စုအိမ်တော်ကို ဘယ်လမ်းကနေ သွားရမလဲ။
Vol. 47 Ch. 561
အချိန်များ တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားနေသည်။ စုရီသည် ရုတ်တရက် သူ့လက်ကို ဖြန့်ကြည့်လိုက်ရာ နီညိုရောင် သစ်စေ့တစ်စေ့ ပျံတက်လာ၏။
တဆက်တည်းမှာပင် လက်ချောင်းများမှ စွမ်းအားအချို့ထွက်လာပြီး သစ်စေ့တုန်ခါကာ ချက်ချင်း အညှောက်ပေါက်လာသည်။
အချိန်အနည်းငယ်အကြာတွင် စိမ်းလန်းသော အရွက်များနှင့် ပန်းဖူးတစ်ဖူး ဖူးပွင့်တော့၏။
“ ခရစ် ... ။ ”
စူးစူးရှရှ အက်ကွဲသံနှင့်အတူ ပန်းဖူးသည် အဖြူရောင် ကျောက်စိမ်းပန်းပွင့်များ အဖြစ်သို့ ပြောင်းလဲလာသည်။
၎င်းတို့သည် တက်ကြွပြီး သလင်းကျောက်ကဲ့သို့ နေရောင်ခြည်များ ရောင်ပြန်ဟပ်နေ၏။
အလှတရားသည် အထွတ်အထိပ်သို့ ရောက်ရှိပြီးနောက် အရွက်များ ခြောက်သွေ့ကာ အဝါရောင်ပြောင်းသွားသည်။
ပွင့်ချပ်များ မှိန်ဖျော့ ညှိုးနွမ်းသွားလျက် ဖြန့်ထားသော လက်ဖဝါးထဲသို့ ပြန်လည် ပြုတ်ကျသွားတော့၏။
အစေ့တစ်စေ့မှသည် ပန်းတစ်ပွင့် ဖြစ်လာသည်အထိ မွေးဖွားခြင်း-သေဆုံးခြင်း ဟူသော သံသရာကို ပြသခြင်းပေပင်။
လက်ဖဝါးပေါ်ရှိ ညှိုးနွမ်းနေသော ပန်းပွင့်များနှင့် အရွက်ခြောက်များကို စုရီမှ တိတ်တဆိတ် စိုက်ကြည့်နေသည်။
တာအိုအမှန်တရားသည် ကြွယ်ဝသော စွမ်းအားများအဖြစ် ပျံ့နှံ့လာကာ ပန်းပွင့်များနှင့် အရွက်ခြောက်များကြားတွင် အစေ့များ အညှောက်ပေါက်လာပြန်၏။
အစောပိုင်း ကြီးထွားမှု ဘဝသံသရာဖြစ်စဉ်သည် အသစ်တစ်ဖန် စတင်လာသည်။
ဤသည်မှာ ကမ္ဘာဦးတာအို၏ လျှို့ဝှက်ဆန်းကြယ်သော အမှန်တရား ပေပင်။ ခေတ်တစ်ခု စတင်သောအခါ ဘဝများကို အသစ်တဖန် မွေးဖွားနိုင်ပေမည်။
ဤလျှို့ဝှက်ဆန်းကြယ်သောတာအို အမှန်တရားသည် ဒြပ်စင်ငါးပါး၊ လေနှင့်မိုးကြိုး၊ ယင်နှင့်ယန်စသည့် ပြိုင်ဘက်ကင်းတာအို သုံးခုတို့ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။
