ကျားသားစားရန် ဝက်ဟန်ဆောင်သူ
Vol. 29 Ch. 372
ရှေးဟောင်းအစောင့်များသည် နားခိုရာဂိုဏ်းကို တံခါးရှစ်ပေါက်မှ ဝင်စီးလိုက်ကြပြီး အဘိုးအိုများ လွတ်မြောက်နိုင်သည့် လမ်းကြောင်းအားလုံးကို ပိတ်ဆို့ပစ်လိုက်သည်။ ဤတပ်သား ၂၅၀ ကျော်က အလေးအနက်ထား၍ တစ်လှမ်းချင်း ရှေ့တိုးလာရာ တိုက်ပွဲကွင်းအနားတွင် စုစည်းမိကြပြီး နေရာတိုင်း ဖြန့်ကျက်ထိန်းချုပ်ထား၏။ အမှောင်ထဲတွင် အဖြူရောင်သံချပ်ကာများ တောက်ပနေပြီး ရင်ဘတ်ချပ်ကာနေရာ၌ စက်ဝိုင်းသဏ္ဍာန် သင်္ကေတများ ရှိပြီး ရှေးဟောင်းနယ်မြေမှ အဆင့်အတန်းကို ဖော်ပြနေသည်။
"ဘယ်သူက တာဝန်ခံလဲ"
သူတို့ နေရာယူပြီး မကြာခင်မှာပင် ရွှေရောင်မျက်လုံး လူငယ် ယွမ်ဝူ ရောက်ရှိလာကာ မေးခွန်းထုတ်လိုက်၏။ စကားအဆုံးတွင် အရှိန်အဝါပြင်းပြင်းနှင့် အမျိုးသမီး ထွက်ပေါ်လာကာ တစ်ချက် စိုက်ကြည့်လိုက်သဖြင့် သူ၏မျက်နှာထား ပြောင်းလဲကာ သူမကို တွေ့ချင်ပုံမရပေ။
"ကျန်းချင်းဝေ"
"နီအန်ရဲ့ အကြွင်းအကျန်တွေ ဘယ်မှာလဲ"
"ငါက အဲ့ဒါကို အားနည်းသွားအောင် လုပ်ပြီးပြီ။ ဘာခြိမ်းခြောက်မှုမှ မရှိတော့ဘူး"
ကျန်းချင်းဝေက အေးစက်စက် မေးလာသောအခါ သူကလည်း ခပ်တင်းတင်း ပြန်ဖြေလိုက်သည်။
"မင်းကြောင့်လား။ နီအန်က အဲ့လောက် အားနည်းလို့လား"
သူမက မျက်ခုံးတစ်ချက်ပင့်၍ ရေရွတ်သည်။
"သေးငယ်တဲ့ အစိတ်အပိုင်းတစ်ခုပဲ လွတ်မြောက်လာတာပါ"
ထိုစကားကြောင့် အစောင့်တပ်သားများ သက်ပြင်းချလိုက်ပြီး နီအန်သားရဲ လွတ်မြောက်လာသည်ဟူသော သတင်းက သူတို့ကို အမှန်တကယ် စိုးရိမ်စေခဲ့သည်။ ကျန်းချင်းဝေသည် ထွက်ပေါက်အားလုံး ပိတ်ဆို့၍ စေ့စေ့စပ်စပ်ရှာဖွေကာ တွေ့သမျှ သတ်ပစ်ရန် အမိန့်ပေးလိုက်သောအခါ သူတို့က တာဝန်ထမ်းဆောင်ရန် လူခွဲထွက်သွားကြ၏။
"တစ်ခုလောက် အကူအညီတောင်းပါရစေ"
အထက်တန်းလွှာမျိုးနွယ်တစ်ယောက်က ရုတ်တရက် အကူအညီတောင်းလာသဖြင့် လူတိုင်း အံ့သြနေကြသည်။
"ပြော"
"ညီလေးယွမ်ကျန်းကို ဒီနေရာမှာ မျက်ခြည်ပြတ်သွားတယ်။ ကျေးဇူးပြုပြီး သူ့ကို ရှာပေးပါ"
