← Chapters

ဂိမ်းဆော့နေရင်း ကျင့်ကြံမယ်

Vol. 2 Ch. 27

ဂိမ်းဆော့နေရင်း ကျင့်ကြံမယ်

Vol. 2 Ch. 27

အန်လင်းဆန္ဒ ရှိသည့်အတိုင်း မဟူရာ ကျောက်တောင်ထိပ်သို့ ရောက်ရှိပြီ ဖြစ်သည်။ ထို့နောက်တွင် သူပြုလုပ်ရန် လိုအပ်သည်မှာ အသက်ရှူခြင်း နည်းစနစ်ကို တစ်ရက်တိတိ ကျင့်ကြံရန်သာ ဖြစ်သည်။ ထိုသို့ ကျင့်ကြံပြီးသည့် နောက်တွင် အထွက်အထိပ် မြေကြာပန်း အတတ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်မည် ဖြစ်သည်။

နည်းစနစ်ကျကျ ပြောရမည်ဆိုလျှင် အသက်ရှူခြင်း နည်းစနစ်ကို ကျင့်ကြံရန် အခွင့်အရေးမရှိဘဲ လျှိုချန်ဟွမ်နှင့် ဂိမ်းကစားဖို့ရန်သာ လိုအပ်သည်။

သို့ပေမဲ့လည်း အန်လင်း ဝမ်းလျှောနေစဉ် အချိန်က အဖြစ်ကို မမေ့လျော့သင့်။ သူက ဆောင့်ကြောင့် ထိုင်နေလျက်နှင့်ပင် စိတ်စွမ်းအင်များ စုပ်ယူနိုင်သည့် ကျင့်ကြံခြင်း နည်းစနစ်ကို ရှာဖွေ တွေ့ရှိခဲ့သူ ဖြစ်သည်။

ထိုကျင့်ကြံခြင်း နည်းစနစ်သည် အလုပ်များစွာ လုပ်ဆောင်နေစဉ်မှာပင် အသုံးပြုနိုင်မည် ဖြစ်သည်။ အိမ်သာထဲတွင် ဆောင့်ကြောင့် ထိုင်နေစဉ် ကျင့်ကြံခြင်းသည် လုပ်ငန်းများစွာ လုပ်ဆောင်ခြင်းဟု မှတ်ယူမည် ဆိုလျှင် ဂိမ်းဆော့နေရင်းနှင့်လည်း ကျင့်ကြံနိုင်မည် ဖြစ်သည်။

ပတ်ဝန်းကျင်က ငြိမ်သက် အေးချမ်းနေသရွေ့ လုံလောက်သည့် ခံနိုင်ရည်စွမ်း ရှိနေသရွေ့ ထိုကျင့်ကြံခြင်း နည်းစနစ်သည် ခက်ခဲသည့်အရာ မဟုတ်ပေ။

ထိုသို့ဖြင့် အန်လင်းက ဂိမ်းဆော့နေရင်းနှင့် ပူပန်ကြောင့်ကြမဲ့ပြီး အေးချမ်းသည့် ကျင့်ကြံခြင်း ဘဝကို စတင်တော့သည်။

စနစ်တွင် အထွတ်အထိပ် မြေကြာပန်းအတတ် တိုးတက်မှုပြ အတန်းကို မြင်နိုင်သည်။ အချိန်ကုန်လာသည်နှင့် အမျှ ထိုအတန်းသည်လည်း ဖြည်းညှင်းစွာ ရွေ့လျားနေသည်။

ထိုအတန်း ပြည့်သွားသည့် အခါတွင်တော့ သူသည်လည်းပဲ အဆင့်တစ် အထွတ်အထိပ် မြေကြာပန်း အတတ်ကို အောင်မြင်စွာ ကျင့်ကြံ ပြီးစီးမည် ဖြစ်သည်။

