ရီယွင်လန် ... ။
Vol. 47 Ch. 562
ရက်အနည်းငယ်အကြာတွင် လူလတ်ပိုင်းအရွယ် အမျိုးသားသည် မြည်းတစ်ကောင်နှင့်အတူ ဆေးအိုးကိုးပါး မြို့တော်ထဲသို့ ဝင်ရောက်လာ၏။
“ ဒီကလေးက ... ဝိညာဉ်ထင်ရှားခြင်း အဆင့်နဲ့ ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်ငါးဦးကို သတ်ပစ်ခဲ့တာလား ... တကယ် မရိုးရှင်းဘူး၊ ... လုံးဝ မရိုးရှင်းဘူး။ ”
လူလတ်ပိုင်းအရွယ် အမျိုးသားက ကျေနပ်အားရမှုများ ခံစားလာရပြီး၊
“ ဒီလို အရည်အချင်းနဲ့ အုတ်မြစ်က ရှားပါးလွန်းတယ် ဒါပေမယ့် ... ထူးဆန်းတယ် မိုးပြာတိုက်ကြီးဟာ သိသိသာသာ မြုံနေခဲ့တဲ့ နယ်မြေတစ်ခုပါ လက်ရှိအမြင့်ကို ရောက်ဖို့ ဘယ်လိုများ တက်လှမ်းနိုင်ခဲ့လဲ ...
... အခွင်အရေး တချို့ကို ရခဲ့သလား ဒါမှမဟုတ် ... ပညာရှင် တစ်ယောက်ယောက် သူ့နောက်မှာရှိနေသလား ... ဟမ့် ဘာပဲဖြစ်ဖြစ် ဒီကလေးရဲ့ အနာဂတ်အောင်မြင်မှုတွေက ...
... ခန့်မှန်းလို့ မရပါဘူး သူသာ ဘိုးဘေးအမွေကို ဆက်ခံရရင် ဧကရာဇ်ဖြစ်ဖို့ သေချာနေပြီ။ ”
ထိုအတွေးက လူလတ်ပိုင်းအရွယ် အမျိုးသားကို ပို၍ စိတ်လှုပ်ရှားလာစေပြီး သူ့အရှိန်ကို မြှင့်လိုက်တော့၏။
ဆယ့်ငါးမိနစ်အကြာတွင် မိုးပြာခြံဝင်းရှေ့ရောက်ရှိလာကာ ခြံတံခါးကို ခေါက်လိုက်သည်။
“ ဘယ်သူလဲ ... ။ ”
“ ဒီလူကြီးအမည်က ရီယွင်လန်လို့ ခေါ်ပါတယ် တာအိုစုနဲ့တွေ့ဖို့ ရောက်လာ ခဲ့တာပါ။ ”
“ ကျွီ ... ။”
တံခါးပွင့်လာပြီး ချောမောလှပသော အမျိုးသမီးတစ်ယောက် ထွက်ပေါ်လာတော့၏။ သူမ အသားအရည်သည် နှင်းကဲ့သို့ ဖြူစင်ပြီး ကြည်လင်တေက်ပလေသည်။
အမျိုးသမီးတစ်ထောင်အတွင်း ထားရှိသော် သာလွန်ထင်ရှားသော အလှတရားမျိုး ပေပင်။
“ အစ်ကိုစုနဲ့ ဘာကိစ္စရှိလို့လဲ မေးလို့ရမလား။ ”
လူလတ်ပိုင်းအရွယ် အမျိုးသားက လက်သီးဆုပ်ကို လက်ဖဝါးဖြင့် ဖိကပ်ပြလျက်၊
“ ငါ့က သူ့ဆွေမျိုးပါ။ ”
-ဟု နွေးထွေးစွာ ပြန်ဖြေ၏။
“ ဆွေမျိုးလား ... ။ ”
ဝမ်ရှင်းကျောက်မှ အံ့အားသင့်သွားသည်။
