#အိမ်ရှေ့မင်းသားစင့်မြင့် ဒါပဲလား#
Vol. 92 Ch. 1298
ရှောင်ဟိုင်က ခန္ဓာကို ပြုပြင်မွမ်းမံလေ့ကျင့်သူတစ်ဦးဖြစ်ပြီး ပိုမြင့်မားသည့်နယ်ပယ်က အတော်လေးအားကောင်းသည့် လူတစ်ယောက်သာလျှင် သူရုပ်ခန္ဓာနယ်ပယ်ကို ကောင်းစွာမြင်တွေ့နိုင်သည်။ နတ်ဧကရာဇ်နယ်ပယ်တစ်၀က်အဆင့်သာဖြစ်သည့် လျန်ချင်းကမူ ၎င်းကိုမြင်နိုင်ရန်အတွက် လုံး၀မတတ်စွမ်းနိုင်ပါ။
ယဲ့ချိုးပိုင် လျှို့ဝှက်နယ်မြေ၌ လေ့ကျင့်မှုအပြီးတွင် နတ်ဧကရာဇ်နယ်ပယ်တစ်၀က်အဆင့်ကို တက်လှမ်းသွားခဲ့သည်။
ဖန်ချန်းကမူ နယ်ပယ်ကို ဖုံးကွယ်ထားရန်အတွက် လုချန်ရှန်းအသုံးပြုသည့် စိတ်ပိုင်းဆိုင်ရာကျင့်ကြံခြင်းနည်းစနစ်အောက်တွင် နတ်သခင်နယ်ပယ်တွင် ရှိသည်ဟုသာ ပြနေခဲ့သည်။
မုဖူရှန်းကိုမူ သူ့အကြောင်းအား ညွှန်း၍ပင် ပြောနေစရာမလို။
သူတို့သူ့ကိုမမြင်နိုင်သော်လည်း ကျင့်ကြံခြင်းလျှို့ဝှက်နယ်မြေ၌ အမှတ်ပေးဇယားထဲတွင် ပါ၀င်အောင် မလုပ်နိုင်ခဲ့လေရာ သူ့ပါရမီနှင့်စွမ်းအားက တခြားသူများနှင့် ယှဉ်ပါက အများကြီးအားနည်းနေသည်ဟု မှတ်ယူ၍ရသည်။
ထို့ကြောင့် လျန်ချင်း၏အမြင်တွင် ရှောင်ဟိုင်က မကြာသေးခင်လေးကမှ နတ်ဧကရာဇ်နယ်ပယ်တစ်၀က်အဆင့်ကို ချိုးဖျက်ခဲ့ခြင်းဖြစ်လေရာ သူ့နယ်ပယ်က မတည်မငြိမ်ဖြစ်နေရပေမည်။
ဟမ့်၊ ငါနဲ့သူဘယ်လိုလုပ်ယှဉ်ပြိုင်နိုင်မှာလဲ!
