← Chapters

အစွန်းရောက်လူသားများ

Vol. 29 Ch. 380

အစွန်းရောက်လူသားများ

Vol. 29 Ch. 380

"မင်း ဘယ်လိုထင်လဲ။ ဒူးထောက်နေတဲ့ လူတွေက ဦးနှောက်ဆေးခံထားရပြီး အစွန်းရောက် ဖြစ်နေတယ်။ အခြေအနေက နီအန် လွတ်မြောက်လာတာထက်တောင် ပိုဆိုးတယ်။ အစက ကပ်ဘေးလူဝင်စား ဘာကြောင့် ပေါ်လာလဲဆိုတာ ငါ စဥ်းစားနေမိတယ်။ တကယ်တော့ ဒီနယ်မြေမှာ လူသားတွေ မျိုးတုံးလောက်တဲ့ အန္တရာယ် ရှိနေတာကိုး"

ကြယ်ပြာက နဖူးကို လက်ဖြင့် ဖြန်းခနဲ ရိုက်ကာ မှတ်ချက်ချလိုက်သဖြင့် လန်ရီဆိုသော မိန်းကလေးမှာ ချန်ရီကဲ့သို့ ရှေးဟောင်းအင်မော်တယ်ဘိုးဘေး၏ ကပ်ဘေးလူဝင်စား ဖြစ်ကြောင်း သေချာသွားခဲ့သည်။

"ဒါဆိုရင် မင်း ပြောချင်တာက ကမ္ဘာပေါင်းများစွာကို လှည့်လည်သွားလာနေတဲ့ ဒီယာဥ်ကြီးက နက်နက်ရှိုင်းရှိုင်း ပျက်စီးနေပြီ။ လူတိုင်း ဦးနှောက်ဆေးခံထားရပြီး ရူးကြောင်ကြောင်တွေ ဖြစ်ကုန်တာလား။ ဒါကြောင့် ကိုယ်ကျိုးအတွက် ကမ္ဘာတစ်ခုလုံးကို မီးရှို့ပစ်ချင်နေကြတာ ဖြစ်ရမယ်"

ယွမ်ရှောင်က လေးနက်စွာ ပြောလိုက်သည်။

"မှန်တယ်။ အသက်စားပိုးကောင် ကျင့်စဥ်က အဆုံးမဲ့လောဘကြောင့် တားမြစ်ခံထားရတာပဲ။ အင်မော်တယ် သုံးပါးဆိုတဲ့ ကောင်တွေက ဒီနယ်မြေကို အသုံးချပြီး ကမ္ဘာပေါင်းများစွာကို ဝါးမျိုဖို့ ကြံစည်နေတာပဲ။ သူတို့သာ တက်လမ်းကျင့်စဥ်ကို ကမ္ဘာအနည်းငယ်မှာ ဖြန့်ဝေလိုက်တာနဲ့ အဆင့်မြင့် အင်မော်တယ်တွေ ဆင်းသက်လာရင် အသတ်ခံလိုက်ရနိုင်ချေရှိတယ်"

ကြယ်ပြာက အသေးစိတ် ရှင်းပြသည်။

"အခု အခြေအနေက ဘယ်လောက်ဆိုးနေပြီလဲ"

ယွမ်ရှောင်သည် အစွန်းရောက် လူသားများကို ကြည့်နေရင်း စိတ်များ ပူပန်လေးလံလာသည်။

"ကြည့်ရသလောက်ဆိုရင် အတော်ကို ဆိုးနေပြီ"

ကြယ်ပြာက သက်ပြင်းချ၍ ခေါင်းတစ်ချက်ယမ်းလိုက်သောကြောင့် ယွမ်ရှောင်မှာ ခေါင်းကိုက်သွား၍ ပျက်စီးကာနီး ကမ္ဘာများတွင်သာ ထပ်ကာထပ်ကာ ဝင်စားနေရသည့် ချန်ရီကို သနားမိသွားသည်။ လက်ရှိ၌ ရှေးဟောင်းအပျက်အစီးနယ်မြေသည်လည်း ကျင့်ကြံသူသုံးယောက်၏ အသိုက်ဖြစ်လာကာ ပျက်သုဥ်းကာနီးတွင် သူမ မွေးဖွားလာရသဖြင့် ကံကြမ္မာမှာ ဆိုးရွားလှသည်။ ရှေးဟောင်းအင်မော်တယ် ဘိုးဘေးက သူ၏ ရန်သူဖြစ်သော်လည်း လူသားမျိုးနွယ်နှင့် သာမန်သက်ရှိများကို ကာကွယ်လိုသော စိတ်ချင်း တူညီနေပြန်သည်။ ငရဲကိုးထပ်သည်လည်း ပျက်စီးရန် နီးကပ်နေသောကြောင့် နောက်ထပ် ကမ္ဘာတစ်ခုကို ကယ်တင်ရန် အချိန်မလုံလောက်သဖြင့် ဝင်ပါသင့် မပါသင့် စဥ်းစားနေရ၏။

