အသက်စားပိုးကောင် ကျင့်စဥ်
Vol. 29 Ch. 379
အရုဏ်ဦးနံနက်တွင် နယ်မြေကြီး၏ အရှေ့ဖျားမှ နေတစ်စင်း ထိုးထွက်လာကာ ရောင်ခြည်များ ဖြန့်ကျက်ပေးလိုက်သည်။
"နေမင်းနဲ့ အင်မော်တယ်သုံးပါးကို အရိုအသေပေးကြ"
အသံများ ဆူညံနေစဥ် ယွမ်ရှောင်သည် လမ်းထောင့်တစ်ခုမှ ထွက်လာ၍ ရှေ့တည့်တည့်တွင် စျေးတစ်ခု စည်ကားသက်ဝင်နေခဲ့သည်။ ၎င်း၏ အလယ်ဗဟိုတွင် ခမ်းနားထည်ဝါသည့် ရွှေရောင် ဘုရားကျောင်းတစ်ခု ရှိနေကာ သူ၏ အကြည့်ကို ဆွဲဆောင်သွား၏။ အတွင်း၌ ရုပ်တုကြီးသုံးခု ရှိနေတာ ကရုဏာတရားပြည့်ဝဟန် မျက်နှာများ ထုလုပ်ထားပြီး လူအများကို အပေါ်စီးမှ ငုံ့ကြည့်နေသယောင် ထင်မှတ်ရသည်။ အမွေးတိုင်မီးခိုးများ ထောင်းထောင်းထနေပြီး မျက်နှာအထိ ဖုံးလွှမ်းနေကာ ရွှေရောင် ငွေရောင် ချီစွမ်းအားနှင့် ရောယှက်၍ ထူးခြားသော အရှိန်အဝါတစ်မျိုး ထွက်ပေါ်နေသည်။ ၎င်းမှာ နတ်ကွန်းတစ်ခုနှင့် တူညီပြီး အမွေးတိုင်များ အစီအရီ ပူဇော်ထားကာ ထိုနေရာ၌ လူတိုင်းသည် လေးနက်တည်ငြိမ်ပြီး စိတ်အားထက်သန်စွာ ပူဇော်သက္ကာရပြုနေကြ၏။
"သတ္တမအချိန် ကျပြီ။ ဒူးထောက်စမ်း"
နတ်ကွန်းမှ အသံတစ်ခုက အမိန့်ပေးလိုက်သောအခါ ကျင့်ကြံသူပေါင်းထောင်ချီ တပြိုင်နက် ဦးညွှတ်၍ ပူဇော်ကိုးကွယ်နေခဲ့သည်။ ယွမ်ရှောင်က ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်ရာ အနီးအနားတွင် အလားတူ နတ်ကွန်းများစွာ ရှိနေ၍ တစ်ခုချင်းစီတွင် ဝတ်ပြုသူများ လူပင်လယ်ပမာ ရှိသည်။
"တစ်ကိုက်အကွာတိုင်းမှာ အမွေးတိုင်၊ လမ်းတိုင်းမှာ နတ်ကွန်း။ ရှေးဟောင်းအပျက်အစီးနယ်မြေက ဘာကို ကိုးကွယ်နေတာလဲ"
ယွမ်ရှောင်က စိတ်ရှုပ်နေပြီး လန်ရီအကြောင်း စုံစမ်းရန် အကြံသည် လူတိုင်း ဝတ်ပြုကိုးကွယ်နေသောကြောင့် ပျက်စီးသွား၏။
"ပထမဆုံးအနေနဲ့ ထိပ်တန်း လူသားအင်မော်တယ်ကို ရှိခိုးကြ"
အသံက နောက်တစ်ဖန် ထွက်ပေါ်လာသောအခါ လူအုပ်သည် ညာဘက်အစွန်ရှိ ရုပ်တုရှေ့တွင် ဦးချလိုက်ကြပြီး မြေကြီးနှင့် ဦးခေါင်း ထိခတ်သော အသံ ပြိုင်တူ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။ ရှေးဟောင်းအပျက်အစီးနယ်မြေ၏ မြေပြင်တစ်ခုလုံး တုန်ခါသွားကာ နောက်ဆက်တွဲအနေဖြင့် ခေါင်းလောင်းသံများ မြည်ဟီးကုန်၏။
