← Chapters

ငါ့အမြင်မှာတော့ ကြက်ရိုးတစ်ချောင်းပဲ ... ။

Vol. 47 Ch. 563

ငါ့အမြင်မှာတော့ ကြက်ရိုးတစ်ချောင်းပဲ ... ။

Vol. 47 Ch. 563

အရိုင်းမြေကိုးပါး၏ အုပ်စိုးရှင် တစ်ပါးအနေဖြင့် လောကီရေးရာ အတက်အကျ လှိုင်းများကို ငြိမ်သက်စွာ ရင်ဆိုင်နိုင်သည်။

သူ့ပတ်ဝန်းကျင်၌ ကောင်းကင်နှင့် မြေကြီးပြိုကျခဲ့လျှင်ပင် စိတ်အခြေအနေကို လွှမ်းမိုးနိုင်မည် မဟုတ်ချေ။

သို့သော် မိခင်နှင့် ပတ်သက်ချိန်တွင်မူ စုမိသားစုတစ်ခုလုံးကိုပင် သွေးလွှမ်းအောင် သတ်ပစ်ရန် လှိုင်းထန်ခဲ့၏။

“ မင်းရဲ့မိသားစုထဲမှာ ပဋိပက္ခတွေ ဖြစ်နေသလား ... အမေရဲ့ အမွေဆက်ခံခွင့် အပေါ် တားဆီးဖို့ သူတို့ကြိုးစားနေတာလား မင်းရဲ့ရီမိသားစုက အထင်ကြီးစရာပဲ။ ”

စုရီအသံတွင် သရော်လှောင်ပြောင်မှုများ အရိပ်အမြွက်ပါရှိသည်။ ရီယွင်လန်တစ်ယောက် မျက်နှာပျက်ယွင်းသွား၏။

“ မျိုးနွယ်စုကြီးလေ အတွင်းပိုင်း ပြိုင်ဆိုင်မှုက ပြင်းထန်လေပါပဲ အရင်းအမြစ်နဲ့ အခွင့်အလမ်းတွေက ... မိသားစုမှာတောင် ပဋိပက္ခတွေကို ဦးတည်စေတယ် ...

... ငါပြန်တာ နောက်ကျသွားပြီ ... အရာအားလုံးက ဖြစ်နေပါပြီ အဲဒါကိုပြင်ဖို့ မဖြစ်နိုင်တော့ဘူး ... ။ ”

ရီယွင်လန်၏မျက်နှာတွင် ဝမ်းနည်းပူဆွေးမှုများနှင့် ပြည့်နှက်နေတော့၏။ ထို့နောက် ခဏအကြာတွင် အသက်ပြင်းပြင်း ရှူလျက်၊

“ ဒါပေမယ့် ဒီရက်တွေထဲမှာ ... အဲဒီ လူယုတ်မာတွေအားလုံးကို ငါသတ်ပစ်မယ်လို့ ကတိပြုခဲ့တယ်။ ”

-ဟု ယုံကြည်ချက် အပြည့်ဖြင့် ပြောကြားလိုက်သည်။

“ ဒါပေမယ့် မင်းပြောနေတဲ့ လူယုတ်မာတွေကိုဆန့်ကျင်ဖို့ မင်းရဲ့စွမ်းအားက မလုံလောက်သေးဘူးလို့ ငါထင်တယ်။ ”

စုရီမှ တည်ငြိမ်စွာ မှတ်ချက်ပေးလိုက်၏။ မဟုတ်သော် ဤလူသည် သူ့ရှေ့၌ ကြွေးကြော် နေမည် မဟုတ်ချေ။

ရီယွင်လန်ခမျာ စုရီမှတ်ချက်ကြောင့် ချက်ခြင်းငြိမ်ကျသွားသည်။ ထိုစကားများသည် သူ့ကို နာကျင်စေ၏။

သူသည် ထိုလူယုတ်မာများနှင့် ယှဉ်နိုင်စွမ်းရှိပါက ဤအချိန်ထိ သည်းခံနေစရာ အကြောင်း မရှိချေ။

“ တစ်နေ့တော့ ငါသေချာပေါက် လုပ်နိုင်မှာပါ။”

အံကြိတ်လျက် ပြောကြားလိုက်သည်။ သို့သော် ခဏအကြာတွင် သူ့ကိုယ်သူ ရှက်ရွံစွာ ခေါင်းခါလိုက်တော့၏။

