← Chapters

စားမလား အစားခံမလား

Vol. 29 Ch. 375

စားမလား အစားခံမလား

Vol. 29 Ch. 375

ခွန်အား ကွာခြားချက်ကြောင့် နီအန်သားရဲသည် ပိတ်မိနေသည့်တိုင်အောင် ရှေးဟောင်းအစောင့်တပ် တစ်ခုလုံး ဝါးမျိုပြီးနောက် လနတ်သားထက် အဆပေါင်းများစွာ သန်မာနေသည်။ ၎င်း၏ လျှာက သူ့ကို ရစ်ပတ်ကာ ကြီးမားသော သွားများဖြင့် ကိုက်ချ၍ နှစ်ပိုင်းပြတ်သွားသောအခါ သွေးများ ကြောက်မက်ဖွယ် ပန်းထွက်လာသည်။

"အရသာရှိတယ်"

၎င်းက ကျေနပ်စွာ ရယ်မော၍ မြေခွေးခန္ဓာ နှစ်ပိုင်းကို လည်ချောင်းမှတဆင့် အစာအိမ်အထိ မျိုချပစ်လိုက်သည်။ ထိုနေရာ၌ အစာခြေရည်များအတွင်း အလောင်းများ ပြည့်နှက်နေကာ စက်ဆုပ်စရာ ဖြစ်၍ မကြာသေးခင်က စားသောက်ခဲ့သော ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများ ရှိနေသည်။ လနတ်သားက အငိုက်မိသွားသော အခိုက်တွင် ဖိအားကြောင့် စားသောက်ခံခဲ့ရပြီး မည်သူမဆို သေဆုံးသွားမည်ဖြစ်သော်လည်း ပျက်စီးနတ်ခန္ဓာကြောင့် အပေါ်ပိုင်းသက်သက်ဖြင့် ရှင်သန်နေ၏။ တစ်ရက်အတွင်း နီအန်သာ လွတ်မြောက်သွားလျှင် ငရဲကိုးထပ်တစ်ခုလုံး စားသောက်ခံလိုက်ရနိုင်ပြီး ရှေးဟောင်းအပျက်အစီးနယ်မြေ၏ စစ်ကူများလည်း အချိန်မီ ရောက်လာနိုင်မည် မဟုတ်ချေ။

"မင်းကို ငါရှိနေရက်နဲ့တော့ ခွင့်မပြုနိုင်ဘူး"

သူက ပြတ်ပြတ်သားသား ဆုံးဖြတ်၍ အပေါ်ပိုင်းဖြင့် ရွေ့လျားကာ ပျက်စီးနတ်ဘုရားအလိုတော်၏ နတ်ဆိုးစွမ်းရည်ဖြင့် ငွေရောင်စွမ်းအင်ဝဲတစ်ခု ဖန်တီးခဲ့သည်။ ထိုဝဲက နီအန်သားရဲ၏ အစာအိမ်နံရံများကို စုပ်ယူဝါးမျိုနေပြီး ဖန်ဆင်းရှင်မျိုးစေ့၏ တစ်စိတ်တပိုင်း ပါဝင်သောကြောင့် စွမ်းအင်လှိုင်းလုံးများ ဝင်ရောက်လာသည်။ ခန္ဓာကိုယ်အောက်ပိုင်း မရှိသော်လည်း လနတ်သားသည် ပို၍ စိတ်ဓာတ်တက်ကြွလာကာ အတွင်းပိုင်းမှ ပြန်လည်စားသောက်နေသဖြင့် လွတ်မြောက်ရန် ကြိုးစားနေသည့် နီအန်မှာ ရုတ်တရက် နာကျင်သွားခဲ့သည်။ မျိုချလိုက်သော အချိုပွဲက ပြန်လည် တိုက်ခိုက်နေခြင်းမှာ ၎င်း မမျှော်လင့်ထားသော အလှည့်အပြောင်းဖြစ်၏။ ၎င်း၏ ကိုယ်တွင်းကလီစာများ ရွေ့လျားသွားကာ သွေးကြောများသည် မြွေကြီးပမာ လူးလွန့်၍ လနတ်သားထံ တိုက်ခိုက်လာခဲ့သည်။

