← Chapters

အခန်း (၂၂၃)

Vol. 17 Ch. 223

အခန်း (၂၂၃)

Vol. 17 Ch. 223

မူလန်သည် ဖိတ်စာကို လက်ခံရရှိခဲ့၏။ ဤအရာသည် သူမ၏ ဆရာတူအစ်မ ကျောင်းရန် ဆီမှ ဖြစ်၏။ သူမသည် အတိတ်က နှစ်ကာလများကို မနေနိုင်ဘဲ ပြန်လည်အမှတ်ရမိ၏။ ကျောင်းရန်သည် မျိုးရိုးကောင်းသူဖြစ်ပြီး နှစ်တစ်ရာကျော်သက်တမ်းရှိသော တော်ဝင်မျိုးနွယ်မှ သခင်မလေးဖြစ်သည်။

အန့်တင်းမြို့စားအိမ်တော်၏ ကျိုးမိသားစု ....။

ကျိုးမိသားစုသည် တည်ထောင်စ တော်ဝင်မျိုးနွယ်တစ်ဝက်ဟု သတ်မှတ်နိုင်ပြီး စစ်ရေးအောင်မြင်မှုများဖြင့် ကောင်းကျိုးပြုခဲ့၍ မြို့စားဘွဲ့ ရရှိခဲ့ခြင်းဖြစ်သည်။ မြေပိုင်နက်မှာ မကြီးမားလှဘဲ ကိုယ်ပိုင်စစ်တပ်မှာလည်း အရေအတွက် မများပြားပေ။ ဤအချက်နှစ်ချက်တွင် ရွှမ်ဝူမြို့စားအိမ်တော်နှင့် နှိုင်းယှဉ်၍မရနိုင်ချေ။ သို့ပေမည့် နိုင်ငံရေးဩဇာအာဏာအရမူ အမှန်တကယ် သာလွန်၏။

ကျိုးမိသားစုမှ ညီအစ်ကိုနှစ်ဦးစလုံးသည် နန်းတွင်းအရေးပါ အရာရောက်သည့် ပွဲလမ်းသဘင်မျိုးတွင် တက်ရောက်ခွင့် ရရှိသူများဖြစ်သည်။ သို့ပေမည့် လွန်ခဲ့သော နှစ်အနည်းငယ်က ဤမိသားစုသည် တစ်ညအတွင်း အာဏာကျဆင်းသွားခဲ့၏။ အန့်တင်းမြို့စားကြီး ကျိုးကျောင်းပိုသည် မိမိကိုယ်ကို အဆုံးစီရင်ခဲ့ပြီး ကျိုးမိသားစုသည် ဘွဲ့ထူးအားလုံး ရုပ်သိမ်းခံရကာ နယ်မြေအားလုံးကို ဆုံးရှုံးခဲ့သည်။

စစ်မှန်သော ဂုဏ်သရေရှိ မိသားစု တော်ဝင်မျိုးနွယ်ဖြစ်ပါလျက် မထင်မှတ်ဘဲ ရုတ်တရက် ပျက်စီးသွားခဲ့၏။ အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း။ ယခုအချိန်အထိ ပဟေဠိတစ်ခုအဖြစ် ကျန်ရှိနေဆဲပင်။

လူအများအပြားက ဤကိစ္စတွင် ပါဝင်ပတ်သက်နေသည်မှာ ရွှဲ့နိုင်ငံမဟုတ်ဘဲ တော်ဝင်ရင်နိုင်ငံ ဖြစ်သည်ဟု ပြောကြ၏။ ရွှဲ့နိုင်ငံတစ်ခုလုံးရှိ အထက်တန်းလွှာများသည် ဤကိစ္စကို ရှောင်ဖယ်ကြပြီး တစ်လုံးတစ်ပါဒမျှ ဆွေးနွေးရန် မဝံ့ရဲကြပေ။

ထိုအချိန်မှစ၍ ကျောင်းရန်သည် ဂုဏ်သရေရှိမိသားစု၏ မြင့်မြတ်သော သခင်မလေးဘဝမှ ရုတ်တရက် ကျဆင်းသွားခဲ့သည်။ သို့သော်ငြား ဘွဲ့ထူးရုပ်သိမ်းခံရခြင်းမှလွဲ၍ သူမသည် သူမ မိသားစု၏ အရေးကိစ္စတွင် ပါဝင် ပတ်သက်ခြင်းမရှိခဲ့ဘဲ ဆရာကြီးကျုံးချူးကဲ့၏ တပည့်အဖြစ် သိုင်းပညာကို ယခင်ကအတိုင်း လေ့ကျင့်နိုင်ခဲ့၏။

