ပါးစပ် စည်းကမ်းမရှိရင် ဘေးဥပဒ် ဖြစ်စေတယ်။
Vol. 47 Ch. 559
ကုလားထိုင်ပေါ်တွင် မတုန်မလှုပ် ရှိနေဆဲဖြစ်သော စုရီကြောင့် မင်တျန်းဟဲက အသက်ပြင်းပြင်းရှူပြီး၊
“ တာအိုစု... ဒီအခြေအနေတွေက မလုံလောက်ဘူးထင်ရင် မင်းဆန္ဒရှိတဲ့အရာကို ငါ့ကိုပြောပါ ငါ့ရဲ့ အခွင့်အာဏာထဲမှာ ရှိသရွေ့ ငါဘာမဆို သဘောတူမှာပါ ... ။ ”
-ဟု ထပ်မံပြောကြားလိုက်၏။ စုရီမှ ခေါင်းခါလိုက်လေသည်။
“ ကမ်းလှမ်းတဲ့ အခြေအနေတွေက လုံလောက်ပါတယ် ပြဿနာမရှိပါဘူး ဒါပေမယ့် ငါမှာ ဘယ်ဂိုဏ်းကိုမဆို ပူးပေါင်းဖို့ စိတ်မဝင်စားလို့ပါ။ ”
မင်တျန်းဟဲက အံ့သြသွားသည်။ သူ့ဘေးနားက ကျောက်စိမ်းဝတ်လူငယ်က၊
“ စုရီ၊ မင်းရဲ့လက်ရှိအခက်အခဲကို နားမလည်ဘူးလို့ မပြောနဲ့ ... ဓားခန်းမကလွဲပြီး မင်းကိုဘယ်သူမှ မကူညီဝံ့ဘူး။ ”
-ဟု အော်ဟစ်လိုက်သည်။
စုရီသည် သူ့အတွက် မည့်သည့်အရာကောင်းမှန်း မသိချေ။ သို့သော် စုရီမှ ရယ်မော့လေသည်။
“ ဟား ဟား ဟား ... ငါ့ကိုကူညီမို့လား အဲဒါကကောင်းတဲ့နည်းလမ်းပဲ မီးလောင်နေတဲ့ အိမ်ကိုလုယက်ဖို့ ကြိုးစားနေတာမျိုး မဖြစ်ဖို့ မျှော်လင့်ပါတယ်။ ”
“ မီးလောင်နေတဲ့အိမ်ကို လုယက်ဖို့လား။ ”
ထိုစကားစုသည် မင်တျန်းဟဲနှင့် အမာခံတပည့်များကို စိတ်မသက်မသာ ဖြစ်လာ စေသည်။
“ ငါစိတ်ခံစားချက် ကောင်းနေတုန်း မင်းတို့အားလုံး ထွက်သွားဖို့ အကြံပြုတယ်။ ”
စုရီမှ ကုလားထိုင်မှ မထဘဲ မောင်းထုတ်လိုက်သည်။ ညသည်နက်လာပြီး အသေးအဖွဲများအတွက် အချိန်ဖြုန်း မနေချင်တော့ချေ။
“ တာအိုစု ကျေးဇူးပြုပြီး ခဏလောက် နားထောင်ပေးပါ ငါတို့စုံစမ်းမှုအရ ဟွမ်မိသားစု ဦးဆောင်တဲ့ ရှေးဟောင်းအင်အားစုအဖွဲ့ဟာ မြို့တော်ကို လာဖို့အစီစဉ်ရှိပါတယ် ...
... ပထမရည်ရွယ်ချက်က မင်းကို ပစ်မှတ်ထားပြီး ... ဒုတိယ တော်ဝင်မိသားစုကို ဖြုတ်ချဖို့ပါ။ ”
စုရီမှ မျက်ခုံးပင့်သွားသည်။ သူ ထိုအကြောင်းကို မသိချေ။
“ တစ်နည်းအားဖြင့် ပြောရရင်၊ တော်ဝင်မိသားစု ဒါမှမဟုတ် မင်းအတွက် အချိန်တွေ အများကြီး မကျန်တော့ပါဘူး ...