“ မှန်ပါတယ် ... ငါသူ့ကိုတွေ့ရင် မင်းငါ့ရဲ့ကိုယ်ပိုင်လက္ခဏာကို သဘာဝကျကျ သိလာမှာပါ မိန်းကလေး။ ”
“ အစ်ကိုစု မရှိဘူး ... ကောင်းကင် တောင်တန်းကို သွားတယ် ... မင်းနောက်နေ့ ပြန်လာလို့ရမလား။ ”
“ သူ ဘာသွားလုပ်တာလဲ။ ”
“ ဒီမေးခွန်းက မလိုအပ်ဘူး ထင်တယ်။”
ဝမ်ရှင်းကျောက်မှ သတိကြီးစွာ တုန်ပြန်သည်။ လူလတ်ပိုင်းအရွယ် အမျိုးသားမှ ခဏမျှစဉ်းစားပြီး၊
“ မိန်းကလေး ကျေးဇူးပြုပြီး မင်းလုပ်စရာရှိတာလုပ်ပါ ငါဒီမှာ စောင့်နေ လိုက်မယ်။ ”
-ဟု ပြောကြားလိုက်၏။
ထို့နောက် သူ့လက်ကို နောက်ပို့လျက် တံခါးဝအနားတွင်ရပ်ပြီး အဝေးက ရေကန်ထံ စိုက်ကြည့်နေသည်။ အလွန်စိတ်ရှည်ပုံရ၏။ ဝမ်ရှင်းကျောက်မှ တုံ့ဆိုင်းသွားပြီး၊
“ မင်းတကယ်ပဲ အစ်ကိုစုရဲ့ ဆွေမျိုးလား။ ”
“ ဟား ဟား ဟား ... ”
လူလတ်ပိုင်းအရွယ် အမျိုးသားက ရယ်သည်။
“ ငါက မိသားစုဆက်ဆံရေး အတုအယောင်တွေကို ကြုံရာကျပန်းပြောတဲ့ လူမဟုတ်ဘူး ကျေးဇူးပြုပြီး မင်းရဲ့လုပ်ငန်းကို ပြန်လုပ်ပါ ငါ့ကိုစိတ်ထဲ မထားပါနဲ့။ ”
“ ဒါဆို အထဲဝင်ပြီး စောင့်နေတာ အကောင်းဆုံးပဲ။ ”
ဝမ်ရှင်းကျောက်မှ ဖိတ်ခေါ်လိုက်သည်။
“ ဟမ့် ဘာလို့များ ရုတ်တရက်ကြီး မင်းစိတ်ပြောင်းသွားတာလဲ။ ”
“ တကယ်လို့ ... မင်းသာအစ်ကိုစုရဲ့ ဆွေမျိုးတော်စပ်တယ်ဆိုရင် ဒီလိုတံခါးဝမှာ စောင့်စေတာက အရမ်းမိုက်မဲလွန်းတယ် ကျေးဇူးပြုပြီး ဝင်လာပါ။ ”
“ ကျေးဇူးအများကြီးတင်ပါတယ် မိန်းကလေး ငါခြံထဲမှာပဲ စောင့်နေလိုက်မယ်။ ”
လူလတ်ပိုင်းအရွယ် အမျိုးသားက ရေကန်ဆီသို့ လျှောက်လှမ်းသွားကာ ကျောက်တုံးတစ်လုံးတွင် ပေါ့ပေါ့ပါးပါး ထိုင်နေလိုက်သည်။
“ ကျေးဇူးပြုပြီး မင်းလုပ်စရာရှိတာ ပြန်လုပ်ပါ ... ငါ့ကို စိတ်ထဲမထားပါနဲ့ မိန်းကလေးက။ ”
စကားဆုံးသည်နှင့် မျက်ဝန်းများမှိတ်ပြီး အနားယူနေတော့သည်။ ဝမ်ရှင်းကျောက်ခမျာ ခဏမျှစဉ်းစားပြီး ရေနွေးကြမ်းတစ်ခွက် ပြင်ပေးလိုက်ရ၏။
သူမ ထွက်သွားပြီးနောက် လူလတ်ပိုင်းအရွယ် အမျိုးသားမှ မျက်လုံး ပြန်ဖွင့်ကာ ပြုံးလေသည်။