သို့ပေမည့် ဤအမျိုးသမီးသည် မာနကြီးမားသည်။ မိသားစု အဖြစ်ဆိုးကြုံပြီး မကြာမီပင် ဆရာကြီး ကျုံးချုံးကဲ့၏ တပည့်အဖြစ်မှ နှုတ်မဆက်ဘဲ ထွက်ခွာသွားပြီး နှစ်ပေါင်းများစွာ ပျောက်ကွယ်သွားခဲ့သည်။ ကျိုးမိသားစု သည်လည်း ရွှဲ့နိုင်ငံတစ်ခုလုံး၏ တားမြစ်ချက်တစ်ခု ဖြစ်လာခဲ့ပြီး ထိုမိသားစုမှ မျိုးဆက်သစ်များသည် နန်းတွင်းတွင် အမူမထမ်းရတော့ချေ။

ကျိုးကျောင်းရန်သည်လည်း ဤလောကကြီးမှ ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်ခဲ့သည်။ သို့ပေမည့် လွန်ခဲ့သော သုံးနှစ်က သူမ ပေါ်ထွက်လာခဲ့၏။ ထို့အပြင် အိမ်ရှေ့စံ၏ ဘေးတွင် တိုက်ရိုက်ပေါ်ထွက်လာခြင်းဖြစ်ပြီး အိမ်ရှေ့စံ၏ ကိုယ်လုပ်တော်တစ်ယောက် ဖြစ်လာခဲ့သည်။ ထို့အပြင် ကျိုးမိသားစုအပေါ် ထားရှိသော တားမြစ်ချက်သည်လည်း လျော့ပါးသွားသကဲ့သို့ဖြစ်ပြီး ဘွဲ့ထူးပြန်လည်မရရှိသော်လည်း ကျိုးမိသားစုမှ မျိုးဆက်သစ် နှစ်ဦးသည် နန်းတွင်း၌ အမှုတော်ထမ်းဖို့ အောင်မြင်စွာ ရွေးချယ်ခံခဲ့ရသည်။

မူလန်သည် သာမန်လူထက် များစွာ နားလည်၏။ အတိတ်က ကျိုးမိသားစု ပျက်စီးခဲ့ခြင်းသည် အမှန်တကယ်တွင် တော်ဝင်ရင်အင်ပါယာနှင့် ပတ်သက်နေသည်။ သို့ပေမည့် အတိအကျ မည်သည့်အရာ ဖြစ်ပျက်ခဲ့သည်ကိုမူ ရွှမ်ဝူမြို့စားကဲ့သို့သော အဆင့်အတန်းသည်ကပင် နားလည်ခဲ့ခြင်း မရှိပေ။

ဤဆရာတူအစ်မနှင့် ပတ်သက်၍ မူလန် မကြိုက်ပေ။ အဓိကအားဖြင့် ရုပ်ရည်ချောမောပြီး အရည်အချင်း မြင့်မားသည့်အပြင် မာနကြီးသော အသွင်အပြင် ရှိသောကြောင့်ပင်။ မူလန့်အား အထင်သေး စိတ်ရှိသည်။ သို့ပေမည့် အပေါ်ယံတွင်မူ သူမသည် ဆရာတူအစ်မကောင်းတစ်ယောက်၏ အသွင်အပြင်ကို ဆောင်ထား၏။

တိုတိုပြောရလျှင် လင်တော်မောင်၏ စကားဖြင့်ဆိုသော် ဤသည်မှာ ပြည့်တန်ဆာတစ်ယောက်ပင်။ ဤဆရာတူအစ်မသည် အိမ်ရှေ့စံ၏ ကိုယ်လုပ်တော်ဖြစ်လာခြင်းမှာ မထူးဆန်းသော်လည်း ထူးဆန်းသည်မှာ သူမသည် မထင်မှတ်ဘဲ အိမ်ရှေ့စံ၏ အကျိုးစီးပွားကို ကိုယ်စားပြုခွင့်ရခဲ့ပြီး လက်အောက်ခံအရာရှိများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လာခြင်းပင်။

“ကျုပ်တို့ သခင်မက သခင်မလေး ကျင်းမူလန်ကို စကားစမြည်ပြောဖို့ ဖိတ်ခေါ်ပါတယ်”

သူသည် မိန်းမစိုးတစ်ယောက်ဖြစ်ရုံသာရှိ၏။ ထို့ကြောင့် ရွှမ်ဝူအိမ်တော်၏ အရိပ်အာဝါသအောက်သို့ ရောက်သည့် အချိန်တွင် တွန့်ဆုတ်သည့် ခံစားချက်များ မရှိဘဲ မောက်မာဝင့်ကြွားသည့် အမူအရာမျိုးနှင့် ပြောဆိုလျက် ရှိနေ၏။ အိမ်ရှေ့စံမင်းသား၏ နေအိမ်တော်တွင် နေသည့် လူပေါင်းများစွာတို့သည် ထိုကဲ့သို့ အမူအကျင့် ရှိကြ၏။ သာမန် မိန်းမစိုးလေးတစ်ယောက်ကပင်လျှင် အားလုံးသောသူတို့ကို အထင်အမြင်သေးလျက် ရှိနေသည်။

