မင်းအရမ်းတွေးနေပြီ ... ။
Vol. 47 Ch. 554
ကျောက်စိမ်းသေတ္တာအတွင်းမှ အရာကိုမြင်လိုက်ရသောအခါ စုရီတစ်ယောက် နှုတ်ခမ်းထောင့်များ တွန့်တက်သွားသည်။
နောက်ထပ် စက္ကူကြိုးကြာ တစ်ကောင်ဖြစ်နေ၏။ ၎င်းခန္ဓာကိုယ်တစ်ခုလုံး ငွေရောင်ဖျော့ဖျော့ဖြစ်ပြီး မျက်လုံးများသည် ကြည်လင်သော သွေးရောင်ရှိနေသည်။
စက္ကူငှက်သည် ခေါင်းငုံ့လျက် သူ့အမွေးအတောင်များကို ဖြီးနေပုံပေပင်။ ထိုစက္ကူကြိုးကြာနောက်၌ ဆန်စပါးအရွယ် ကြေးသေတ္တာတစ်လုံးရှိ၏။
ထို့ထက်ပို၍ အံ့သြစရာကောင်းသည်မှာ ကြေးသေတ္တာသည် သေးငယ်သော်လည်း တံဆိပ်ခတ်ထားသော မှတ်စုတစ်ခု ရှိနေသည်။
မှတ်စုပေါ်ရှိ လက်ရေးသည် အလွန်သေးငယ်သောကြောင့် နတ်အာရုံဖြင့်သာ ရှင်းရှင်းလင်းလင်း မြင်နိုင်မည်။
“ လူလိမ်စု၊ ဒီသေတ္တာကို ငါ့အတွက် လုံခြုံအောင်သိမ်းထားပါ နင်အသက်အန္တရာယ် ကြုံလာရင် ဖွင့်လိုက် ...
... ဟမ့် ... နင်နားမထောင်ဘူးဆိုတာ ငါသိပါတယ် ဒီသေတ္တာထဲမှာ ဘာတွေရှိနေလဲ သိချင်စိတ်ကို ကျေးဇူးပြုပြီး ဒီတစ်ခါတော့ ငါ့အတွက် ထိန်းထားပေးပါ။ ”
စုရီမှ နှာခေါင်းကို ကုပ်ခြစ်လိုက်မိသည်။ နောက်ဆုံး စာကြောင်းကြောင့်သာ မဟုတ်သော် ဖွင့်ကြည့် မိပေလိမ့်မည်။
ကြယ်ဝိညာဉ်ပိုးနှင့် နတ်မိစ္ဆာ သွေးသလင်းကျောက်ကို စက္ကူကြိုးကြာအသွင် ပြုလုပ်ရန် အမှန်တကယ် အသုံးပြုခဲ့သည်။
ယင်းသည် ဖြုန်းတီးမှုသာ ပေပင်။ ခေါင်းရမ်းလျက် ကျောက်စိမ်းသေတ္တာကို ပြန်ပိတ်လိုက်သည်။
ယခင်ဘဝတွင် အရိုင်းမြေကိုးပါး၏ အထွဋ်အမြတ်ဖြစ်သော သူ့အတွက် ရတနာ မရှားချေ။ ရှားပါးရတနာများပင် စုဆောင်း ထားနိုင်ခဲ့သည်။
သို့သော် ဤအပေါင်ဆိုင်ပိုင်ရှင် အမျိုးသမီးသည် သူ့ထက်ပို၍ ဆန်းကြယ်သော ရတနာများစွာကို ပိုင်ဆိုင်ထားနိုင်၏။ သူမသည် ရတနာသိုက်နှင့်တူသည်။
ထိုအပေါင်ဆိုင်ရှိ နှလုံသားတံခါး ခေါင်းလောင်း၊ ကြယ်ပေသီးနှင့် ကံကြမ္မာချိန်ခွင် တို့သည်ပင် အမှန်တကယ်ရှားပါးသော်လည်း သူမ စုဆောင်းထားသော ရတနာများစွာ အနက်မှ ရေတစ်စက်မျှသာပေပင်။
ကျောက်စိမ်းသေတ္တာကို သိမ်းဆည်းပြီးနောက် စုရီကကောင်းကင်ပေါ် မော့ကြည့်ကာ ထွက်ခွာလာခဲ့သည်။