“ တကယ်တော်တဲ့ မိန်းကလေးပဲ... ယုဖေးသာ သူမကိုတွေ့ရင် သဘောကျမှာ သေချာပါတယ် ... ။ ”
သို့သော် ရီယုဖေးအမည်ကို သတိရသွားသောအခါ ဝမ်းနည်းပူဆွေးမှုများ ဝင်ရောက်လာတော့သည်။
အချိန်များ တရွေ့ရွေ့ကုန်နေ၏။ ကောင်းကင်ကြီး တဖြည်းဖြည်း မှောင်မိုက်လာ သည်နှင့်အမျှ နေရောင်ခြည်များ ပါးလျလာပြီ ဖြစ်သည်။
သက်လတ်ပိုင်းအရွယ် အမျိုးသားမှ သက်တောင့်သက်သာနှင့် ထိုင်နေဆဲဖြစ်၏။ သူ့တစ်သက် ထိုနေရာတွင် ထိုင်နေရလျှင်ပင် ဒေါသထွက်မည့်ပုံ မပြချေ။
ထိုအချိန်တွင် စုရီပြန်ရောက်လာ၏။
“ အစ်ကိုစု ... ရီယွင်လန်ဆိုတဲ့ လူတစ်ယောက် မင်းရဲ့ဆွေမျိုးလို့ ပြောပြပြီး ရေကန်နားမှာ မနက်တည်းက စောင့်နေပါတယ်။ ”
ဝမ်ရှင်းကျောက်စကားကြောင့် စုရီက ရေကန်ထံ လှမ်းကြည့်၏။ တစ်ချိန်တည်းမှာပင် လူလတ်ပိုင်းအရွယ် အမျိုးသားက ကျောက်တုံးပေါ်မှ နိုးထလာသည်။
ချောမောလှပသော လူငယ်၏ အသွင်အပြင်ကြောင့် ကျေနပ်စွာ ခေါင်းညိတ် လိုက်လေသည်။
အသွင်အပြင်သည် ယုဖေးကဲ့သို့ပင် သွယ်လျလျဖြစ်ကာ အထူးသဖြင့် မျက်ခုံးနှင့် နှာတံသည် ထပ်တူကျ၏။
ထို့ကြောင့် သက်လတ်ပိုင်း အရွယ် အမျိုးသား၏ နှလုံးသားထဲတွင် ပျော်ရွှင်မှုများ ပေါက်ပွားလာသည်။ ပြုံးလျက် စုရီရှိရာသို့ ဆက်လျှောက်လှမ်းသွားနေမိ၏။
“ ငါ့နာမည် ယွင်လန်ပါ ... မင်းအမေရဲ့အစ်ကို မင်းဦးလေးပဲ။ ”
စုရီမှ မျက်ခုံးပင့်၏။ ရုတ်တရက် ဦးလေးတစ်ယောက် ထွက်ပေါ်လာခြင်းသည် နှစ်ပေါင်း (၁၈၀၀၀၀) အတွေ့အကြုံရှိသော်မှ စုရီကို အနည်းငယ် ထုံထိုင်းစေခဲ့သည်။
“ ဘယ်လို သက်သေပြနိုင်လဲ။ ”
စုရီသည် သူ့ကိုယ်သူ ငြိမ်သက်ရန် အချိန်ယူပြီးနောက် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ ရီယွင်လန်မှ ခေတ္တမျှ တိတ်ဆိတ်သွား၏။
“ မင်းအမေ မိုးပြာတိုက်ကြီးကို ထွက်သွားတုန်းက ငရဲမိုးကြိုးခေါင်းလောင်း ဆိုတဲ့ ရတနာတစ်ခုကို ... သူနဲ့အတူ သယ်သွားခဲ့ပါတယ်...
... နောက်ပြီး၊ သူမရဲ့ ဘယ်ဘက် လက်ကောက်ဝတ်မှာ အစိမ်းရောင်သစ်ရွက် သဏ္ဍာန် မွေးရာပါ အမှတ်အသားတစ်ခု ပါရှိနေတယ် ...
