အကျည်းတန်သော လူသားဘက်ခြင်း
Vol. 29 Ch. 378
"ဒီကောင့်လို ရတနာမျိုးက ရှားပါးတယ်။ ဓားနဲ့ ရုန်း နှစ်မျိုးလုံး ကျင့်ကြံတယ်ဆိုတော့ လောလောဆယ် ကောင်းကင်ထောင်ထဲမှာ ချုပ်ထားလိုက်။ ငရဲကိုးထပ် ကမ္ဘာကို ဖျက်ဆီးပြီးမှ ကိုင်တွယ်မယ်"
ယွမ်ရှန်ကျင်းသည် ယွမ်ရှောင်ကို တစ်ချက် ကြည့်၍ စမ်းသပ်ကြွက်ပမာ သဘောထားနေကြောင်း ထင်ရှားသည်။ သူ့အတွက် နီအန်သားရဲပြီးလျှင် ထူးခြားသော ပါရမီရှင်က ဒုတိယအရေးကြီးဆုံး ဖြစ်ကာ မမျှော်လင့်ထားသော အခွင့်အရေးတစ်ခု ဖြစ်၍ ကျန်းချင်းဝေနှင့်အတူ မသတ်ခဲ့ခြင်းပင်။ အကယ်၍ သူသာ နှစ်မျိုး ကျင့်ကြံနိုင်သူ မဟုတ်လျှင် ချက်ချင်း သေဆုံးသွားနိုင်ပြီး သားရဲလေး၏ ကယ်တင်မှုက လုံလောက်အောင် လျင်မြန်မည် မဟုတ်ချေ။ လက်ရှိတွင် အရေးကြီးမှာ ကောင်းကင်ရင်းမြစ်နယ်မြေမှ ထိုကျင့်ကြံသူခုနစ်ယောက်၏ ရက်စက်ကြမ်းကြုတ်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် လောဘကြောင့် ကမ္ဘာတစ်ခုကို ဖျက်ဆီးကြမည့် အရေး ဖြစ်၏။
ထိုကျင့်ကြံသူများသည် လူသားမျိုးနွယ်ဝင်ဖြစ်သော်လည်း ယွမ်ရှောင်အမြင်၌ မည်သည့်နတ်ဆိုးထက်မဆို အောက်တန်းကျသူများ ဖြစ်သည်။ လူသားတိုင်း ဆိုးယုတ်သည်ဟု မဆိုနိုင်သော်လည်း ထိုလူများကမူ နတ်ဆိုးများ၏ ယုတ်မာမှုထက် အဆပေါင်းများစွာ ကျော်လွန်နေ၏။ သူ၏ ကံကြမ္မာကို သတ်မှတ်ပေးပြီးနောက် လောဘသားကောင်အုပ်စုသည် ရွှေရောင်ခန်းမအတွင်း ယွမ်ဝူကို ထားရစ်ကာ ထွက်ခွာသွားခဲ့ကြသည်။
"ဟား ဟား စမှတ်မြင့်တဲ့ လူတွေက နိမ့်ကျတဲ့ လူတွေကို မလှောင်ပြောင်သင့်ဘူး။ အဆင့်အတန်းမတူရင် တစ်ခါတည်း သတ်ပစ်လိုက်ရုံပဲ။ စကားတွေ ပြောပြီး လေကုန်ခံနေစရာ မလိုတော့ဘူး"
ယွမ်ဝူသည် ကျန်းချင်းဝေ၏ အလောင်းကို အဝေးသို့ ကန်ထုတ်၍ မောက်မာစွာ ရယ်မောရင်း သရုပ်မှန် ထွက်ပေါ်လာသည်။
"မင်းရဲ့ နောက်လိုက်တွေ မီးရှို့ခံရမှာကို စိုးရိမ်နေပြီလား။ မင်းအတွက် ငါက ထွက်ပေါက်တစ်ခု ပေးခဲ့တယ်။ ဒါပေမယ့် မိုက်မဲလွန်းတယ်။ ကျင့်ကြံရေးလောကမှာ မင်းလို ခပ်တုံးတုံးကောင်မျိုး အသက်ရှင်နေတာ တော်တော် ကံကောင်းတာပဲ။ ရှေးဟောင်းအပျက်အစီးနယ်မြေမှာတော့ တစ်ရက်တောင် မခံဘူး"
သူက ယွမ်ရှောင်ကို စိတ်တိုင်းကျ လှောင်ပြောင်နေသည်။
