← Chapters

ကိုယ်ကျိုးရှာသူများ

Vol. 29 Ch. 377

ကိုယ်ကျိုးရှာသူများ

Vol. 29 Ch. 377

သာမန်အလုပ်ကိစ္စတစ်ခုတွင်ပင် အချင်းချင်းလေးစားရမည်ဖြစ်သော်လည်း ရှေးဟောင်းအပျက်အစီးနယ်မြေ ကျင့်ကြံသူများ၏ မောက်မာလွန်းသော သဘောထားကြောင့် ယွမ်ရှောင်က စိတ်အနှောင့်အယှက် ဖြစ်သွားသည့်တိုင်အောင် အကူအညီတောင်းရမည်ဖြစ်၍ သည်းခံနေရသည်။ ကျင့်ကြံရေးလမ်းကြောင်းတွင် စမှတ်မြင့်သူများက မောက်မာ၍ အာဏာရှင်ဆန်သော်လည်း သာမန်ပြည်သူများအပေါ် ကူညီပေးလျှင် ပြဿနာမရှိပေ။ ရွှေရောင်ခန်းမ၌ လူခုနစ်ယောက် ရှိနေပြီး အစွမ်းထက် အကြီးအကဲများဖြစ်ကာ ယွမ်ရှန်ကျင်းက စကားပြောသူ ဖြစ်ကာ လေးနက်စွာ မေးခွန်းထုတ်သည်။

"မင်းက ဓားနဲ့ရုန်း နှစ်မျိုးကျင့်ကြံသူလား"

ထိုမေးခွန်းကြောင့် ယွမ်ရှောင်သာမက ယွမ်ဝူရော ကျန်းချင်းဝေပါ မင်သက်သွားကာ အံ့သြကုန်သည်။ ပြင်းထန်သော ဖိအားအောက်တွင် သူက ခေါင်းညိတ်ပြလိုက်ပြီး နဖူးရှိ အသက်တံဆိပ်ကြောင့် ရုန်းကျင့်ကြံသူ ဖြစ်ကြောင်း ထင်ရှားသော်လည်း တစ်ဖက်လူသည် ဓားသမားတစ်ယောက် ဖြစ်ကြောင်းပါ တွတ်ဆနိုင်ခဲ့သည်။

"ငါတို့ကို ပြ"

မောက်မာသော အမိန့်သံဖြစ်သော်လည်း သူက လိုက်နာ၍ လက်ဖဝါးအထက်တွင် မိုးပြာရောင် ဓားဝိညာဥ်နှင့် နဖူးမှ အသက်တံဆိပ်ကို ဆင့်ခေါ်လိုက်သည်။ သို့ရာတွင် ကောင်းကင်သင်္ချိုင်း ဓားဝိညာဥ်၏ ဓားစက်ကွင်းအရေအတွက်ကို ခုနစ်ခုအထိသာ ထုတ်ဖော်ပြသထားခဲ့ပြီး ယွမ်ရှန်ကျွန်းက အသိအမှတ်ပြုခဲ့၏။

"လက်ခံနိုင်တယ်။ အခု အဓိအကြောင်းအရာကို မေးမယ်။ မင်းရဲ့ မျက်စိနဲ့ နီအန်သားရဲ လွတ်မြောက်ဖို့ ကြိုးစားနေတာကို သက်သေခံနိုင်လား"

ယွမ်ရှောင်က ခေါင်းညိတ်လိုက်သောအခါ တစ်ဖက်လူသည် ကျန်းချင်းဝေကို လေးနက်စွာ စိုက်ကြည့်နေရင်း မေးခွန်းထုတ်ပြန်သည်။

"ကျန်းချင်းဝေ ပြောတာက အမှန်တရားလား။ ယွမ်ဝူက လျှော့တွက်ထားလို့ ရှေးဟောင်းအစောင့်တပ် သုတ်သင်ခံရပြီး အကူအညီမဖြစ်ခဲ့ဘဲ နီအန် လွတ်မြောက်ဖို့ လက်ကမ်းပေသလို ဖြစ်သွားတာလား"

ထိုစကားလုံးများက ယွမ်ရှောင်၏ နားအတွင်း မိုးချုန်းသံပမာ ကျယ်လောင်နေပြီး နားပင် အူသွားစေသည်။ အနားတွင် ယွမ်ဝူသည် ချောင်းတစ်ချက်ဟန့်၍ ရှင်းရှင်းလင်းလင်း သတိပေးနေပြီး ကျန်းချင်းဝေကမူ ခိုင်မာစွာ ရပ်တည်နေ၏။ တင်းကြပ်သော စစ်ဆေးမှုအောက်တွင် သူက ခေါင်းညိတ်လိုက်သောကြောင့် ယွမ်ဝူကို အေးစက်တင်းမာသွားစေကာ ကျန်းချင်းဝေမှာ စိတ်အေးသွားခဲ့သည်။