မနက်လင်းပေတော့မည်။ နောက်ကျနေပြီ ဖြစ်၏။ ကြယ်ရောင်များကျဲပါးပြီး လမင်းကြီးပင် တိတ်ဆိတ်နေသည်။
***
တောင်ထိပ်တစ်နေရာတွင် သွမ့်ကူဖန်းတစ်ယောက် မြေပြင်ပေါ်ထိုင်ကာ လက်ထဲက ဓားသေတ္တာကို ငုံ့ကြည့်ပြီး တုံ့ဆိုင်းနေသည်။
သူ့တွင် ဆန္ဒမရှိသဖြင့် အရောင်း အဝယ်လုပ်ရန် ရည်ရွယ်ချက် မရှိချေ။ ဆန္ဒမရှိ၊ တောင်းတမှု မရှိခြင်းဖြင့် အကျိုးအမြတ် မည်သို့ရယူမည်နည်း။
အဆုံး၌ ဓားသေတ္တာကို ဖွင့်ရန်ဆန္ဒမရှိတော့ဘဲ ခေါင်းရမ်းလျက် ဘေးသို့ချထားလိုက်သည်။
“ အကောင်းအဆိုးကို ချိန်ဆပြီး ငါ့ကိုပြစ်ဒဏ်ကနေ လွတ်မြောက်တယ်လို့ ခေါင်းလောင်းက ယူဆခဲ့တာလား။ ”
ဤကမ္ဘာပေါ်တွင် ထိုမျှမယုံနိုင်စရာ အပေါင်ဆိုင်တစ်ဆိုင် ရှိနေသည်မှာ သူ့ကို အမြင်ကျယ်စေ၏။
သမိုင်းတလျှောက် ဧကရာဇ်များစွာသည် ထိုဆိုင်တွင်ရတနာပစ္စည်းများစွာကို အပေါင် ထားခဲ့ကြသည်။
သို့သော် ထိုအရာများအားလုံးသည် သူ့နားလည်မှုထက် ကျော်လွန်ပြီး စိတ်ကူးယဉ် ဆန်နေဆဲပေပင်။
ဧကရီလက်တစ်ဖက်၊ နက်နဲဓားစသည့် ဧကရာဇ်နယ်ပယ် ကျွမ်းကျင်သူများ၏ အပေါင် ပစ္စည်းများကို ပြန်မြင်လာခဲ့သည်။
“ အခွင့်အရေးက မင်းရှေ့မှာ ရှိနေတာတောင် ... စိတ်ကိုတည်ငြိမ်အောင် ထိန်းထားနိုင်တယ် မဆိုးဘူး။ ”
ရုတ်တရက် မှတ်ချက်ပေးသံကြောင့် ထိတ်လန့်တုန်လှုပ်သွားပြီး မော့ကြည့်လိုက်ရာ ရင်းနှီးနေသောပုံရိပ်ကို မြင်လိုက်ရသည်။
“ စုရီ ... ။ ”
အဝေးရှိ အမှောင်ရိပ်ထဲတွင် စုရီက လက်နှစ်ဖက်နောက်ပို့ကာ ရပ်နေချေပြီ။ အံ့အားသင့်စွာဖြင့်၊
“ အဲဒီတုန်းက မင်းရှိနေတာလား။ ”
-ဟု မေးမြန်းလိုက်သည်။
စုရီက သူ့မေးခွန်းကို ပြန်မဖြေချေ။ ယင်းအစား သူ့အနား လျှောက်လှမ်းလာကာ၊
“ အဲဒီအပေါင်ဆိုင်ရဲ့ မူလက အရမ်း လျှို့ဝှက်ဆန်းကြယ်တယ် သူ့ကို ကောင်းကင်ဘုံ ပေါင်ဆိုင်လို့ ခေါ်တယ် ... ။ ”
-ဟု ရှင်းပြလာ၏။
“ သူက ကမ္ဘာအသီးသီးကို လှည့်ပတ် သွားလာနေပြီး သူနဲ့ရောင်းဝယ်ဖို့ အခွင့်အရေး ရသူတိုင်းက ကံကောင်းသူတွေပဲ။ ”
ထို့နောက် ဓားသေတ္တာထံညွှန်ပြကာ၊
“ ဒီဓားသေတ္တာထဲက ပစ္စည်းက ... ယိုတစ်ကောင် ဓားဧကရာဇ်ဖြစ်လာပြီးနောက် သိမြင်ထားတဲ့ ဉာဏ်အလင်းပဲ ... ဒါက ...