"လူသားမျိုးနွယ်ရဲ့ စိတ်ဓာတ်က ဒီလောက်နိမ့်ကျသွားပြီလား"
ယွမ်ရှောင်က တီးတိုးရေရွတ်လိုက်ပြီး ရှေးဟောင်းအပျက်အစီးနယ်မြေသည် သူ့ကို ခါးသီးရက်စက်သော သင်ခန်းစာတစ်ခုပေးခဲ့ပြီး ဤနေရာတွင် လူသားမျိုးနွယ်၏ ဖြောင့်မတ်မှန်ကန်မှု ပျောက်ကွယ်နေသည်။
"ကျင့်ကြံခြင်းကို ကစားစရာလို့ ထင်နေတာလား။ အဆင့်တက်သွားရင် လူသန်းပေါင်းများစွာကို အုပ်ချုပ်နိုင်တယ်။ ပါရမီက ဘာအရေးကြီးလဲ။ အရင်းအမြစ်နဲ့ အာဏာရှိရင် ဘာမဆို လုပ်နိုင်တယ်။ တောတွင်းလောကမှာ အောင်မြင်ရင် အမြင့်တက်မယ်။ ကျရှုံးရင် သေရမယ်။ ဖြောင့်မတ်မှန်ကန်တဲ့ ကောင်တွေ သေတာ ကြာလှပြီ။ အခုမှ နောင်တရနေရင်လည်း နောက်ကျသွားပြီ။ လိမ်လိမ်မာမာနေပြီး ဘိုးဘေးကို စမ်းသပ်ခွင့်ပေးလိုက်။ ဒါဆိုရင် အသက်ရှင်ခွင့် ရချင်ရမှာပေါ့"
ယွမ်ဝူက ခြိမ်းခြောက်နေပြီး ယွမ်ရှောင်သည် ငရဲကိုးထပ်ကို ကယ်တင်ပေးရန် အကူအညီတောင်းခဲ့သော်လည်း ပို၍ ကြမ်းကြုတ်သော ကပ်ဘေးတစ်ခုသာ ပြန်လည်ရရှိခဲ့၏။ နီအန်က လွတ်မြောက်မလာသေးသော်လည်း ကမ္ဘာများစွာ၏ အစောင့်အရှောက်ဆိုသော ရှေးဟောင်းနယ်မြေမှ ကျင့်ကြံသူများက ငရဲကိုးထပ်ကမ္ဘာကို မီးလောင်တိုက်သွင်းပစ်ချင်နေသည်။ နယ်မြေတစ်ခုလုံးကို မမြင်ရသေးသော်လည်း ဤနေရာ၌ တစ်ကိုယ်ကောင်းဆန်သူများနှင့် လောဘသားများသာ ပြည့်နှက်နေသည်။ သို့ရာတွင် လူကောင်းများ နေရာအချို့တွင် ရှိနေနိုင်သဖြင့် သူက မျှော်လင့်ချက် ပျက်ပြယ်မသွားပေ။ သူကိုယ်တိုင်သည်လည်း လောက၏ အမှောင်ကို ဖယ်ရှား၍ အန္တရာယ်မှ ကယ်တင်ပေးနိုင်သည့် အလင်းတစ်ခု ဖြစ်ချင်သည်။ သူ၏ နောက်ဆုံးအကြည့်သည် ကျန်းချင်းဝေ၏ အလောင်းထံ ကျရောက်သွားကာ လူကောင်းတစ်ယောက် ဖြစ်သော်လည်း တောက်ပလွန်းသောကြောင့် အသတ်ခံလိုက်ရခြင်းပင်။ သူမနှင့် သိကျွမ်းသည်မှာ အချိန်မကြာသော်လည်း သူ၏ နှလုံးသားတွင် ဒေါသများ တောက်လောင်နေကာ လက်စားချေပေးမည်ဟု စိတ်ထဲမှ ကတိပေးရင်း ယွမ်ဝူ ခေါ်ဆောင်ရာနောက် လိုက်ပါလာခဲ့သည်။
ရွှေရောင်ခန်းမအပြင်၌ ငွေရောင်မျက်လုံး လူငယ် ယွမ်ဖူ စောင့်ဆိုင်းနေပြီး ငရဲကိုးထပ်၌ ဖီးနစ်ဧကရီကို ကုသပေးခဲ့သူ ဖြစ်၏။
"အစ်ကိုကြီး နီအန်အကြောင်းက...."
