← Chapters

သဘာဝဝိညာဉ်ရတနာ ... ။

Vol. 47 Ch. 555

သဘာဝဝိညာဉ်ရတနာ ... ။

Vol. 47 Ch. 555

“ သွားရအောင် ... ။ ”

ဝမ်လျူမှ ခေါင်းညိတ်လျက် ရထားလုံးတံခါးကို ဖွင့်ပေးလိုက်တော့သည်။ စုရီက ရထားလုံးအတွင်း လှမ်းတက်ကာ၊

“ မင်းသခင်ဆီကိုသွား ... ။ ”

-ဟု အမိန့်ပေး၏။

ထို့နောက်ဝမ်လျူက ကောင်းကင် တောင်တန်းသို့ ဦးတည်လာသည်။ ဆေးအိုး ကိုးပါးချိုးနှိမ်ခြင်းဝင်္ကပါသည် တောင်တန်း အလယ်ဗဟိုတွင် တည်ရှိ၏။

တော်ဝင်မိသားစု၏ ထိပ်တန်းပုဂ္ဂိုလ်များသည် အမြဲစောင့်ကြပ်ထား ခဲ့သည်။

“ သူတို့အတွက် နေဖို့စီစဉ်ပေးလိုက်ပါ။ ”

စုရီက ဝမ်လျူကို အမိန့်ပေးပြီး တောင်တက်လမ်းအတိုင်း လှမ်းတက်လာသည်။ သူ ရောက်ရှိလာသောအခါ ဧကရာဇ်ရှသည် ထိုနေရာတွင် စောင့်နေပြီဖြစ်၏။

“ မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်။ ”

ဧကရာဇ်ရှက ခေါင်းညွှတ်ပြီး နှုတ်ဆက်သည်။ စုရီမှ အနည်းငယ် ခေါင်းညိတ် ပြပြီး အဝေးသို့ မျှော်ကြည့်၏။

ထိုအရပ်တွင် လှိုဏ်ဂူကြီးတစ်လုံး တည်ရှိသည်။ အတွင်း၌ ပြင်းပြသော မီးလျှံများ တောက်လောင်နေသည့် မီးရေကန်တည်ရှိ၏။

ထိုချော်ရည်များအတွင်း လူကြီး လက်တစ်ဖက်စာခန့်ရှိသော ကြေးတိုင်(၇၂)တိုင် စိုက်ထူထားသည်။

ကြေးတိုင်များအထက်တွင် ကိုးပေခန့်ကျယ်သော အနက်ရောင် စင်မြင့် တစ်ခုရှိနေ၏။ ထိုစင်မြင့်ပေါ်တွင် မီးဖိုတစ်လုံးရှိသည်။

မီးဖိုသည် တစ်ပေသာမြင့်ပြီး မျက်နှာပြင်ပေါ်တွင် ရှစ်လက်မခန့်သာ ရှိသော တံခါးများထွင်းထုထားသည်။

ထိုတံဆိပ်များသည် ချင်၊ခွင်း၊ကျန်း၊ ရွှင်း၊ခန်၊လီ၊ကမ်နှင့်သွမ်ဟူသော အဓိပ္ပါယ်များ အပေါ် ကိုယ်စားပြု၏။

ဆေးမီးဖိုအဖုံးသည် အဝိုင်းပုံသဏ္ဍာန်ရှိပြီး နေ၊ လ၊ ကြယ်၊ ကောင်းကင်နှင့် မြေကြီးတို့၏ ပုံစံများဖြင့် ရေးထိုးထားသည်။

အဖုံးပေါ်တွင် သုံးလက်မခန့် မြင့်သော ကြေးရုပ်တုတစ်ခုရှိနေ၏။ မီးတောက်များသည် ကြေးတိုင်(၇၂)တိုင်မှတဆင့် ဆေးအိုးအတွင်း စိမ့်ဝင်လာသည်။

ကြေးတိုင်များ၏ မျက်နှာပြင်ပေါ်ရှိ တိမ်တိုက်ပုံစံများသည် အသက်ရှုနေသကဲ့သို့ တုန်ခါကုန်၏။

“ ဒီဝင်္ကပါက သူ့ရဲ့အုတ်မြစ်အဖြစ် ဧကရာဇ်အဆင့်ရတနာကို အသုံးပြုထားတာပဲ ကြေးတိုင်(၇၂)တိုင်ကနေ ... ကမ္ဘာမြေကြီးရဲ့ သွေးပြန်ကြောတွေနဲ့ တောင်တန်းတွေရဲ့ အရှိန်အဝါကို ဆွဲယူထားတယ် ...

