← Chapters

ချန်းချန်း

Vol. 2 Ch. 26

ချန်းချန်း

Vol. 2 Ch. 26

အန်လင်း၏ တောင်းဆိုချက်ကို ထိုမိန်းမပျိုက အလျင်အမြန်ပင် လက်ခံလိုက်သည်။

မဟူရာ ကျောက်တောင်ထိပ်မှာ ဂိမ်းဆော့ရတာက ဟွားတောင်မှာ လက်ရွေးစင် နှစ်ယောက် အသေအကြေ တိုက်ခိုက်ရသလိုမျိုး နေမှာပဲ။ ထိုမိန်းမပျိုသည် ထိုခံစားချက်ကို အလွန်တရာ နှစ်ခြိုက်လှသည်။

ထိုမိန်းမပျိုတွင် လေပေါ်တွင် ပျံဝဲနေသည့် ငှက်မွှေး ၆ခု တောင်ဝှေးရှိပြီး တောင်ဝှေး ပတ်လည်တွင် ပန်းရောင် အလင်းတန်းက ရစ်ဝဲနေသည်။

ထိုသည်မှာ ဓားပျံများတွင် အသုံးပြုသည့် ပေါ့ပါးမန္တန် ဖြစ်သည်။ ထိုပန်းရောင် အလင်းတန်းသည် စီးနင်းသူ ကိုယ်ခန္ဓာကို တည်ငြိမ်စေပြီး လေဒဏ်နှင့် နေဒဏ်မှ ကာကွယ်ပေးသည်။ ထိုအတတ်သည် စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်သို့ ရောက်ရှိနေသည့် ကျင့်ကြံသူများသာ တတ်မြောက်နိုင်သည်။

သူမက လက်ယပ် ခေါ်နေသည်ကို မြင်လိုက်ရသဖြင့် အန်လင်းက တုန်လှုပ်စွာဖြင့် တောင်ဝှေးပေါ် ခြေချလိုက်သည်။

ငါ့ကောင်ရေ... ဒါက ဓားပျံ ဟုတ်ပြီလား... ရိုးရိုးသားသား ဆိုရလျှင် သူက စီးနင်းကြည့်ဖို့ရန် အတော်လေး စိတ်အား ထက်သန်လျက် ရှိသည်။

"ဒါက ငါ့ရဲ့ ပထမဆုံး စီးနင်းမှုနော်... နည်းနည်းလောက် ညှင်သာပေးလို့ ရမလား..." အန်လင်းက မဝံ့မရဲ ပြောသည်။

"ဟဟဟ... မကြောက်ပါနဲ့ အသည်းလေးရယ်... ငါက ညှင်ညှင်သာသာလေး စီးမှာပါ... " သူမက အပြုံးကြီးကြီး တစ်ခု ချိတ်ဆွဲပြီး နှလုံးသား မရှိစွာ ပြောသည်။

ထို့နောက် သူမက ရည်ရွယ်ချက်ရှိရှိဖြင့် ပေါ့ပါးမန္တန်၏ လေကာစွမ်းရည်ကို ပယ်ဖျက်လိုက်သည်။

ငှက်မွေး ၆ ခု တောင်ဝှေးသည် ကောင်းကင်တွင် မပျံသန်းမှီ တခဏမျှ တုန်ခါနေသည်။

"အား…"

ငှက်မွေး ၆ခု တောင်ဝှေးသည် လေထဲတွင် ရူးသွပ်ဖွယ်ရာ အမြန်နှုန်းဖြင့် ပျံသန်းနေပြီး လေများက တဝီဝီမြည်လျက် ကျန်နေခဲ့သည်။ တောင်ဝှေးပေါ်တွင် ရပ်နေသည့် အန်လင်းမှာတော့ ကြောက်လွန်းသဖြင့် အော်ဟစ် နေတော့သည်။

အသိစိတ်လွတ်ကာ သူက အရှေ့တွင် ရှိနေသည့် ကဝေမငယ်၏ သွေးသွယ် ကျစ်လစ်သည့် ခါးကို ဆွဲလိုက်မိသည်။

ဖြန်း...