လူသားများ အသိစိတ်ပျောက်နေသဖြင့် ယွမ်ရှောင်သည် စွန့်စားရန် ဆုံးဖြတ်လိုက်ပြီး လမ်းကြားတစ်ခုအတွင်း ဝင်ရောက်ကာ အစွန်အဖျားရှိ ကလေးတစ်ယောက်ထံ ချဥ်းကပ်လိုက်သည်။ ပစ်မှတ်သည် အသက်ဆယ်နှစ်ခန့်သာ ရှိ၍ ကောင်းကင်သို့ မော့ကြည့်ကာ တက်လမ်းကျင့်စဥ်ကို ကျင့်ကြံရန် ကြိုးပမ်းနေသည်။ သူက သရဲတစ်ကောင်ပမာ ချက်ချင်း ပြေးထွက်၍ လက်တစ်ဖက်ဖြင့် ပါးစပ်ကို ပိတ်ကာ ဓားဖြင့် လည်မျိုကို တေ့ထားလိုက်သည်။ ကလေးငယ်၏ မျက်လုံးများ ပြူးကျယ်သွားကာ ရုတ်တရက် ထွက်ပေါ်လာသူကြောင့် တုန်လှုပ်ကာ မင်သက်သွားခဲ့၏။

"တိတ်တိတ်နေရင် မင်းကို အန္တရာယ်မပေးဘူး"

ယွမ်ရှောင်က တီးတိုးသတိပေး၍ လူမနေသော ခြံဝန်းတစ်ခုအတွင်း ထိုကလေးကို ဆွဲခေါ်သွားသည်။ သူ၏ လက်ကို ဖယ်ပေးလိုက်သော်လည်း ဓားဖျားကို လည်ပင်းနှင့် တစ်လက်မအကွာ၌ ချိန်ရွယ်ထားဆဲပင်။

"ဒီအချိန်မှာ မကျင့်ကြံဘဲ လူတွေကို ဘာကြောင့် ပြန်ပေးဆွဲနေတာလား"

"ပြန်ပေးဆွဲတော့ရော ဘာဖြစ်လဲ"

"မိစ္ဆာကောင် မင်းက အင်မော်တယ်သုံးပါး နတ်ကွန်းမှာ မီးရှို့အသတ်ခံရလိမ့်မယ်"

ကလေးက ရဲတင်းလွန်းသော ယွမ်ရှောင်၏ အပြုအမူကြောင့် ခြိမ်းခြောက်လိုက်သည်။

"ဒီတော့ မင်းတို့ ကိုးကွယ်နေတာက ယုံကြည်ချက်ကြောင့် မဟုတ်ဘဲ ကြောက်စိတ်ကြောင့် လုပ်နေရတာပေါ့"

ယွမ်ရှောင်က စုံစမ်းလိုက်သည်။

"မဟုတ်ဘူး။ မဟုတ်ဘူး။ ငါ့ကို မစွပ်စွဲနဲ့။ အင်မော်တယ်တွေကို ငါက အဆုံးမဲ့ ကြည်ညိုဆည်းကပ်တယ်"

ကလေးက အလန့်တကြားဖြင့် ထစ်ထစ်အအနှင့် ရေရွတ်နေသည်။ ဤအချက်အရ အင်မော်တယ်သုံးပါး၏ သြဇာလွှမ်းမိုးမှုက ယွမ်ရှောင် ထင်ထားသလောက် ကုရာနတ္ထိ ဆေးမရှိ အခြေအနေ မရောက်သေးပေ။

"နားထောင်စမ်း။ မင်း လန်ရီကို သိလား"

ယွမ်ရှောင်က ကလေး၏ အင်္ကျီကော်လာကို ဆွဲကိုင်ကာ မေးလိုက်ခြင်းဖြစ်၏။

"သိ...သိပါတယ်"

"သူမက ဘယ်မှာလဲ"

"ရှေးဟောင်းကျောင်းတော်မှာ"