စုရီ သက်ပြင်းချလိုက်သည်။ ဝိညာဉ် တာအိုနယ်ပယ်တွင် သဘာဝဝိညာဉ်ရတနာကို သန့်စင်နိုင်ပြီး ကိုယ်ပိုင်တာအိုအမှန်တရား ဉာဏ်အလင်းရရှိခဲ့၏။
ဤနှစ်မျိုးလုံးကို ကျွမ်းကျင်သော လူများသည် ‘ထိပ်တန်း’ဟူသည့် ခေါင်းစဉ်နှင့် ထိုက်တန်သည်။
ထို့ကြောင့် ဝိညာဉ်တာအိုနယ်ပယ် ကျင့်ကြံသူများကို ‘ထိပ်တန်းကျင့်ကြံသူများ’ဟု မကြာခဏ ရည်ညွှန်းခံရခြင်းဖြစ်၏။
ဆိုလိုသည်မှာ မကြာသေးမီက သူသည် သဘာဝရဝိညာဉ်လက်နက် ကောင်းကင်မိစ္ဆာကို သွန်းလုပ်ထားသည်။
ယခုပင် ကမ္ဘာဦးတာအိုခေါ် လျှို့ဝှက်ဆန်းကြယ်သော အမှန်တရားများကို ဆင်ခြင်နိုင်ခဲ့၏။
အရိုင်းမြေကိုးပါနှင့် လက်အောက်ခံ ကမ္ဘာများ၏ ရှည်လျားသောသမိုင်းကြောင်း၌ပင် သူနှင့်အတူ ပခုံးချင်းယှဉ် မတ်တပ်ရပ်နိုင်သည့် မည်သူမျှ မတွေ့နိုင်ချေ။
ဆိုလိုသည်မှာ နယ်ပယ်တူအတွင်း ပြိုင်ဘက်များကင်းသွားချေပြီ။ သူကိုယ်သူ မည်မျှသန်မာသည်ကို တိုင်းတာရန် ခက်နေတော့၏။
ရွှေခေတ်သည် တလအတွင်း ရောက်ရှိလာပေတော့မည်။ ထို့ကြောင့် လူတိုင်း တက်ကြွနေခဲ့ကာ ဤကာလအတွင်း ထူးထူးခြားခြား တိတ်ဆိတ်သွားသည်။
***
မဟာကျိုးနိုင်ငံ ကျောက်စိမ်းမြို့တော်တွင် ညနေဆည်းဆာဖြစ်၍ ကောင်းကင်၌ တိမ်များ ဖုံးလွှမ်းနေသည်။
မြို့တံခါးဝအနား မီးခိုးရောင်ဝတ် လူလတ်ပိုင်းအရွဘ် အမျိုးသား တစ်ဦးသည် မြည်းတစ်ကောင်နှင့်အတူ လှမ်းလာနေ၏။
“ ခွင့်ပြုပါ ... စုမိသားစုကို ဘယ်လိုသွားရမလဲ မေးလို့ရမလား။ ”
လူလတ်ပိုင်းအရွယ် အမျိုးသားက အဘိုးအိုတစ်ဦးကို ရပ်တန့်စေလိုက်ကာ ပြုံးပြီး လက်သီးဆုပ်လျက် မေးမြန်း၏။
“ စုမိသားစုလား ... အရင်က ကျောက်စိမ်းမြို့တော်ရဲ့ ထင်ရှားကျော်ကြားတဲ့ စုမိသားစုကို ဆိုလိုတာလား။ ”
အဘိုးကြီးက ပြန်မေးသည်။
“ မှန်ပါတယ် ... ။ ”
“ သူတို့လား … အဟဲ၊ သူတို့တွေ ပျက်စီးသွားတာ ကြာပါပြီ ... ပြီးခဲ့တဲ့နှစ် မေလ လေးရက်နေ့မှာ ...