... အခုတော့ ပျက်စီးသွားခဲ့ပြီး မဟုတ်ရင် ဧကရာဇ်တစ်ပါးကိုတောင် ... ခြိမ်းခြောက်နိုင်ဖို့ လုံလောက်တယ် ဒီမီးဖိုရဲ့မူလက ဘာလဲ။ ”

စုရီမှ မေးမြန်းလိုက်သည်။

“ ဒီမီးဖိုကို တစ်ချိန်က ဘိုးဘေးတွေ ... သွန်းလုပ်ပေးခဲ့တာ အင်မော်တယ် နတ်ဆေးအိုး အဖြစ် ခေါ်ကြတယ်၊ ကောင်းကင်၊ မြေကြီး၊ ...

... မိုးကြိုး၊ လေ၊ ရေ၊ မီး၊ တောင်နဲ့ချိုင့်ဝှမ်းတွေရဲ့ စွမ်းအားကို ထုတ်ယူပြီး မြို့ကိုစောင့်ရှောက်ပေးတဲ့ အင်မော်တယ် နတ်ဆေးအိုးလို့ခေါ်တယ် ...

... ကျန်ဆေးအိုး ရှစ်လုံးနဲ့ပေါင်းပြီး ကိုးပါးနှိမ်နင်းခြင်းဝင်္ကပါအဖြစ် မြို့တော်အပေါ် ဖုံးအုပ်ထားတယ်။ ”

စုရီမှ ခေါင်းညိတ်သည်။

“ ဒါပေမယ့် ဒီရတနာက ပျက်စီးနေပြီ ... ဧကရာဇ်တစ်ပါးတောင် ပြုပြင်ပေးလို့ မရဘူး ငါလုပ်နိုင်သမျှက ...

... သူ့ရဲ့ လက်ကျန်စွမ်းအင်ကိုနှိုးဆွပြီး တစ်စိတ်တစ်ပိုင်း ပြန်လည်ရယူဖို့ပဲ ဒီလိုလုပ်ရင် တစ်နှစ်အတွင်း ပြိုကျသွားနိုင်တယ် ... ။ ”

ဧကရာဇ်ရှခမျာ နှလုံးသားတစ်ခုလုံး တုန်ခါသွား၏။ အတန်ကြာ တိတ်ဆိတ်နေခဲ့ ပြီးနောက် အသက်ပြင်းပြင်းရှူလျက်၊

“ တာအိုစု ... ပြောတဲ့ အတိုင်းလုပ်ရအောင်။ ”

-ဟု အတည်ပြုလိုက်သည်။

စုရီက ခေါင်းညိတ်ပြပြီး ကျောက်စိမ်းပြားတစ်ခုထုတ်ကာ ဧကရာဇ်ရှထံ ပေးလိုက်၏။

“ ကျေးဇူးပြုပြီး ဒီမှာဖော်ပြထားတဲ့ ဝိညာဉ်ရေးပစ္စည်းတွေကို ပြင်ဆင်ပေးထားပါ ရနိုင်သလောက် များများယူခဲ့ပါ။ ”

ဧကရာဇ်မှ ခေါင်းညိတ်သည်။

“ ငါဒီမှာ မူလဝိညာဉ်လက်နက်ကို သန့်စင်နိုင်ဖို့ မင်းရဲ့တားမြစ်ဝင်္ကပါစွမ်းအားကို အသုံးပြုဖို့ မျှော်လင့်ပါတယ်။ ”

“ ဟားဟားဟား ... တာအိုစု ကူညီပေးနိုင်တာကိုပဲ ဝမ်းသာနေပါတယ် မင်း တောင်းဆိုမှုကို ငါငြင်းမှာမဟုတ်ဘူး။ ”

“ ကောင်းပြီ ... ဒီနေ့ကစပြီး ငါဒီမှာ ခုနစ်ရက်တိတိနေမယ် ကျန်တဲ့လူတွေအတွက် နေစရာတစ်ခု စီစဉ်ပေးလိုက်ပါ တစ်လအတွင်း ဝင်္ကပါပြီးသွားလိမ့်မယ် ... ။ ”