သူတို့နယ်ပယ်များက တူညီနေလျှင်ပင် ခွန်အားအရာ၌ ကွာဟချက်ရှိသည်။
လျန်ချင်း ဖော်ရွေတတ်သည့်အပြုံးတစ်ပွင့်ကို ဆင်မြန်းထားသော်လည်း မျက်လုံးထဲက အထင်အမြင်သေးမှုကိုတော့ ငြင်းဆို၍မရပေ။
သူ့၀န်းကျင်ကလူများကလည်း လက်ပိုက်ရင်း သူတို့ယုံကြည်ထားသော မြေကြီးလက်ခတ်မလွဲသည့်နိဂုံးကို ပျော်ပျော်ကြီးကြည့်နေကြသည်။
မည်သို့ပင်ဆိုစေကာမူ လျန်ချင်းက ကောင်းကင်နံပါတ်ငါးခြံ၀င်းက အားကောင်းသည့် ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ လူအများစုက သူ့ကို စိန်ခေါ်ခဲ့သော်လည်း မည်သူမှသူ့ကို မနိုင်နိုင်ခဲ့သဖြင့် သူ့စွမ်းအားက ထင်ရှားသည်။
"အိမ်ရှေ့မင်းသားစင်မြင့်ကို သွားကြရအောင်၊ အဲမှာဆိုရင် ပိုလှုပ်ရှားနိုင်ဖို့အတွက် နေရာတွေရှိသလို ဥပဒေစိုးမိုးရေးခန်းမက အကြီးအကဲတွေကလည်း ကြီးကြပ်ကြလိမ့်မယ်"
ဒီစကားလုံးများကို ရှောင်ဟိုင်အား စော်ကားမှုတစ်ခုအဖြစ် မြင်နိုင်သည်။
သူတို့က စည်းမျဉ်းများအလွန်က ညစ်ပတ်သည့်လှည့်ကွက်များကို သုံးရန်အတွက်ပင် ရှောင်ဟိုင်၏ စွမ်းအားနှင့် အလားအလာကင်းမဲ့မှုကို သိမ်မွေ့စွာပင် လှောင်ပြောင်ကြသည်။
ရှောင်ဟိုင်ကမူ ဆိုလိုရင်းကို နားမလည်နိုင်သည့်အလား ခေါင်းညိတ်သည်။
"အဲဒါက အကောင်းဆုံးပါပဲ"
......
အတွင်း၀င်းထဲတွင် ကျောင်းသားများအတွက် ယှဉ်ပြိုင်ရန် နေရာအများကြီးရှိသော်လည်း အိမ်ရှေ့မင်းသားစင်မြင့်က တရားအ၀င်ဆုံးဖြစ်သည်။ ၎င်းကို မကျေအေးနိုင်သည့် ပဋိပက္ခများ သို့မဟုတ် ခြံ၀င်းများပါ၀င်သည့် လောင်းကြေးများ၊ ထောက်ပံ့မှတ်များနှင့် မိမိအသက်အတွက်ပင်လျှင် သုံးကြသည်။
ကောင်းကင်နံပါတ်ငါးခြံ၀င်းမှ ဝါရင့်ကျောင်းသား လျန်ချင်းနှင့် ကောင်းကင်နံပါတ်သုံးခြံ၀င်းသို့ တိုက်ရိုက်ပြောင်းရွေ့ခဲ့သည့် အထူးကျောင်းသားသစ်ရှောင်ဟိုင်တို့ အကြားမှ တိုက်ပွဲက အာရုံစိုက်မှုများစွာကို ဆွဲဆောင်သွားခဲ့သည်။
မကြာမီ အတွင်း၀င်းမှ အားကောင်းသည့် ကျွမ်းကျင်သူများစွာက တိုက်ပွဲကို စောင့်ကြည့်ရန်အတွက် စုရုံးလာကြ၏။
ဆူညံသံများအလယ်တွင် အများစုက နောက်ဘက်သို့ကြည့်လိုက်ကြသောအခါ အံ့ဩသင့်သွားကြသည်။
"အဲဒါအစ်ကိုဟောင်မလား၊ ကောင်းကင်နံပါတ်နှစ်ခြံ၀င်းရဲ့ပိုင်ရှင်လေ၊ ဒီလိုကိစ္စတွေကို သူဂရုမစိုက်ဘူးမလား"
"ကောင်းကင်နံပါတ်သုံးခြံ၀င်းပိုင်ရှင်က တစ်ယောက်ယောက်နဲ့ ယှဉ်ပြိုင်တော့မယ်ဆိုတော့ အစ်ကိုဟောင်ကလည်း လာကြည့်ရတော့မှာပေါ့၊ ဘာပဲဆိုဆို ဒါက ခြံ၀င်းနံပါတ်နှစ်ရဲ့ပိုင်ဆိုင်မှုကို သင်ရောက်မှုရှိနိုင်တာပဲလေ"