"တိတ်တိတ်နေ။ သူ့အကြောင်း လုံးဝ မပြောနဲ့တော့"
"နားလည်ပါပြီ"
ယွမ်ဝူက ဖြတ်ပြောလိုက်သောကြောင့် ကြီးကြီးမားမား လျှို့ဝှက်ချက်ရှိနိုင်ကြောင်း သဘောပေါက်သဖြင့် တိတ်ဆိတ်သွားခဲ့သည်။
"ဒီကောင့်ကိုရော နှုတ်ပိတ်ရမှာလား"
ယွမ်ဖူ၏ အကြည့်က ယွမ်ရှောင်ထံ ကျရောက်လာသည်။
"ဒီကောင်ပါးစပ်ကို ပိတ်ပြီး ကောင်းကင်ထောင်ထဲ ထည့်ထားလိုက်"
သူက ယွမ်ဝူ၏ အမိန့်အတိုင်း အသက်တံဆိပ်ကို ထုတ်ဖော်ကာ ယွမ်ရှောင်၏ ပါးစပ်ကို ပိတ်ဆို့ထားလိုက်သည်။ ထိုအခိုက်တွင် ဤညီအစ်ကိုသည် ပျောက်ဆုံးသွားသော ယွမ်ကျန်းကို မေ့လျော့သွားဟန်ဖြင့် ရယ်ရယ်မောမော ထွက်ခွာလာကြ၏။ ခဏအကြာတွင် ယွမ်ရှောင်သည် သံတိုင်နှင့် နံရံများကို ရုန်းများ စီရင်ထားသည့် အကျဥ်းခန်းတစ်ခုအတွင်း ရောက်ရှိသွားကာ မူလဝိညာဥ်နယ်ပယ်များပင် ထိုးဖောက်နိုင်စွမ်း မရှိချေ။ ယွမ်ဖူနှင့် ယွမ်ဝူသည် သူ လွတ်မြောက်သွားမည်ကို စိုးရိမ်သောကြောင့် အကျဥ်းခန်းအပြင်၌ စောင့်ကြပ်ရင်း စစ်တုရင် ကစားခဲ့ကြ၏။
"ဒီကောင်က တော်တော်လေး နာခံတတ်တယ်"
ယွမ်ဖူက စစ်တုရင်တစ်ရုပ်ကို ကိုင်ထားရင်း အခန်းအတွင်း၌ မလှုပ်မယှက် ရပ်နေသည့် ယွမ်ရှောင်အား လှမ်းကြည့်သည်။ သို့ရာတွင် သူ၏ မျက်နှာက ရုတ်တရက် ရှုံ့မဲ့သွားကာ နာကျင်မှုကြောင့် အားခနဲ အော်ဟစ်ရင်း တစ်ကိုယ်လုံး တွန့်လိမ်နေ၏။
"ဘာဖြစ်တာလဲ ညီလေး"
"အသက်တံဆိပ်"
ယွမ်ဝူက အပြေးအလွှား ထူမ၍ စိတ်ရှုပ်နေစဥ် ယွမ်ရှောင်နဖူးမှ ခေါင်းကိုးလုံး နဂါးတံဆိပ်တစ်ခု ထွက်ပေါ်လာ၍ ယွမ်ဖူ၏ ငွေရောင် အသက်တံဆိပ်ကို ပြင်းထန်စွာ ကိုက်စားနေသည်။ ခဏအတွင်း ၎င်းသည် ဟောင်းလောင်းပေါက် ကိုးခု ထိုးဖောက်ခံလိုက်ရပြီး ရုန်းပေါင်း ငါးသောင်းကျော်မှာ ချက်ချင်း ဝါးမျိုခံလိုက်ရ၏။