အသက်ရှူနေချိန် အတွင်း ကောင်းကင်နှင့် မြေပြင်အကြားရှိ စိတ်စွမ်းအင်များအပြင် အခြားသော ထူးဆန်းသည့် စွမ်းအင် တစ်မျိုးကိုပါ အာရုံခံမိသည်။ ထိုစွမ်းအင်သည် မဟူရာ ကျောက်တောင်ထိပ်မှနေ သူ့ခန္ဓာကိုယ် အတွင်းသို့ ဖြည်းညှင်းစွာ စီးဆင်းလာပြီး သူ့ခန္ဓာကိုယ် အတွင်း အဆက်မပြတ် လောင်ကျွမ်းနေသည်။

အာ... ဒီအံ့ဩဖို့ကောင်းတဲ့ ခံစားချက်... အန်လင်းက ကောင်းကင်ကို ကြည့်ကာ အာမေဋိတ်သံ ပြုကာ ဖုန်းမျက်နှာပြင်ရှိ Lux ကို ဖိလိုက်သည်။

သူ့ဖုန်းတွင် Luxကို အသုံးပြုကာ သူမ၏ Final Sparkသည် ခံစစ်မျှော်စင် သုံးခုကို တစ်ချက်တည်းနှင့် ဖြိုချနိုင်သလားကို သိချင်နေမိသည်။

ကံမကောင်းစွာဖြင့်ပင် ထိုစွမ်းရည်သည် ကြယ်စင် စောင့်ရှောက်သူ Lux အကောင်လိုက်ကြီးအတွက် သီးသန့် ဖြစ်ပုံရသည်။

အန်လင်း၏ Luxသည် ရုပ်ပျက်ဆင်းပျက် အသတ်ခံရပြီးနောက် ရှစ်မိနစ် အကြာတွင် ဂိမ်းပြီးဆုံး သွားသည်။

ထို့နောက် သူက အဖြစ်မှန်ကို လက်ခံကာ ပေါက်ကွဲအား အပြင်းဆုံး ချန်ပီယံကို ရွေးချယ်တော့သည်။ တိုက်ပွဲတိုင်တွင် သူက ကြိုးစားတိုက်ခိုက်ပြီး ကဝေမငယ်အား အကြိမ်ပေါင်းများစွာ အခြေစိုက် စခန်းသို့ ပြန်ပို့လိုက်နိုင်သည်။ ထိုနည်းအားဖြင့် သူက အချိန်ကြာကြာ ရုန်းကန် လာနိုင်သည်။

ထိုကြောင့် အန်လင်းက သူမအား ပွဲစဉ်တိုင်းတွင် ၁၀ကြိမ်ထက်မနည်း သတ်နိုင်ပြီး ဂိမ်းကို ၁၀မိနစ်ကျော် ကြာအောင် ဆွဲဆန့်လာနိုင်သည်။

လျှိုချန်ဟွမ်က အန်လင်း၏ အကြိမ်ပေါင်းများစွာ သတ်ဖြတ်ခြင်း ခံနေရသည်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်လာပြီ ဖြစ်သည်။

သူမက ပါးနှစ်ဖက်ကို ဖောင်းကာ အန်လင်းအား ငြိုငြင်စွာ ကြည့်လိုက်သည်။ သူမ၏ လှပသည့် မျက်နှာလေးကို ဘေးမှ မြင်တွေ့နေရသဖြင့် သူမ သွင်ပြင်သည် အတော်လေး ချစ်စဖွယ် ဖြစ်နေသည်။

ထိုသည်ကို မြင်ရသည့်အခါ အန်လင်းက သူမအား အလျှော့ပေးရမည်ဟု တွေးမိလိုက်သည်။ သူ့အတွက်တော့ နိုင်နိုင် ရှုံးရှုံး အဓိပ္ပါယ် မဲ့နေသည်သာ ဖြစ်သည်။

သို့သော်လည်း သူဆုံးဖြတ်ချက် မချရသေးခင်မှာပင် လျှိုချန်ဟွမ်က စကားပြောလာသည်။

"ငါ့ကို ခဏလောက် စောင့်... ဂိမ်းကို အဆင့်မြှင့်တင် လိုက်ဦးမယ်..."

ဘာ... အဆင့်မြှင့်တင်မယ်...

