးကြီးတာလား။ မဟုတ်ရင် မင်းရဲ့ အစ်မကျောက်က အရေးကြီးတာလား"

ထိုအတွေးကို ရိပ်စားမိသော ကြယ်ပြာက စကားနာထိုးလိုက်သည်။

"အစ်မကျောက်ပေါ့ကွ"

"မင်းကတော့ ရူးနေပြီ။ အချစ်ကြောင့် ဘဝမှာ ရှုံးနိမ့်လိမ့်မယ်"

ယွမ်ရှောင်၏ အဖြေစကားကြောင့် ၎င်းမှာ ဆွံ့အသွားသည်။

"မင်းတို့ နားမလည်ပါဘူး။ လူသားတွေ တိုက်ခိုက်နေရတဲ့ အကြောင်းအရင်းက စိုးရိမ်စရာမရှိဘဲ အိမ်ကို ပြန်လာနိုင်ဖို့ပဲလေ"

ကျောက်ရန်ရန်နှင့်အတူ ရှိနေရလျှင် သူ့အတွက် အိမ်ဖြစ်ပြီး အသူရာဓားဂိုဏ်းမှ ထွက်လာကတည်းက တစ်ကိုယ်တော်မဟုတ်တော့သဖြင့် အိမ်ပြန်လမ်းမှာ အရေးကြီးပေသည်။ ရွှေရောင်မျက်လုံး လူငယ်က ယွမ်ကျန်းကို ရှာမတွေ့လျှင် နောက်တစ်ကြိမ်ရင်ဆိုင်ရမည် ဖြစ်သောကြောင့် သူက အကြံထုတ်နေခဲ့သည်။ ထိုအချိန်မှာ ရှေးဟောင်းအစောင့်တပ်က ဦးစွာရောက်ရှိလာပြီး တိတ်ဆိတ်နေသော ညနက်နက်တွင် ကောင်းကင်မှာ ရုတ်တရက် မျက်စိကျိန်းလောက်အောင် လင်းလက်၍ ဘုန်းခနဲ ပေါက်ကွဲသံများ ပေါ်ထွက်လာသည်။ မော့ကြည့်လိုက်သောအခါ ဧရာမ ရောင်စုံလှေကြီးတစ်စင်း ဆင်းသက်လာကာ နောက်ထပ် လတစ်စင်း ထွက်ပေါ်လာသကဲ့သို့ တောက်ပနေပြီး လူထောင်ပေါင်းများစွာ သက်တောင့်သက်သာ နေနိုင်လောက်သော မြို့ငယ်လေးတစ်ခုနှင့်ပင် တူညီနေ၏။

"အစွမ်းထက်တယ်"

လှေပေါ်မှ ကျင့်ကြံသူများကို မမြင်ရသေးခင်မှာပင် ယွမ်ရှောင်သည် အံ့သြနေရပြီး အင်မော်တယ်ကျင့်ကြံခြင်းတွင် အားကြီးသူများ၏ အလိုအလျောက် ဖိအားကို ခံစားလိုက်ရသည်။ အစွမ်းထက် ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာသည့်အတွက် လွန်ခဲ့သော ဆယ်ရက်အတွင်း သူ၏ တိုးတက်မှုမှာ မပြောပလောက်တော့ပေ။ ကံကောင်းသည်မှာ သူက ထိုကျင့်ကြံသူများနှင့် ရန်သူများ မဟုတ်ဘဲ ပြဿနာမရှာဘဲ ခပ်လျှိုလျှိုနေခြင်းသည်သာ အကောင်းဆုံး ဖြစ်ကြောင်း နားလည်ထား၏။ သူက တစ်ကိုယ်တော်ဆိုလျှင် မည်သည်ကိုမှ မကြောက်သော်လည်း ငရဲကိုးထပ်ရှိ အပြစ်မဲ့ပြည်သူများကို မထိခိုက်စေလိုချေ။ ယွမ်ကျန်း၏ လုပ်ရပ်သည် ရှေးဟောင်းနယ်မြေနှင့် ငရဲကိုးထပ်အကြား လူတန်းစားကွာဟမှုကြောင့် တစ်စိတ်တစ်ပိုင်းပါဝင်သော်လည်း ကိုယ်ကျင့်တရား ပျက်ပြားနေသူ ဖြစ်၏။