"သွေးကြောတွေကို ဖက်တွယ်ထား။ ပျက်စီးနတ်ခန္ဓာက ဒီလောက်လေးနဲ့ သေမသွားဘူး။ မင်းက ဖန်ဆင်းရှင်မျိုးစေ့ စွမ်းအားတွေကို စုပ်ယူနိုင်နေပြီ။ သူ့သွေးကြောတွေထဲကို ပူးကပ်ပြီး ကိုယ်ပိုင်ခန္ဓာအဖြစ် ပြောင်းလဲတာ အောင်မြင်သွားရင် ဒီကောင် သေပြီ"

လနတ်သားကို အဝေးမှ ထိန်းချုပ်နေသော ယွမ်ရှောင်အား ကြယ်ပြာက ညွှန်ကြားနေခြင်း ဖြစ်သည်။ လနတ်သား၏ တစ်ကိုယ်လုံးမှ ပျက်စီးအဆီအနှစ်များ စိမ့်ထွက်လာကာ သွေးကြောများထံ ပူးကပ်လိုက်ပြီး အရွယ်အစား ကွာဟမှုကြောင့် အားနည်းသော်လည်း လက်မလျော့လိုပေ။ ပျက်စီးနတ်ဘုရားအလိုတော် ကျင့်စဥ်၏ ချီစွမ်းအင်သည် နီအန်၏ ကိုယ်တွင်း ပိုမို တိုးဝင်သွားကာ ကပ်ပါးတစ်ကောင်အလား မြဲမြံစွာ ကုပ်တွယ်ထား၏။ နောက်ဆုံးတွင် လနတ်သား၏ အပေါ်ပိုင်းခန္ဓာကိုယ်မှာ သွေးကြောများအကြား ကြိတ်ချေခံလိုက်ရပြီး အစက်အပြောက်သာ ကျန်ရစ်သဖြင့် နီအန်သားရဲသည် အောင်ပွဲခံရင်း ခေါင်းမော့ဟိန်းဟောက်ခဲ့သည်။

၎င်းက အကျဥ်းထောင် အက်ကြောင်းကို ကုတ်ခြစ်၍ နှစ်ပေါင်းများစွာ ချုပ်နှောင်ထားသည့် သံကြိုးများမှ လွတ်မြောက်ရန် အသည်းအသန် ပြန်လည်ကြိုးပမ်းလိုက်သည်။ ကျင့်ကြံသူများကို စားသောက်ခြင်းဖြင့် အားပြည့်လာသောအခါ ၎င်း၏ ရုန်းကန်မှုက ပိုမို ပြင်းထန်လာ၍ နားခိုရာဂိုဏ်းမှ ဆူညံသံများသည် မည်သူ့ကိုမှ စိတ်အေးလက်အေး နေခွင့်မပေးခဲ့ပေ။ လက်တစ်ကမ်းသို့ လွတ်မြောက်ရန် လမ်းစပေါ်လာသောအခါ ဦးခေါင်းမှ သွေးများ စိမ့်ထွက်၍ ရုတ်တရက် အားနည်းသွားသောကြောင့် ၎င်းမှာ မယုံကြည်နိုင်ဖြစ်နေသည်။

"ဘာဖြစ်နေတာလဲ"

ခွန်အား ပျောက်ကွယ်သွားခြင်းမဟုတ်ဘဲ ရုပ်ခန္ဓာက ၎င်း၏ စိတ်ဆန္ဒကို ဆန့်ကျင်နေပြီး ခြေထောက်များသည် နောက်သို့ အလိုလို ဆုတ်ခွာသွားသဖြင့် အက်ကြောင်းအပြင်၌ ဦးခေါင်းသာ ကျန်ရစ်ခဲ့၏။ ၎င်းက မင်သက်သွားပြီး မြင်းရိုင်းတစ်ကောင်ပမာ အရူးအမူး ခုန်ထွက်ချင်သော်လည်း မမြင်ရသော ဇက်ကြိုးဖြင့် ဆောင့်ဆွဲခံလိုက်ရသကဲ့သို့ နောက်ပြန်လန်ကာ ယိမ်းယိုင်သွားသည်။ လွတ်လမ်းက နီးကပ်နေသော်လည်း ရုပ်ခန္ဓာ၏ ဆန့်ကျင်မှုကြောင့် နီအန်မှာ ဒေါသတကြီး ဟိန်းဟောက်နေရင်း အာရုံခံကြည့်လိုက်သောအခါ သွေးကြောများအတွင်း ငွေရောင်စီးကြောင်းများ ပျံ့နှံ့နေကာ ကြွက်သားများနှင့် အရိုးများကို ရစ်ပတ်ဆွဲငင်နေကြောင်း မြင်လိုက်ရသည်။