... ဧကရာဇ်ဥသျှောင်က စုမိသားစု ခေါင်းဆောင် စုဟုန်လီကို အနိုင်ယူသွားခဲ့တယ် အဲဒီနေ့ကစပြီး စုမိသားစုဟာ ကွဲသွားတယ် ... သစ်ပင်ကြီးလဲကျတဲ့အခါ မျောက်တွေ ပြန့်ကျဲနေသလိုပဲ ... ။ ”
အဘိုးအိုသည် အဆက်မပြတ် ပြောပြနေသော်လည်း လူလတ်ပိုင်းအရွယ် အမျိုးသားက ပြုံးကာ စိတ်ရှည်လက်ရှည် နားထောင်နေခဲ့သည်။
“ ဒါဆို ဧကရာဇ်ဥသျှောင်ဆိုတာ စုဟုန်လီနဲ့ရီယုဖေးရဲ့သားပေါ့ ... ။ ”
အဖိုးကြီးမှ ခေါင်းညိတ်သည်။
“ အမှန်ပဲ သူကလွဲလို့ ဘယ်သူများ ဒီရာထူးကို ယူနိုင်မှာလဲ ... ။ ”
လူလတ်ပိုင်းအရွယ် အမျိုးသားက လက်သီးဆုပ်လျက်၊
“ ကျေးဇူးအများကြီးတင်ပါတယ် မိတ်ဆွေ။ ”
-ဟု နှုတ်ဆက်ကာ မြို့ထဲ ဝင်ရောက်လာခဲ့သည်။ မိုးရေများ တဖွဲဖွဲကျပြီး မြူမှုန်များ ရစ်သိုင်းလျက် ကျောက်စိမ်းမြို့တော် တစ်ခုလုံး စည်ကားနေဆဲပေပင်။
လူလတ်ပိုင်းအရွယ် အမျိုးသားက လမ်းတစ်လျှောက်တွင် စုမိသားစုအကြောင်း အချက်အလက်များကို စဉ်ဆက်မပြတ် စုဆောင်းနေခဲ့သည်။
ညမိုးချုပ်သောအခါ ထိုလူသည် တော်ဝင်နန်းတော်နှင့် မနီးမဝေး၌ပေါ်လာ၏။ သူက မြည်းကို ညင်သာစွာပုတ်ပြီး၊
“ ငါ့ကိုစောင့်ဖို့ နေရာရှာပါ။ ”
-ဟု ပြောလိုက်သည်။
မြည်းသည် နာခံမှုရှိစွာခေါင်းညိတ်ပြီး ထွက်ခွာသွားခဲ့သည်။ ထိုနောက် လူလတ်ပိုင်း အရွယ် အမျိုးသားက ဧကရာဇ်နန်းတော်ထဲသို့ လျှောက်လှမ်းသွားတော့၏။
နန်းတော်ကို ကာကွယ်ပေးနေသည့် ဧကရာဇ် အစောင့်အများအပြား ရှိသော်လည်း သူ့ကို မည်သူမျှ သတိမထားမိခဲ့ချေ။
ကျိုးကျစ်လီက ပြောင်လက် တောက်ပနေသော ခန်းမကြီးတစ်ခုထဲတွင် တစ်ယောက်တည်း သောက်နေသည်။
မဟာကျိုးတွင် ဧကရာဇ် ဖြစ်လာခဲ့ ပြီးနောက် များစွာသော မောင်းမမိဿံများနှင့် မနာလိုဖွယ် စည်းစိမ်ကိုခံစားရ၏။
သို့သော် သူသည် မကြာခဏဆိုသလို တစ်ယောက်တည်းဟူသော ခံစားချက်များ ရရှိနေသည်။ အဆုံးတွင်၊
“ ထိပ်ဆုံးမှာနေရတာ တစ်ယာက်တည်း အထီးကျန်တယ်။ ”
-ဟု ညည်းညူလိုက်၏။
“ တစ်ယောက်တည်း အရက် သောက်နေတာ အရမ်းပျင်းစရာကောင်းပါတယ် ငါ မင်းကို အဖော်လုပ်ပေးမယ်။ ”
ရုတ်တရက် နူးညံ့သိမ်မွေ့သော အသံ ထွက်ပေါ်လာသဖြင့် ကျိုးကျစ်လီမှ ခေါင်းမော့ ကြည့်လိုက်၏။
မီးခိုးရောင် ၀တ်ရုံရှည်နှင့် လူလတ်ပိုင်း အရွယ် အမျိုးသားတစ်ယောက် ခန်းမထဲ ရပ်နေ သည်ကို မြင်လိုက်ရသည်။
“ မင်းဘယ်သူလဲ ... ။ ”
ကျိုးကျစ်လီမှ စိတ်လှုပ်ရှားသွား၏။ ဤလူသည် နန်းတော်အတွင်း တိတ်တဆိတ် ပေါ်လာနိုင်သည်မှာ ကျွမ်းကျင်သူ ဖြစ်ကြောင်း သေချာသည်။