ထိုအချိန်တွင် ရှေ့တည့်တည့်သို့ လှေကြီးက ဆင်းသက်လာသောကြောင့် ယွမ်ရှောင်၏ အဖြူရောင် ဝတ်ရုံနှင့် အနက်ရောင် ဆံပင်ကို ရောင်ပြန်ဟပ်ကာ တင့်တယ်လှပစေခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံသူအုပ်စု တစ်ခု ဆင်းသက်လာကာ အဖြူရောင်သံချပ်ကာ၊ သံခမောက်နှင့် သံဖိနပ်များ ဝတ်ဆင်ထားပြီး သိုင်းကျင့်ကြံသူများ ဖြစ်နေ၏။ ၎င်းတို့မှာ ထိပ်တန်းရတနာများ ဖြစ်၍ ရုန်းစာလုံးများ စီးဆင်းနေကာ တောက်ပလွန်းပြီး ကာကွယ်နိုင်စွမ်း ကြီးမားပေလိမ့်မည်။ ထိုရတနာများသည် နဂါးတံဆိပ်နှင့် တန်းတူ အဆင့်အတန်း ရှိပြီး ကျင့်ကြံသူများမှာ မီးမိစ္ဆာထက်ပို၍ သန်မာကြောင်း သူ ခံစားမိလိုက်သည်။ ရှေးဟောင်းနယ်မြေ၏ အင်အားမှာ ထင်ရှားပြီး ငရဲကိုးထပ်ထက် အဆများစွာ သာလွန်၍ မရေမတွက်နိုင်သည့် ကမ္ဘာများကို ဖြတ်သန်းသွားလာနိုင်စွမ်း ရှိသော အင်အားစု ဖြစ်ထိုက်ပေသည်။

ယွမ်ရှောင်အနေဖြင့် ကိုယ်ပွားနှင့် သွေးကျွန်ကို မပေါင်းစပ်ထားလျှင် အစောင့်တစ်ယောက်ကိုပင် ယှဥ်နိုင်မည်မဟုတ်ဘဲ ရှေ့မှောက်သို့ အယောက် ၂၅၀ခန့် ရောက်ရှိလာသည်။ အများစုမှာ ကျင့်ကြံခြင်း၏ အကောင်းဆုံး အသက်အရွယ်တွင် ဖြစ်ကာ စိတ်ပိုင်းဖြတ်ထားဟန်ဖြင့် အေးစက်စက် မျက်နှာထားများက ကျွမ်းကျင်သော စစ်သည်များဖြစ်ကြောင်း ထင်ဟပ်နေ၏။ ရွှေရောင်မျက်လုံး လူငယ်တစ်ယောက်တည်းကပင် ဆံနီအဘိုးအိုကို အနိုင်ယူနိုင်သော်လည်း ဤပမာဏမျိုးအထိ ရောက်ရှိလာခြင်းမှာ နီအန်သားရဲအပေါ် အလေးအနက်ထားကြောင်း သိနိုင်သည်။ ထိုနယ်မြေက ၎င်းကို အမြစ်ပြတ်ချေမှုန်းပြီး မည်သည်ကိုမှ မစွန့်စားရန် ဆုံးဖြတ်ထားပုံပေါ်သည်။

အစောင့်၂၅၀က ဘေးနှစ်ဖက်ခွဲထွက်ကာ လမ်းတစ်ခု ဖန်တီးလိုက်သဖြင့် အရေးကြီးပုဂ္ဂိုလ်တစ်ယောက် ရောက်ရှိလာမည်ဟု ရည်ညွှန်းနေသည်။ လှေကြီး၏ တောက်ပသော အလင်းအောက်တွင် အရပ်ရှည်ရှည် ပုံရိပ်တစ်ခု ထွက်ပေါ်လာကာ နှင်းဖြူရောင်သံချပ်ကာနှင့် ဖီးနစ်အမွေးထိုးထားသည့် စစ်သုံးခမောက်တစ်ခု ဝတ်ဆင်ထား၏။ ထိုပုံရိပ်က အမျိုးသမီး တစ်ယောက် ဖြစ်၍ ဆွဲဆောင်မှု ရှိသော်လည်း ပြင်းထန်သော အရှိန်အဝါ ပိုင်ဆိုင်ထားကာ မည်သူမှ တည့်တည့် ကြည့်ဝံ့မည်မဟုတ်ပေ။ ပို၍ စိတ်ဝင်စားစရာကောင်းသည်မှာ မာကျောသော သံချပ်ကာနှင့် မလိုက်ဖက်သော မျက်နှာလေးဖြစ်ကာ သံမဏိအကြားမှ နှင်းစက်ပမာ ထင်မှတ်ရ၏။ သူမက လှေကြီး၏ ဦးပိုင်းတွင် ရပ်နေပြီး လောကကြီးတစ်ခုလုံးကို ပိုင်ဆိုင်သည်ဟူသော သဘောထားမျိုးဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်နေသည်။