ယွမ်ဝူ၏ တောင်းဆိုချက်က ရိုးရှင်းပြီး ယွမ်ကျန်းကို တွေ့လျှင် အချက်ပြလိုက်ရုံဖြင့် လုံလောက်သည်။ အချိန်တစ်ခုအကြာတွင် အဖွဲ့တစ်ဖွဲ့ ပြန်လည်ရောက်ရှိလာကာ နီအန်သားရဲ အကြွင်းအကျန် ချောင်ပိတ်နေကြောင်း သတင်းပို့လာ၏။ ကျန်းချင်းဝေနှင့် ယွမ်ဝူ ဦးဆောင်၍ အစောင့်တပ်သားများ လျှပ်စီးပမာ အလျင်အမြန် ချီတက်သွားကြပြီး မှောင်မိုက်သော ဥမင်လှိုဏ်ခေါင်းတစ်ခု အတွင်း ဝင်ရောက်သွားသည်။ လမ်းအဆုံးတွင် အက်ကြောင်းကြီးတစ်ခု တည်ရှိကာ ဟိန်းသံများ ထွက်ပေါ်နေ၍ ပတ်ဝန်းကျင် ကျောက်တုံးများတွင် သွေးများစွန်းထင်း၍ အဘိုးအိုများ အသားလုံးကြိတ်သော နေရာပင် ဖြစ်၏။
အစောင့်များက အက်ကြောင်းကို ပိတ်ဆို့ထားကြပြီး အဘိုးအို အရေအတွက် ကိုးရာကျော်သည် ချောင်ပိတ်နေကာ ပြင်းထန်စွာ ဒဏ်ရာရထားပြီး ခြေလက်များ ပြတ်တောက်၍ သွေးထွက်လွန်နေသည်။ ရင်ဘတ်တစ်ခုလုံး ချိုင့်ဝင်နေသော ဆံနီအဘိုးအိုသည် ဒယိမ်းဒယိုင် ရပ်နေကာ သေလုမျောပါးဖြစ်နေပုံရ၏။
"ကြက်သတ်ဖို့ ဓားတစ်လက် မလိုအပ်ပါဘူး။ ထောက်လှမ်းရေး သတင်းနောက်ကျသွားလို့ မဟုတ်ရင် မင်းတို့ ရောက်လာစရာတောင် မလိုဘူး"
ယွမ်ဝူက လက်ပိုင်၍ ကိုယ့်ကိုကိုယ် ဂုဏ်ယူဟန်ဖြင့် ပြောလိုက်သည်။
"ကောင်းပြီ။ ကြိုက်သလိုလုပ်၊ မင်းကို ကာကွယ်ပေးမယ်"
ကျန်းချင်းဝေက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သောအခါ ယွမ်ဝူမှာ အဘိုးအိုများထံ တစ်ကိုယ်တော် ပြေးဝင်သွားခဲ့သည်။ သူ၏ အတွေးတွင် ဒဏ္ဍာရီလာ သားရဲကို အထင်သေးနေပြီး ညီနှစ်ကို စေလွှတ်ခဲ့ရန် မလိုအပ်ဟု ထင်နေ၏။ လက်ရှိတွင် အစောင့်တပ်က ကူညီသည်ဖြစ်စေ၊ မကူညီသည်ဖြစ်စေ အောင်ပွဲ၏ အကျိုးခံစားခွင့် ရကြပေလိမ့်မည်။ သူက ဆံနီအဘိုးအိုကို အာရုံစိုက်ကာ ရွှေရောင်အလင်းပမာ တိုးဝင်သွားသောအခါ လမ်းရှိ အဘိုးအိုများ လွင့်ထွက်ကုန်သည်။
"နီအန်က တကယ်အားနည်းနေတာပဲ။ အကြာကြီး ပိတ်မိနေတော့ နောက်ဆုံးအင်အားပဲ ကျန်နေတာ ဖြစ်ရမယ်"
အစောင့်တပ်သားများက အချင်းချင်း တီးတိုးပြောဆိုနေကြပြီး တိုက်ပွဲကို စောင့်ကြည့်နေကာ ဝိုင်းဝန်းပိတ်ဆို့ရန် တာဝန်ရှိသူများပင် ပေါ့လျော့နေကြ၏။ ထိုအခိုက်အတန့်တွင် ယွမ်ဝူသည် ဆံနီအဘိုးအိုကို ရက်စက်ကြမ်းကြုတ်စွာ နှစ်ပိုင်းဖြတ်ပစ်ကာ ရွှေရောင်မီးလျှံဖြင့် ပြာချပစ်လိုက်သည်။
"သမိုင်းထဲက သားရဲဟာ သမိုင်းထဲက ထွက်မလာသင့်ဘူး"