အန်လင်းက စိတ်ရှုပ်ထွေးစွာဖြင့် မျက်တောင် တဖျက်ဖျက် ခပ်နေမိသည်။

သူမ ပြောပြီးသည်နှင့် လျှိုချန်ဟွမ်က စနစ်တစ်ခုကို ဖွင့်လိုက်သည်။ ထို့နောက်တွင်တော့ သူမ လက်ချောင်းများသည် မျက်နှာပြင်ပေါ်တွင် ခုန်ပေါက် ကခုန်နေတော့သည်။

သူ့အရှေ့ရှိ မြင်ကွင်းကြောင့် အန်လင်းက အလွန် အံ့အားသင့် နေရသည်။

ဘယ်လို... ဘယ်လို... သူမရဲ့ စာရိုက်နှုန်းက တစ်မိနစ်ကို စာလုံးရေ ၂၀၀ လောက်တောင် ရှိနေတာလား...

မဟုတ်ဘူး... တစ်မိနစ်ကို စာလုံးရေ ၃၀၀ လောက်တောင် ဖြစ်နိုင်တယ်...

ငါသိသမျှထဲ အတော်လေး ကို့ယို့ကားယားနိုင်တဲ့ ကဝေမ ဖြစ်နေတုန်းပါပဲလား... ဒီစာရိုက်နှုန်းက ကျွမ်းကျင် ပညာရှင် တစ်ယောက်ထက်တောင် ကျော်လွန်နေသေးတယ်...

ခဏလေ... အဲဒီ ဖုန်းမျက်နှာပြင်မှာ ပေါ်နေတဲ့ သင်္ကေတတွေက ဘာတွေတုန်း... ပရိုဂရမ် ရေးဆွဲနေတာလို့ မပြောနဲ့နော်...

သောက်ကျိုးနည်းပါပဲဗျာ... ဒီလိုနည်းနဲ့ ဂိမ်းကို အဆင့်မြှင့်တင် နေတာတဲ့လား...

အချိန်ခဏ ကြာပြီးနောက်တွင် လျှိုချန်ဟွမ်က စာရိုက်ခြင်းကို ရပ်လိုက်သည်။

"ဖူး... တာဝန်ပြီးပြီ..." သူမက ပျော်ရွှင်စွာ ရေရွတ်လိုက်သည်။

ထို့နောက် အနည်းငယ် ပင်ပန်းသည့်ပုံဖြင့် သူမ လက်ချောင်းများကို နှိပ်နယ်နေသည်။

သူမ၏ ပရိုဂရမ်ကို ကြည့်နေရင်း အန်လင်းမှာ ကြက်သေ သေနေတော့သည်။ ပရိုဂရမ် ရေးသူများသာ သူမကို တိုက်ရိုက် ကြည့်ရှုခွင့် ရပါက ကြောက်လန့်လွန်းသဖြင့် ငိုကြွေးကြမည် ဖြစ်သည်။

လျှိုချန်ဟွမ်က အန်လင်းအား ဖိုင်တစ်ခု ပေးလိုက်ပြီး အဆင့်မြှင့်တင် ထားသည်များကို ထည့်သွင်းစေသည်။

အဆင့်မြှင့်ပြီးသည့် နောက်တွင် သူတို့ နှစ်ယောက်စလုံးသည် League of Legends မိုဘိုင်းဗားရှင်းကို နောက်တစ်ခါ ဖွင့်လိုက် ကြပြန်သည်။

ဒီတစ်ကြိမ်တွင် သူမက Garen, the Might of Demaciaကို ရွေးလိုက်သည်။ အန်လင်း၏ သတ်ဖြတ်ချင်မှ ကာကွယ်ရန်အတွက် သူမက သွေးနှင့် ခုခံနိုင်စွမ်းများသည့် ချန်ပီယံကို ရွေးချယ် လိုက်ပုံပင်။

အန်လင်းသည် အနည်းငယ် အံ့ဩသွားသည်။ သူမက ပထမဆုံးအကြိမ် အဖြစ် ကြယ်စင် စောင့်ရှောက်သူ Lux အစား အခြားသော ချန်ပီယံကို ရွေးချယ်ခြင်း ဖြစ်သည်။