ထိုနေ့မှစ၍ စုရီနေ့ရက်များသည် အလုပ်များလာ၏။ ကျင့်ကြံခြင်း၊ ပြုပြင်ခြင်း၊ တရားထိုင်ခြင်း စသည်တို့အပြင် အမှောင်နတ် ဓားကို သန့်စင်ခြင်း စတင်ခဲ့သည်။

ဆေးအိုးကိုးပါးဝင်္ကပါကို ပြုပြင်ရန် မခက်ချေ။ တစ်ခုတည်းသော ပြဿနာမှာ အချိန်ပေးရခြင်းဖြစ်၏။

လက်ရှိခွန်အားအရ သူ့အတွက် သဘာဝဝိညာဉ်ရတနာကို သန့်စင်ထားရန် လိုအပ်သည်။

သို့မှသာ ၎င်းသည် ကျင့်ကြံမှု၊ တာအိုအုတ်မြစ်နှင့် စိတ်ဝိညာဉ်ကို ပေါင်းစည်း ပေးနိုင်မည်။ ဤနည်းဖြင့် တိုက်ပွဲဝင်စွမ်းအားကို တိုးမြှင့်နိုင်၏။

ခုနစ်ရက်သည် တဖျပ်ဖျပ် ကုန်လွန်လာသည်။ ဤနေ့တွင် ကောင်းကင် တောင်တန်း အလယ်ဗဟိုတွင် ချော်ရည်များ လျှံတက်လာနေ၏။

စုရီသည် ကိုးပေရှိ အနက်ရောင် ရင်ပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေခဲ့သည်။ သူ့‌ရှေ့ရှိ အင်မော်တယ်နတ်ဆေးအိုကြီးသည် အလင်းရောင်များ ‌တောက်ပနေ၏။

အမှောင်နတ်ဓားနှင့် ကောင်းကင်ပြာဓားသည် မီးဖိုအတွင်း ပျံဝဲကာ အပြီးသတ် ပေါင်းစပ်မှုလုပ်ငန်းစဉ်ကို လုပ်ဆောင်နေသည်။

ကောင်းကင်ပြာဓားသည် ပျက်စီးနေသော်လည်း ဧကရာဇ်အဆင့်ဖြစ်ကာ အရည်အသွေးသည် ကောင်းမွန်လှ၏။

သဘာဝဝိညာဉ်ရတနာကို သန့်စင်ရန်အတွက် မွေးရာပါသဘာဝမီးတောက် လိုအပ်သည်။ ဤဝင်္ကပါသည် မြေကြီးအတွင်းမှ မြေမီးတောက်ကို ထုတ်ယူပေးနိုင်၏။

“ ရှူး ... ရှူး ... ။ ”

များမကြာခင် အင်မော်တယ် ဆေးမီးအိုးကြီးမှ မြည်သံများ ပေးလာခဲ့သည်။ ပတ်ဝန်းကျင်ရှိ ကြေးတိုင်ပေါင်း (၇၂)တိုင်သည် တဖျပ်ဖျပ်ခတ်လာကာ မီးတောက်များကို စုပ်ယူလျက် ထောက်ပံ့ပေးနေ၏။

ထိုစဉ် အမှောင်နတ်ဓားသည် အရည်ပျော်လာပြီး ကောင်းကင်ပြာ ဓားမှာ နီရဲလာတော့သည်။ ဤသည်မှာ မျောက်ဘုရင် မိုရှင်းရှန်ချန်ထားခဲ့သော ဓားဖြစ်၏။

၎င်းကိုသန္ဓေသားအဖြစ် အသုံးပြုပြီး အမှောင်နတ်ဓားဖြင့် ပေါင်းစပ်ကာ သဘာဝ ဝိညာဉ်ရတနာကို ဖန်တီးခြင်းပေပင်။

အမှောင်နတ်ဓားရှိ ဝိညာဉ်ဝါးမျိုခြင်း အမိန့်များ တဖြည်းဖြည်း ဖယ်ထုတ်ခံရကာ ငှက်မိစ္ဆာအနှစ်သာရသာ ကျန်ရစ်သည်။

“ သွား ... ။ ”

“ ဝှစ် ... ။ ”

စုရီက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ဝိညာဉ်ရေးပစ္စည်းများ တစ်ခုပြီးတစ်ခု လေထဲ ပျံတက်သွားပြီး မီးဖိုထဲဝင်သွားသည်။