သူက လက်နှစ်ဖက်ကို ဖုန်ခါရင်း အဘိုးအို အလောင်းများကို ကျော်လွှားကာ အစောင့်တပ်ဖွဲ့ထံ ပြန်လာသောအခါ ချီးကျူးသံများ ဆူညံသွား၏။
"အစွမ်းထက်တယ်။ အရည်အချင်း ရှိတယ်။ တကယ့်ကို စစ်မှန်တဲ့ သိုင်းတာအိုကျင့်ကြံသူပဲ"
"ဒါတွေကို ရှင်းလင်းလိုက်ကြ"
ယွမ်ဝူက လက်ကျန်အဘိုးအိုများကို ရှင်းလင်းရမ် စိတ်မပါတော့သဖြင့် အစောင့်တပ်သားများထံ လွှဲပေးလိုက်ပြီး ဆံနီအဘိုးအိုမှလွဲလျှင် စက္ကူကျားများသာ ဖြစ်၏။
"မင်းတို့ လာစရာ မလိုအပ်ဘူး"
"အနည်းဆုံးတော့ ငါက ယွမ်ကျန်းကို ရှာဖွေဖို့ ကူညီပေးနိုင်တယ်။ ဘယ်သူသိနိုင်မလဲ ဒီကောင်ရဲ့ ခေါင်းကို နီအန်ရဲ့ ဗိုက်ထဲမှာ တွေ့ချင်တွေ့မှာပေါ့"
ကျန်းချင်းဝေကမူ ထိုလူငယ်အပေါ် လေးစားမှုမရှိဘဲ ပခုံးတွန့်၍ ပြောလိုက်သည်။ ယွမ်ဝူ၏ မျက်လုံးများ ကျဥ်းမြောင်းသွားကာ ပတ်ဝန်းကျင်မှာ အေးစက်စက် ဖြစ်လာပြီး ညီဖြစ်သူကြောင့် ခေါင်းကိုက်နေရ၏။
"ဟင်"
သိမ်မွေ့သော ပြောင်းလဲမှုကို အာရုံခံမိသောကြောင့် ကျန်းချင်းဝေမှာ ကျောစိမ့်သွားပြီး အက်ကြောင်းအတွင်းမှ အဝါရောင် မျက်လုံးကြီးကို သတိထားမိသွားကာ ၎င်းသည် အစောင့်တပ်သားများကို မကျေမနပ် စိုက်ကြည့်နေ၏။
"နီအန်က ဒီအက်ကြောင်းထဲမှာ ရှိနေတာလား"
ယွမ်ဝူကိုယ်တိုင်လည်း တုန်လှုပ်သွားကာ ခေတ္တခဏ မင်သက်သွားခဲ့သည်။
"အခုချက်ချင်း နောက်ဆုတ်စမ်း"
ကျန်းချင်းဝေက ချက်ချင်း အမိန့်ပေးလိုက်သော်လည်း နောက်ကျသွားပြီး ကျဥ်းမြောင်းသော ဥမင်အတွင်း ထောင်ချောက်မိပြီဖြစ်၏။ အဝါရောင်မျက်လုံးသည် အလင်းတန်းတစ်ခု ပစ်ထုတ်လိုက်ပြီး ဒဏ်ရာပြင်းထန်သော အဘိုးအိုများမှာ ပြန်လည်ကောင်းမွန်လာ၍ တကျွတ်ကျွတ်မြည်သံနှင့်အတူ အကောင်းပကတိ မတ်တပ်ထရပ်လာကြသည်။ ကြောက်စရာကောင်းသည်မှာ ထိုအဘိုးအိုထောင်ချီမှာ အသက်သုံးရှိုက်အတွင်း ဆံပင်များ အနီရောင်ပြောင်းလဲကုန်သည်။
"မဖြစ်နိုင်ဘူး။ ဒီကောင်က ဟန်ဆောင်နေတာလား"
ယွမ်ဝူ၏ မျက်နှာ သွေးဆုတ်သွားကာ အံကြိတ်၍ ရေရွတ်လိုက်မိသည်။
"ပြေးကြ"