ထိုအချိန်တွင် အန်လင်းက Zed, the Master of Shadowsကို ရွေးလိုက်သည်။ သူက ပေါက်ကွဲအား ပြင်းသည့် အနီးကပ် တိုက်ခိုက်သူ ဖြစ်သည်။

သူ၏ Master of Shadowsက စခန်းမှ ထွက်လာသည့် အခါတွင် Garen ၏ မီတာ ၄၀ ရှည်သည့်ဓားနှင့် ဆီးကြို နှုတ်ဆက်ခြင်း ခံလိုက်ရသည်။

Garenက သူ့စခန်း အနီရောင် Nexusမှ ထွက်ခွာလာကာ သူ့ဘက်အခြမ်း၏ ခံစစ်မျှော်စင် အောက်တွင် ရပ်တန့်လိုက်သည်။ ထို့နောက် သူ့က ရန်သူ့ဘက် အခြမ်းရှိ ခံစစ်မျှော်စင်တို့ကို မရပ်မနား တိုက်ခိုက်တော့သည်။

"တခြားသူတွေ ပြောကြတာ Garenရဲ့ ဓားက မီတာ လေးဆယ် ရှည်တယ်တဲ့လေ... လက်တွေ့မှာတော့ နာမည်နဲ့ ထပ်တူမကျဘူးလို့ အမြဲတမ်း ခံစားရတယ်... အခုတော့ မျှော်လင့်ထားတဲ့ အတိုင်း ပိုပြီး လက်တွေ့ဆန်သွားပြီ မဟုတ်လား..." လျှိုချန်ဟွမ်က တည်ငြိမ်စွာ ရှင်းပြလိုက်သည်။

အန်လင်း၏ နှုတ်ခမ်းထောင့်များသည် မဲ့ရွဲ့ လာတော့သည်။ အေး... နင်က ငါ့ကို ဘယ်လိုတွေ ကစားစေချင်နေတာလဲ... ဟမ်...

အခက်အခဲများ ကြားမှ သူက လယ်ဗယ် ၆ သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ သူက စခန်းသို့ပြန်ကာ သူ့တိုက်ခိုက်မှုကို တိုးစေနိုင်သည့် ပစ္စည်းများဝယ်ဖို့ ကြံစည်လိုက်သည်။ ထို့နောက်မှ တစ်ဖက်လူကို ရင်ဆိုင်မည် ဖြစ်သည်။

ထိုအချိန်မှာပင် လျှိုချန်ဟွမ်က "Demacia အတွက်......"

ထို့နောက် မီတာလေးဆယ် ရှည်သည့် ရွှေဓားကြီးသည် ကောင်းကင်မှ ဆင်းသက်လာပြီး အန်လင်းအား ခုတ်ပိုင်းလိုက်သည်။

အန်လင်း၏ ဖုန်းမျက်နှာပြင်သည် ရွှေရောင် အလင်းများဖြင့် ပြည့်နှက်သွားသည်။ ရွှေရောင်အလင်းများ ပျောက်ကွယ်သွားသည့် နောက်တွင် ဖုန်းမျက်နှာပြင်သည် မည်းမှောင်နေသည်။

သနားစရာ Zed... သူက အခြေစိုက် စခန်းတွင် ပစ္စည်းဝယ်နေရင်း အသတ်ခံလိုက်ရခြင်း ဖြစ်သည်။

"ဒါကို ဓားပျံလို့ခေါ်တယ်... မိုင်တစ်ထောင် အဝေးကနေ ရန်သူ့ ခေါင်းဆောင်ကို ခေါင်းဖြတ်နိုင်တယ်..." သူမက ရှင်းပြသည်။

အန်လင်းက အားကြိုး မာန်တက်ဖြင့် ခေါင်းညိတ်လိုက်ပြီး သူမနှင့် ဆက်ကစားနေသည်။ "မီတာလေးဆယ် ရှည်တဲ့ ဓားတစ်ချောင်းရဲ့ အထူးစွမ်းရည်က တိုက်ခိုက်တဲ့ အခါမှာ အခုလို ပြင်းထန်နေသင့်တယ်... စီနီယာ လျှိုရဲ့ ပြောင်းလဲ ပြင်ဆင်မှုတွေက အရမ်းကို ဆီလျှော်မှု ရှိပါတယ်..."