“ စိတ်မပူပါနဲ့ ... စုရီအကြောင်း နားထောင်ချင်လို့ ငါဒီမှာရောက်လာတာပါ။ ”
လူလတ်ပိုင်းအရွယ် အမျိုးသားက ပြောသည်။ သူပြောသည့်အတိုင်းပင် ခန်းမကြီး အတွင်းသို့ ၀င်လာနေပြီဖြစ်သည်။
ထို့နောက် ထိုင်ခုံတစ်လုံး၌ ပေါ့ပေါ့ပါးပါး ဝင်ထိုင်ကာ ဘူးသီးခြောက်ကို ထုတ်ယူလျက် ပြုံးပြလိုက်၏။
“ အစ်ကိုစုကို လက်စားချေဖို့ မင်းလာတာလား။ ”
ကျိုးကျစ်လီ၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။ လူလတ်ပိုင်းအရွယ် အမျိုးသားမှ ခေါင်းယမ်း၏။
“ မဟုတ်ဘူး ... ငါက သူ့ဆွေမျိုးပါ။ ”
“ မင်းက သူ့ဆွေမျိုးလား ... ။ ”
ကျိုးကျစ်လီမှ စိတ်ရှုပ်ထွေးစွာဖြင့်၊
“ ငါ့အသိအရ ... အစ်ကိုစုက ကျောက်စိမ်းမြို့တော် စုမိသားစုကနေ မွေးဖွားလာတာပါ။ ”
-ဟု ရေရွတ်၏။ လူလတ်ပိုင်းအရွယ် အမျိုးသားက ခေါင်းခါသည်။
“ ဒါက မင်းနဲ့မဆိုင်ပါဘူး ဒါကြောင့် မမေးပါနဲ့ မင်းသိထားရမှာက ငါ့မှာမကောင်းတဲ့ ရည်ရွယ်ချက်မရှိဘူးဆိုတာပဲ။ ”
“ ဒါဆို မင်းဘာသိချင်တာလဲ။ ”
လူလတ်ပိုင်းအရွယ်အမျိုးက အနည်းငယ် တွေးတောကာ၊
“ မင်းသိတာ အကုန်ပြောပါ။ ”
-ဟု တုန့်ပြန်၏။ ကျိုးကျစ်လီမှ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက် လေသည်။
ဤမတိုင်မီ သက်လတ်ပိုင်းအရွယ် အမျိုးသားအပေါ် လျှို့ဝှက်ထောက်လှမ်းနေသူ အဖြစ် ထင်မိခဲ့၏။ အမှန်တွင် စုရီအကြောင်း နားထောင်ချင်သည်သာဖြစ်နေသည်။
“ ဇာတ်လမ်းက ရှည်တယ် ... အစ်ကိုစုနဲ့ ငါက တိမ်မြစ်စီရင်စုမြို့တော်ကို ဦးတည်နေတဲ့ သင်္ဘောပေါ်မှာ စသိခဲ့တယ် ... ။ ”
ထိုနှစ်တွင် ဖြစ်ပျက်ခဲ့သမျှကို သူပြောပြလျက်ဖြင့် စိတ်ခံစားမှုကို မထိန်းနိုင် တော့ချေ။ လူလတ်ပိုင်းအရွယ်အမျိုးက ပြုံးပြီး ဂရုတစိုက် နားထောင်၏။
သူ့ကို မနှောက်ယှက်ချေ။ ဘူးသီးခြောက်အတွင်းမှ ဝိုင်များကိုပင် ကျိုးကျစ်လီအတွက် လောင်းငှဲ့ပေးခဲ့သည်။
“ ကျေးဇူးအများကြီးတင်ပါတယ် ငါပြန်သင့်ပြီ ... ။ ”
အဆုံးတွင် လူလတ်ပိုင်းအရွယ် အမျိုးသားသည် နှုတ်ဆက်စကားပြောကာ ထွက်ခွာတော့သည်။ ကျိုးကျစ်လီမှ၊
“ ငါ့ရဲ့ ရိုင်းစိုင်းမှုကို ခွင့်လွှတ်ပါ ... ဒါပေမယ့်အစ်ကိုစုကိုရှာဖို့ စီစဉ်နေတာလား။ ”
-ဟု မေးမြန်းလိုက်၏။
“ မှန်ပါတယ် မင်းရဲ့အစ်ကိုစုကို ... သူ့မိသားစုဆီ ပြန်ခေါ်သွားဖို့ ငါလာခဲ့တာ။ ”
