ဧည့်သည်များ ... ။
Vol. 47 Ch. 557
စုရီမှ တုန်ပြန်ခြင်းမပြုဘဲ တောက်တက် လမ်းအတိုင်းလျှောက်လှမ်းနေသဖြင့် ဧကရာဇ်ရှ ခမျာ စကားထပ်မဆိုဝံ့တော့ချေ။
တောင်ခြေရောက်သည်နှင့် ရတနာရထားပေါ်တက်ပြီး မိုးပြာခြံဝင်းဆီသို့ ဦးတည်လာခဲ့သည်။
မိုးပြာခြံဝင်းတွင် နွေဦးရာသီရောက်ပြီ ဖြစ်သဖြင့် စိမ်းစိုလန်းဆန်းသောမိုးမခပင်နှင့် ပန်းမန်များ ပွင်ဖူးဝေဆာနေသည်။
သူ ထွက်သွားတုန်းက ရာသီဥတုသည် အေးစက်ကာ မြက်ပင်များ၌ နှင်းခဲအလွှာများ ဖုံးအုပ်ထား၏။
ယခုပြန်လာချိန်၌ စိမ်းလန်းစိုပြေသော ပန်းမန်များ၊သစ်ပင်များ၊ ဝါးရုံတောများ ရေကန်၊ စမ်းချောင်း စသည်တို့ အသက်ဝင်နေသည်။
ခြံဝန်းတစ်ဝိုက် ခဏမျှ လှည့်ပတ် ကြည့်ရှုပြီးနောက် နှာခေါင်းအနည်းငယ် လှုပ်ခါသွားကာ၊
“ ဒီမှာ တစ်ယောက်ယောက် နေသွားတာလား။ ”
-ဟု မေးမြန်းလိုက်သည်။
ဧကရာဇ်ရှမှ ခဏမျှစဉ်းစားပြီး၊
“ ရိုးရိုးသားသားပြောရရင် လွန်ခဲ့တဲ့ ရက်အနည်းငယ်က ချင်းယွင်မိခင်နဲ့ သူ့အဖွဲ့ဟာ ဒီမှာပဲ ခဏနေခဲ့ကြတယ် ဒါပေမယ့် ငါသူတို့ကို ဖယ်ခိုင်းခဲ့တယ်။ ”
“ ကောင်းပြီ ... ။ ”
စုရီသည် ကြိမ်ကုလားထိုင်ကို ထုတ်လိုက်ကာ ခြံဝင်းအတွင်းရှိ ရေကန်ဘေး၌ ပျင်းရိစွာ ထိုင်လိုက်သည်။
ကန်ရေများ တုန်ခါနေပြီး ကြာရွက်များ လွင့်မျောနေကာ ငါးကြင်းများ ကူးခတ်နေသံကို ရံဖန်ရံခါ ကြားနေရ၏။
စုရီက လပိုးကောင်အချို့ကို ငါးစာအဖြစ်ယူ၍ ရေကန်ထဲသို့ ပစ်ချလိုက်ရာ ငါးကြင်းများ ရုန့်ရင်းဆန်ခတ်ဖြစ်ကုန်သည်။
“ ပြောပါဦး ... ကောင်းကင်ဓားခန်းမက ဘာလာလုပ်တာလဲ။ ”
စုရီက ဧကရာဇ်ရှပြောသော ကောင်းကင်ဓားခန်းမအကြောင်း သတိရသွား လေသည်။
“ တာအိုစု သူတို့ လာလည်ရတဲ့ အကြောင်းရင်းကို ငါမသိနိုင်ပေမယ့် ငါတို့ကို အခွင့်ကောင်းယူဖို့ဆိုတာ သေချာပါတယ်။ ”
စုရီ ခဏမျှစဉ်းစားပြီး နားလည်သွား၏။ ရှေးခေတ်အင်အားစုများသည် တော်ဝင်မိသားစု အပေါ် ဆူဖြိုးသောသိုးအဖြစ် မြင်ထားကြကာ မကြာမီ စစ်ပွဲတစ်ခုစတင်လာနိုင်မည်။
ကောင်းကင်ဓားခန်းမသည်လည်း ထိုသို့သော အခြေအနေတွင် လျစ်လျူရှုရန်မှာ သဘာဝအားဖြင့် မဖြစ်နိုင်ချေ။