"ဒုတိယအနေနဲ့ ဆန်းကြယ်တဲ့ မြေအင်မော်တယ်ကို ရှိခိုးကြ"
ထို့နောက် လူအုပ်သည် အသံ၏ ညွှန်ကြားချက်အတိုင်း ဘယ်ဘက်အစွန်ရှိ ရုပ်တုရှေ့တွင် နောက်တစ်ကြိမ် ဦးချလိုက်ရာ တုန်ဟီးသွားပြန်သည်။
"တတိယအနေနဲ့ ကောင်းကင်ရင်းမြစ်အင်မော်တယ်ကို ရှိခိုးကြ"
နတ်ကွန်း၏ အသံက ခိုင်းစေလိုက်ပြီး လူသားများသည် အလယ်ရှိ ရုပ်တုရှေ့တွင် လေးစားစွာ ပြားပြားဝပ်သွားကာ ဦးခေါင်းများ ဆောင့်ချလိုက်သဖြင့် ရှေးဟောင်းအပျက်အစီးနယ်မြေမှာ အပြင်းထန်ဆုံး လှုပ်ခတ်၍ ယွမ်ရှောင်၏ ခြေထောက်အောက်မှ လမ်းကိုပင် အက်ကြောင်းထင်သွားစေ၏။
"တပြိုင်နက် ဦးချနေတာ ဘယ်လောက်တောင်များလို့လဲ"
ယွမ်ရှောင်သည် ထူးခြားမှုကြောင့် မအံ့သြဘဲ မနေနိုင်ကာ ဦးချနေသူများမှာလည်း ကျင့်ကြံဆင့်မြင့်မား၍ မူလဝိညာဥ်အဆင့်များပင် ပါဝင်ကြောင်း တစ်ချက်ကြည့်ရုံနှင့် သိနိုင်သည်။
"ကောင်းကင်ရင်းမြစ်နယ်မြေမှာ ဟိုလူယုတ်မာကောင်တွေ အင်မော်တယ်သုံးယောက်အကြောင်း ပြောနေတာ ကြားဖူးတယ်။ သူတို့က ယွမ်ရှန်ကျန်းထက် ပိုပြီး အဆင့်အတန်း မြင့်လောက်တယ်"
သူက ရုပ်တုသုံးခုကို မျက်မှောင်ကြုတ်၍ စိုက်ကြည့်နေကာ လူသားအင်မော်တယ်၊ မြေအင်မော်တယ်နှင့် ကောင်းကင်အင်မော်တယ်ဟူသော ကျင့်ကြံသူသုံးယောက်သည် ဤနေရာ၌ လေးစားကြည်ညိုခံရကြောင်း သံသယဖြစ်စရာ မရှိချေ။ ကောင်းကင်ရင်းမြစ်နယ်မြေသည် ကောင်းကင်အင်မော်တယ်ဆိုသူနှင့် ပတ်သက်နိုင်ပြီး လောလောဆယ် တွေ့ရှိချက်အရ ထိုသုံးယောက်မှာ ငရဲကိုးထပ်ကမ္ဘာကို ဖျက်ဆီးခြင်းနှင့် သက်ဆိုင်ပုံမရပေ။
"မထကြသေးဘူးလား"
ဝတ်ပြုအပြီးတွင် ထိုလူများသည် ပြန်ထ၍ သက်ဆိုင်ရာ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ကြလိမ့်မည်ဟု သူက ထင်ထားသော်လည်း ဒူးထောက်နေဆဲပင် ဖြစ်သည်။
"အင်မော်တယ်တွေကို ရှိခိုးမှ ကျင့်ကြံရေးကို လိုက်စားနိုင်မယ်"