"လူယုတ်မာကောင်..." မိန်းမပျိုလေးက အော်လိုက်ပြီးနောက် သူ့ပါးကို ရိုက်လိုက်သည်။

အန်လင်း မျက်ဝန်းထဲတွင် မျက်ရည်များ အိုင်ထွန်းလာပြီး သူမခါးကို လွှတ်လိုက်ရသည်။

မှော်တောင်ဝှေးသည် အသံသွားနှုန်း နီးနီးဖြင့် ပျံသန်းနေသည်။ သူက ဘယ်လိုလုပ်ပြီး မကြောက်ဘဲ နေနိုင်မှာလဲ။ သူ့နှလုံးသားသည် ရင်ဘတ်ထဲမှနေ ခုန်ထွက်တော့ မတတ်ပင်။

အောက်ကို ငုံ့ကြည့်လိုက်သည့် အခါ ထိတ်လန့်ဖွယ်ရာ အမြင့်ကြောင့် သူက ပိုလို့ပင် ကြောက်လန့်လာကာ ဒူးများ တဆတ်ဆတ် တုန်ခါ နေတော့သည်။

ဓားပျံစီးနင်းတာက အရမ်းကြောက်ဖို့ ကောင်းတယ်... အရမ်း.... ကြောက်ဖို့ ကောင်းလွန်းတယ်...

အန်လင်းက ဓားပျံကြောက် ရောဂါပင် ရတော့မည်ဟု ခံစားမိနေသည်။

အတားအဆီး အပြင်ဘက်တွင် ရှိနေသည့် မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်သည် အန်လင်းနှင့် မိန်းမပျိုလေးတို့၏ ပျောက်ကွယ် သွားသည့် ပုံရိပ်ကို ကြည့်နေပြီး အတွေးထဲ နစ်မြောလျက် ရှိသည်။

"ခွဲမရနိုင်အောင် ချစ်ကြတဲ့ ချစ်သူနှစ်ဦး အတူတူ ပျံသန်း ထွက်ခွာ သွားကြတာလား..."

"ဟူး... အဲဒီ နှစ်ယောက်ကို ကြည့်ရင်း မကောင်းတဲ့ ခံစားချက်တွေ ရနေတယ်နော်...."

သူမလက်ထဲရှိ မှတ်စုစာအုပ်ကို ကြည့်လိုက်သည်။ ထိုအထဲတွင် ကျောင်းသားများစွာ၏ အချက်အလက်များကို မှတ်တမ်း တင်ထားသည်။ အန်လင်း၏ အချက်အလက်များသည် ပြောင်းလဲသွားပြန်သည်။

အန်လင်း

တိုက်ခိုက်နိုင်စွမ်း : ၁၂၀

ရမှတ် : ၁၅၀

လျှိုချန်ဟွမ်

တိုက်ခိုက်နိုင်စွမ်း : ၈၅၀

ရမှတ် : ၃၀၀

"လျှိုချန်ဟွမ်က ပြီးခဲ့တဲ့နှစ် အင်မော်တယ် အဆင့်ဇယားရဲ့ နံပါတ်လေး မဟုတ်လား... အသေးအဖွဲလေးတွေကို စိတ်မဝင်စားခဲ့ဘူး ဆိုရင် သူမက ထိပ်ဆုံး သုံးယောက်ထဲကိုတောင် ပါနိုင်ချေ ရှိခဲ့တာ..."

"ထားလိုက်ပါ... သူတို့နှစ်ယောက်က အဖွဲ့ဖွဲ့ပြီး အခြားသူတွေကို မနှောင့်ယှက်သရွေ့ စည်းမျဉ်းကို မချိုးဖောက် သေးဘူးလေ... အဲဒီတော့ ငါစိုးရိမ်နေစရာ မလိုတော့ဘူး..."

"အမ်... သူတို့က ငါစောင့်ကြပ်နေတဲ့ နယ်ပယ်ကိုတောင် ကျော်ပြီး ပျံသန်းနေပါလား... တခြား ဆရာတွေကို အချက်အလက်တွေ လွှဲပေးရတော့မှာပေါ့..."

မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်က အလုပ်ရှုပ်နေသည်။ သူမရဲ့ နတ်ဘုရား အာရုံကို အသုံးပြုပြီး တိုက်ပွဲ ဆယ်ပွဲထက်မနည်း စောင့်ကြည့်နေရခြင်း ဖြစ်သည်။ ထို့ကြောင့် အန်လင်းက သူ့တွဲဘက်နှင့်အတူ သူမအပိုင် နယ်ပယ်ကို ကျော်လွန်ပြီး ပျံသန်းသွားသည့်  အခါ သူက အခြားသူများကို အာရုံစိုက်ခြင်းမှ ရပ်တန့် လိုက်ရသည်။

သူမက အလွန် ကျေနပ် အားရနေသည်။ သူမ အနီးကပ် စောင့်ကြည့်မှုသည် အန်လင်းအတွက် ကြီးကျယ်သည့် ဆုလာဘ် တစ်ခု မဟုတ်ပါလား။

သူမ ပြန်ရောက်သည့် အခါတွင် သူမ၏ စိတ်ကူး စိတ်သန်းများကို ကျောင်းတော်သို့ တင်ပြပြီး အသိအမှတ် ပြုမှုကို ရယူမည် ဖြစ်သည်။

ပျံသန်းနေစဉ် အတွင်း အန်လင်းက ကြယ်စင် စောင့်ရှောက်သူ Lux ၏ အမည်ကို သိရှိခဲ့ရသည်။

သူမအမည်သည် လျှိုချန်ဟွမ် ဖြစ်ပြီး တတိယနှစ် တန်းခွဲ ၁မှ ကျောင်းသူ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် သူမသည် သေမျိုးဘာသာရပ်နှင့် ပတ်သက်၍ ဗဟုသုတများစွာ ရှိသည်ကို သိလိုက်ရသည်။ အထူးသဖြင့် သေမျိုးများ၏ ဖျော်ဖြေရေးများနှင့် ပတ်သက်ပြီး အတော်လေး စိတ်ဝင်စားသူ ဖြစ်သည်။ ပြောရမည် ဆိုလျှင် ဗီဒီယိုဂိမ်းများ ယှဉ်ပြိုင်ခြင်း...

သူမ၏ League of Legends မိုဘိုင်းဗားရှင်းမှနေ အန်လင်းက ထိုနယ်ပယ်အား သူမ၏ စိတ်ဝင်စားမှုသည် ပေါ့သေးသေး မဟုတ်ကြောင်း ခံစားမိနိုင်သည်။

"ကြည့်... မဟူရာ ကျောက်တောင်ထွတ်က အရှေ့မှာ..." လျှိုချန်ဟွမ်က စိတ်လှုပ်ရှားစွာ အော်လိုက်သည်။

ထိုသို့ ပြောပြီးနောက် သူမက ဓားပျံအရှိန်ကို တိုးမြှင့် လိုက်သည်။

ကောင်းကင်သို့ မီတာ ရာပေါင်းများစွာ မြင့်တက်နေသည့် ပိန်းပိတ်အောင် မှောင်မိုက်နေသော တောင်ထွတ်ကို ကြည့်ကာ အန်လင်း မျက်ဝန်းထဲတွင် မျက်ရည်များ ဝေ့သီလာသည်။ နောက်ဆုံးတာ့ ရောက်လာခဲ့ပြီ...။ သူက စိတ်ထဲတွင်သာ သက်ပြင်းအသာ ရှိုက်လိုက်သည်။

ကြောက်မက်ဖွယ်ရာ တောင်ဝှေး ပျံသန်းစီးနင်းခြင်း အတွေ့အကြုံမှနေ အန်လင်းသည် ခုန်ပျံ ကျော်လွှာခြင်းနှင့် အရှိန်ဖြင့် သွားလာခြင်းတို့ကို ကြောက်ရွံ့ တက်သွားပြီ ဖြစ်သည်။

မဟူရာ ကျောက်တောင်ထိပ်သည် ၁၇ မီတာမျှ ကျယ်ဝန်းမည်ဟု ခန့်မှန်းရသည်။ ထက်မြက်သည့် လက်နက်တစ်ခုဖြင့် တိတိကျကျ ပိုင်းဖြတ်သားသလို မျက်နှာပြင်သည် ချောမွေ့နေသည်။

အန်လင်းနှင့် လျှိုချန်ဟွမ်တို့ တောင်ထိပ်တွင် ဆင်းသက် လိုက်သည့်အခါ အမျိုးသား တစ်ယောက် တရား ထိုင်နေသည်ကို အံ့ဩဖွယ် ကောင်းစွာ တွေ့ရှိလိုက်ရသည်။