"လေးစားအပ်ပါသော အင်မော်တယ်များ နီအန်က အားလုံးကို လှည့်စားခဲ့လို့ ယွမ်ဝူ အငိုက်မိသွားတာပါ။ ကျေးဇူးပြုပြီး သက်ညှာပေးပါ"

သူမ၏ တောင်းဆိုချက်သည် လိမ္မာပါးနပ်ပြီး မည်သို့ပင်ဖြစ်ပါစေ ယွမ်ဝူနှင့် ယွမ်ရှန်ကျင်းက မိသားစုဖြစ်သောကြောင့် တရားမျှတမှုအတွက် ပြင်းထန်စွာ အပြစ်ပေးမည် မဟုတ်ပေ။

"နီအန်သားရဲက လွတ်မြောက်လာရင် သာမန်ပြည်သူတွေ ကပ်ဘေးဆိုက်သွားနိုင်တယ်။ ရှေးဟောင်းအပျက်အစီးနယ်မြေက ဒီအန္တရာယ်ကို အစပိုင်းမှာတင် သတ်ပစ်ရပါမယ်။ မဟုတ်ရင် အန္တရာယ်က ကြီးမားလာနိုင်တယ်"

ကျန်းချင်းဝေက ခေါင်းငုံ့ထားရင်း လေးစားစွာ တောင်းဆိုလိုက်သောအခါ ယွမ်ရှန်ကျင်းသည် မတ်တပ်ရပ်၍ ပတ်ဝန်းကျင်မှာ တင်းမာလာခဲ့သည်။

"မင်းပြောတာ မှန်တယ်။ ကပ်ဘေးကို ချေမှုန်းပြီး ကမ္ဘာတွေကို ကယ်တင်ရမှာက ငါတို့တာဝန်ပဲ"

သူက မုတ်ဆိတ်ရှည်ကြီးကို ပွတ်သပ်၍ ထက်ရှစွာ စိုက်ကြည့်ကာ လက်ခံလိုက်သောကြောင့် ကျန်းချင်းဝေ၏ စိုးရိမ်စိတ်များ ပြေလျော့သွားခဲ့သည်။ သို့ရာတွင် တစ်ဖက်လူ၏ လက်က တဖြတ်ဖြတ် တောက်ပလာ၍ ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက် ဝင်ရောက်လာကာ သူမ၏ နဖူးအထက်၌ အပေါက်တစ်ခု ဖြစ်တည်လာ၍ နောက်စေ့မှ သွေးများ ဗြန်းခနဲ ပန်းထွက်သွား၏။ မယုံကြည်နိုင်ဟန် စိုက်ကြည့်နေရင်း သူမသည် သစ္စာဖောက်ခံလိုက်ရသောအခါ ခြေတစ်လှမ်းပင် မဆုတ်နိုင်ဘဲ ချက်ချင်း လဲကျသွားသည်။ တိုက်ကွက်က ရုတ်တရက် ဆန်လွန်းသဖြင့် ယွမ်ရှောင်ပင် သတိမထားမိခဲ့ဘဲ ထိုဓားချက်နှင့် ရင်ဆိုင်ရလျှင် သူကိုယ်တိုင်လည်း ဝိညာဥ်ရော ခန္ဓာကိုယ်ပါ ချုပ်ငြိမ်းသွားနိုင်၏။ သားရဲလေး၏ အကူအညီ ရှိသည့်တိုင်အောင် လွတ်မြောက်မည်ဟု ရာနှုန်းပြည့် ယုံကြည်ချက် မရှိချေ။

ယွမ်ရှောင်က တုန်လှုပ်သွားပြီး ဘယ်ဘက်သို့ စောင်းငဲ့ကြည့်လိုက်သောအခါ မျက်လုံးအပြူးသားဖြင့် ဒေါသတကြီး သေဆုံးနေသည့် ကျန်းချင်းဝေ၏ အလောင်း ရှိနေသည်။ သူမက အမိန့်ကို လိုက်နာရုံသာ ဖြစ်ပြီး အမှားအယွင်းမရှိသော်လည်း အသတ်ခံလိုက်ရသောကြောင့် ယွမ်ရှောင်ကိုယ်တိုင်လည်း ဒေါသထွက်နေခဲ့သည်။ ယွမ်ရှန်ကျင်း၏ လုပ်ရပ်ကို ကျန်ခြောက်ယောက်က တားမြစ်ခြင်း မရှိသဖြင့် ယွမ်ဝူလည်း တုန်လှုပ်ခြောက်ခြားကာ တစ်ကိုယ်လုံးပြာနှမ်း၍ ချက်ချင်း ဒူးထောက်လိုက်သည်။