တော်ဝင်မိသားစုဟူသည် ဤမိုးပြာတိုက်ကြီးတွင် အချမ်းသာဆုံးနှင့် အကြွယ်ဝဆုံးသော အင်အားစုဖြစ်၏။
“ ဒါဆို သူတို့က ပါဝင်ဖို့ စီစဉ်နေတာလား။ ”
စုရီက မေးသည်။ ဧကရာဇ်ရှမှ၊
“ မဟုတ်ပါဘူး ... သူတို့က ရှေးခေတ်အင်အားစုတွေနဲ့ မပူးပေါင်းချင်ဘူး သူတို့က အကျိုးအမြတ်တချို့ရဖို့ ဒီအခွင့်အရေးကို အသုံးချချင်နေကြတာ။ ”
“ မင်း သဘောတူခဲ့လား။”
ဧကရာဇ်ရှမှ ခေါင်းခါပြီး၊
“ မတူဘူး။ ”
-ဟု ပြောလိုက်သည်။
“ ကောင်းတယ် မင်းသူတို့ကို အကျိုးခံစားခွင့်ပေးဖို့ သဘောတူလိုက်ရင် မီးတောက်ထဲ လောင်စာထည့်တာနဲ့ မခြားဘူး ရေငတ်ပြေအောင် အဆိပ်သောက်သလိုမျိုး ဖြစ်သွားလိမ့်မယ်။ ”
“ နားလည်ပါတယ် တာအိုစု ... ဒါနဲ့ မင်းသူတို့ကို တွေ့ချင်လား။ ”
“ တွေ့မယ် ... ။ ”
“ ဒါဆို ဒီည အလည်လာဖို့ ငါစီစဉ်လိုက်မယ်။ ”
“ ကောင်းပြီ ... ။ ”
ထို့နောက် ဧကရာဇ်ရှသည် ရှချင်းယွင်မိခင် ရောက်လာရသည့် အကြောင်းရင်းကို ဝေမျှပေး လာသည်။ နှစ်ယောက်သား စကားစမြည် ပြောကြားလျက် အဆုံး၌ နှုတ်ဆက်ကာ ထွက်ခွာသွား၏။
မကြာခင် ဝမ်လင်ကျောက်တို့ကို ဝမ်လျူမှပြန်လည် ပို့ဆောင်ပေးလာသည်။ မိုးပြာခြံဝင်းရှိ နေဝင်ချိန်သည် ထူးထူးခြားခြား တောက်ပနေပြီး အရောင်အသွေးစုံလင်၏။
စုရီသည် ရေကန်ဘေးရှိ ကြိမ်ကုလားထိုင်တွင် သက်တောင့်သက်သာ လှဲလျောင်းနေခဲ့သည်။
ကောင်းကင်မိစ္ဆာဓားကို ခုနစ်ရက်ကြာ သွန်းလုပ်ပြီးနောက် ကောင်းမွန်သော စိတ်နေ စိတ်ထားကို ဖြစ်ပေါ်နေစေ၏။
“ မင်းဝိညာဉ်ထင်ရှားခြင်း အဆင့်ကို ရောက်ရင် ဓားတစ်လက် ငါသန့်စင်ပေးမယ်။ ”
ထို့ကြောင့် သတိရသွားပြီး ဝမ်ရှင်းကျောက်ထံ လှည့်ကြည့်ကာ ပြောကြား လိုက်သည်။ ဝမ်ရှင်းကျောက်တစ်ယောက် မျက်ဝန်းများ တောက်ပလျက်၊
“ ဒါဆို အစ်ကိုစုကို ကြိုပြီး ကျေးဇူးတင်ချင်ပါတယ်။ ”
-ဟု ပြောကြားလာ၏။
ဝမ်ရှင်းကျောက်နှင့် ချင်းဝမ်တို့သည် ကြယ်စုစည်းခြင်း နှောင်းပိုင်း ရောက်ရှိနေကာ မကြာမီ ကပ်ဘေးကို ခံယူရတော့မည်ဖြစ်၏။
တစ်ဆက်တည်းမှာပင် အာကာသဥမင်ဖြင့် မိုးပြာတိုက်ကြီးမှ ထွက်ခွာသွားသော ယွီရှစ်ချန် ကိုလည်း သတိရလာသည်။