"ယွမ်ရှောင်"
သူက ဒေါသတကြီး ဟိန်းဟောက်၍ ရွှေရောင်အလင်းတန်းဖြင့် တိုးဝင်လာသည့်တိုင်အောင် တစ်ဖက်လူမှာ ခံစားချက်ကင်းမဲ့စွာ စိုက်ကြည့်နေသည်။ ထောင်စောင့်နဂါး တံဆိပ်သည် ငွေရောင်အသက်တံဆိပ်ကို အသည်းအသန် ကပ်တွယ်၍ အဆက်မပြတ် ကိုက်စားနေရာ ယွမ်ဖူမှာ မြေကြီးတွင် လူးလိမ့်ရင်း နာကျင်စွာ အော်ဟစ်နေခဲ့၏။ သူက နားမလည်ဟန်ဖြင့် မျက်လုံးများ ပြူးကျယ်နေစဥ် ပါးစပ်မှ အမြှုပ်များ တစီစီထွက်ကာ တက်သွားပြန်သည်။ ပုံမှန်ဆိုလျှင် တိုက်ပွဲ၌ အသက်တံဆိပ် ကြေမွသွားလျှင်ပင် ရုန်းစာလုံးများအဖြစ် ပြန့်ကြဲ၍ အန္တရာယ် မရှိသော်လည်း လက်ရှိတွင် အလွန်တရာ ထိခိုက်နာကျင်နေရ၏။
"သေချင်နေတာလား"
ယွမ်ဝူ၏ ရွှေရောင်မျက်လုံးများက တောက်လောင်နေပြီး တရကြမ်း ပြေးဝင်လာသည်။
"ငါ မင်းကို ကျန်းချင်းဝေနဲ့ ငရဲကိုးထပ်ကမ္ဘာအတွက် လက်စားချေမယ်။ စောင့်နေ"
ယွမ်ရှောင်က အေးစက်စက် သတိပေးကာ လှောင်ပြုံးတစ်ချက်ဖြင့် နောက်လှန်ချလိုက်သောအခါ လေထဲမှာ ကြေးခေါင်းတလားတစ်ခု ထွက်ပေါ်လာ၍ အချိန်ကိုက် ဝင်ရောက်သွားခဲ့သည်။ ၎င်းသည် ယွမ်ဝူ ရှေ့မှောက်မှာပင် အကျဥ်းခန်းကို ထိုးဖောက်၍ လွတ်မြောက်သွားသော်လည်း ယွမ်ဖူ၏ နာနာကျင်ကျင် အော်သံများကြောင့် လိုက်လံဖမ်းဆီးနိုင်ခြင်း မရှိတော့ပေ။
အချိန်တစ်ခု အကြာတွင် ယွမ်ရှောင်သည် ရှေးဟောင်းအပျက်အစီးနယ်မြေ၏ လမ်းထောင့်တစ်ခုသို့ ရောက်ရှိနေကာ သားရဲလေးမှာ အားနည်းနေဟန်ဖြင့် ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ သူက အသက်ကို ခပ်ပြင်းပြင်းရှူ၍ စည်ကားသော လမ်းများကို ဝေ့ကြည့်ကာ ရေရွတ်လိုက်လေသည်။
"အချိန်မရှိတော့ဘူး။ လန်ရီကို လိုက်ရှာရအောင်"