“ ငါစိတ်လွတ်သွားတယ် ... တောင်းပန်ပါတယ်။ ”

စုရီမှ ဂရုမစိုက်ချေ။

“ မင်းရဲ့ရီမိသားစုအကြောင်း ပြောပြပါဦး။ ”

“ ကောင်းပြီ ... ။ ”

ထို့နောက် စုရီကို ပြန်ကြည့်၏။ ဤကလေးသည် တည်ငြိမ် လွန်းနေချေပြီ။ အရေးအကြီးဆုံးမှာ စကားဝိုင်းစည်းချက်ကို ကောင်းစွာ ထိန်းချုပ်ထား၏။

သူသည်သာလျှင် စိတ်ခံစားမှုများ လွန်ကဲလျက် လမ်းကြောင်းမှ ချော်ထွက်နေခြင်း ဖြစ်သည်။

အဆုံးတွင် သူစိမ်းတစ်ယောက်အဖြစ် သူ့အပေါ် ဆက်ဆံမည်ကို စိုးရိမ်ခဲ့၏။ သို့သော် စုရီတုံ့ပြန်မှုသည် သာမန်သာဖြစ်သည်။

ရီမိသားစုသည် သူနှင့် လုံးဝ ပတ်သတ်ခြင်းမရှိသကဲ့သို့ တည်ငြိမ်လွန်း နေသည်။

“ မင်းအမေနဲ့ငါက လျှို့ဝှက်ဆန်းကြယ်တဲ့ အပြာရောင်နယ်မြေရဲ့ ခွင်းဝူဓားတောင်တန်းရဲ့ ရီမိသားစုကပါ ...။ ”

“ နေဦး လျှို့ဝှက်ဆန်းကြယ်တဲ့ အပြာရောင်နယ်မြေဆိုတာ ဘယ်မှာလဲ။ ”

“ အဋ္ဌမမြောက်ကြယ်နယ်မြေ ... အခုမင်းနေတဲ့ မိုးပြာတိုက်ကြီးကိုတော့ နဝမမြောက်ကြယ်နယ်မြေလို့ ခေါ်တယ် ...

... ခွင်းဝူဓားတောင်တန်းရဲ့ ရီမျိုးနွယ်က လျှို့ဝှက်ဆန်းကြယ်တဲ့ အပြာရောင်နယ်မြေမှာ ထိပ်တန်းအင်အားစုပဲ ...

... ရီဆိုတာ သစ်ရွက်ကလေးလို့ အဓိပ္ပါယ်ရတာကြောင့် အပြာရောင်နယ်မြေက ခွင်းဝူဓားတောင်ရဲ့သစ်ရွက်က ပေတစ်သိန်း ဖြန့်ကျက်နိုင်တယ်လို့ အဆိုရှိတယ် ...

... မျိုးနွယ်စုရဲ့ အသန်မာဆုံးလူက နက်နဲနယ်ပယ် ရွှမ်ယုဧကရာဇ် အဆင့်ပဲ ... သမိုင်းတစ်လျှောက် အပြာရောင်ကြယ်နယ်မြေ တစ်ခုလုံးကို ငါတို့ရီမိသားစုက ခြိမ်းခြောက်နိုင်တယ် ... ။ ”

ရီယွင်လန်၏အမူအရာသည် မာနကြောင့် လင်းလက်လာ၏။ တစ်ဖက်၌ စုရီသည်လည်း စိတ်ဝင်စားလာသည်။

မျိုးနွယ်စုတစ်ခုသည် ဧကရာဇ်အဆင့် ကျွမ်းကျင်သူများစွာ မွေးထုတ်ပေးနိုင်ခြင်းသည် အုတ်မြစ်မည်မျှ ထိတ်လန့်စရာ ကောင်းမည်ကို တွက်ဆနိုင်၏။

နက်နဲနယ်ပယ်တွင် အလင်းအဆင့်၊ ငြိမ်သက်ခြင်းအဆင့်နှင့် ပေါင်းစည်းခြင်းအဆင့် ဟူသော အဆင့်သုံးဆင့်ခွဲခြားထားသည်။

