← Chapters

နီအန်၏ ပုံစံ

Vol. 29 Ch. 374

နီအန်၏ ပုံစံ

Vol. 29 Ch. 374

နားခိုရာဂိုဏ်း အပြင်ဘက်တွင် မြေပြင် အက်ကွဲ၍ မီးတောက်များ လျှံထွက်နေသောကြောင့် မြစ်ချောင်းများ ခန်းခြောက်ကာ ကမ္ဘာပျက်ကပ်အလား ဆင်တူစပြုလာ၏။ ငရဲကိုးထပ်၏ ကျင့်ကြံသူများက အတော်ဝေးဝေးထိ ဆုတ်ခွာသွားရပြီး ဗြောင်းဆန်နေသော အခြေအနေကို ဖြူဖပ်ဖြူရော် မျက်နှာများဖြင့် စောင့်ကြည့်နေကာ စိတ်များ လေးလံနေသည်။ ကျန်းချင်းဝေက ယွမ်ရှောင်ကို ဖမ်းဆီးသွားခြင်းသည် သူတို့ကို ပို၍ စိတ်ပျက်အားငယ်စေကာ မျှော်လင့်ချက်များ ပျောက်ကွယ်ကုန်၏။

"နီအန်သားရဲက ရှေးဟောင်းအစောင့်တပ်တစ်ခုလုံး စားပစ်လိုက်တယ်ဆိုတော့ လွတ်မြောက်လာတော့မှာလား"

မျိုးတုံးသွားနိုင်သော ကပ်ဘေးတစ်ခုသည် လူသား၊ နတ်ဆိုးနှင့် မိစ္ဆာ မျိုးနွယ်တိုင်းကို ခြိမ်းခြောက်နေပြီး အသက်ရှူရခက်စေသည်။

"သက်ဆိုင်ရာငရဲပြည်ကို ပြန်သွားကြ။ အကာအကွယ် အစီအရင်တွေကို အသက်သွင်းပြီး သာမန်ပြည်သူတွေကို ထိန်းသိမ်းထားပါ။ ကျန်တဲ့အရာတွေ သခင်လေးယွမ် ကိုင်တွယ်ပေးပါလိမ့်မယ်"

ဓားအစောင့်အရှောက်၊ ယင်မိစ္ဆာဘုရင်နှင့် ရေသူမဘုရင် ရှေ့ထွက်လာကာ ညွှန်ကြားလိုက်ကြပြီး ဖီးနစ်ဧကရီ ပုန်းအောင်းနေရသဖြင့် ခေါင်းဆောင်များ ဖြစ်လာ၍ ယွမ်ရှောင်ကို ကိုယ်စားပြုနိုင်သည်။

"ဟုတ်ကဲ့"

နားခိုရာဂိုဏ်း ပတ်ဝန်းကျင်မှ ကျင့်ကြံသူများ အလန့်တကြားဖြင့် လျင်မြန်စွာ ဆုတ်ခွာသွားပြီး သေချာ ထိန်းချုပ်မထားလျှင် နီအန်သားရဲ၏ သောင်းကျန်းမှုကြောင့် သာမန်ပြည်သူများ မင်းမဲ့စရိုက်ဖြင့် ပရမ်းပတာဖြစ်ကာ မလိုအပ်သော သေကြေပျက်စီးမှုများကို ဖြစ်ပေါ်စေလိမ့်မည်။ ၎င်းဆုံးဖြတ်ချက်သည် ယွမ်ရှောင် မှာကြားခဲ့ခြင်းမဟုတ်ဘဲ ခေါင်းဆောင်များ ပူးပေါင်း၍ တိုင်ပင်ထားခြင်း ဖြစ်၏။ ကျင့်ကြံသူများ အုပ်စုလိုက် ထွက်ခွာသွားပြီးနောက် ဆယ်ယောက်ခန့်သာ ကျန်ရစ်၍ လေးနက်စွာ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

"အခြေအနေက ဆိုးရွားပြီး ငါတို့ မထိန်းချုပ်နိုင်လောက်ဘူး။ ဒါပေမယ့် သခင်လေးယွမ်ကို ယုံကြည်ရမယ်"

ဓားအစောင့်အရှောက်က တည်ငြိမ်စွာ မှာကြားသည်။

"ရှေးဟောင်းအပျက်အစီးနယ်မြေလည်း ရှိသေးတယ်။ သူတို့ တွက်ချက်တာ မှားယွင်းခဲ့လို့ ငရဲကိုးထပ်က ကပ်ဆိုက်နေရပြီ။ နားခိုရာဂိုဏ်းရဲ့ ပြဿနာကို သူတို့ သေချာပေါက် ဖြေရှင်းပေးသင့်တယ်"