... ဒါက ရီမျိုးရိုးရဲ့ ပင်မမျိုးရိုးကနေ ဆင်းသက်လာသူတိုင်းအတွက် မွေးရာပါ အမှတ်အသားပဲ။ ”
စကားပြောနေစဉ် သူ့ဘယ်ဘက် အင်္ကျီလက်ကိုလိပ်တင်ကာ သစ်ရွက်ပုံသဏ္ဍာန် အစိမ်းရင့်ရောင် မွေးရာပါအမှတ်အသားကို ပေါ်လွင်စေလိုက်သည်။
၎င်းသည် ကြေးနီဒင်္ဂါးတစ်ပြား၏ အရွယ်အစားခန့်သာရှိပြီး မျက်နှာပြင်ပေါ်တွင် အနုစိတ်သောသွေးကြောများ ရှိသည်။
ထိုမွေးရာပါ အမှတ်အသားကို မြင်သောအခါတွင် ဤလူသည် အမှန်အတိုင်း ပြောဖွယ်ရှိကြောင်း သိရှိလိုက်၏။
“ ထိုင်ပါဦး ... ။”
စုရီက ရေကန်အနားရှိ ဇရပ်ကို ညွှန်ပြလိုက်သည်။ ထို့နောက် ကုလားထိုင်ကို ထုတ်ကာ ပက်လက်လန်ချလိုက်၏။
ထိုအပြုအမူသည် အနည်းငယ် သူစိမ်းဆန်သော်လည်း ရီယွင်လန်ကို အပြုံး မပျက်သွားစေချေ။
“ ဘာလို့ ငါ့ဆီရောက်လာတာလဲ။ ”
စုရီက မေးသည်။
“ ဒါက မင်းအမေကို အိမ်ပြန်ခေါ်သွားဖို့ ငါလာခဲ့တာ အခုလို သူ ဆုံးပါးသွားလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး။ ”
“ ဒါဆို သူ့အစား ... မင်းက ငါ့ကိုလာရှာတာလား။ ”
“ မှန်ပါတယ် ယုဖေးရဲ့သွေးတွေက မင်းရဲ့သွေးပြန်ကြောတွေထဲမှာ စီးဆင်းနေတယ် ငါမင်းကိုသူ့အစားပြန်ခေါ်ပြီး ကံကြမ္မာကို အမွေဆက်ခံစေချင်တယ်။ ”
“ စိတ်မဝင်စားဘူး ... အထူးသဖြင့် မင်းပြောနေတဲ့ ရီမိသားစုကို။ ”
ဤဘဝတွင် မိသားစုဝင်အဖြစ် သူ့အမေတစ်ယောက်သာ ရှိ၏။ အခြားသော ဆွေမျိုးများဟူ၍ မရှိချေ။ ထိုထဲတွင် သူ့အဖေ စုဟုန်လီပင် ပါရှိ၏။
“ မင်း လက်မခံနိုင်ဘူးဆိုတာ ... ငါသိပါတယ် ဒါပေမယ့် ဘာပဲဖြစ်ဖြစ် မင်းက ရီယုဖေးသား ဖြစ်နေတုန်းပါပဲ ... ။ ”
ထို့နောက် လူလတ်ပိုင်းအရွယ် အမျိုးသားသည် အသက်ပြင်းပြင်းရှူလိုက်ပြီး၊
“ မင်းအမေ ဆုံးပါးသွားတာက ငါ့ကို အရမ်းနာကျင်စေတယ် သူ့ရဲ့ တစ်ဦးတည်းသော သားကို ဒီတိုက်ကြီးမှာ ...
... ရည်ရွယ်ချက်မဲ့ ပျံဝဲနေတာမျိုး ငါခွင့်မပြုနိုင်ဘူး ... မင်းရဲ့အနာဂါတ်အတွက် ငါ တတ်နိုင်သမျှ အကုန်လုပ်မယ်။ ”
-ဟု ပြောကြားလာ၏။
စုရီမှ သူ့မျက်ခုံးများကို ပွတ်သပ်ကာ
“ မင်းမှာ အပြစ်မရှိဘူး ... အမေအတွက် ငါကိုယ်တိုင်လက်စားချေပြီးပြီ ငါ့ရဲ့အနာဂါတ်နဲ့ ပတ်သတ်ပြီးတော့လည်း ဘယ်သူ့ ...