ထိုအချိန်၌ နတ်ကွန်းထဲမှ ဆံပင်ဖြူဖြူ မုတ်ဆိတ်ဖြူဖြူနှင့် ဝတ်ဖြူစင်ကြယ် ဝတ်ဆင်ထားသည့် အကြီးအကဲတစ်ယောက် ထွက်လာကာ ယွမ်ရှန်ကျင်းနှင့် ရုပ်ရည်ချင်း ဆင်တူသည်။ ကျန်းချင်းဝေက သန်မာသော်လည်း ဓားတစ်ချက်တည်းဖြင့် အသက်ပျောက်ခဲ့ရသည်ကို မျက်မြင်တွေ့သောကြောင့် ရှေးဟောင်းနယ်မြေမှ ကျင့်ကြံသူများကို သူ အထင်မသေးထားပေ။
"မှတ်ထားကြ။ တက်လမ်းကျင့်စဥ်ကို ဇွဲရှိရှိ လေ့ကျင်ရင် ပျက်စီးယိုယွင်းမှု ငါးမျိုးကို ဆန့်ကျင်ပြီး ကောင်းကင်နန်းတော်ကို ဝင်ခွင့်ရလိမ့်မယ်"
နတ်ဆရာဟု ထင်မှတ်ရသော အကြီးအကဲက စည်းကမ်းရှိရှိ ဒူးထောက်နေသော လူအုပ်ရှေ့တွင် တစ်လုံးချင်း ကြေညာလိုက်သည်။
"တက်လမ်းသိုင်းကို ကျင့်ကြံ၊ ယိုယွင်းမှု ငါးမျိုးကို ချိူးဖျက်၊ ကောင်းကင်နန်းတော်သို့"
လူအုပ်၏ မျက်လုံးများ တောက်ပလာကာ တပြိုင်နက် ကြွေးကြော်ခဲ့သည်။
"အရုဏ်ဦးနေရောင်နဲ့အတူ လူသားတိုင်း မြင့်တက်လာရမယ်။ စတင်လေ့ကျင့်ကြလော့"
အကြီးအကဲက နွေးထွေးစွာ ပြုံး၍ ညွှန်ကြားလိုက်သောအခါ ဒူးထောက်နေသူအားလုံးသည် တင်ပျဥ်ခွေထိုင်ရန် အနေအထား ပြောင်းလဲလိုက်ကြ၏။ သူတို့က ခေါင်းမော့ရင်ကော့ထားပြီး လမ်းများအထက်တွင် ကျင့်စဥ်များ လည်ပတ်ကာ ဉာဏ်အလင်း ရှာဖွေနေကြသည်။ ချီစွမ်းအားများ ပတ်လည်တွင် ပျံ့နှံ့နေကာ စုပေါင်းကျင့်ကြံခြင်းသည် အလွန်အစွမ်းထက်သဖြင့် လေထုပင် တုန်ခါနေ၏။ ယွမ်ရှောင်သည် ဧရာမနယ်မြေကြီး၏ ဦးပိုင်းရှိ နေမင်း၏ ရွှေရောင်အလင်းများသည် လူတိုင်းအပေါ် ဖြာကျ၍ ချီစွမ်းအား ထောက်ပံ့နေကြောင်း မြင်လိုက်ရသည်။
"သူတို့အားလုံးက နေမင်းနဲ့အတူ ကျင့်ကြံနေတာပေါ့။ အကျိုးသက်ရောက်မှုက တကယ် ထူးခြားရင် ဒီလောက်တိုးတက်နေတာ အံ့သြစရာ မရှိတော့ဘူး"
မြင်ကွင်းက ထူးဆန်းသော်လည်း အကျိုးသက်ရောက်မှုကြောင့် သူ့ကို အံ့အားသင့်စေသည်။ လမ်းတစ်ခုတွင် လူသားပေါင်းများစွာ ကျင့်ကြံ၍ စုစုပေါင်းစွမ်းအင်သည် ကောင်းကင်သို့ မြင့်တက်နေပြီး ပူးပေါင်းမျှဝေခြင်းဖြင့် တိုးတက်နှုန်း မြန်ဆန်လာ၏။ ရှေးဟောင်းအပျက်အစီးနယ်မြေ၏ အစွမ်းထက်သော ကျင့်စဥ်ကို မြင်တွေ့လိုက်ရသောကြောင့် သူက စိတ်လှုပ်ရှားနေစဥ် သားရဲလေး၏ လှောင်ပြောင်သံ ထွက်ပေါ်လာခဲ့သည်။