ယင်မိစ္ဆာဘုရင်က သက်ပြင်းတစ်ချက်ချ၍ ရေရွတ်လိုက်သည်။

"ရှေးဟောင်းအစောင့်တပ် တစ်ခုလုံး အသတ်ခံလိုက်ရတော့ နီအန်သားရဲကို ကိုင်တွယ်ဖို့ အစွမ်းထက်သူ တစ်ယောက်ယောက် ဆင်းသက်လာမှာပါ။ မေးခွန်းက ဘာက အရင်ဖြစ်မှာလဲ။ သူတို့ ရောက်လာတာလား။ နီအန်သားရဲ လွတ်မြောက်သွားတာလား"

ရေသူမဘုရင်က မျှော်လင့်တကြီး ပြောလိုက်သော်လည်း မျက်ဝန်း၌ ပင်ပန်းမှု အရိပ်အယောင်များ ထင်ဟပ်နေသည်။ ထို့အပြင် သာမန်ပြည်သူများ၏ ဒုက္ခအပေါ် ရှေးဟောင်းအပျက်အစီးနယ်မြေ မည်မျှ ဂရုစိုက်ကြောင်း မည်သူမှ မပြောနိုင်ချေ။ နားခိုရာဂိုဏ်းသည် ပြင်းပြင်းထန်ထန် လှုပ်ခတ်နေဆဲဖြစ်ကာ နီအန်၏ ဟိန်းသံများ မိုးချုန်းသံပမာ ထွက်ပေါ်နေပြီး ငရဲကိုးထပ်၏ ဗဟိုအထိ တုန်ခါသွားစေ၍ သက်ရှိသတ္တဝါတိုင်းကို ရင်ထိတ်သွားစေနိုင်၏။ ခေါင်းဆောင်များမှာ ရင်တထိတ်ထိတ်ဖြင့် စောင့်ကြပ်နေရပြီး တစ်ချိန်တည်းတွင် တောအုပ်တစ်ခု၌ အရပ်ရှည်ရှည် ယင်မိစ္ဆာမတစ်ယောက်သည် လေထဲတွင် ရပ်နေရင်း ကောင်းကင်သို့ မော့ကြည့်ကာ အတွေးနက်နေပုံရသည်။

"ငါ ဒီမှာ ရှိနေတာကို ဘာကြောင့် ကောင်းကင်ကို စိုက်ကြည့်နေတာလဲ"

အမှောင်အရိပ်အတွင်းမှ လနတ်သား ထွက်ပေါ်လာပြီး လက်ပိုက်ကာ မတ်တပ်ရပ်နေ၏။

"မတူဘူးလေ"

စစ်မင်းသမီးက မျက်စောင်းတစ်ချက် ထိုးလိုက်သည်။

"ဘာက မတူတာလဲ"

"မင်းရဲ့ အစစ်အမှန်ခန္ဓာကိုယ်က ခန့်ညားထည်ဝါတယ်။ ကိုယ်ပွားကတော့ အိမ်မွေးသားရဲလေး တစ်ကောင်အတိုင်းပဲ"

သူမက တခစ်ခစ် ရယ်မော၍ ရှင်းပြလိုက်သည်။

"ရှေးဟောင်းအပျက်အစီးနယ်မြေမှာ ငါ တစ်ခုခု ဖြစ်မှာကို စိုးရိမ်နေတာလား"

လနတ်သားထံမှ ယွမ်ရှောင်၏ စကားသံ တည်ငြိမ်စွာ ထွက်ပေါ်လာသည်။ ထို့နောက် သူက ရယ်မောကာ နားခိုရာဂိုဏ်းထံ ဦးတည်သွားသဖြင့် သူမကို တုန်လှုပ်သွားစေ၏။

"အထဲကို သွားမလို့လား"

"ဟုတ်တယ်"

"ဘာကြောင့်လဲ"

"နီအန်ရဲ့ အခြေအနေကို ငါတို့ သိထားဖို့ လိုအပ်တယ်။ ဘယ်အချိန်မှာ တကယ် လွတ်မြောက်လာပြီး ငါတို့အပေါ် ကပ်ဘေးရောက်လာမလဲဆိုတာ စုံစမ်းရမယ်။ ဒီလိုသိထားရင် ရှေးဟောင်းအပျက်အစီးနယ်မြေမှာ ငါက အချိန်ကို သေချာအသုံးချပြီး နောက်မကျခင် လှုပ်ရှားနိုင်လိမ့်မယ်"

လနတ်သားက လေးနက်တည်ငြိမ်စွာ ရှင်းပြလိုက်သည်။

"နီအန်ကို မကြောက်ဘူးလား။ သူက တော်တော်လေးကို ကြောက်စရာကောင်းတယ်"