လျှိုချန်ဟွမ် မျက်လုံးများက တလက်လက် တောက်ပါလာသည်။

"မဆိုးဘူး... နောက်ဆုံးတော့ နင်က ငါ့ကို နားလည်သွားပြီပေါ့..."

နောက်ဆုံးတော့ ဂိမ်း အဆုံးသတ်သွားပြီ ဖြစ်သည်။

အန်လင်း၏ အချက်အလက်များမှာ သတ်ဖြတ်မှု သုည... သေဆုံးမှု ၁၂...

League of Legends ဆော့ခဲ့သည့် သက်တမ်း တစ်လျှောက် အဆိုးဝါးဆုံးသော အချက်အလက်များ ဖြစ်သည်။

မဟုတ်ဘူး... ဒီဂိမ်းကို League of Legends လို့ အသိအမှတ်ပြုဖို့ ငြင်းဆိုတယ်။

လျှိုချန်ဟွမ်နှင့် ရင်ဆိုင် တိုက်ခိုက် ခဲ့သော်လည်း သူတို့နှစ်ဦးသည် လုံးလုံးလျားလျား မတူညီသည့် ဂိမ်းများကို ဆော့နေကြခြင်းဟု ခံစားနေရသည်။

အန်လင်း၏ ပြိုင်ဘက်ဖြစ်သူသည် မသမာသည့် နည်းလမ်းများကို သုံးသည်သာမက တစ်ထိုင်တည်းနှင့်ပင် မသမာမှုများကို ဖန်တီးနေနိုင်သည်။ ပြောလေ... ခင်ဗျားဆိုရင်ကော မကြောက်ဘဲ ရှိမလား...

တဖြည်းဖြည်းနှင့် ညအချိန်သို့ ရောက်ရှိ လာသည်ကြောင့် လျှိုချန်ဟွမ်က ညလင်းမှော်ပစ္စည်း တစ်ခု ထုတ်ယူလိုက်သည်။

ထိုပစ္စည်းသည် အချပ်ပြား သဏ္ဌာန်ရှိပြီး ဖြူဖျော့ဖျော့ အလင်းများ တောက်ပလျက် ရှိသည်။ ထိုအရာသည် ပတ်ဝန်းကျင် တဝိုက်ကို အပူငွေ့လည်း ထုတ်လွှတ်ပေးလျက် ရှိနေသေးသည်။

သူတို့နှစ်ယောက်က ထပ်မံ ဆော့ကြပြန်သည်။ အန်လင်း၏ လက်ရှိ မှတ်တမ်းမှာ အနိုင်ရရှိမှု သုညနှင့် ရှုံးနိမ့်မှု ပွဲ ၅၀ ဖြစ်သည်။

ရှုံးနိမ့်မှုကြောင့် သူက ငေးတိငေးငိုင် ဖြစ်နေပြီး လျှိုချန်ဟွမ်၏ နည်းမျိုးစုံဖြင့် သတ်ဖြတ် အနိုင်ကျင့်ခြင်းကို ခံနေရသည်။

ကြယ်များ လင်းလက်နေသည့် ကောင်းကင်ကို တောင်ထိပ်မှနေ ရှင်းရှင်းလင်းလင်း မြင်နေရသည်။

လပြည့်ဝန်းကြီးက ကောင်းကင်တွင် ချိတ်ဆွဲလျက် ရှိနေပြီး အန်လင်းတို့ ထိုင်နေသည့် နေရာနှင့် အလွန် နီးကပ်နေသည့်ပုံ ရှိသည်။

သူတို့နှင့် အဝေးတွင်တော့ ပေါက်ကွဲသံများကို ရံဖန်ရံခါ ကြားနေရသည်။

တလက်လက် တောက်ပနေသည့် အင်မော်တယ် မန္တန်များက မကြာခဏဆိုသလို အရောင်အသွေး စုံလင်စွာဖြင့် ပေါ်လာပြီး မဟူရာညကို အလင်းပေးလျက် ရှိသည်။