"သူက စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့် ပါရမီရှင်လား..." အန်လင်းက လေထဲတွင် လွင့်နေသည့် ဆံပင်များကို သပ်တင်လိုက်ရင်း သူ့ဘေးရှိ မိန်းမပျိုကို စိုးရိမ်ကြောင့်ကြစွာ မေးလိုက်သည်။

နည်းလမ်းကျကျ ပြောရလျှင် စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်ရှိ ကျင့်ကြံသူများ သာလျှင် ထိုတောင်ထိပ်သို့ ရောက်ရှိနိုင်စွမ်း ရှိသည်။

သို့ပေမဲ့လည်း အန်လင်းက ထိုလူထံမှ တာအိုခန္ဓာ အဆင့်၈ အငွေ့အသက်ကိုသာလျှင် အာရုံံခံမိသဖြင့် မေးရခြင်း ဖြစ်သည်။

လျှိုချန်ဟွမ်က ခေါင်းခါလိုက်ပြီး "သူက တာအိုခန္ဓာ အဆင့် ၈ပဲ ရှိနေသေးတာ..."

"အံ့ဩစရာပဲ... သူ့ကို အရင်က တစ်နေရာရာမှာ မြင်ဖူးတယ်လို့ ခံစားမိနေတယ်..."

ထိုအချိန်မှာပင် တရားထိုင်နေသည့် ထိုလူသည် မျက်စိများ ဖွင့်ကာ အန်လင်းနှင့် လျှိုချန်ဟွမ် တို့ကို ကြည့်လိုက်သည်။

သူက အသက် ၁၄ နှစ် ဝန်းကျင်ခန့်သာ ရှိမည်ဟု ထင်ရသည်။ သူ့မျက်နှာသွင်ပြင်မှာ နူးညံ့ပြီး အထူးသဖြင့် မျက်လုံးများသည် ကြည်လင်နေသည်။

ထိုလူငယ်လေးက မတ်တတ် ရပ်လိုက်သည်။ လက်နှစ်ဖက်ကို ရင်ဘတ်တွင် ယှက်ကာ အန်လင်းနှင့် လျှိုချန်ဟွမ်တို့ကို အရိုအသေ ပေးလိုက်သည်။

ထို့ကြောင့် အန်လင်းသည်လည်း အရိုအသေ ပြန်ပေးလိုက်သည်။ အကြောင်းပြချက် တချို့ကြောင့် သူ့အရှေ့တွင် ရှိနေသည့် လူငယ်ထံမှ မလိုလားမှု မခံစားရပေ။

ထိုလူငယ်သည် ငြိမ်သက် အေးချမ်းသည့် သွင်ပြင်ရှိသည်။ "ကျွန်တော့်ကို မရိုက်ပါနဲ့ဗျာ... အခုပဲ ထွက်သွားပါ့မယ်..."

အန်လင်း : “…”

လျှိုချန်ဟွမ် : “…”

ချက်ချင်း ဆိုသလိုပင် ထိုလူငယ်လေးသည် ကြိုးတစ်ခွေကို ထုတ်ယူလိုက်သည်။ ထို့နောက်တွင် အင်မော်တယ် မန္တန်ကို သုံးပြီး အစွန်းနှစ်ဖက်ကို ဆက်လိုက်သည်။

ထို့နောက် မြေပြင်သို့ချကာ ထိုကြိုးကိုဆွဲ၍ တောင်စောင်းတစ်လျှောက် ဖြည်းညှင်းစွာ လျှောတိုက် ဆင်းလိုက်သည်။

အန်လင်းနှင့် လျှိုချန်ဟွမ်တို့သည် တိတ်ဆိတ်နှင့် ထိုလူငယ်၏ ပုံရိပ် ပျောက်ကွယ်သွားသည် အထိ ကြည့်နေမိသည်။

"သူက အရမ်းကို ထူးဆန်းတယ်လို့ ခံစားနေရတယ်..." အချိန်အတော်ကြာမှ အန်လင်းက စကားပြောသည်။