"မှန်တယ်၊ ...ခဏလေး၊ သူနဲ့အတူပါလာတဲ့တစ်ယောက်က ဘယ်သူလဲ၊ အမြဲလိုလိုအထီးကျန်ပြီး တစ်ယောက်တည်းနေတတ်တဲ့ အစ်ကိုဟောင်က ဘာလို့ဘေးက တစ်ယောက်နဲ့အတူရှိနေရတာလဲ"
"ဒါက....." အတွင်း၀င်းမှ စီနီယာကျောင်းသားများ၏ မျက်သူငယ်အိမ်များက ရုတ်တရက်ပြူးကျယ်သွား၏။
သူ့ဘေးက နောက်တစ်ယောက်က လေးနက်စွာပြောသည်။
"ကောင်းကင်နံပါတ်တစ်ခြံ၉င်းက ယုချန်းပဲ၊ သူက အတွင်း၀င်းက ထိပ်တန်းကျောင်းသားလည်းဖြစ်တယ်၊ သူအတွေ့အကြုံရယူဖို့အတွက် ထွက်သွားခဲ့တာ နှစ်အတော်ကြာနေပြီ၊ ပြန်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး၊ သူ့ခွန်အားက အခုဆိုရင် ကိုယ်ပိုင်တပည့်နေရာအတွက်တောင် စိန်ခေါ်ဖို့ လုံလောက်နေလောက်ပြီ"
"အင်း၊ အကြီးအကဲတစ်ချို့က အစ်ကိုယုချန်းကို အာရုံစိုက်နေကြတယ်လို့ ငါကြားခဲ့တယ်၊ ဘယ်အကြီးအကဲလက်အောက်မှာ ၀င်မလဲဆိုတာကိုတော့ သူဆုံးဖြတ်နေတုန်းပဲ"
"သူဒုတိယအကြီးအကဲရဲ့ အဖွဲ့ထဲ၀င်ချင်တယ်လို့ ကြားတယ်၊ ဘာပဲဆိုဆို ဒုတိယအကြီးအကဲမှာ ဒုကျောင်းအုပ်နေရာကို ပစ်မှတ်ထားဖို့ အခွင့်အလမ်းကောင်းတစ်ခုရှိတယ်၊ အထူးသဖြင့် ပထမအကြီးအကဲက နောက်ထပ်တပည့်တွေ လက်မခံတော့တဲ့ အချိန်မျိုးမှာပေါ့၊ ပြီးတော့ ဒုတိယအကြီးအကဲ ဒုကျောင်းအုပ်ဖြစ်လာတာနဲ့ သူ့မှာ အရင်းအမြစ်တွေပိုများလာလိမ့်မယ်"
စကားဝိုင်းများ၏အလယ်တွင် ဟောင်ရှန်း သူ့ဘေးက ယုချန်းကိုစိုက်ကြည့်လိုက်၏။
"မင်းဒုတိယအကြီးအကဲဆီမှာ ၀င်ဖို့ တကယ်ပဲဆုံးဖြတ်ပြီးပြီလား၊ မင်းကို သူ့တပည့်အဖြစ် လက်ခံဖို့ဆိုတာက သူ့အတွက် လွယ်မှာမဟုတ်ဘူးဆိုတာကိုတော့ သိတယ်မလား"
ယုချန်းလက်အစုံကို ဖြန့်လိုက်သည်။
"အားလုံးက ကံတရားနဲ့ဆိုင်တာပါပဲ၊ အလုပ်မဖြစ်ဘူးဆိုရင် တခြားအကြီးအကဲတစ်ယောက်ဆီမှာ ၀င်ရုံပဲလေ"
ဟောင်ရှန်းခေါင်းညိတ်သည်။
"သူတို့တိုက်ခိုက်ပြီးတဲ့အခ်ကျရင် မင်းနဲ့ငါယှဉ်ပြိုင်ကြရအောင်၊ မင်းလေ့ကျင့်မှုတွေပြီးသွားပြီဆိုတော့ ဘယ်လောက်ထိ တိုးတက်လာသလဲဆိုတာ ငါကြည့်ချင်မိတယ်"
ဒါကိုကြားသော် ယုချန်းတုံ့ပြန်တော့မည့်အချိန်တွင် တစ်ယောက်ချင်းစီက သူတို့ပခုံးပေါ် လက်တစ်ဖက်ကျလာတာကို ခံစားလိုက်ရသည်။
နှစ်ဦးစလုံးတောင့်တင်းသွားကြပြီး လှည့်ကြည့်လိုက်ကြရာ အထင်ကြီးလောက်ဖွယ်ရာကောင်းသည့် မိန်းကလေးတစ်ဦးကို တွေ့လိုက်ရသည်။
"အစ်မဖုန်းယီ"
စတုတ္ထအကြီးအကဲလက်အောက်က ကိုယ်ပိုင်တပည့်ဖုန်းယီ!