... မင်းကို ခြိမ်းခြောက်ဖို့ ... ဆန္ဒမျိုး မရှိပေမယ့် ဓားတာအိုမှာ ရှားပါးတဲ့ ပါရမီရှင် တစ်ယောက် ဘေးသင့်တာ နှမျောစရာပါ ... ကျေးဇူးပြုပြီး ငါ့ကမ်းလှမ်းချက်ကို သေချာစဉ်းစားပါ။ ”
စုရီမှ ပြုံးလိုက်သည်။
“ မင်းစောင့်ကြည့်နေပါ ဘယ်သူက ဘေးအန္တရာယ်ကြုံရမလဲဆိုတာ ... ။ ”
“ စုရီ၊ မင်းရဲ့စွမ်းအားနဲ့ ဒီရှေးဟောင်း ဂိုဏ်းတွေကို ဆန့်ကျင်ဖို့ ... လုံလောက်တယ်လို့ တကယ်ထင်နေတာလား။ ”
ရုတ်တရက် ကျောက်စိမ်းရောင် ဝတ်လုံဝတ်လူငယ်မှ လှောင်ပြုံးဖြင့် မေးသည်။
“ နောက်ထပ် စကားတစ်ခွန်းထပ်ပြောရင် ငါမင်းကို သတ်မယ်။ ”
စုရီက လူငယ်ကို စိုက်ကြည့်လျက် သတိပေးလိုက်၏။ ထိုအကြည့်အောက်တွင် လူငယ်ခမျာ တုန်လှုပ်သွားသည်။
“ ရှီအန်း၊ မရိုင်းနဲ့ ... ။ ”
မိုတျန်းဟဲက အော်ငေါက်လိုက်သည်။ ကျောက်စိမ်းရောင်ဝတ်လုံ လူငယ်မျက်နှာတွင် ဖြူဖျော့နေသည်ကို သူ မြင်နေရ၏။ ထို့နောက်စုရီထံ ပြန်ကြည့်ကာ၊
“ တာအိုစု ... ကိုယ့်ကိုကိုယ် စိတ်မပူရင်တောင် တော်ဝင်မိသားစုရဲ့အရေးကို မင်းစဉ်းစားသင့်တယ်။ ”
-ဟု ပြောကြားသည်။ စုရီမှ မျက်ခုံးပင့်လိုက်၏။
“ ဘာကိုဆိုလိုတာလဲ ။ ”
“ ငါတို့ကောင်းကင်ဓားခန်းမက တော်ဝင်မိသားစုကို ကာကွယ်ပေးဖို့ ကမ်းလှမ်း ထားတယ် ဒါပေမယ့် ဧကရာဇ်ရှက အရာအားလုံး မင်းအပေါ်မှာပဲ မူတည်တယ်လို့ ပြောခဲ့တယ် ...
... မင်း ငါတို့ဓားခန်းမနဲ့ ပူးပေါင်းဖို့ ဆန္ဒရှိတယ်ဆိုရင် သူငါတို့နဲ့ ပူးပေါင်းလိမ့်မယ် မင်းငြင်းရင် သူ ငြင်းမယ်။ ”
“ သူ ပြောတာ အမှန်ပဲလား ... ။ ”
စုရီမှ ဝမ်လျူကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။ ဝမ်လျူမှ ခေါင်းညိတ်ပြသည်။ ထိုအချင်းအရာသည် စုရီကို ငြိမ်သက်သွား စေတော့၏။
“ တာအိုစု ... ငါတို့နဲ့ပူးပေါင်းပြီး ကျောက်ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်ကို သတ်ရအောင် ... မင်းရော မင်းမိသားစုရော ဘေးဥပဒ်ကို ရှောင်နိုင်ကြပါလိမ့်မယ်။ ”
မင်တျန်းဟဲက ထိုအချင်းအရာကို မြင်ပြီးနောက် ပြုံးလျက် ပြောကြား၏။ သို့သော် စုရီမှ ခေါင်းရမ်းလျက်၊
“ မင်းထွက်သွားလို့ရပြီ ... ။ ”
-ဟု အေးဆေးစွာ တုန့်ပြန်လိုက်သည်။
ဤတစ်ကြိမ်တွင် စိတ်နေစိတ်ထား မည်မျှကောင်းပါစေ မင်တျန်းဟဲတစ်ယောက် ထိန်းမထားနိုင်တော့ဘဲ သူ့အမူအရာ ချက်ချင်းပြောင်းသွား၏။
“ တာအိုစု ... ဒါ ... ”
“ မင်းနားမလည်သေးဘူးလား ... ဒီမှာငါနဲ့အတူ တော်ဝင်မိသားစု ဒါမှမဟုတ် ဆေးအိုးကိုးပါးမြို့ကြီး ဘာတစ်ခုမှ ဖြစ်မလာနိုင်ပါဘူး။ ”
“ ဟား ဟား ဟား .... ။ ”