လျှိုချန်ဟွမ်သည်လည်း သဘောတူကြောင်း ပြသည့်အနေဖြင့် သူမခေါင်းကို ညိတ်လိုက်သည်။ တာအိုခန္ဓာ အဆင့် ၈သာ ရှိနေသေးသည့် လူတစ်ယောက် အနေဖြင့် မဟူရာ ကျောက်တောင်ထိပ်တွင် ကျင့်ကြံနေသည်မှာ အလွန်ကို ထူးဆန်းလွန်းသည်။

တောင်ခြေသို့ ရောက်သည့် အခါတွင် ထိုလူငယ်က တောင်ထိပ်ဆီသို့ ကြည့်လိုက်သည်။

"ဘယ်လိုတောင် ဆိုးဝါးလွန်းတဲ့ ကံလဲကွာ... ငါက အခက်အခဲတွေ အားလုံးကို ကျော်ဖြတ်ပြီး တည်ငြိမ် အေးချမ်းတဲ့ နေရာကို ရှာဖွေထားရတာ......" သူက စိတ်ပျက် လက်ပျက်နှင့် သက်ပြင်း ချလိုက်သည်။

ထိုအချိန်မှာပင် အလွန်လှပသည့် မိန်းမပျိုလေး တစ်ယောက်သည် မီးတောက်ဓားကို လက်တွင် ကိုင်ဆောင်ကာ သူ့ရှေ့တွင် ပေါ်လာသည်။

"ပထမနှစ်... တန်းခွဲ ၁... စုရှောင်လန်... သင်ပြပေးပါဦး..."

ထိုလူငယ်သည် ခေတ္တမျှကြာအောင် မှင်တက်နေမိသည်။ ထို့နောက်တွင် သူ့မျက်နှာပေါ်မှာ သောကရောက်သည့် အမူအရာ ပေါ်လာပြီး "ပဉ္စမနှစ်... တန်းခွဲ ၁... ချန်းချန်း... ကျောင်းသူ စုရှောင်လန် ငါ့ကို သွားခွင့်ပြုနိုင်မလား..."

"စီနီယာ ချန်း ရယ်... ကျွန်မက ရမှတ်တွေ စုဆောင်းဖို့ လိုအပ် နေတာကြောင့် တောင်းပန်ပါတယ်ရှင်... အဲဒီလို မလုပ်နိုင်ပါဘူး..."

စုရှောင်လန် ပြောပြီးသည်နှင့် သူမရဲ့ မီးတောက်ဓားကို ချန်းချန်းဆီသို့ ချိန်ရွယ်ကာ ရက်ရက်စက်စက် ထိုးသွင်းလိုက်သည်။

ဓားမှနေ ပြင်းထန်သည့် မီးတောက် ထွက်ပေါ်လာပြီး ချန်းချန်းဆီသို့ ရောက်သည့် အခါတွင် ချက်ချင်း ဆိုသလို နှစ်ပိုင်း ပိုင်းဖြတ်လိုက်သည်။

များမကြာမီတွင် ချန်းချန်း၏ ခန္ဓာကိုယ် အပိုင်းနှစ်ပိုင်းသည် အဖြူရောင် မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး သူမ မျက်စိရှေ့တွင်ပင် အငွေ့ပျံသွားသည်။

စုရှောင်လန်က သူမ မြင်တွေ့လိုက်ရသည့် အရာကြောင့် ကြက်သေ သေနေမိသည်။ ထိုလူငယ်၏ ပုံရိပ်နှင့် အငွေ့အသက်မှာလည်း လုံးဝ ပျောက်ကွယ်သွားသည်။ သူက သူမရှေ့တွင် ဘယ်တုန်းကမှ မပေါ်လာသယောင်။

"ထူးဆန်းလိုက်တာ... သူ့မှာ လျှို့ဝှက် လွတ်မြောက်နည်းတွေ ဘာတွေ ရှိနေတာမျိုးလား..." စုရှောင်လန်က ဝေခွဲ မရနိုင်အောင် ဖြစ်နေသည်။

ထိုလူငယ်သည် တာအိုခန္ဓာ အဆင့် ၈သာ ရှိနေ သေးသော်လည်း သူမရှေ့တွင် တိတ်တဆိတ် ထွက်ပြေး လွတ်မြောက်သွားသည်က လုံးဝကို မတွေးတတ်လောက် အောင်ပင်။