ဒါပေမယ့် ဒီလိုထူးချွန်တဲ့လူတစ်ယောက်က ဘာလို့ဒီကိုလာရတာလဲ!
ဖုန်းယီပြုံးသည်။
"ဟေး၊ တန်းစီအနေနဲ့တော့၊ ငါကိုယ်တိုင် ဒီမှာ တိုက်ပွဲတစ်ပွဲအတွက် ကြိုတင်ပြောထားပြီးပြီ"
ဘယ်သူနဲ့လဲ!
နှစ်ယောက်စလုံးအနည်းငယ်ထိတ်လန့်သွားကြ၏။ တခြားကိုယ်ပိုင်တပည့်တစ်ယောက်ယောက်နှင့် ဖြစ်နိုင်လား! ဒီလိုဆိုပါက ဒါကတကယ်ကြည့်သင့်သည့် အရာတစ်ခုပေတည်း။ စင်မြင့်ပေါ်က လက်ရှိတိုက်ပွဲထက် ပိုစိတ်၀င်စားစရာကောင်းမည်မှာ ကျိန်းသေသည်။
သို့စေကာမူ ဖုန်းယီပြုံးပြပြီးနောက် မေးစေ့နှင့် အမူအရာပြသရင်း သူမအကြည့်က စင်မြင့်ပေါ်သို့ ကျရောက်သွား၏။
နှစ်ယောက်စလုံး ဖုန်းယီအကြည့်နောက်က လိုက်ကြည့်လိုက်စဉ် သူတို့၏အမူအရာများက အေးခဲသွားကြသည်။
အဲ...အဲဒီအထူးကျောင်းသားသစ်နဲ့လား!
ဖုန်းယီက တကယ်ပဲသူနဲ့ယှဉ်ပြိုင်ဖို့အတွက် ကိုယ့်ကိုကိုယ်နှိမ့်ချနေတာလား!
ပြီးတော့နယ်ပယ်အကြား ဒီလောက်ကြီးမားတဲ့ကွာဟချက်နဲ့ ဘာလို့ဖုန်းယီက သူနဲ့ ယှဉ်ပြိုင်ရမှာလဲ!