အန်လင်းနှင့် လျှိုချန်ဟွမ်တို့သည် တောင်ထိပ်တွင် အေးအေးငြိမ်းငြိမ်းဖြင့် ဂိမ်းဆော့လျက် ရှိနေပြီး ထိုမြင်ကွင်းသည် ကန့်သတ်မဲ့ ပြိုင်ပွဲတလျှောက် အခြားသော ကျောင်းသားများ ဖြစ်ပွားနေသည်များနှင့် ပြတ်ပြတ်သားသားကို ကွဲပြားလျက် ရှိနေသည်။

အန်လင်း၏ အဆင့်တွင် ခန္ဓာကိုယ်သည် ကြံ့ခိုင် မာကြောနေပြီး ဖြစ်သည်ကြောင့် သူ့အတွက် တစ်ည နှစ်ညလောက် အိပ်ရေးပျက် ရခြင်းသည် တစ်စုံတစ်ရာ ထိခိုက် နစ်နာခြင်း အလျဉ်းမရှိချေ။

ထို့ကြောင့် လျှိုချန်ဟွမ်နှင့် ညလုံးပေါက် ဂိမ်းဆော့နေနိုင်ခြင်း ဖြစ်သည်။

နောက်တစ်နေ့ နေ့လည်အချိန်တွင် အန်လင်း ခန္ဓာကိုယ်သည် ရုတ်တရက် ဆိုသလို ရွှေရောင်ဖျော့ဖျော့ တောက်ပလာသည်။

ထို့နောက် သူ့အရေပြားပေါ်တွင် မရေမတွက်နိုင်သည့် ရွှေရောင် သင်္ကေတများ ပေါ်လာပြီး ထိုသင်္ကေတများသည် ဆန်းကြယ်သည့် ပုံစံတစ်ခု အသွင် ပြောင်းလဲသွားသည်။ ရုတ်တရက် ဆိုသလိုပင် ထိုရွှေရောင် သင်္ကေတများသည် လျင်မြန်စွာ လွင့်စင် ပျောက်ကွယ်သွားသည်။

သို့သော်လည်း ထိုဖြစ်အင်သည် လျှိုချန်ဟွမ်၏ အမြင်အာရုံမှ မလွတ်မြောက်နိုင်ပါ။

"ဘုရားရေ... ဂိမ်းဆော့နေရင်း ဉာဏ်အလင်း ရသွားတယ် ဟုတ်လား..."

"ဘုရား... ဘုရား... နင်ဘယ်လိုတွေ လုပ်လိုက်တာလဲ..."

လျှိုချန်ဟွမ် မျက်နှာတွင် အံ့ဩမှု အပြည့်နှင့် ဖြစ်သည်။ သူမ၏ ခရမ်းရောင် မျက်ဝန်းလေးများကို တဖျက်ဖျက်ခတ်ကာ အန်လင်းအား ကြည့်လိုက်သည်။ ထို့နောက် သူမမျက်ဝန်းထဲမှ ကြယ်ကလေးများ ခုန်ထွက်တော့ မတတ်ပင်။

အန်လင်းက သူမမေးခွန်းကို မည်ကဲ့သို့ ဖြေရမည်ကို လုံးဝ မစဉ်းစားတတ်တော့ပေ။

ထိုအချိန်မှာပင် အထွတ်အထိပ် မြေကြာပန်း အတတ်သည် အဆင့်တစ်သို့ ချိုးဖြတ် ဝင်ရောက်သွားပြီ ဖြစ်သည်။ ထိုအတတ်နှင့် ပတ်သက်သည့် မြောက်များစွာသော သတင်း အချက်အလက်များသည် သူ့စိတ်အာရုံ အတွင်းသို့ စီးဆင်း ဝင်ရောက်လာသည်။

ထိုအတတ်သည် ကမ္ဘာမြေကြီး၏ စွမ်းအားနှင့် ဆက်စပ်နေသည်။ ကျင့်ကြံခြင်း ကနဦး အဆင့်များတွင် ထိုအတတ်သည် ခန္ဓာကိုယ်ကို သန်မာ လာစေနိုင်ပြီး မြေအမျိုးအစား မန္တန်များ၏ စွမ်းအားများကိုလည်း တိုးတက်လာစေမည် ဖြစ်သည်။