တစ်နည်းအားဖြင့် ရွှမ်ကျောက်၊ ရွှမ်ယု၊ ရွှမ်ဟဲအဆင့် ဟူ၍လည်း သတ်မှတ်နိုင်ချေ၏။ ရွှမ်ဟဲခေါ် ပေါင်းစည်းခြင်းအဆင့်သည် အထွတ်အထိပ်အဆင့်ပေပင်။

အတိတ်ဘဝတွင် သူသည် ထိုအဆင့်ဖြစ်သည်။ ထို့ကြောင့် ရွှမ်ယုဧကရာဇ် မျှသာပိုင်ဆိုင်သော ရီမိသားစုသည် သူ့အပေါ် သက်ရောက်မှု မပေးနိုင်ချေ။

သူ တကယ်စိတ်ဝင်စားသည်မှာ အဋ္ဌမမြောက်ကြယ်နယ်မြေ အကြောင်းဖြစ်၏။ စုရီက ရီယွင်လန်ထံ ပြန်ကြည့်ကာ၊

“ အမှောင်တားမြစ်စွမ်းအားက အဋ္ဌမကြယ်နယ်မြေကို လွှမ်းမိုးသွားခဲ့တယ် မဟုတ်ဘူးလား။ ”

-ဟု မေးမြန်းလိုက်သည်။

“ အမှောင် တားမြစ်စွမ်းအားဆိုတာ ... ကြယ်တွေထူထပ်တဲ့ ကောင်းကင်ကနေလာတဲ့ မဟာတာအိုကပ်ဘေးကို ပြောချင်တာလား ...။ ”

“ မှန်တယ် ... ။ ”

စုရီမှ ခေါင်းညိတ်လိုက်သည်။

“ လျှို့ဝှက်ဆန်းကြယ်တဲ့ အပြာရောင် ကြယ်နယ်မြေက ... မဟာတာအိုကပ်ဘေးကို မိုးပြာတိုက်ကြီးထက်စောပြီး ကြုံခဲ့ရတယ် ...

... အဲဒီကပ်ဘေးမှာ ရီမိသားစုရဲ့ ရွှမ်ယုအဆင့် ဧကရာဇ် ဘိုးဘေးနှစ်ပါးပဲ ရှင်သန် နိုင်ခဲ့တယ် ...

... ဒါကြောင့် ငါတို့နယ်မြေမှာ ရွှေခေတ် ကျရောက်လာတဲ့အခါ ရီမိသားစုက စွမ်းအားကို ပြန်လည်စုဆောင်းနိုင်ပြီး ... မျိုးဆက်သစ် ဧကရာဇ်တွေတောင် မွေးဖွားပေးနိုင်နေပြီ။ ”

အဆုံးတွင် စုရီတစ်ယောက် နားလည် သွားတော့သည်။ အဋ္ဌမမြောက် ကြယ်မြေသည် နဝမမြောက် ကြယ်နယ်မြေထက် စောလျင်စွာ မဟာတာအိုကပ်ဘေးကို ရင်ဆိုင်ခဲ့ရ၏။

ထို့ကြောင့် အလားတူရွှေခေတ်ကို ဖြတ်ကျော်ကာ အတောက်ပဆုံး အချိန်များ ပြန်လည်ရရှိနေပြီဖြစ်သည်။

ရီမိသားစုသည် တားမြစ်စွမ်းအား အကျိုးသက်ရောက်မှုအောက် ကြီးကြီးမားမား ထိုးနှက်ခံခဲ့ရသော်လည်း ယခုအချိန်၌ ပြန်လည်ကောင်းမွန်လာပြီဖြစ်၏။

မဟာဂရုဏာရှင် နတ်ဘုရားသည် ဆဋ္ဌမကြယ်နယ်မြေကြီးသည် ဆိတ်သုဉ်းနေပြီ ဖြစ်ကြောင်း ပြောကြားထားသည်ကို သတိရလာသည်။

ဆိုလိုသည်မှာ ထိုဆဋ္ဌမမြောက် ကြယ်နယ်မြေသည် အဋ္ဌမမြောက်နယ်မြေထက် စောလျင်စွာ မဟာတာအိုကပ်ဘေး ခံစားလိုက်ရ ပုံပေပင်။

( ဆဋ္ဌမကြယ်နယ်မြေဟာ မြုံနေတဲ့မြေရိုင်းအဖြစ် ရွေ့ပြောင်းလဲသွားတာ ကြာနေပြီ ... ဒီဖြစ်စဉ်အရဆိုရင် ...