"နီအန် လွတ်မြောက်လာတာကို သိထားတဲ့လူ အကုန်သေပြီလား"

ယွမ်ရှန်ကျန်းက ယင်တစ်ကောင်ကို ရိုက်သတ်လိုက်သကဲ့သို့ သဘောထားကာ ပေါ့ပေါ့ပါးပါး ရှိနေသည်။

"အားလုံး သေသွားပြီး ကျုပ်တို့ ညီအစ်ကိုနှစ်ယောက်ပဲ ကျန်ပါတယ်။ ဒါပေမယ့် စိတ်ချပါ။ ကျုပ်တို့ နှုတ်လုံပါ့မယ်"

ယွမ်ဝူက အံကြိတ်၍ တုန်တုန်ရီရီနှင့် အာမခံလိုက်သည်။

"စိတ်အေးအေးထားပါ။ မင်းတို့က ငါ့မိသားစုပဲ။ ဘာမှ မဖြစ်ပါဘူး"

ယွမ်ရှန်ကျင်း တစ်ယောက်တည်းသာမက ကျန်ကျင့်ကြံသူ ခြောက်ယောက်ကလည်း ရုတ်တရက် ရယ်မောလိုက်သဖြင့် ယွမ်ဝူ၏ စိုးရိမ်စိတ်များ နောက်ဆုံးတွင် ပျောက်ကွယ်သွားသော်လည်း ကျန်းချင်းဝေ သေဆုံးရသည့် အကြောင်းအရင်းကိုမူ နားမလည်နိုင်တော့ပေ။

"ငါတို့ နီအန်ကိစ္စကို အင်မော်တယ်သုံးပါးအဖွဲ့ကို အစီအရင်ခံကြမှာလား"

ဆံပင်ဖြူ မုတ်ဆိတ်ဖြူ အကြီးအကဲတစ်ယောက်က မေးလိုက်ခြင်း ဖြစ်သည်။

"နီအန်ကို အဆင့်တက်ဆေးလုံးအဖြစ် သန့်စင်လိုက်ရင် ရလဒ်က အံ့သြစရာ ဖြစ်လာလိမ့်မယ်"

ယွမ်ရှန်ကျန်း၏ မျက်ခုံးများက ဆွတ်ဆွတ်ဖြူ၍ ရှည်လျားပြီး ဖြောင့်မတ်မှန်ကန်သော မျက်နှာ အသွင်အပြင်မျိုး ပိုင်ဆိုင်သည်။

"ဟုတ်တယ်။ နီအန်က အဆင့်တက်ဆေးလုံးအတွက် အကောင်းဆုံး ပါဝင်ပစ္စည်းလို့ အင်မော်တယ်သုံးပါးက ပြောထားတယ်။ နားခိုရာဂိုဏ်းမှာ အရင်က ပိတ်မိနေတာ နှမြောစရာကောင်းခဲ့တယ်။ အခုတော့ သူ လွတ်မြောက်လာပြီ"

သူ၏ စကားကို ကျန်ခြောက်ယောက်က ချက်ချင်း ထောက်ခံ၍ ခေါင်းတဆတ်ဆတ် ညိတ်နေကြသည်။

"ဘိုးဘေး ကျန်းချင်းဝေကို သတ်လိုက်တာက အပြစ်ပုံချဖို့လား"

စိတ်ရှုပ်ထွေးနေသော ယွမ်ဝူက မေးလိုက်ခြင်းပင်။

"မဟုတ်ဘူး။ နီအန်ကို သတ်ဖြတ်ဖို့ နည်းလမ်း တစ်ခုတည်းကို အသုံးပြုရမယ်။ ကမ္ဘာတစ်ခုလုံး မီးရှို့ပစ်ရမယ်"

ယွမ်ရှန်ကျင်းက ခေါင်းယမ်း၍ အေးစက်တင်းမာသော လေသံဖြင့် ပြောလိုက်၏။

"ဆိုလိုတာက ငရဲကိုးထပ်ကမ္ဘာကို မီးလောင်တိုက်သွင်းပြီး ဖျက်ဆီးရမှာလား"

"ကျမ်းစာတွေထဲမှာ နီအန်က မသေနိုင်ဘူးလို့ ရေးထားတယ်။ နှစ်ပေါင်းများစွာ အကျဥ်းကျပြီးလို့ အားနည်းနေပေမယ့် ငါတို့က ကမ္ဘာတစ်ခုလုံး မီးရှို့ပစ်ရမယ်။ သက်ရှိတွေရဲ့ ဝိညာဥ်တွေ၊ ကမ္ဘာအဆီအနှစ်၊ ယင်ယန် စွမ်းအားတွေကို စုစည်းပြီး သက်ရှိတွေရဲ့ အမုန်းတရားကို လောင်စာအဖြစ်နဲ့ နီအန်သားရဲကို မီးရှို့ပြီး ကံကြမ္မာရော ဝိညာဥ်ပါ သုတ်သင်ပစ်မယ်"