... မင်းရဲ့ဓားတာအိုကို အများကြီး အကျိုးရှိစေပြီး ဉာဏ်အလင်းရစေမယ် တစ်နေ့ အနာဂတ်မှာ ဓားဧကရာဇ်ဖြစ်လာနိုင်မယ် ...
... ဒါပေမဲ့ ဒီကျေးဇူးကို ခံယူပြီးရင် သူ့ကံကြမ္မာနဲ့ ချည်နှောင်ခံရမှာ သဘာဝပါပဲ ဒီအတွက် ဖွင့်မလား၊ မဖွင့်ဖူးလား မဆုံးဖြတ်ခင် မင်းသေချာစဉ်းစားဖို့လိုတယ်။ ”
ထိုသို့ပြောပြီးနောက် စုရီတစ်ယောက် လှည့်ထွက်သွားသည်။ သွမ့်ကူဖန်းခမျာ မှင်သပ် နေတော့၏။
“ ယိုတစ်ကောင်ရဲ့ ဓားတာအိုလား။ ”
စုရီရုပ်သွင် ပျောက်ကွယ်သွားသည့် အချိန်အထိ ဓားသေတ္တာထံ ငုံ့ကြည့်နေခဲ့ကာ နစ်မျောသွားသည်။
ထိုလျှို့ဝှက်ဆန်းကြယ်သော အပေါင်ဆိုင်တွင် ကြုံတွေ့ရသည့် မြင်ကွင်းများ တဖြည်းဖြည်း ပြန်ပေါ်လာ၏။ အဆုံးတွင် စုရီထွက်သွားရာထံ မော့ကြည့်လိုက်သည်။
“ ဒီကောင် ဘယ်သူလဲ။ ”
လျှို့ဝှက်ဆန်းကြယ်သော အပေါင်ဆိုင်၏ဇစ်မြစ်ကို အဘယ်ကြောင့် ဤမျှ သိနေရသနည်း။ မယုံနိုင်စရာပေပင်။
***
ဖေဖော်ဝါရီ (၁၈)။ မွန်းတည့်ချိန်ဖြစ်၍ ကောင်းကင်ကြီး တောက်ပပြီး နွေးထွေးသော လေထုကို ပေးစွမ်းနေသည်။
နွေဦးအစောပိုင်းကာလတွင် မိုးပြာခြံဝင်းတစ်ခုလုံး စိမ်းလန်းစိုပြေလျက် လန်းဆန်းတက်ကြွနေ၏။
အမျိုးသမီးတစ်ဦးသည် ရေကန်ကြီးဘေးတွင် ဝါးကုလားထိုင်ဖြင့် ပေါ့ပေါ့ပါးပါး အနားယူနေသည်။
နက်မှောင်သော ဆံပင်ရှည်များနှင့် အသက်နှစ်ဆယ်ကျော် အရွယ်ခန့် ရှိနေပုံရ၏။ သို့သော် သူမ၏ မျက်ဝန်းများ၌ ရင့်ကျက်မှုကို မဖုံးကွယ်နိုင်ချေ။
ခြံဝင်းထဲ လှမ်းဝင်လိုက်သည်နှင့် ထိုအမျိုးသမီးကို ဧကရာဇ်ရှမြင်ပြီး အမူအရာမှာ ရုတ်တရက် ရှုပ်ထွေးသွားသည်။
ဤအမျိုးသမီးအမည်မှာ ဖူစုရုံဖြစ်ပြီး ရှချင်းယွမ်မိခင် သူ့ဇနီးဖြစ်၏။ သူမနောက်ခံမှာ လျှို့ဝှက်ဆန်းကြယ်ချေပြီ။
ရှချင်းယွမ်ကိုမွေးဖွားပြီး မကြာခင် စာတစ်စောင်ချန်ကာ တိတ်တဆိတ် ထွက်ခွာ သွားခဲ့၏။
နှစ်ပေါင်းများစွာ ကြာသည့်တိုင် ထိုအမျိုးသမီးအကြောင်း တွေးမိလိုက်ချိန်တိုင်း ဝမ်းနည်းမှု၊ အကူအညီမဲ့မှုနှင့် ခါးသီးမှုများ ဖြစ်ပေါ်လာနေဆဲပေပင်။
ယခု သူမ ပြန်လာ၏။ သို့သော် သူနှင့် ပြန်လည် ပေါင်းစည်းရန်မဟုတ်ဘဲ သူ့သမီးကို မဟာရှနှင့် ဝေးရာသို့ ခေါ်ဆောင်ရန်ဖြစ်သည်။