... သူ့ရှေ့က ကြယ်နယ်မြေငါးခုလုံးလည်း အလားတူကံကြမ္မာကို ကြုံတွေ့ခဲ့ရပြီး ... ပြိုကျ သွားပုံရတယ်။)

သတ္တမကြယ်၊ အဋ္ဌမကြယ်နှင့် ယခု နဝမကြယ်သည် မဟာတာအိုကပ်ဘေးကြီးကို ခံစားလိုက်ရပြီးနောက် ရွှေခေတ်ပေါ်လာကာ အဆုံး၌ ပြိုကျပေ‌တော့မည်။

ထူးဆန်းသည်မှာ အရိုင်းမြေကိုးပါးတွင် အလားတူဖြစ်စဉ်မျိုး တစ်ကြိမ်မျှ မကြုံဖူးချေ။ အနည်းငယ် ထူးဆန်းနေသည်။

အသိစိတ်ပင်လယ်ထဲ မြင်ကွင်းတစ်ခု ပေါ်လာသည်။ ၎င်းသည် အရိုင်းမြေကိုးပါးနှင့် လက်အောက်ခံနယ်မြေ (၃၃)ခု၏ တည်နေရာပုံစံများဖြစ်သည်။

ထိုအရိုင်းမြေကိုးပါးကို ကျော်လွန်ပြီး ကြယ်ရောင်စုံကောင်းကင်ကြီး တည်ရှိသည်။ အရိုင်းမြေတစ်ခုသည် ကြယ်တစ်ပွင့်ဖြစ်ကာ သူ့အနားတွင် လက်ရှိမိုးပြာတိုက်ကြီးကဲ့သို့ နယ်မြေငယ်များ ဝန်းရံနေသည်။

အဆိုပါ ကြယ်အစုအဝေးသည် စကြာဝဠာကြီးအတွင်း ပျံ့ကျဲလွင့်မျောနေ၏။ အဝေးမှကြည့်သော် ကြယ်အစုအဝေး ကိုးပါး လွင့်မျောနေပေမည်။

မိုးပြာတိုက်ကြီးနှင့် အခြားသော ကြယ်ရှစ်လုံးသည် ထိုမြေပုံ၌ အစွန်အဖျားကြယ် နယ်မြေများဖြစ်နိုင်၏။ ယင်းသည် အဓိပ္ပါယ်ရှိသည်။

အတိတ်ဘဝတွင် အရိုင်းမြေကိုးပါးကို နှစ်ပေါင်းများစွာ အုပ်စိုးသော်လည်း စကြာဝဠာ အတွင်း မသွားဖူးသဖြင့် တိကျသော ပုံစံမထွက်ချေ။

ထို့ကြောင့် အမှောင်တားမြစ်စွမ်းအားကို သဘာဝအတိုင်း မသိခြင်းလည်း ဖြစ်လေသည်။ ယခုမူကား အရာအားလုံး ခြားနားသွားချေပြီ။

မိုး​ပြာတိုက်​ကြီးသည် အရိုင်းပြည်နယ်ကိုးပါး၏ အပြင်ဘက်ဆုံးတွင် တည်ရှိနေသည်။

အထင်ကြီးလောက်စရာ မဟုတ်သော်မှ အနည်းဆုံးတော့ လက်အောက်ခံ ကြယ်နယ်မြေ (၃၃)ခုအတွင်း ဝင်နေသေး၏။ အခြားသော အရံကြယ်များထက် သာလွန်သေးသည်။

တောရိုင်းမြေကိုးပါးကို နေမင်းကဲ့သို့ မြင်ကြည့်ပါက နေအဖွဲ့အစည်းကိုးပါးအဖြစ် သတ်မှတ်နိုင်မည်။

နဝမမြောက်နေအဖွဲ့အစည်းအပြင်တွင် သဘာဝအတိုင်း ကျယ်ပြောသော ကြယ်ရောင်စုံ ကောင်းကင်ကြီးရှိနေသည်။

စုရီတစ်ယောက် ပြန့်ကျဲနေသော အတွေးများကိုဖယ်လိုက်ပြီး ရီယွင်လန်ထံသို့ ပြန်ကြည့်ကာ၊

“ ရီမိသားစုက ရွှေခေတ်ကို ကောင်းကောင်း ဖြတ်သန်းနိုင်ပုံရတယ်။ ”

-ဟု မှတ်ချက်ပေးလိုက်သည်။ ရီယွင်လန်မှ ခေါင်းညိတ်လိုက်၏။

“ မှန်ပါတယ် ... ရွှေခေတ်ရဲ့ ကောင်းကျိုးတွေက မယုံနိုင်လောက်စရာပါပဲ ဒါကြောင့် မျိုးနွယ်စုက မင်းအမေကို မိုးပြာတိုက်ကြီးဆီ ပို့လိုက်တာပါ ...