"မဖြစ်နိုင်ဘူး"

၎င်းက လနတ်သားအကြောင်း တွေးမိလိုက်သော်လည်း လွတ်မြောက်ရန် ရုန်းကန်နေဆဲပင်။ သို့သော် ငွေရောင်သွေးကြောများသည် နောက်ပြန်ဆွဲငင်နေသဖြင့် ဇွတ်အတင်း ရှေ့တက်နေသော ခန္ဓာကိုယ်အား ထူးဆန်းသော ပုံစံမျိုး တွန့်လိမ်ကောက်ကွေးသွားစေသည်။ အရိုးများနှင့် ကြွက်သားများ စုတ်ပြတ်ကုန်သဖြင့် ၎င်းမှာ အရူးတစ်ပိုင်း ဖြစ်နေစဥ် ပါးစပ်မှ စကားသံတစ်ခု ထွက်ပေါ်လာသည်။

"ဘယ်လိုလဲ။ ငါက အရသာကောင်းလား"

နီအန်သားရဲ၏ အသံမဟုတ်ဘဲ မျိုချစားသောက်ခဲ့သော လနတ်သား၏ အသံဖြစ်နေရာ မည်သို့သော သက်ရှိဖြစ်ကြောင်း စဥ်းစားမရနိုင်ခဲ့ပေ။ ကိုယ်တွင်း၌ ကပ်ပါးကောင်တစ်ကောင် ကြီးထွားလာနေပြီး ထိန်းချုပ်မှုကို လုယူနေသော အဖြစ်သည် မည်သူ့အတွက်မဆို စိုးရိမ်စရာပင်။

"မင်းက ဘာကောင်ကြီးလဲ"

"ငါ ဘာကောင်လဲဆိုတာ အရေးမကြီးဘူး။ အခုက စပြီး မင်းက ငါပဲ"

လနတ်သား၏ အသံက တည်ငြိမ်အေးစက်စွာ အဖြေပေးနေစဥ် နီအန်သည် ခန္ဓာကိုယ်အား ကုတ်ခြစ်၍ ငွေရောင်သွေးကြောများကို ဖယ်ရှားရန် ကြိုးစားခဲ့သည်။ သို့သော် ပို၍ ဆွဲထုတ်လေလေ အရိုးနှင့် ကလီစာများ ပို၍ ရစ်ပစ်ခံရလေလေ ဖြစ်ကာ ညှင်းပန်းနှိပ်စက်ခံနေရပြီး အဆက်မပြတ် ဟိန်းဟောက်နေရ၏။

"ငါ ရှိနေသမျှ မင်း ဘယ်လိုမှ လွတ်မြောက်နိုင်မယ် မထင်နဲ့"

လနတ်သားက လှောင်ရယ်လိုက်ပြီး နီအန်၏ အဖြစ်သည် ခန္ဓာကိုယ်တစ်ခုတည်း အတွင်းနှင့် အပြင် တိုက်ခိုက်နေရသောကြောင့် ရူးချင်စရာပင်။

"ဘာလို့ ဒုက္ခခံနေတာလဲ"

"တစ်သက်လုံး လှောင်ပိတ်ခံထားရရင် ဘာကြောင့်ဆိုတာ မင်း နားလည်လိမ့်မယ်"

နီအန်က နာကျင်နေသော်လည်း ငွေရောင်သွေးကြောများနှင့် လိုက်လျောညီထွေ ဖြစ်အောင် ရုန်းရင်း ရှေ့သို့ ဖြည်းဖြည်းချင်း တိုးထွက်လာနိုင်ခဲ့ရာ လနတ်သား၏ ကြိုးပမ်းမှုမှာ နှေးကွေးစေရုံသာ အကျိုးသက်ရောက်ခဲ့သည်။ ဤဖြစ်စဥ်တစ်ခုလုံးကို စကားတစ်ခွန်းဖြင့် ဖော်ပြရလျှင် ကြောက်မက်ဖွယ်ရာဟု သတ်မှတ်နိုင်ပြီး လနတ်သားအား ထိန်းချုပ်နေရသည့် ယွမ်ရှောင်မှာလည်း အသက်ပြင်းပြင်းရှူ၍ တစ်ကိုယ်လုံး ချွေးပြန်နေခဲ့သည်။

"ထွက်လာခဲ့။.ရှေးဟောင်းအပျက်အစီးနယ်မြေကို ရောက်ပြီ"

ထိုအချိန်တွင် လှေဝမ်းအပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။

All Chapters