ကျန်းချင်းဝေက တုံ့ဆိုင်းမနေဘဲ ဆုတ်ခွာမိန့်ပေးလိုက်ပြီး ဆံနီအဘိုးအို တစ်ထောင်နီးပါးကို ရင်ဆိုင်ရန် အစောင့်တပ်သား ၂၅၀ဖြင့် မလုံလောက်ပေ။ နီအန်သားရဲ၏ ပစ်မှတ်အစစ်အမှန်သည် ထိုတပ်သားများဖြစ်ကာ စားသုံးဝါးမျိုလိုက်လျှင် ငရဲကိုးထပ်ရှိ ကျင့်ကြံသူများထက် အကျိုးဖြစ်ထွန်းပေလိမ့်မည်။ ဤသို့ဆိုလျှင် ယွမ်ကျန်းလည်း အစားခံလိုက်ရနိုင်ချေရှိသောကြောင့် ယွမ်ဝူ ခေါင်းကျိန်းသွားကာ မင်သက်နေမိသည်။ ထောင်ချောက်အတွင်း ရောက်နေသော်လည်း ပေါ့ဆနေခဲ့သော အစောင့်များမှာ အခြေအနေ မည်မျှဆိုးကြောင်း နားလည်ခဲ့ချိန်တွင် ဆံနီအဘိုးအိုများမှာ ပါးစပ်ဖြဲ၍ ရူးသွပ်နေသော တိရိစ္ဆာန်များပမာ ပြေးဝင်လာနေပြီဖြစ်၏။
နှေးကွေးနေခဲ့သော အစောင့်တစ်ယောက်ချင်းစီထက် ဆံနီအဘိုးအိုများက ပိုမိုသန်မာနေပြီး ခုန်အုပ်ခံလိုက်ရသောခဏတွင် အစိတ်စိတ်အမွှာမွှာ ဆွဲဖြဲနေကြသည်။ သူတို့က အစောင့်များ၏ ခြေလက်များနှင့် ဦးခေါင်းကို ဆုပ်ကိုင်ကာ လောဘတကြီး ကိုက်ဖြတ်စားသောက်နေ၍ သွေးချောင်းစီးကုန်၏။
"ပြေးကြ"
အစောင့်များမှာ ရင်ထိတ်သွားကြပြီး နီအန်သားရဲအတွက် ဒေါသကို ဖောက်ခွဲရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသည် မဟုတ်ပါလော။ ငရဲကိုးထပ်တိုက်ပွဲမတိုင်ခင် သူက နားခိုရာဂိုဏ်းသားများကို ဝါးမျိုစားသောက်ခဲ့ပြီး စွမ်းအား ပြန်လည် ပြည့်ဝလာသည်။ ယွမ်ဝူ မယုံနိုင်ဖြစ်နေရသည်မှာ ဤဆံနီအဘိုးအိုများသည် သူ ရင်ဆိုင်ခဲ့ရသည်ထက် ပို၍ အားကောင်းနေပြီး လှည့်ကွက်အောက်တွင် ဟန်ဆောင်ခြင်းသာ ဖြစ်ပေလိမ့်မည်။ ဤနေရာသည် ကျဥ်းမြောင်းသော ဥမင်လှိုဏ်ခေါင်းဖြစ်ကာ ချက်ချင်းပြေးထွက်ရန် မလွယ်ကူသဖြင့် ရှေးဟောင်း အစောင့်တပ် ပိတ်မိနေပြီး နားခိုရာဂိုဏ်းအပြင်သို့ နီအန်သားရဲ ထွက်မလာခြင်းမှာ သားကောင်အသစ်များကို ထောင်ချောက်ဆင်ရန် ဖြစ်ပေသည်။
အော်သံများ အဆက်မပြတ် ထွက်ပေါ်နေပြီး အစောင့်တပ်သား တစ်ယောက်ပြီး တစ်ယောက် စားသောက်ခံနေရကာ ကံကြမ္မာဆိုးကို ရင်ဆိုင်နေရသည်။ ကျွမ်းကျင်သော စစ်သည်တော်များပင် အသက်မထွက်ခင် အရှင်လတ်လတ် စားသောက်ခံနေရသဖြင့် တုန်လှုပ်ခြောက်ခြားစရာ မြင်ကွင်းပင်။ နီအန်သားရဲ၏ လွတ်မြောက်ရေးအကြံသည် လွန်စွာရက်စက်ကြမ်းကြုတ်ပြီး ဥမင်လှိုဏ်ခေါင်းကို သွေးစွန်းလမ်းတစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်လေသည်။