စစ်မင်းသမီးက အံကြိတ်၍ သတိပေးလိုက်၏။

"မကြောက်ဘူး။ လနတ်သားက ကိုယ်ပွားတစ်ခုပဲလေ။ ပျက်စီးသွားရင် အသစ်တစ်ခု ဖန်တီးမှာပေါ့"

သူက ဂရုမစိုက်ဟန်ဖြင့် ပခုံးတွ့န်ပြလိုက်သောအခါ သူမကို အချက်တစ်ချက် သတိရသွားစေသည်။

"ဒါဆိုရင် ငါကလည်း ကိုယ်ပွားတစ်ခုလိုပဲပေါ့။ အချိန်မရွေး စွန့်ပစ်နိုင်တယ်။ ဟုတ်တယ်မလား"

"ငါက မိန်းမခန္ဓာကိုယ်ကိုတော့ ကိုယ်ပွားအဖြစ် အသုံးမချဘူး"

လနတ်သားက ခေါင်းတစ်ချက်ယမ်း၍ ခပ်စူးစူး စိုက်ကြည့်ကာ ငွေရောင်မြေခွေး အသွင်ဖြင့် မျက်တောင်တစ်ခတ်အတွင်း ပြေးထွက်ပျောက်ကွယ်သွား၏။

"ထားလိုက်ပါတော့။ ဒီအကြောင်းတွေ တွေးနေရင် ငါ့ဇာတ်လမ်းလေး ပျက်စီးသွားနိုင်တယ်"

သူမက သက်ပြင်းတစ်ချက်ချ၍ ရေရွတ်လိုက်သော်လည်း စိတ်အတွင်းမှ စကားသံတစ်ခု ထပ်မံ ထွက်ပေါ်လာပြန်သည်။

"တိတ်တိတ်နေစမ်း။ မင်း ဘာပြောပြော ငါ ကြားနိုင်တယ်ဆိုတာ မေ့နေတာလား"

"နင်...နင်..."

သူမက ထိုအချက်ကို မေ့နေသောကြောင့် မျက်နှာတစ်ခုလုံး မည်းနက်သွားခဲ့သည်။

နားခိုရာဂိုဏ်းအတွင်း လနတ်သားသည် မြေခွေးအသွင် ခြေထောက်လေးချောင်းဖြင့် မှောင်မည်းနေသော စင်္ကြံလမ်းများတလျှောက် ပြေးလွှားနေ၏။ ပတ်ဝန်းကျင်က တဘုန်းဘုန်း တုန်ခါနေဆဲဖြစ်ကာ နီအန်၏ ဟိန်းဟောက်သံများမှာ အနီးကပ် အော်ဟစ်နေသည့်အလား ကြားနေရသည်။

"ဒါက ဘာတွေလဲ"

မြေပြင်အထက်တွင် နားခိုရာဂိုဏ်း၏ အတွင်းပိုင်းမှ ပြန့်ထွက်လာသော အနီရောင် အမြစ်များ ကပ်တွယ်နေပြီး သွေးကြောများနှင့်ပင် ဆင်တူနေ၏။ သူက အတွင်းပိုင်းသို့ ရောက်လေလေ ထိုအမြစ်များကို ပိုမို.မြင်ရလေလေ ဖြစ်ကာ သစ်ပင်တစ်ခု၏ အကိုင်းအခက်များပမာ ပျံ့နှံ့နေ၍ အသက်ဝင်နေဟန် တွန့်လိမ်နေသောကြောင့် မသက်မသာ မြင်ကွင်းမျိုးပင်။ နီအန်က မည်သို့သော သတ္တဝါမျိုး ဖြစ်သနည်း။ လက်ရှိတွင် ၎င်းက အားနည်းနေသည်လား သို့မဟုတ် အစွမ်းအထက်ဆုံး ဖြစ်နေသည်လား မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။

"တော်တော်အစွမ်းထက်မယ့် ဖန်ဆင်းရှင်မျိုးစေ့ ဖြစ်ရမယ်"

လနတ်သားက သေခြင်းတရားကို လျစ်လျူရှု၍ ဆက်လက် ပြေးလွှားနေကာ ဥမင်လှိုဏ်ခေါင်းအတွင်း ရောက်လာပြီး ကျဥ်းမြောင်းသော လမ်းကြောင်းအဆုံးတွင် အဘိုးအို အသားလုံးများ ဖန်တီးသည့် နေရာ ရှိပေသည်။ တုန်ခါမှုများနှင့် ဟိန်းသံများ၏ ဗဟိုချက်မှာ ထိုနေရာဖြစ်သောကြောင့် သူက အရှိန်မြှင့်လိုက်ပြီး ပြတ်ပြတ်သားသား တိုးဝင်သွား၏။

"နီအန်ရဲ့ ဟိန်းသံတွေက ဒေါသထွက်တာထက် နာကျင်လို့ အော်နေတာနဲ့ ပိုတူတယ်။ ကြည့်ရတာ အစွမ်းအထက်ဆုံး အခြေအနေ မဟုတ်လောက်ဘူး"