သြဇာလွှမ်းမိုးသော တည်ရှိမှု၊ စစ်မှန်သော ခွန်အားနှင့် ခြိမ်းခြောက်နိုင်စွမ်းအရ ထိုအမျိုးသမီးသည် ရွှေရောင်မျက်လုံး လူငယ်ထက် ပို၍ အဆင့်အတန်း မြင့်မားပေလိမ့်မည်။ ယွမ်ရှောင်က သင့်တော်သော ဘွဲ့အမည်ကို မသိသောကြောင့် နှိမ့်ချ၍ ကိုယ့်ကိုကိကိုယ် မိတ်ဆက်လိုက်သည်။

"ကျုပ်က ယွမ်ရှောင်ပါ။ လေးစားရတဲ့ အင်မော်တယ်တွေအတွက် အမှုထမ်းပေးဖို့ အသင့်ပါပဲ"

အစောင့်တပ်သားများသည် သူ့ကို သတိထားမိကြပြီး တည်ငြိမ်နေကာ ပြေပြစ်လွန်းသော ရုပ်ရည်ကြောင့်သာ အံ့သြနေခဲ့သည်။

"ယွမ်ရှောင်တဲ့လား"

သူမက ခန္ဓာကိုယ် ညွှတ်ကိုင်း၍ ငုံ့ကြည့်လိုက်ပြီးမှ အဖြူရောင်ဝတ်လူငယ်ကို သတိထားမိသွားကာ အံ့သြသွားပုံပေါ်သည်။

"ယွမ်ဝူ ဘယ်မှာလဲ"

သူမက တစ်ချက်အကဲခတ်၍ ပြုံးပြပြီးနောက် နားခိုရာဂိုဏ်းသို့ စိုက်ကြည့်ကာ အေးစက်စက် မေးလာခဲ့သည်။

"သူက နီအန်ရဲ့ အစိတ်အပိုင်းကို ဒဏ်ရာရအောင် တိုက်ခိုက်ပြီး လိုက်လံ ဖမ်းဆီးနေပါတယ်"

ယွမ်ရှောင်က အဖြေပေးလိုက်သည်။

အမျိုးသမီးက စကားတစ်ခွန်းမှ ဆက်မပြောဘဲ လက်ဟန်ပြလိုက်သောအခါ တပ်သားများအားလုံး လှစ်ခနဲ ပြေးထွက်သွား၍ အုပ်စု ရှစ်ခုခွဲကာ နားခိုရာဂိုဏ်း တံခါးရှစ်ပေါက်အတွင်း အသီးသီး ဝင်ရောက်သွားကြသည်။ ယွမ်ရှောင်နှင့် သူမသာ ကျန်ရစ်သောအခါ လေထဲသို့ ခုန်တက်၍ လှေပေါ်မှ ဆင်းသက်လာကာ ခဏအတွင်း ရှေ့မှောက်သို့ ရောက်ရှိလာခဲ့၏။

"ယွမ်ရှောင် နီအန်ကို ငါသတ်ပြီးရင် ရှေးဟောင်းနယ်မြေကို လိုက်ခဲ့ရမယ်"

သူမက သူ၏ ပါးပြင်ကို ပွတ်သပ်ကာ ရုတ်တရက် အမိန့်ပေးလိုက်သည်။

"ဘာကြောင့်လဲ"

ယွမ်ရှောင်က တအံ့တသြ ဖြစ်သွားကာ ပြန်လည် မေးခွန်းထုတ်၏။

"ရှေးဟောင်းနယ်မြေကို ရောက်ရင် သိရမှာပေါ့"

စကားအဆုံးတွင် ဝှစ်ခနဲ ပျောက်ကွယ်သွားသောကြောင့် သူက နေရာတွင် စဥ်းစားခန်းဝင်ရင်း ကျန်ရစ်ခဲ့လေသည်။

All Chapters