စုရီက သည်းမခံနိုင်တော့ဘဲ စကားဖြတ်ပြောလိုက်၏။ ကျောက်စိမ်းရောင် ဝတ်လုံဝတ် လူငယ်မှ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
“ တကယ် လေးလေးနက်နက် ပြောနေတာလား စုရီမင်းတစ်ယောက်တည်းနဲ့ တော်ဝင်မိသားစုရဲ့ လုံခြုံရေးကို အာမခံနိုင်လား ဒီစကားတွေ ထွက်လာရင် ... ။ ”
“ ရွှပ် ... ။ ”
ရုတ်တရက် လေခွင်းသံထွက်လာပြီး လူငယ်၏အသံ ရပ်သွားသည်။ သူ့လည်ပင်းထံမှ သွေးထွက်သံယို အပေါက်တစ်ခု ပေါ်လာ၏။
မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်လျက် နောက်ပြန်လဲကျကာ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။
ခြံဝင်းတစ်ခုလုံး ချက်ချင်း တိတ်ဆိတ် သွားချေပြီ။ ချောမောလှပသော ဤလူငယ်မှ တစ်စုံတစ်ယောက်ကို ထိုမျှလွယ်လွယ် သတ်ပစ်မည်ဟု မထင်ထားချေ။
“ ပါးစပ်က စည်းကမ်းမရှိရင် ... ဘေးဥပဒ်ဖြစ်စေတယ် သူ့သေဆုံးမှုက သနားဖို့ မထိုက်တန်ဘူး ... ဒီနေရာကို သန့်ရှင်းရေး ပြန်လုပ်သွားပါ။ ”
စုရီမှ ပြောကြားလျက် တစ်ခါတည်း သန့်ရှင်းရေးလုပ်သွားရန် သတိပေးလိုက်သည်။ နောက်ထပ် စကားတစ်ခွန်းပြောသော် သတ်ပစ် မည်ဟု သူ သတိပေးပြီးသားပေပင်။
မင်တျန်းဟဲခမျာ မှင်သပ်နေဆဲဖြစ်၏။ ဤသို့သော အခြေအနေမျိုးတွင် လူသတ်လိမ့် မည်ကို သူ လုံးဝ မှန်းဆထားခြင်း မရှိချေ။
ဝမ်လျူတစ်ယောက် နှုတ်ခမ်းထောင့်များ လှုပ်ယမ်းသွားသော်လည်း မည်သည့်စကားမျှ မဆိုခဲ့ချေ။
စုရီ၏ စိတ်နေစိတ်ထားကို ကောင်းကောင်း သိထားသဖြင့် သေဆုံးသွားသော လူငယ်အပေါ် စိတ်မကောင်းဖြစ်ရုံသာရှိသည်။
စကားတစ်ခွန်းအတွက် ဝိညာဉ် ထင်ရှားခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦး အသက် ပေးလိုက်ရချေပြီ။ ဤကမ္ဘာကြီးတွင် ထိုအဆင့် ကျွမ်းကျင်သူသည် ကြက်များ ခွေးများကဲ့သို့ လွယ်ကူနေသည်လော။
“ ဟမ့် ... ဒီကောင် တကယ် သတ်လိုက်တာလား။ ”
မနီးမဝေးတွင် အားလန်မှ အံ့အားသင့် သွားသည်။ ဖူစုရုံနှင့် ရို့ဟွမ်မှာ တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်လိုက်ကြ၏။
ဤကဲ့သို့သော ဆွေးနွေးမှုများတွင် ငြင်းခုံမှုများကိုရှောင်ရှားရန် ခဲယဉ်းသော်လည်း ပုံမှန်အားဖြင့် လူတိုင်းသည် ဒေါသကို ထိန်းချုပ်ထားကြ၏။
သို့သော် ထိုလူငယ်သည် စကားများ၍ ဟူသောအကြောင်းပြချက်ဖြင့် သတ်ပစ်သည်မှာ အထိန်းအကွပ်မဲ့လွန်းချေပြီ။
“ စုရီ ... မင်းသတ်ဝံ့လား။ ”
“ ဟမ့် ... ငါဘာလို့ မသတ်ဝံ့ရမှာလဲ မီးလောင်နေတဲ့အိမ်ကို လုယက်ဖို့လာတဲ့ ဒီလို လူမျိုးတွေကို သည်းခံမယ်များ ထင်နေလား ...