သူတို့နှစ်ဦး၏ စိတ်ရှုပ်ထွေးမှုကို သတိထားမိသည့်အလား ဖုန်းယီပြုံးသည်။
"သူလည်းတိုက်ခိုက်ရတာကြိုက်လို့လေ"
နှစ်ယောက်စလုံးဆွံအနေကြသည်။ ဒီအကြောင်းပြချက်က ရယ်စရာကောင်းလွန်းသည်။
ဖုန်းယီက နာမည်ဆိုးနှင့်ကျော်ကြားသည့် တိုက်ပွဲရူးတစ်ယောက်ဆိုတာ သူတို့သိကြသော်လည်း သူမကကျောင်းတော်ထဲက ကိုယ်ပိုင်တပည့်အားလုံးကို စိန်ခေါ်ခဲ့သည်။
အကယ်၍ သူတို့သာ ဖုန်းယီကိုအနိုင်ပေးပါက အဆင်ပြေသော်လည်း ဖုန်းယီသာ ရှုံးသွားပါက သူမမနိုင်မချင်း နေ့တိုင်းလာပြီး စိန်ခေါ်ပေလိမ့်မည်။ မဟုတ်ပါက သင်ပုန်းနေရုံသာရှိသည်။
သို့စေကာမူ အကြောင်းပြချက်ကောင်းတစ်ခုမပါဘဲ ဖုန်းယီ သူမထက်သိသိသာသာ ပိုအားနည်းသောသူတစ်ယောက်ကို စိန်ခေါ်ရသည်အထိ ဒုက္ခခံမည်မဟုတ်။
ထို့ကြောင့် သူတို့ပို၍ပင်စိတ်ရှုပ်ထွေးနေကြသည်။ ဘာလို့ဖုန်းယီ ရှောင်ဟိုင်နဲ့ ယှဉ်ပြိုင်ချင်ရတာလဲ!
သူတို့ဒါကိုပုံမဖော်နိုင်ကြသော်လည်း တစ်ခုကတော့သေချာသည်။
ဖုန်းယီကို စိန်ခေါ်နိုင်သည့် အတွင်း၀င်းထဲက မည်သည့်တပည့်မဆို နာမည်ကြီးလာမည်မှာ အသေအချာပင်။
အိမ်ရှေ့မင်းသားစင်မြင့်ထက်တွင် အကြီးအကဲတစ်ဦး ဆင်းသက်လာသည်။
သူက ဥပဒေစိုးမိုးရေးခန်းမက အကြီးအကဲတစ်ဦးပင်။
ဖုန်းယီအေးစက်စွာနှာခေါင်းရှုံ့သည်။
"ဥပဒေစိုးမိုးရေးခန်းမရဲ့ အကြီးအကဲအများစုနဲ့ ခန်းမသခင်က ဒုတိယအကြီးအကဲရဲ့ ဧည့်သည်တွေပဲ၊ ဒီတိုက်ပွဲကို ကြီးကြပ်ဖို့အတွက် ဥပဒေစိုးမိုးရေးခန်းမက အကြီးအကဲတစ်ယောက်ရှိနေတာက မျှတပုံပေါ်ပေမယ့် တကယ်တမ်းတော့ ဘက်လိုက်နေတာပဲ"
လျန်ချင်းက ဒုတိယအကြီးအကဲ၏ ကိုယ်ပိုင်တပည့်ဖြစ်သော ဟဲရှန်း၀မ်၏ နောက်လိုက်ဆိုတာ အများစုသိကြသည်။
သူမဘေးက ယုချန်းနှင့် ဟောင်ရှန်းတို့မှာ အားကိုးရာမဲ့စွာသာ ပြုံးနိုင်ကြတော့သည်။
သူတို့မကြားမိသကဲ့သို့ ဟန်ဆောင်နေကြ၏။
ဖုန်းယီတစ်ယောက်သာလျှင် လူသူကြားတွင် ယခုလိုအရာမျိုးကို ပြောရဲသည်။
သို့သော်ဒါကပုံမှန်သာ။ ဖုန်းယီ၏ဆရာက ပထမအကြီးအကဲနှင့် အတော်လေးနီးစပ်သည့် စတုတ္ထအကြီးအကဲပင် မဟုတ်ပေလော။
မကြာသေးခင်က ဖြစ်ရပ်များကို စဉ်းစားကြည့်ပါက ဖုန်းယီပြောတာက မမှားပါ။