သူမ၏ အခြေခံအုတ်မြစ်နှင့် စွမ်းရည်များအရ ဝိညာဉ်ဒုက္ခကို ကျော်ဖြတ်ပြီး ဝိညာဉ်တာအိုနယ်ပယ် ဓားသမားတစ်ယောက် ဖြစ်လာနိုင်ပေမည်။
“ ရွှေခေတ်ရောက်လာဖို့ နှစ်လပဲ လိုတော့တယ် ဒီအခွင့်အရေးကိုယူပြီး ဝိညာဉ် နယ်ပယ်ကို တက်လှမ်းဖို့ ကြိုးစားပါ။ ”
“ စိတ်ချပါ ... အစ်ကိုစု။ ”
စကားပြောနေစဉ် စုရီအတွက် ရေနွေးကြမ်းတစ်ခွက် ပြင်ဆင်ပေးလိုက်သည်။
“ မင်းတို့ အခန်းထဲဝင်သင့်ပြီ ဧည့်သည်တွေ ရောက်လာတော့မယ်။ ”
စုရီစကားကြောင့် ဝမ်ရှင်းကျောက်မှ အနည်းငယ် အံ့အားသင့်သွားပြီး ခေါင်းညိတ် သဘောတူကာ မတ်တပ်ထရပ်လိုက်သည်။
များမကြာခင် လူအနည်းငယ် ရောက်ရှိလာ၏။
“ ငါ့နာမည် ဖူစုရုံပါ ... သခင်လေးနဲ့တွေ့ဖို့ မျှော်လင့်ပါတယ်။ ”
စုရီတစ်ယောက် အံ့သြသွားသည်။ ကောင်းကင်ဓားခန်းမ အလည်လာခဲ့သည်ဟု သူ ထင်ခဲ့မိ၏။ ယခုမူ ရှချင်းယွင်မိခင် ဖြစ်နေသည်။
“ ဝင်လာပါ။ ”
စုရီမှ တုန့်ပြန်လိုက်သည်။ ထို့နောက် လူအချို့ဝင်လာပြီး ရေကန်ဘေးရှိစုရီအပေါ် ကြည့်လိုက်ကြ၏။
စုရီမှ သူ့တို့အပေါ် နှုတ်ဆက်ရန် ရည်ရွယ်ချက် မရှိသည်ကို မြင်လိုက်ရချိန်တွင် အားလန်မှ မျက်မှောင်ကြုတ်လျက် ဒေါသထွက်လာသည်။
“ မာနကြီးတယ်။ ”
သို့သော် ဖူစုရုံမှ အားလန်ကို သတိပေးနေသည့်အကြည့်ဖြင့် လှမ်းကြည့် လိုက်လေသည်။ ထိုအခိုက်တွင် သူတို့ဘေးရှိ အဝါဝတ်မိန်းကလေးက ပြုံးရယ်လျက် နှုတ်ဆက်တော့၏။
“ သခင်လေး၊ ငါတို့ ပြန်တွေ့ကြပြီ။ ”
စုရီမှ ရေကန်ထဲသို လပိုးကောင်များ ပစ်ချကာ၊
“ နောက်ဆုံးအကြိမ်က လွတ်မြောက်ခဲ့တာတောင် အခုပြန်ပေါ်လာဖို့ သတ္တိရှိလား မင်းကို သတ်မှာ မကြောက်ဘူးလား။ ”
-ဟု မေးမြန်းလိုက်သည်။
ဤသည်မှာ ရို့ဟွမ်ဖြစ်သည်။ မဟာဂရုဏာ နတ်ဘုရား၏ သန့်ရှင်းသော သားတော်အပေါ် လှည့်စားခဲ့သော မြေခွေးမလေးပေပင်။ စုရီတုန့်ပြန်မှုကြောင့် ရို့ဟွမ်ခမျာ အနည်းငယ် ထိတ်လန့်သွားပြီး ပြုံးရယ်ကာ၊
“ သခင်လေး ... မင်းတကယ် ဟာသတွေ ပြောတတ်တယ်။ ”
-ဟု ပြောကြားလိုက်၏။
ဖူစုရုံမှ ရေကန်ဘေးတွင် ရပ်ကာ၊
“ သခင်လေး ... မင်းကို အနှောင့်အယှက် ဖြစ်စေမိလို့ တောင်းပန်ပါတယ်။ ”