"မှန်တယ်။ သူက စားသောက်ရလေလေ ပိုပြီး သန်မာလေလေပဲ။ တိုက်ရိုက်ရင်ဆိုင်ရင် အခွင့်အရေးတစ်ခု ပေးလိုက်သလိုပဲ။ ကမ္ဘာကို မီးရှို့လိုက်ရင် ဒီကောင် ထပ်ပြီး ခွန်အားကြီးမားလာစရာ အကြောင်း မရှိတော့ဘူး"

အကြီးအကဲခုနစ်ယောက်က ကိုယ်ကျိုးအတွက် ရက်စက်စွာ ဆုံးဖြတ်ချက် ချထားပြီး ယွမ်ဝူသည်လည်း လူယုတ်မာပီပီ လေးစားကျေနပ်သွား၏။ နောက်ဆုံးတွင် ကျန်းချင်းဝေ ချက်ချင်း အသတ်ခံလိုက်ရသော အကြောင်းအရင်းကို သူက နားလည်သွားသည်။ ရှေးဟောင်းအပျက်အစီးနယ်မြေ၌ သူတော်ကောင်းယောင်ဆောင်သော ကျင့်ကြံသူများ ရှိနေပြီး နီအန်သားရဲ၏ သတင်းမပြန့်ခင် ကမ္ဘာတစ်ခုလုံး မီးရှို့ဖျက်ဆီးရန် ချက်ချင်း အကောင်အထည်ဖော်နေကြ၏။

"ဘိုးဘေး အဆင့်တက်ဆေးလုံးက ကျုပ်တို့ကို စစ်မှန်တဲ့ အင်မော်တယ်တွေဖြစ်လာအောင် ကူညီပေးနိုင်မှာလား"

ယွမ်ဝူ၏ မျက်လုံးတွင် လောဘမီး တောက်လောင်နေကာ အလောတကြီး စုံစမ်းလိုက်သည်။

"မင်း ဘယ်လိုထင်သလဲ။ တန်ဖိုးမရှိရင် ငါတို့က ဘာကြောင့် စိတ်ဝင်စားမှာလဲ။ ကျင့်ကြံသူတစ်ယောက် တက်လှမ်းဖို့ နိမ့်ကျတဲ့ သက်ရှိတွေ စတေးရမယ်။ ဒါက အင်မော်တယ်လမ်းစဥ်ရဲ့ ကြမ်းတမ်းခါးသီးတဲ့ အမှန်တရားပဲ"

ယွမ်ရှင်ကျန်းက တစ်ချက် ပြုံး၍ ဖြေပေးခဲ့သည်။

"ဒါပေမယ့် ဒီလောက်အဖိုးတန်တာကို အင်မော်တယ်သုံးပါးအဖွဲ့ကို ပေးဖို့ လိုအပ်လို့လား။ ဘိုးဘေးကိုယ်တိုင် အသုံးပြုလိုက်တာက မကောင်းဘူးလား"

ယွမ်ဝူမှာ အကြံပေးလိုက်သော်လည်း စကားအဆုံးတွင် ပတ်ဝန်းကျင်က တိတ်ဆိတ်သွားပြီး ရုတ်တရက် ဖိအားကြီးခံစားလိုက်ရသဖြင့် မော့ကြည့်လိုက်ရာ ဒေါသမျက်လုံးများနှင့် ရင်ဆိုင်လိုက်ရ၏။

"ကျုပ် တောင်းပန်ပါတယ်"

ယွမ်ဝူက အလန့်တကြား ဦးညွှတ်၍ ကြောက်လန့်နေစဥ် ယွမ်ရှင်ကျန်းသည် သူ့ကို တိတ်တိတ်ဆိတ်ဆိတ် နေရန် အချက်ပြခဲ့သည်။

"သွားကြစို့"

ထို့နောက် အကြီးအကဲခုနစ်ယောက်သည် အခြားလူများ မသိနိုင်ခင် ငရဲကိုးထပ်ကမ္ဘာကို မီးရှို့ပစ်ရန် စိတ်အားထက်သန်နေကာ အလောတကြီး ဖြစ်နေကြသည်။

"ဘိုးဘေး ဒီကောင့်ကို ဘာလုပ်လိုက်ရမလဲ"

ထိုအချိန်တွင် ယွမ်ဝူသည် သူ့ကို ဆန့်ကျင်ခဲ့သော ယွမ်ရှောင်အား အမှတ်ရသွားကာ ရုတ်တရက် မေးခွန်းထုတ်ခဲ့လေသည်။

All Chapters