... တစ်ဖက်မှာလဲ ဒီအကြောင်းပြချက်က မင်းအမေရဲ့ အမွေဆက်ခံခြင်းကို တားဆီးနိုင်ဖို့ လုံလောက်ခဲ့ပါတယ်။ ”

ထိုသို့ပြောသောအခါ ဖုံးကွယ်၍ မရသောအမုန်းတရားများ ပြည့်နှက်လာပြန်၏။

“ ဒါဆို ရွှေခေတ်ရောက်လာတဲ့အခါ ... ရီမိသားစုရဲ့ မိသားစုဝင်တွေလည်း ရောက်လာ နိုင်မယ် မဟုတ်လား။ ”

စုရီစကားကို ရီယွင်လန်မှ ခေါင်းညိတ်လိုက်သည်။

“ မင်းအမေ ... ဒီကိုလာတုန်းက အာကာသဥမင်မှာ အရမ်းအန္တရာယ်များတယ် ... အခု မတူတော့ဘူး ... မိုးပြာတိုက်ကြီးတစ်ဝိုက် အက်ကြောင်းတွေ ပိုများလာပြီး ...

... လုံခြုံတဲ့ အာကာသလိုဏ်ခေါင်းကို ရှာတွေ့ထားတယ် ... မဟုတ်ရင် ငါဒီမှာ ရှိနေမှာ မဟုတ်ဘူး ...

... သူတို့ရောက်လာတဲ့အခါ မင်းကို ယုဖေးသားမှန်းသာသိရင် ဖျက်ဆီးကြလိမ့်မယ် ဒါကြောင့် ငါကာကွယ်ရမယ်။ ”

“ ဘာလို့ ငါ့ကိုဖျက်ဆီးမှာလဲ။ ”

“ မင်းအမေရဲ့သွေးတွေက မင်းရဲ့ သွေးပြန်ကြောထဲ စီးဆင်းနေလို့ပဲ ယုဖေးသား တစ်ယောက်အနေနဲ့ အဲဒီအမွေကိုဆက်ခံဖို့ မင်းမှာ အရည်အချင်းပြည့်မီတယ်။ ”

“ ဒါက ဘယ်လိုအမွေမျိုးမို့လဲ။ ”

စုရီက စိတ်ဝင်စားသွား၏။ ရီယွင်လန်မှ အသက်ပြင်းပြင်းရှူကာ၊

“ ဘိုးဘေးမူလမြင့်မြတ်သောကျမ်း လို့ခေါ်တယ် ဒါကိုအမွေဆက်ခံသူက ဧကရာဇ် ဖြစ်လာနိုင်မယ်။ ”

-ဟု ဖြေကြားလိုက်သည်။

စုရီမှ မျက်ခုံးပင့်ကာ စိတ်ပျက်သွား၏။

“ ဧကရာဇ်ဖြစ်နိုင်တဲ့ အမွေလား ... စိတ်ပျက်စရာပဲ ... ငါ့အတွက်တော့ ဒီအမွေက ကြက်ရိုးတစ်ချောင်းလို အသုံးမဝင်ဘူး ... ။ ”

စုရီမှတ်ချက်စကားသည် ရီယွင်လန်ကို အံ့အားသင့်သွားစေပြီး နားကိုပင် မယုံနိုင်အောင် ဖြစ်သွားလေသည်။

ဧကရာဇ် ဖြစ်နိုင်သည့် အခွင့်အလမ်းကို မည်သူသည် ကြက်ရိုးတစ်ချောင်းအဖြစ် မြင်ဝံ့ သနည်း။ ထိုအမြင်အရဆိုသော် ရီမိသားစုသည် ကြက်ရိုးတစ်ချောင်းကို ဝိုင်းလုနေသော တောခွေးများနှင့် တူနေခဲ့ချေပြီ။

***

All Chapters