ဤပစ္စည်းများအားလုံးကို အလွန်အဖိုးတန်ပြီး ရှားပါးသည်။ များမကြာမီ ဝိညာဉ်ရေးပစ္စည်းများရောစပ်ပြီး အနှစ်သာရ အဖြစ်ပြောင်းသွားသည့် အလင်းများ ပေါ်လာတော့သည်။

“ ဒြပ်စင်ငါးပါး ... ငါ့အမိန့်နာခံပါ ယင်နဲ့ယန်ကိုဖန်တီးပြီး ... လေနဲ့မိုးကြိုးက ဓားအဖြစ် ပေါင်းစည်းမယ်။ ”

တံဆိပ်များ တစ်ခုပြီးတစ်ခု ရေးထွင်းကာ အော်ဟစ်လိုက်၏။ အင်မော်တယ် နတ်ဆေးအိုး ထံမှ အငွေ့ထောင်းထောင်းထလာသည်။

“ ဝုန်း ... ။ ”

ချောရည်ကန်ကြီး ပေါက်ကွဲလျက် ကြေးတိုင်များ၏ အငမ်းမရစုပ်ယူခြင်း ခံလိုက် ရတော့သည်။ စုရီအနား တဝိုက် အလင်းမိုးများ ရွာနေသကဲ့သို့ တောက်ပနေ၏။

အချိန်ကြာလာသည်နှင့်အမျှ ကောင်းကင်တောင်တန်းကြီး တောင်တစ်ခုလုံး ပြင်းစွာတုန်ခါလာသည်။ တောင်တန်း၏ ဗဟို ကောင်းကင်ထက်၌ မမြင်နိုင်သော စွမ်းအား တစ်ခုဖြစ်တည်လာ၏။

ပေတစ်ထောင်ဝန်းကျင်အတွင်း ကောင်းကင်နှင့်မြေကြီးကြား စွမ်းအင်များ အပြေးအလွှား တိုးဝင်လာကြသည်။

“ ဘာတွေဖြစ်နေတာလဲ။ ”

ကောင်းကင်တောင်တန်းရှိ မရေမတွက်နိုင်သော လူများ လန့်ဖျပ်ကုန်ကာ မော့ကြည့်လာကြသည်။ လှိုဏ်ဂူကို စောင့်ကြပ် ပေးနေသော ဧကရာဇ်ရှမှာ မျက်တောင် မခတ်ဝံ့ချေ။

လက်နက်တစ်ခုသန့်စင်ခြင်းသည် ဤမျှရုန်းရင်းဆန်ခတ် ဖြစ်နိုင်မှန်း မမျှော်လင့် ထားသည်မှာ သဘာဝပေပင်။

“ ဝမ်လျူ ... လူတိုင်းကိုပြောပါ ဒီနေရာနဲ့ပေတစ်ထောင်အကွာကို ဆုတ်ခွာကြဖို့ မကြောက်လန့်ပါနဲ့ ... ။ ”

ဧကရာဇ်ရှမှ အမိန့်ပေးသည်။ ဝမ်လျူမှ ခေါင်းညိတ်ပြီး အမိန့်ကိုယူသွား၏။ အချိန်ကြာ သည်နှင့်အမျှ မိုးကြိုးတိမ်တိုက်များ စုရုံးလာသည်။

“ ဂျိန်း ... ။ ”

ကျယ်လောင်သော မိုးခြိမ်းသံနှင့်အတူ ဝိညာဉ်ရေးမိုးရေများ ရွာကျလာ၏။ မြင်ကွင်းမှာ စိတ်လှုပ်ရှားစရာပေပင်။

ထိုဖြစ်စဉ်သည် ပို၍ကြီးမားလာကာ မြို့တော်အတွင်းမှ လူတိုင်းကို သတိပြုမိလာ စေသည်။

“ မိုးကြိုးတွေရေတံခွန်လို ပွင့်နေတယ် ... ဝိညာဉ်မိုးတွေလည်း ... စမ်းရေလိုရွာချနေတယ် ဝိညာဉ်တာအိုနယ်ပယ်က တစ်စုံတစ်ယောက် အဆင့်ချိုးဖြတ်နေတာလို့ မပြောနဲ့ ...။ ”