စကားဆုံးသည်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် အခန်းအတွင်းမှ ချက်ခြင်း ပျောက်ကွယ် သွားချေပြီ။
ကျိုးကျစ်လီတစ်ယောက် အံ့ဩသွား၏။ ခဏအကြာတွင် တစ်စုံတစ်ခုကို ရုတ်တရက် သတိရလာသည်။
ဤဝတ်လုံရှည်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် တခြားကမ္ဘာမှ ဖြစ်နိုင်ပေမည်။ အဘယ့်ကြောင့်ဆိုသော် စုဟုန်လီ၏ဇနီးသည် အခြားကမ္ဘာမှ လာရောက်ခဲ့သူအဖြစ် သတင်း ကြီးခဲ့ဖူး၏။
ညဉ့်နက်နေပြီဖြစ်သော် မိုးရေများ ရွာသွန်းဆဲဖြစ်ကာ မြူမှုန်များ လေထဲပျံ့လွင်နေ ခဲ့သည်။ ကျောက်စိမ်းမြို့တော်အပြင် တောင်တန်းတစ်နေရာ၌ လူလတ်ပိုင်းအရွယ် အမျိုးသားမှ အုတ်ဂူတစ်လုံးရှေ့၌ ရပ်နေ၏။
ဤသည်မှာ ရီယုဖေး အုတ်ဂူဖြစ်သည်။ မြည်းသည် မဝေးသောအရပ်တွင် တိတ်ဆိတ်စွာ ရပ်စောင့်နေသည်။
“ အချိန်မီ ပြန်မလာနိုင်တာ ... ငါ့အပြစ်ပါ မင်းကိုအဲဒီမြေခွေးအိုကြီးတွေက မိုးပြာရင်းမြစ် ရှာဖို့ အကြောင်းပြချက်နဲ့ နယ်ရုပ်တစ်ရုပ်လို ကစားခဲ့လိမ့်မယ်လို့ ငါမထင်ခဲ့ဘူး ... ။ ”
လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာတွင် ဝမ်းနည်းမှုများနှင့် ပြည့်နှက်နေပြီး အဆုံး၌ သက်ပြင်းချလိုက်၏။
“ မင်းအတွက် လက်စားချေဖို့ ငါစီစဉ်ထားတယ် စိတ်ချပါ အဲဒီလူယုတ်မာတွေ အပေါ် ငါဖယ်ရှားပေးမယ်။ ”
ထိုလူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာ၌ လူသတ်လိုသောဆန္ဒများဖြင့် တင်းမာ နေခဲ့သည်။
အနီးနားရှိ မြူခိုးများပင် တုန်ခါလျက် သစ်ရွက်များ တဖျပ်ဖျပ် ခတ်လာနေတော့၏။ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်း ရောင်ဝါပေပင်။
မြည်းလေးမှာ တုန်လှုပ်သွားလျက် မသက်မသာ ဖြစ်လာသည်။ ခဏအကြာတွင် လူလတ်ပိုင်းအရွယ်အမျိုးမှ သက်ပြင်းချပြီး၊
“ မင်းကလေးက စုရီတဲ့လား ... ငါ သွားကြည့်မယ် မင်းရဲ့သွေးက သူ့သွေးကြောထဲ စီးဆင်းနေတယ် ... ဒါကြောင့် ...
... သူက ဘိုးဘေးရဲ့ မြင့်မြတ်ခြင်းကျမ်းကို အမွေဆက်ခံဖို့ သဘာဝအတိုင်း အရည်အချင်း ပြည့်မီသွားပြီ ...
... အဲဒီအဖိုးကြီးတွေ မင်းအမွေဆက် မခံနိုင်စေဖို့ တတ်နိုင်သမျှ လုပ်ပစ်ခဲ့ပေမယ့် ... အခု မင်းရဲ့သားကို သူတို့ ငြင်းဆန်လို့ မရစေရဘူး ငါကတိပေးတယ်။ ”
ဤစကားကို ရေရွတ်ပြီးနောက် ဝတ်ရုံရှည်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားမှာ ချက်ချင်း လှည့်ထွက်သွားတော့၏။ မြည်းသည် တိတ်ဆိတ်စွာ လိုက်ပါသွားလေသည်။
***