... အကူအညီမှ မလိုအပ်ဘူး ... ဒီတိုက်ကြီးမှာ ငါက အဓိပ္ပါယ်မဲ့ လွင်မျောနေ တယ်လို့ ဘယ်သူပြောလဲ ... ။ ”
စုရီ တုန့်ပြန်မှုကြောင့် ရီယွင်လန်မှ အံ့အားသင့်သွားကာ၊
“ ငါသိပါတယ် ဒါပေမယ့် မင်းအမေ ဘာကြောင့် ဒီတိုက်ကြီးကို လာခဲ့ရတာလဲ မင်းသိလား။ ”
“ ဟိုမှာ ဇာတ်လမ်းရှိလား။ ”
“ ရှိတယ် ... သူမကို အတင်းအကြပ် ခိုင်းစေခဲ့လို့ပဲ ... ရီမျိုးနွယ်က လူယုတ်မာတွေက စစ်တုရင်အပိုင်းအစအဖြစ် ရှုမြင်ပြီး ဒီကိုပို့ လိုက်ကြတယ် ...
... အပေါ်ယံမှာ၊ သူတို့က မိုးပြာမူလကို ရှာဖွေဖို့ပြောနေပေမယ့် ... အမှန်တော့အမေကို အမွေဆက်ခံခွင့်ကို မပေးချင်တာဘဲ။
“ ဒါဆိုဘာလို့ သူမရဲ့ကျင့်ကြံမှု အားနည်းရတာလဲ ... ။ ”
“ အားနည်းသလား။ ”
ယွင်လန်မှ ခေါင်းယမ်းလိုက်သည်။
“ မင်းအမေက လုံးဝသန်မာသူပဲ ... မျိုးနွယ်စုတစ်ခုလုံးမှာ အပြောင်မြောက်ဆုံး ပါရမီရှင် ... သူမအသက် (၁၇)နှစ်အရွယ်မှာ ဝိညာဉ်ထင်ရှားခြင်းအဆင့်ကို ...
... ဝင်ရောက်နိုင်ခဲ့ပြီး ... ထိပ်တန်း တာအိုဝိညာဉ်နန်းတော်ကို စုစည်းထားတယ် မိသားစုမှတ်တမ်းတွေမှာတောင် ဒီလို အရည်အချင်းမျိုး မရှိကြဘူး ... ။ ”
ဤတစ်ကြိမ်၌ စုရီပင် မထိန်းနိုင်ဘဲ အံ့ဩသွားလေသည်။ မိခင်သည် အသက် (၁၇) နှစ် အရွယ်တွင် ဝိညာဉ်တာအို နယ်ပယ်ကို ခြေချနိုင်သည်လော။
“ ဒါပေမယ့် အဲဒီလူယုတ်မာတွေက သူမကိုမိုးပြာတိုက်ကြီးဆီ ပို့တဲ့အခါ အလွန် အန္တရာယ်ကြီးတဲ့ နည်းလမ်းကို အသုံးပြုခဲ့ကြတယ် ...
... သူတို့က မင်းအမေယုဖေးကို တာအိုပိုးအိမ်ထဲမှာ ချိတ်ပိတ်ပြီး အာကာသ ဆုံမှတ်ဆီ ဖြတ်ကျော်စေတယ် ... ။ ”
စုရီမှ သဘောပေါက်သွား၏။
“ နားလည်ပြီ ... အာကာသဆုံမှတ်ကို ဖြတ်ကျော်ရင်းနဲ့ ကျင့်ကြံမှု ပြန်မရနိုင်တော့တဲ့ ထိုးနှက်မှုကို ခံစားခဲ့ရတယ် မဟုတ်လား မဟာတာအိုကပ်ဘေးကြောင့် သူမအုတ်မြစ် ပျက်စီးသွားဖွယ်ရှိတယ်။”
“ မှန်ပါတယ်။ ”
ရီယွင်လန်မှ ခေါင်းညိတ်လိုက်ပြီး သူ့မျက်နှာတွင် မုန်းတီးခြင်းများ ပြည့်နှက်လာ တော့၏။
စုရီတစ်ယောက် မိခင်သည် သူနှင့် ထိုအကြောင်းအရာများအပေါ် မည်သည့်အခါမှ မဆွေးနွေးခဲ့ဖူးကြောင်း သတိရလာသည်။
တစ်ဖက်တွင် ထိုအချင်းအရာသည် အဓိပ္ပါယ်ရှိ၏။ ထိုစဉ်က သူသည် လေးနှစ်သား အရွယ်မျှသာ ရှိသေးသည်။
ဤမျှလောက်ငယ်ရွယ်သော ကလေးတစ်ယောက်နှင့် ထိုအရာများကို သူမ မည်သို့ ဆွေးနွေးနိုင်မည်နည်း။
***