ဥပမာဆိုရလျှင် စနစ်၏ သတင်းပေးချက် အရ အန်လင်း၏ တောင်ခွင်း လက်သီး ပြင်းအားသည် နှစ်ဆ ဖြစ်သွားပြီ ဖြစ်သည်။

"နင့်ခန္ဓာကိုယ်က တစထက်တစ သန်မာလာတာကို ငါခံစားလို့ ရနေတယ်... ခန္ဓာကိုယ်ရဲ့ စိတ်စွမ်းအင်တွေကလည်း အရမ်းကို ကြွယ်ဝ လာနေတယ်..." လျှိုချန်ဟွမ်၏ မျက်ဝန်းများသည် ကြယ်ကလေးများကဲ့သို့ တလက်လက် တောက်ပလျက် ရှိသည်။

သူမက အန်လင်း၏ လက်ကို ဆွဲကာ စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။ "ဂိမ်းဆော့နေရင်းနဲ့ ဘယ်လိုမျိုး ကျင့်ကြံပြီး သန်မာလာအောင် လုပ်ရမလဲဆိုတာ ငါ့ကို သင်ပေးလို့ရမလား ဟင်..."

ထိုကျင့်ကြံနည်း စနစ်ကိုသာ သင်ယူနိုင်မည် ဆိုပါက ဂိမ်းစွဲလမ်းနေမှုသည် သူမ၏ ကျင့်ကြံခြင်းကို ထိခိုက်တော့မည် မဟုတ်ပေ.

ထိုသည်က သူမ၏ စိတ်ကူးထဲမှ ကျင့်ကြံ နည်းစနစ် ဖြစ်သည်။

အန်လင်းက အနည်းငယ် စိတ်တိုနေမိသည်။ ဂိမ်းဆော့နေရင်းနဲ့ ကျင့်ကြံပြီး သန်မာအောင် လုပ်တဲ့နည်း ဟုတ်လား...

သို့သော်လည်း အတွေးတစ်ခုက သူ့စိတ်ထဲ ဖြတ်ခနဲ ဝင်ရောက်လာသည်။

"အဟမ်း... ဂိမ်းဆော့နေရင်း အသက်ရှုသွင်းခြင်း ကျင့်ကြံနိုင်တဲ့ နည်းစနစ် တစ်ခုတော့ ရှိတယ်... နင်က သင်ချင်လို့လား..." အန်လင်းက မေးလိုက်သည်။

"အင်း... သင်ချင်တယ်..." လျှိုချန်ဟွမ်က တုံ့ဆိုင်းခြင်း မရှိ ဖြေလိုက်သည်။

"အဲ... တောင်းဆိုချက် တစ်ခုတော့ ရှိတယ်... ငါသင်ပေးပြီးတာနဲ့ ငါ့ကို ထွက်သွားခွင့် ပြုရမယ်..."

သူက စနစ်၏ စစ်ဆင်ရေးများကို ထမ်းဆောင်ရန် ရှိနေသေးသည့် အတွက် သုံးရက်လုံးလုံး ဂိမ်းဆော့ရင်း နေလို့ မဖြစ်ပေ။

လျှိုချန်ဟွမ် မျက်နှာတွင် တုံ့ဆိုင်သည့် အမူအရာများ ပေါ်ထွက်လာသည်။ အဆုံးတွင်တော့ သူမက အန်လင်း၏ တောင်းဆိုချက်ကို သဘောတူလိုက်သည်။

ငါးနဲ့ ဝက်ဝံလက်... ဝက်ဝံလက်က ပိုအရေးကြီးတာပေါ့...

အဆိုးဆုံးတွေ ကြုံတွေ့လာခဲ့ရင် ငါး အန်လင်းကို သူမရဲ့ ဝက်ဝံလက်ဖြင့် ပြန်လည် ဖမ်းယူနိုင်သည် မဟုတ်ပါလား...

***

All Chapters