"လမ်းပြစမ်း"

"ခင်ဗျားဘာသာ သွားလိုက်။ ဒါက ရှေးဟောင်းမျှော်စင်ဖြစ်ပြီး ပတ်ပတ်လည်မှာ ကျောင်းတော်ကို တည်ဆောက်ထားတယ်။ လန်ရီ သေချာပေါက် ရှိနေလိမ့်မယ်"

ကလေးက အရှေ့အရပ်သို့ လက်ညှိုးညွှန်ပြ၍ ရောင်စုံ မျှော်စင်ကြီးတစ်ခု မြူခိုးများအကြား ထီးထီးကြီး ထွက်ပေါ်နေသည်။

"ကောင်းပြီ။ ကျေးဇူးတင်တယ်။ မင်းအလုပ်ကို သွားပြန်လုပ်"

"ကျုပ် ဒီအတိုင်း မသွားရဲဘူး။ ဖမ်းခေါ်လာတုန်းကလို မြန်မြန်ဆန်ဆန် ပို့ပေးနိုင်မလား"

ယွမ်ရှောင်က လွှတ်ပေးလိုက်သော်လည်း ကလေးငယ်မှာ ကြောက်စိတ်ဖြင့် တုန်ရီနေခဲ့ကာ တောင်းဆိုလာခဲ့သည်။

"မင်းနာမည် ဘယ်လို ခေါ်လဲ"

"ချန်အာ"

"ကောင်းပြီ။ ငါမှတ်ထားမယ်"

ယွမ်ရှောင်က ချန်အာကို မူလနေရာသို့ မျက်တောင်တစ်ခတ်အတွင်း ပြန်လည်ပို့ဆောင်ပေး၍ ရှေးဟောင်းအပျက်အစီးနယ်မြေတွင် တက်လမ်းကျင့်စဥ်အား ကျင့်ကြံရန် မလိုအပ်သည့် တစ်ခုတည်းသော နေရာသို့ ဦးတည် ထွက်ခွာလာခဲ့၏။ ဦးနှောက်ဆေးခြင်း မခံထားရသော ကလေးတစ်ယောက်အနေဖြင့် ချန်အာသည် စိတ်အားထက်သန်စွာ ဒူးထောက်နေသည့် မိဘနှစ်ပါး၏ ဦးခေါင်းအထက်မှ စွမ်းအင်အခိုးအငွေ့များကို မကောင်းဆိုးဝါး သုံးကောင် ဝါးမျိုစားသောက်နေကြောင်း မြင်တွေ့ခဲ့ဖူးသော်လည်း ထုတ်မပြောဝံ့ချေ။

"လူသားမျိုးနွယ် ယိုယွင်းမှုငါးမျိုး၊ ကျင့်ကြံသူတစ်ယောက်ရဲ့ ဒုက္ခ၊ လောကတစ်ခွင် ပျံ့နှံ့နေသော ပူဆွေးမှုအတွက် အင်မော်တယ်သုံးပါး ကြွချီလယခြင်းက ကောင်းချီးမင်္ဂလာ ဖြစ်ပါစေ။ ကြီးမားသော စွမ်းအားဖြင့် သတ္တဝါများကို လမ်းညွှန်ပြီး ကယ်တင်တော်မူပါ "

နတ်ကွန်းကို စောင့်ကြပ်ရသော အကြီးအကဲသည် နွေးထွေးစွာပြုံးရင်း မုတ်ဆိတ်ရှည်ကို ပွတ်သပ်ကာ အဆက်မပြတ် ကြွေးကြော်နေခဲ့သည်။

ယွမ်ရှောင်သည် ရှေးဟောင်းမျှော်စင်ထံ ရောက်ရှိလာသောအခါ ဧရာမပုလဲလုံး၏ အလင်းပမာ တောက်ပ၍ သတ္တဝါများကို ထွန်းလင်းစေကြောင်း တွေ့လိုက်ရသည်။ အနီးအနားတွင် တံခါးတစ်ချပ် တည်ရှိ၍ ရှေးဟောင်းကျောင်းတော်ဟု ရေးထွင်းထားကာ ရိုးရိုးရှင်းရှင်းပင်ဖြစ်သည်။

"ရပ်လိုက်စမ်း"