-ဟု စကားစလိုက်သည်။
“ မလိုပါဘူး ... မင်းရဲ့ ရည်ရွယ်ချက်ကို တိုက်ရိုက်ပြောပါ။ ”
စုရီက ကြိမ်ကုလားထိုင်ပေါ်တွင် လှဲလျောင်းလျက် နေဝင်ဆည်းဆာအောက်တွင် ပျင်းရိနေခဲ့သည်။
အားလန်သည် ထိုအပြုအမူနှင့် သဘောထားအပေါ် အလွန်အမင်း မကျေမနပ် ဖြစ်လာ၏။
“ မင်း ငါတို့ကို ထိုင်ဖို့နေရာနဲ့ ... ဧည့်ခံသင့်တယ် မဟုတ်လား အလေးအနက် မထားဘဲ နေဝံ့သလား။ ”
“ နတ်ဆိုးလေး ... မင်း ဒီနေ့ ကောင်းကင်တောင်တန်းမှာ လုံလောက်အောင် သင်ခန်းစာမရခဲ့ဘူးလား။ ”
ရုတ်တရက် စုရီမှ လှည့်ကြည့်ကာ မေးမြန်းလိုက်တော့၏။ အားလန်တစ်ယောက် မျက်ဝန်းများ မှေးစင်းသွားကာ အမူအရာမှာ မှုန်ကုပ်ကုပ် ဖြစ်သွားသည်။
“ ဒါဆို ဝင်္ကပါကို သုံးပြီး လက်နက်သန့်စင်ခဲ့တာ မင်းပဲပေါ့။ ”
ဖူစုရုံနှင့် ရို့ဟွမ်တို့က တစ်ယောက်ကို တစ်ယောက် ပြန်လှည့်ကြည့်ပြီး ဖြစ်စဉ်အပေါ် နားလည်သွားကြသည်။
“ မင်းလက်စားချေချင်တာလား။ ”
စုရီက အားလန် မျက်ဝန်းထဲ တည့်တည့် စိုက်ကြည့်လိုက်၏။
“ ဧကရာဇ်ရှက ခရမ်းရောင် လမမြေခွေးမျိုးနွယ်နဲ့ သူ့အရေးကိစ္စတွေကို သူကိုယ်တိုင် သီးသန့်ဖြေရှင်းမယ်လို့ ပြောခဲ့ဖူးတယ် ...
... အဲ့ဒါကြောင့် ငါပါဝင်ဖို့ စိတ်ကူးမရှိဘူး မဟုတ်ရင် မင်းဒီနေ့ အသက်ရှင်လျက် ထွက်သွားနိုင်မယ် ထင်နေလား။ ”
စုရီမှ အပြုံးဖြင့် မေးမြန်းလိုက်သည်။
“ ဟမ့် ... ရယ်စရာကောင်းလိုက်တာ မင်းလိုလူက ဝင်္ကပါအပေါ် အသုံးချနိုင်တာနဲ့ပဲ မင်းလုပ်ချင်တာမှန်သမျှ လုပ်နိုင်နေပြီလို့ မင်းတကယ်ထင်နေတာလား။ ”
“ အားလန် မင်းကတိကို မမေ့ပါနဲ့။ ”
ရုတ်တရက် လေထုသည် တင်းမာမှု တိုးလာသဖြင့် ပေစုရုံမှ ချက်ချင်းဟန့်တားလိုက် တော့သည်။ အားလန်တစ်ယောက် နှုတ်ဆိတ်သွား၏။
စုရုံက သူ့ကိုယ်သူ ငြိမ်သက်စေလျက်၊
“ ငါတို့ ဒီကိုလာဖို့ ရည်ရွယ်ချက် မရှိဘူး ဒါပေမယ့် မင်းနဲ့ဆွေးနွေးဖို့ ... ကိစ္စအချို့တော့ ရှိနေပါတယ်။ ”
“ ပြောပါ ... ။ ”
“ ဒီမလာခင် ... သခင်လေးက ရှေးခေတ်အင်အားစုတွေနဲ့ ရန်ငြိုးဖွဲ့ခဲ့ကြောင်း ကြားသိခဲ့ရပါတယ် ... လက်ရှိမဟာရှရဲ့ တော်ဝင်မိသားစုမှာ ...