“ ဒါကောင်းကင်ကပ်ဘေး မဟုတ်ဘူး ကမ္ဘာကြီးရဲ့ ပြောင်းလဲမှုကြောင့် ပြိုင်ဘက်ကင်း ရတနာတစ်ခု ကောင်းကင်တောင်တန်းမှာ ထွက်ပေါ်လာပုံရတယ်။ ”

“ မယုံနိုင်စရာပါပဲ ... ။ ”

လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

“ တော်ဝင်မိသားစုအတွက် ခုချိန်မှာ အတွင်းအပြင်ရန်သူတွေနဲ့ ရင်ဆိုင်နေရတယ် ဒီလိုထိတ်လန့်ဖွယ်ရာ ဖြစ်စဉ်တစ်ခု အခုချိန် ပေါ်လာတာ စိတ်ဝင်စားစရာပဲ။ ”

“ မြန်မြန်စုံစမ်းပါ ... ဒီဖြစ်စဉ်ရဲ့ အကြောင်းရင်းကို ဘယ်လိုပဲဖြစ်ဖြစ် မဟာရှ တော်ဝင်မိသားစုက ကြီးကြီးမားမား တစ်ခုခုကို စီစဉ်နေတာဖြစ်မယ်။ ”

ထိုစဉ် အားလန်က မြင့်မားသော ခေါင်မိုးတစ်ခုပေါ်တွင်ရပ်လျက် ကောင်းကင်ထံ မော့ကြည့်နေ၏။ သူ့မျက်ဝန်းများတွင် မယုံနိုင်စရာများဖြင့် ပြည့်နေသည်။

“ တော်ဝင်မိသားစုထဲက ... တစ်ယောက်ယောက်က ဒီလိုရတနာမျိုးကို ဘယ်လိုများ သန့်စင်နိုင်မှာလဲ မဖြစ်နိုင်ဘူး။ ”

“ ဧကရာဇ်အဆင့် တန်ခိုးရှင် တစ်စုံတစ်ယောက်သာ သဘာဝဝိညာဉ် ရတနာကို ဖန်တီးနိုင်တယ် မဟာရှမှာ ဒီအဆင့် တန်ခိုးရှင် မရှိပါဘူး။ ”

ရုတ်တရက် ချောမောလှပသော အမျိုးသမီးတစ်ယောက် သူ့ဘေးနားပေါ်လာပြီး မှတ်ချက်ပေးသည်။ အားလန်မှ လှည့်ကြည့်ကာ၊

“ အစ်မ ... ဒါထူးဆန်းတယ် ... ။ ”

-ဟု မှတ်ချက်ပေး၏။ ထို့နောက် သည်းမခံနိုင်တော့ဘဲ၊

“ ဒီကိစ္စကို စုံစမ်းဖို့ အခွင့်အရေးရှာမယ်။ ”

-ဟု ဆိုကာ ခေါင်းမိုးပေါ်မှ ခုန်ချသွား တော့သည်။ အမျိုးသမီးက မျက်မှောင်ကြတ် လိုက်ပြီး၊

“ အန္တရာယ်မဖြစ်စေနဲ့ ... ။ ”

-ဟု သတိပေးလိုက်၏။

အားလန်က အဝေးမှနေ၍ လှည့်မကြည့်ဘဲ လက်ပြလာတော့၏။ လှပသော အမျိုးသမီးမှ ကောင်းကင်ကို မော့ကြည့်ကာ၊

“ ရှယွင်ကျန့် ... ငါမင်းကို တကယ် လျှော့တွက်မိပြီလား ... ။ ”

-ဟု ညည်းညူလိုက်လေသည်။

ကောင်းကင်တောင်တန်း ဗဟိုအရပ်တွင် ကြီးကျယ်ခမ်းနားပြီး ရောင်စုံမိုးကြိုးတိမ်များက ထူးကဲသော အသွင်ဖြင့် တောက်ပနေ၏။

မျက်မမြင်အဘိုးအိုတစ်ဦးသည် ထိုဖြစ်စဉ်ကိုကြည့်ကာ လေးစားကြည်ညိုသော အရိပ်အမြွက်များ ပေါ်လာပြီး၊

“ ဒီလို ရတနာမျိုးကို ဆရာစုကလွဲရင် ဘယ်သူမှ မသန့်စင်နိုင်ဘူး။ ”

-ဟု မှတ်ချက်ပေးလိုက်တော့၏။

***

All Chapters