ဒီအခိုက်အတန့်၌ ဥပဒေစိုးမိုးရေးခန်းမက အကြီးအကဲ နှစ်ယောက်စလုံးကို အေးစက်စွာကြည့်နေသည်။
"ကောင်းကင်နံပါတ်ငါးခြံ၀င်းက လျန်ချင်းက ကောင်းကင်နံပါတ်သုံးခြံ၀င်းက ရှောင်ဟိုင်ကို စိန်ခေါ်တယ်၊ လောင်းကြေးက သူတို့ခြံ၀င်းတွေကိုလှဲလှယ်တာပဲ၊ အသက်အန္တရာယ်ထိခိုက်အောင် မလုပ်ရဘူး၊ မင်းတို့နှစ်ယောက်အဆင်သင့်ဖြစ်ပြီလား"
လျန်ချန်းခေါင်းတစ်ချက်ညိတ်ရင်း လှောင်ပြောင်လိုက်သည်။
"အစကတော့ ကောင်းကင်နံပါတ်သုံးခြံ၀င်းက လစ်ဟင်းနေခဲ့တာမို့ ပြိုင်ဆိုင်မှုက ပြင်းထန်ခဲ့တယ်၊ အခုမင်းတို့လက်ထဲရောက်သွားပြီဆိုတော့ အများကြီးအားထုတ်နေစရာမလိုတော့ဘူးပေါ့"
ရှောင်ဟိုင်အပိုစကားပြောမနေဘဲ ခေါင်းသာညိတ်ပြသည်။
ဒါကိုမြင်သော် အကြီးအကဲလက်ဝှေ့ယမ်းကာ နောက်ဆုတ်လိုက်၏။
လျန်ချင်း ရှောင်ဟိုင်၏မျက်နှာအား တိုက်ရိုက်တိုက်ခိုက်သည်။
သူလုံး၀ထိန်ချန်မထားဘဲ ရှောင်ဟိုင်ကို အမြန်ဆုံးအနိုင်ယူရန်အတွက် မိုးကြိုးနည်းစနစ်ကို သုံးရန်ရည်ရွယ်ထားခဲ့သည်။သူ ရှောင်ဟိုင်အား အရှက်တကွဲရှုံ့စေချင်ပြီး ဂုဏ်သတင်းကိုလည်း မြန်မြန်ကျသွားစေချင်သည်။
ရှောင်ဟိုင် ထိုနေရာ၌တိတ်တဆိတ်သာရပ်နေပြီး သူ့ထံတိုး၀င်လာသည့် လျန်ချင်းအား တည်ငြိမ်စွာသာ စိုက်ကြည့်လိုက်၏။
လျန်ချင်း သူ့အနားရောက်လာသောအခါ လက်သီးချက်တစ်ချက် ရုတ်တရက် ပေါက်ကွဲသွား၏။
မူလက လျန်ချင်းတွင် လှောင်နေသည့်အပြုံးတစ်ပွင့်ရှိသော်လည်း လက်သီးချက်နှင့် ထိမှန်ခံရပြီးနောက် သူ့အပြုံးက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကာ နောက်သို့ လွင့်စင်သွားလေတော့သည်။
လေထဲတွင်ပင် သူသွေးအများအပြား အန်ထုတ်လိုက်ရသည်။
လူအုပ်စုကြီးက တိတ်ကျသွားရသည်။
အောက်သို့ကျသွားသည့် လျန်ချင်းမှာ ရှောင်ဟိုင်အား ကြောက်ရွှံ့ကာမရေရာသည့် မျက်လုံးများနှင့် ကြည့်နေမိသည်။
ရှောင်ဟိုင် ရှေ့တစ်လှမ်းတိုးကာ ဒူးထောက်ကာ ကြမ်းပြင်ပေါ်၌ အသက်ပြင်းပြင်းရှူနေရသည့် လျန်ချင်းအား ငုံ့ကြည့်ရင်း အထင်အမြင်သေးစွာပြောသည်။
"မင်းမှာရှိတာဒါပဲလား"
အပိုင်း(1299) coming။