စုရှောင်လန် ရပ်နေသည့် နေရာနှင့် မီတာပေါင်းများစွာ အကွာတွင်တော့ အဖြူရောင် မြူခိုးများက ရုတ်တရက် ပေါ်လာသည်။

ထိုမြူခိုးများထဲမှ ချန်းချန်း၏ ပုံရိပ်က ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။

"အား... ငါ့ရဲ့ စိတ်စွမ်းအင်တွေ အလဟဿ ဖြုန်းတီးမိပြန်ပြီ... ဆိုးလိုက်တဲ့ ကံကွာ..." ချန်းချန်းက သက်ပြင်း ချလိုက်သည်။

အတားအဆီး အပေါ်တွင်တော့ အကြီးအကဲ တစ်ယောက်သည် ဘူးသီး တစ်လုံးပေါ်တွင် ထိုင်နေပြီး ထိုလူငယ်အား မျက်လုံး ဝေ့ကြည့်လိုက်သည်။

သူ့မှတ်စု စာအုပ်ထဲတွင် ချန်းချန်း၏ အချက်အလက်များ ရှိသည်။

ချန်းချန်း

တိုက်ခိုက်နိုင်စွမ်း

ရမှတ် : ???

စုရှောင်လန်

တိုက်ခိုက်နိုင်စွမ်း : ၂၆၀

ရမှတ် : ၁၆၀

"ချန်းချန်း ကျောင်းကို စရောက်တော့ တာအိုခန္ဓာ အဆင့် ၈မှာ ရှိနေခဲ့တယ်... ငါးနှစ်သာ ကုန်လွန်သွားတယ်... ဒီကောင်လေးက တာအိုခန္ဓာ အဆင့် ၈ မှာပဲ ရှိနေတုန်းပဲ..."

"အဲဒီအပြင်ကို သူက ကန့်သတ်မဲ့ တိုက်ပွဲတွေကို ကြုံခဲ့ဖူးပေမဲ့ တိုက်ပွဲတစ်ပွဲတောင် တိုက်ခိုက်ဖူးခြင်း မရှိဘူး... စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့် ကျောင်းသားတွေရဲ့ တိုက်ခိုက် ခံရတာတောင်မှ သူက လွယ်လွယ်ကူကူ လွတ်မြောက် သွားနိုင်တယ်..."

"တခြားအရာတွေ ထည့်မတွက်ရင်တောင် သူ့ရဲ့ လွတ်မြောက်နိုင်စွမ်းက ထိပ်တန်း အဆင့်ပဲ..."

အကြီးအကဲက တိတ်ဆိတ်စွာဖြင့် ခေါင်းညိတ်ကာ တွေးတောနေမိသည်။ ဒီကျောင်းသားက အစစ်အမှန် နတ်ဘုရား တစ်ပါးရဲ့ သဘောကျခံရတာ အံ့ဩစရာ မရှိဘူး... ဒီလို ကျောင်းသားမျိုးက အရမ်းကို စိတ်ဝင်စားစရာ ကောင်းလွန်းတယ်...။

ကျောင်းတော်ရှိ ကျောင်းသား ငါးသောင်းထဲတွင် အစစ်အမှန် နတ်ဘုရား၏ ထောက်ခံစာ ရရှိထားသူများမှ ငါးယောက်သာလျှင် ရှိသည်။

ပထမနှစ်ရှိ ကျောင်းသား သုံးယောက်မှလွဲ၍ သူတို့ထဲမှ တစ်ယောက်သည် ကျောင်းတော်၏ အင်မော်တယ်အဆင့် ဇယားတွင် ထိပ်ဆုံး၌ ရပ်တည်နေသည်။ အခြား တစ်ယောက်သည်တော့ ချန်းချန်းမှလွဲ အခြားမရှိ။

"မင်းက တစ်ကြိမ်လောက်ပဲ အစွမ်းပြဖို့ ငါဆုတောင်းမိတယ်... မင်းက တခြားသူတွေရဲ့ အာရုံစိုက်မခံရဘဲ ကျောင်းပြီးသွားတယ် ဆိုတာမျိုးက မဖြစ်သင့်ဘူး... ဟုတ်ပြီလား..."

အကြီးအကဲက ထိုသို့ ပြောပြီးနောက် ချန်းချန်းအား မျှော်လင့်တကြီး ကြည့်မိတော့သည်။

***

All Chapters