... အတွင်းအပြင် ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး အန္တရာယ်များလွန်းနေပါတယ် ဒါကြောင့် သခင်လေးကို အကာအကွယ်ပေးဖို့ အခက်တွေ့နေမှာ စိုးရိမ်မိတယ် ဒါပေမယ့် ...
... မင်းငါ့ကို ကတိတစ်ခုပေးချင်တယ် ဆိုရင်တော့ ဒီပြဿနာကို ကူညီဖြေရှင်းပေးဖို့ ဆန္ဒရှိပါတယ်။ ”
ထိုစကားကို ပြောပြီးနောက် သူမ၏လှပသော မျက်နှာပေါ်တွင် ယုံကြည်မှု အရိပ်အမြွက် ထွက်ပေါ်လာသည်။
“ ငါ့ပြဿနာက ဘာလဲ ... ။ ”
ရုတ်တရက် စုရီမှ မျက်ခုံးပင့်ကာ ပြန်မေးလိုက်၏။
“ ဒီရှေးဟောင်း အင်အားစုတွေက ငါမျက်လုံးထဲမှာတော့ ခြိမ်းခြောက်မှု မရှိပါဘူး ဒါနဲ့မင်းက ဘာကိုသဘောတူ စေချင်တာလဲ။ ”
“ တကယ့်တော့ ရိုးရှင်းပါတယ် ... သခင်လေးက ငါ့သမီးနဲ့ အဆက်အသွယ်ဖြတ်ဖို့ မျှော်လင့်ရုံပါပဲ။ ”
စုရီတစ်ယောက် အံ့ဩသွားလေသည်။ တစ်ဖက်လူသည် သူနှင့်ရှချင်းယွင် ပတ်သတ်မှု အပေါ် အထင်လွဲနေပုံရ၏။ ခဏလောက် စဉ်းစားပြီး၊
“ ဘယ်လို ဆက်ဆံရေးမျိုးကို ပြောချင်တာလဲ။ ”
-ဟု ပြန်မေးလိုက်သည်။
“ စုရီ၊ ငါတို့အားလုံးက ဉာဏ်ကောင်းတဲ့ သူတွေမို့ နားမလည် ဟန်ဆောင်နေတာမျိုးကို ရပ်လိုက်ပါ ... ဒီလိုဖုံးကွယ်မှုမျိုးက ရယ်စရာ ကောင်းလွန်းပါတယ်။ ”
အားလန်မှ သည်းမခံနိုင်တော့ဘဲ အော်ဟစ်လိုက်၏။ ရို့ဟွမ်က သက်ပြင်းချကာ၊
“ သခင်လေး ... ယောက်ျားနဲ့မိန်းမ တစ်ယောက်ကို တစ်ယောက် သဘောကျတာ သဘာဝပါပဲ ... ဒါပေမယ့် ညီမချင်းယွမ်က မင်းနဲ့ အနာဂတ်ကို တည်ဆောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ...
... မင်းအချိန်မီရပ်ပြီး နောက်ပြန် လှည့်နိုင်မယ်လို့ မျှော်လင့်တယ် ဒါက မင်းရော ညီမချင်ယွင်အတွက်ပါ သက်သာရာရစေမယ့် နည်းလမ်းပဲ။ ”
-ဟု ပြောကြားတော့သည်။
***