"မဟုတ်ကဟုတ်ကတွေ အထင်ကြီးမနေနဲ့။ မျက်နှာဖုံးနောက်ကို မြင်အောင် သေချာကြည့်"
"တစ်ခုခု မှားနေတာလား"
ယွမ်ရှောင်က အနီးကပ် စစ်ဆေးလိုက်သောအခါ ကျင့်ကြံသူတစ်ယောက်ချင်းစီသည် ကိုယ့်ကိုကိုယ် မေ့လျော့၍ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နေကြောင်း မြင်ခဲ့ရသည်။ ကောင်းကင်တွင် ရွှေရောင်ဝဲတစ်ခု ဖြစ်ပေါ်လာ၍ တောင်များပမာ ကြီးမားသည့် ပုံရိပ်သုံးခု မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိ ရောက်ရှိနေကြသည်။
"တက်လမ်းသိုင်းကို ကျင့်ကြံ၊ ယိုယွင်းမှု ငါးမျိုးကို ချိူးဖျက်၊ ကောင်းကင်နန်းတော်သို့"
လူအုပ်က အသိစိတ်မရှိသော အရုပ်များပမာ ဆက်တိုက် ရွတ်ဆိုနေကြပြီး ရှေးဟောင်းအပျက်အစီးနယ်မြေ တစ်ခုလုံး ထူးဆန်းစွာ တိတ်ဆိတ်နေကာ သက်ရှိတစ်ယောက်မှ မရှိသကဲ့သို့ ထင်မှတ်ရသည်။
"ဒါက ဘာကြောင့် ဖြစ်ရတာလဲ"
"သက်ရှိအားလုံးကို စားသောက်ဖို့ အသက်စားပိုးကောင် မွေးမြူတဲ့ ဂူကောင်ကျင့်ကြံရေး နည်းစနစ် တစ်ခုပဲ။ လူတိုင်းရဲ့ ယုံကြည်ချက်နဲ့ အသက်ဝိညာဥ်ကို မွေးမြူစားသောက်ပြီး ကျင့်စဥ် ကျင့်ကြံသူကို အားကောင်းစေတယ်။ ကျင့်ကြံရေးလောကမှာ တားမြစ်ထားတဲ့ အဆိုးဝါးဆုံး လမ်းကြောင်းတစ်ခုပေါ့"
ကြယ်ပြာက ခါးသက်သက် ရယ်မော၍ ရှင်းပြလိုက်သည်။ လူသားများက ကျင့်ကြံအပြီးတွင် တက်ကြွနေပုံပေါ်သော်လည်း ဟန်ဆောင်ထားခြင်းဖြစ်ကာ ကိုယ်ပိုင်စွမ်းအား မဟုတ်ပေ။ ဒုတိယ တာအိုကပ်ဘေး ကျင့်ကြံဆင့်များထံ ရောက်ရှိလျှင် အများစုမှာ လျင်မြန်စွာ အိုမင်း၍ သေဆုံးသွားကြပေလိမ့်မည်။ ကျင့်စဥ်ကြောင့် ဝိညာဥ်အထိ အကျိုးသက်ရောက်နေသောအခါ အမှန်တရားကို မမြင်နိုင်ဘဲ ထောက်ပြသူကိုပင် ရန်သူဟု ထင်မှတ်မှားကြ၏။
"ဒါဆိုရင် အင်မော်တယ်သုံးပါးဆိုတဲ့ ကောင်တွေရဲ့ လက်ချက်လား"
ယွမ်ရှောင်က အဖြစ်မှန် သိလိုက်ရသောအခါ နတ်ကွန်းရှိ ရုပ်တုသုံးခုထံ မနှစ်မြို့စွာ ကြည့်လိုက်မိလေသည်။