“ ဒါကို မင်းစဉ်းစားပြီးပြီလား။ ”
ဝါးကုလားထိုင်တွင် လဲလျောင်းနေသော အမျိုးသမီးက ဧကရာဇ်ရှကို မြင်သော်ပြုံးလျက် စကားပြောလာသည်။
သူမသည် ပြုံးနေခဲ့သော်လည်း အမူအရာသည်ငြိမ်သက်ပြီး သူစိမ်းတစ်ယောက် သကဲ့သို့ ဝေးကွာနေ၏။
“ မင်းရဲ့ တောင်းဆိုချက်က ... လွန်လွန်းနေတယ် ငါလုံးဝသဘောတူနိုင်မှာ မဟုတ်ဘူး။ ”
ဧကရာဇ်ရှမှ တုန့်ပြန်၏။ အမျိုးသမီးက သက်ပြင်းချလိုက်သည်။
“ သမီးကိုပေးလိုက်ဖို့ ... မင်းအတွက် နာကျင်ရတယ်ဆိုတာ ငါသိပါတယ် ဒါပေမယ့် မဟာရှဟာ အခု မုန်တိုင်းရဲ့ဗဟိုချက်ဖြစ်နေပြီ မင်းရဲ့တော်ဝင်မိသားစုဟာ အချိန်မရွေး ပျက်စီးသွားနိုင်တယ်ဆိုတာ မမေ့ပါနဲ့ ...
... ဒါပေမယ့် ငါ့သမီးကို ပေးလိုက်ဖို့ သဘောတူနေသရွေ့ ဒီအကျပ်အတည်းကို ငါ ကူညီပြီး ဖြေရှင်းပေးနိုင်ပါတယ်။ ”
“ ဟမ့် ... ဒီကိစ္စ ညှိနှိုင်းစရာမရှိဘူး။ ”
ဧကရာဇ်ရှ၏ တင်းမာသော သဘောထားကြောင့် အမျိုးသမီမှ မျက်ခုံးပင့် လိုက်လေသည်။
“ ဒါဆို မင်းဒီနေ့ ဘာလာလုပ်တာလဲ ... အတိတ်ကို ပြန်သတိရနေလား ... ဟိုတုန်းက ခံစားချက်တွေကို ပြန်ယူဖို့ ကြိုးစားနေတာလား အဲဒါ မကြိုးစားဖို့ အကြံပေးတယ်။ ”
ဤစကားများက ဧကရာဇ်ရှ နားစည်မှတဆင့် နှလုံးသားအတွင်း သံရည်ပူလို ကျဆင်းလာသည်။ ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲ မတတ်ပေပင်။
အချိန်အတော်ကြာ တိတ်ဆိတ်ပြီးနောက် သူ့ကိုယ်သူ ပြန်၍ငြိမ်သက်စေလျက် အသက် ပြင်းပြင်းရှူကာ၊
“ မင်းအရမ်းတွေးနေပြီ ... ငါ့ဒီမှာ မင်းနဲ့အတိတ်ကို ပြန်လွမ်းနေဖို့ မဟုတ်ဘူး ငါ့အတွက် အထူးဧည့်သည်တစ်ယောက် ...
... လာဖို့ရှိတယ်ဆိုတာ မင်းကိုပြောဖို့ ငါဒီမှာလာခဲ့ ... သူက ဒီခြံဝန်းမှာ တည်းခိုမဲ့သူပဲ ဒါကြောင့် မင်းအိမ်ပြောင်းပေးပါ။ ”
“ ဟမ့် ... ။ ”
ဤတစ်ကြိမ်၌ ပထမဆုံး အကြိမ်အဖြစ် အမျိုးသမီးခမျာ မျက်ဝန်းများ တလက်လက် တောက်ပလာခဲ့သည်။ သည်အဖိုးကြီး မည်သည့် လှည့်ကွက်များ သုံးနေသနည်း။ မိုးပြာခြံဝင်း၌ တည်းခိုရမည့် အထူးဧည့်သည်ဟူသည် ရယ်စရာကောင်းပေမည်။
“ မင်းက ငါ့ကို မောင်းထုတ်နေတာလား။ ”
သူမမေးခွန်းတွင် အေးစက်ပြီး မယုံကြည်နိုင်သော လှောင်ပြောင်လိုသည့် အရိပ်အမြွက်များ ပါရှိနေတော့သည်။
***