ပတ်ဝန်းကျင်၌ မည်သူမျှ မရှိသောကြောင့် သူက တံခါးထံ ချဥ်းကပ်လိုက်သောအခါ တားမြစ်သံတစ်ခု ထွက်ပေါ်လာခဲ့၏။ အသံလာရာသို့ လှည့်ကြည့်လိုက်သောအခါ စာအုပ်ဆိုင်ငယ်လေးတစ်ခု မြင်လိုက်ရပြီး မိစ္ဆာမျိုးနွယ်ဝင်တစ်ယောက်လား အရပ်အမောင်းကြီးမားသည့် ကတုံးပြောင် သက်လတ်ပိုင်းယောက်ျားတစ်ယောက် စာအုပ်ဖတ်နေကာ ထိပ်တန်းကျင့်ကြံသူလည်း ဖြစ်နေပြန်သည်။

"ကျုပ်က လန်ရီနဲ့ တွေ့ဖို့ လာတာပါ"

"သူမရဲ့ ကျော်ကြားမှုကြောင့် ရောက်လာတဲ့ ပရိသတ်လား"

"မဟုတ်ပါဘူး"

"ဒါဆိုရင် ထွက်သွား"

ကတုံးပြောင်က ခပ်တင်းတင်း မောင်းထုတ်၍ စာအုပ်ထံ ပြန်လည်အာရုံစိုက်လိုက်သည်။

"ဘယ်လိုဆိုရင် ဝင်ခွင့်ရနိုင်မလဲ"

ယွမ်ရှောင်က နောက်တစ်ကြိမ် မေးခွန်းထုတ်၏။

"အပြင်လူတွေကို ဒီနေရာက မကြိုဆိုဘူး။ သူတော်စင်တွေရဲ့ လက်ရာစာပေတွေ လေ့လာနေတာကို လာနှောင့်ယှက်ရင် ကိုင်ပေါက်ပစ်လိုက်မယ်"

ကတုံးပြောင်က ကြီးကြီးကျယ်ကျယ် လေသံမျိုးဖြင့် ပြောနေသော်လည်း လက်ထဲရှိ စာအုပ်မှာ ညစ်ညမ်းစာပေအမျိုးအစား ဖြစ်နေသောကြောင့် ယွမ်ရှောင်ကို ဆွံ့အသွားစေသည်။

"ကျုပ်က ငရဲကိုးထပ်ကမ္ဘာက ရောက်လာတာပါ။ နီအန်က လွတ်မြောက်တော့မယ်။ ကျန်းချင်းဝေနဲ့ အတူ ကောင်းကင်ရင်းမြစ်နယ်မြေမှာ အစီအရင်ခံခဲ့ပေမယ့် ယွမ်ရှန်ကျင်းပ သူမကို သတ်လိုက်တယ်။ ပြီးတော့ ငရဲကိုးထပ်ကမ္ဘာကို တက်ကျမ်းဆေးလုံးအဖြစ် သန့်စင်ဖို့ မီးရှို့ချင်နေတယ်။ အပြစ်မရှိတဲ့ အသက်တွေကို ကယ်တင်ဖို့ လန်ရီနဲ့ တွေ့ခွင့်ပေးပါ"

ယွမ်ရှောင်က အကြောင်းစုံ ရှင်းပြလိုက်သောအခါ ကတုံးပြောင်မှာ ရုတ်တရက် ထရပ်၍ ညစ်ညမ်းစာပေ၏ ဆွဲဆောင်မှုမှ လွတ်မြောက်စေရန် ကိုယ့်ကိုကိုယ် ပါးရိုက်လိုက်သည်။

"လန်ရီက ရှေးဟောင်းမျှော်စင် အဆင့်ရှစ်ကို စိန်ခေါ်တယ်။. ငါနဲ့လိုက်ခဲ့"

ထို့နောက် နှစ်ယောက်သား ရိုးရှင်းသော တံခါးအတွင်း ဝင်ရောက်လိုက်သောအခါ ပါရမီရှင်လူငယ်များ စည်ကားသော ကြီးကျယ်ခမ်းနားသည့် နယ်မြေတစ်ခု ဘွားခနဲ ထွက်ပေါ်လာသည်။

"လန်ရီက အဆင့်ရှစ်ကို အောင်မြင်တော့မယ်"

ထိုသတင်းစကားကြောင့် ကျင့်ကြံသူများစွာ စုရုံးရောက်ရှိနေသာကြောင့် ရှေးဟောင်းမျှော်စင် ပတ်ဝန်းကျင်ဧရိယာသည် လူပင်လယ်ကြီးအလား ပြည့်နှက်နေခဲ့လေသည်။

All Chapters