လနတ်သားက စဥ်းစားခန်းဝင်နေရင်း ရှေ့ဆက်လာသော်လည်း အသားစများဖြင့် ပိတ်ဆို့ထားသော နံရံတစ်ခု တွေ့လိုက်ရသည်။ သူက နှစ်ခါပြန် စဥ်းစားမနေဘဲ တစ်ကိုယ်လုံး အပျက်အစီး မီးလျှံများ ထုတ်ဖော်၍ နံရံကို ကြယ်တံခွန်ပမာ ဝင်ဆောင့်ပစ်ခဲ့သည်။ အသားနံရံက တုန်ခါ၍ ဘုန်းခနဲ ပေါက်ကွဲသွားကာ အသားစများ တဖွဲဖွဲ ကြွေကျကုန်သည်။

"မင်းပါလား"

လနတ်သားက နံရံ၏ အခြားတစ်ဖက်သို့ ခြေချလိုက်သောအခါ ကြောက်မက်ဖွယ် အရှိန်အဝါ၏ ပစ်မှတ်ထားခြင်း ခံလိုက်ရပြီး ဖိအားတစ်ခု ဝိညာဥ်အထိ ကျရောက်လာသည်။ ရက်စက်ကြမ်းကြုတ်သော အသံတစ်ခုက မေးခွန်းထုတ်လာသောအခါ သူသည် ခေါင်းကို ဆတ်ခနဲ မော့၍ မာန်ဖီရင်း မြေခွေးမျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ အက်ကြောင်းအတွင်းနှင့် အပြင်တွင် သားရဲတစ်ကောင်၏ ခန္ဓာကိုယ် ဝင်တစ်ဝက် ထွက်တစ်ဝက် ဖြစ်နေပြီး အရေခွံနှင့် အမွေးများ မရှိဘဲ သွေးကြောများနှင့် ကြွက်သားများကို အတိုင်းသား မြင်နေရ၍ တဒုတ်ဒုတ်ဖြင့် သွေးများ ပန်းထွက်နေသည့် နှလုံးသားကြီးကိုပင် မြင်နိုင်၏။

ယွမ်ရှောင်အနေဖြင့် အရေခွံဆုတ်ထားသော သားရဲများကို မြင်ဖူးသော်လည်း ဤအရာကြီးမှာ ခြောက်ခြားဖွယ်ကောင်းလှပေသည်။ တောကြောင်ကြီးတစ်ကောင်နှင့် ဆင်တူပြီး ဧရာမပါးစပ်ကြီးအတွင်း၌ သွားချွန်ချွန်များ ဓားစိုက်ထောင်ထားသည့်အလား ရှိနေသည်။ ၎င်းမှာ နီအန်၏ ပုံစံ အစစ်အမှန် ဖြစ်ပြီး ခန္ဓာကိုယ်တစ်ဝက်သည် အက်ကြောင်း အပြင်သို့ တိုးထွက်နေဆဲဖြစ်သော်လည်း အစွန်းများဖြင့် ဆွဲဖြဲခံထားရသဖြင့် အသွေးအသားများ ဒဏ်ရာ ပြင်းထန်၏။ ၎င်းက လွတ်မြောက်လိုစိတ်ဖြင့် ရူးသွပ်နေပြီး နာကျင်လွန်းသဖြင့် အဆက်မပြတ် ဟိန်းဟောက်နေရသော်လည်း ကိုယ်တွင်းအင်္ဂါများ ထွက်ကျလာသည့်တိုင်အောင် ရပ်တန့်မည်မဟုတ်ပေ။

"မင်းက ငါ့ပုံစံ အမှန်ကို မြင်သွားပြီပေါ့"

နီအန်က အက်ကြောင်းကို ဆွဲဖြဲရန် လက်နှစ်ဖက်ဖြင့် အားပြုထောက်ထားပြီး လနတ်သားကို ကြောက်မက်ဖွယ် ကြည့်နေခဲ့သည်။

"မြင်တော့ရော ဘာဖြစ်လဲကွ"

လနတ်သားက မြေခွေးအစွယ်များ ထုတ်ဖော်၍ မာန်ဖီပြသည်။

"ငါ မလွတ်မြောက်ခင် အချိုပွဲလေး စားသွားရတာပေါ့"

နီအန်၏ ခံတွင်းက ထူးထူးဆန်းဆန်း ကျယ်ပြန့်သွားကာ သွေးရောင်မြွေတစ်ကောင်အလား လျှာကြီးတစ်ချောင်း ခုန်ထွက်လာ၍ မြေခွေးနတ်ဆိုးကို ချိန်ရွယ်ခဲ့လေသည်။

All Chapters