... မင်းတို့တောင် လာဝံ့သေးတာပဲ ... တစ်နေ့ ငါမပျော်ရင် ကောင်းကင်ဓားခန်းမကို အလည်လာဦးမယ်။ ”
“ ဟားဟားဟား ... ကောင်းလိုက်တာ ဒါဆိုငါစောင့်ကြည့်မယ်။ ”
မင်တျန်းဟဲမှ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သော်လည်း လှုပ်ရှားရန် မဝံ့ချေ။ တစ်ဖက်လူသည် သွမ့်ကူမျိုးရိုး၏ သွမ့်ကူဟိုင် ကဲ့သို့ တစ်စုံတစ်ဦးကိုပင် နှိမ်နင်းနိုင်ခဲ့၏။
ကောင်းကင်ဘုံကို စိန်ခေါ်နိုင်သော အစွမ်းသတ္တိများ ပိုင်ဆိုင်ထားသည်မှာ သေချာ ချေပြီ။ စုရီမှ ခဏမျှစဉ်းစားပြီး၊
“ ရှေးဟောင်းမိသားစုတွေ ငါ့ရှေ့မှာ ပြားပြားဝပ်လာတဲ့အခါ မင်းငါ့ကို စကားပြောဖို့ သတိရပါ ... မင်းမလာရင် ငါကိုယ်တိုင် ကောင်းကင်ဓားခန်းမဆီကို အလည်လာမယ်။ ”
-ဟု အတည်ပြုလိုက်၏။
“ ကောင်းပြီ ... ဒါဆို အဲဒီနေ့မှာ ငါလာကြည့်မယ်။ ”
မင်တျန်းဟဲမှ အံကြိတ်လျက် အေးစက်စွာလက်ခံလိုက်ပြီး လှည့်ထွက်သွား၏။ ကျန်တပည့်နှစ်ယောက်မှ ကျောက်စိမ်းရောင် ဝတ် လူငယ်အလောင်းကို သယ်ဆောင် သွားတော့သည်။
ကောင်းကင်ဓားခန်းမ၏ အဖွဲ့ဝင်များ ပျောက်ကွယ်သွားပြီးနောက် ဝမ်လျူမှ အနား ချဉ်းကပ်လာကာ၊
“ သခင်လေးစု ... မင်းဘာတွေပဲ ဆုံးဖြတ်နေပါစေ ငါ့သခင်နဲ့တော်ဝင်မိသားစုက မင်းနဲ့အတူ ရှိနေမှာပါ။ ”
-ဟု ကတိပေး၏။ စုရီမှ ခေါင်းညိတ်သည်။ ထို့နောက် ဖူစုရုံနှင့်အဖွဲ့ထံ စိုက်ကြည့်လျက်၊
“ ပွဲပြီးသွားပြီ ... မင်းတို့သွားရမယ့် အချိန်ကျပြီ မဟုတ်လား။ ”
-ဟု မောင်းထုတ်တော့၏။
ဖူစုရုံမှ အနည်းငယ် ဒေါသထွက်လာသော်လည်း ခံစားချက်များကို တည်ငြိမ်စေလျက်၊
“ တာအိုစု စောစောက ငါပြောခဲ့တာတွေ အကျုံးဝင်ပါသေးတယ် မင်းတကယ် အန္တရာယ် ကြုံလာတဲ့အခါ မင်းရဲ့လေသံကို ပြောင်းလဲနိုင် လိမ့်မယ်လို့ ငါယုံကြည်တယ်။ ”
-ဟု ထပ်မံပြောကြားလိုက်၏။
သံသယမရှိ ချင်းယွင်နှင့် နှောင်ကြိုးကို ဖြတ်တောက်ရန် ဆုံးဖြတ်ထားပုံပေပင်။ စုရီမှ မျက်ဝန်းများမှေးစင်းလျက်၊
“ ကောင်းပြီ၊ မင်းလည်း ငါပြောခဲ့တာကို ကောင်းကောင်း မှတ်မိထားပါ ... ငါရှိနေသရွေ့ ခရမ်းရောင်လမြေခွေးမျိုးရိုးက ... မိန်းကလေး ချင်းယွမ်ကို ခေါ်သွားခွင့် မရှိစေရဘူး။ ”
-ဟု တုန့်ပြန်သတိပေးလိုက်၏။
ဖူစုရုံတစ်ယောက် နှုတ်ခမ်းများ တုန်ယင်လာသော်လည်း အဆုံး၌ ထွက်ခွာရန် ရွေးချယ်လိုက်တော့သည်။
***