“တောင်းပန်ပါတယ်။ ကျွန်မမှာ အချိန်မရှိပါဘူး” ကျင်းမူလန်က ပြန်လည်ကာ ပြောဆိုလိုက်၏။

မိန်းမစိုး၏ အမူအရာက ပြောင်းလဲကာ အေးစက်သွားခဲ့သည်။ “မိန်းကလေးကျင်းမူလန်.. ကျုပ်တို့သခင်မရဲ့ ဖိတ်ခေါ်မှုက ဘယ်လောက်တောင် တန်ဖိုးကြီးတယ်ဆိုတာ သိရဲ့လား။ သာမန် အုပ်ချုပ်ရေးမှူးတစ်ယောက်ကို ဖိတ်ခေါ်ရင်တောင်မှ ချက်ချင်းပဲ ရောက်လာရတယ်”

“အားနာပါတယ်။ ကျွန်မမှာ အချိန်မရှိဘူး”

ကျင်းမူလန်က ပြောလိုက်၏။ “ဧည့်သည်ကို ပြန်လွှတ်လိုက်တော့”

ကျင်းမူလန်သည် အိမ်ရှေ့စံမင်းသား၏ အစားအသောက် ဖြစ်လာမည်ဖြစ်ကြောင်းကို ရွှဲ့ပြည်နယ်တွင် ရှိနေသည့် ထိပ်ပိုင်းအကြီးအကဲအားလုံးတို့က ကောင်းကောင်းသိရှိ၏။ မူလန်သည် ထိုအရာကို မုန်းတီး၏။ အိမ်ရှေ့စံမင်းသားကိုလည်း သူမ အလွန်မုန်းတီး၏။ အိမ်ရှေ့စံမင်းသား၏ ကိုယ်လုပ်တော်တစ်ယောက်အနေနှင့် သူမကို လာရောက်ကာ ဖိနှိပ်၍ မဖြစ်နိုင်ချေ။

မိန်းမစိုးသည် လှောင်ပြုံး ပြုံးကာဖြင့် ပြောလိုက်သည်။ “ထူးဆန်းလိုက်တာ၊ ထူးဆန်းလိုက်တာ။ သာမန်တော်ဝင်မျိုးနွယ်ရဲ့ မိသားစုတစ်ခုက ကျုပ်သခင်မရဲ့ တောင်းဆိုမှုကို ငြင်းပယ်ရဲတယ်ပေါ့။ ဟားဟားဟား။ လောကကြီးက ကြီးတယ်။ တကယ့်ကို ထူးဆန်းတာ မရှိတော့ဘူးပဲ”

ပြီးနောက် မိန်းမစိုးသည် အကြိမ်အနည်းငယ်မျှ ရယ်မောကာဖြင့် ထွက်ခွာသွားခဲ့၏။

“ကျင်းမိသားစုရဲ့ ဘေးဒုက္ခတွေက သိပ်မဝေးတော့ဘူး” ဤအရာသည် အိမ်ရှေ့စံမင်းသား၏ အိမ်ဆီမှ မိန်းမစိုးလေး တစ်ယောက်သာလျှင် ဖြစ်သည်။ သို့ပေမည့် ကြောက်ဖို့ကောင်းစွာ ခြိမ်းခြောက်သွားခဲ့လေသည်။

...................

နှစ်သစ်သို့ ရောက်ရှိလာခဲ့၏။ ရှမ့်လန်သည် ဝမ်ကျားကျွန်းမှာပင် ရှိနေ၏။ ဤအချိန်မှာတော့ ဝမ်ကျားကျွန်း တစ်ခုလုံး၌ မီးအိမ်များ ထွန်းလင်းထားခဲ့၏။ စစ်တပ်စခန်းထဲတွင် ရှိနေသည့် လူပေါင်းများစွာတို့သည် တကယ့်ကို စားပွဲသောက်ပွဲများ ကျင်းပလျက်ရှိနေ၏။ ရွှမ်ဝူသည် လူအနည်းငယ်တို့နှင့် ပွဲတော်လုပ်ရန် ပြင်ဆင်ထားခဲ့၏။

ရွှမ်ဝူသည် ကျင်းရှိယန် ၊ တခြားသောသူများနှင့်အတူ စစ်တပ်စခန်းဆီသို့ သွားပြီး အသစ်ခေါ်ယူထားသည့် လူများ၊ လုပ်သားများကို သွားရောက်တွေ့ဆုံနှုတ်ဆက်သည်။

‘အစားအသောက် လုံလောက်သေးရဲ့လား။ နေ့စဉ်နေ့တိုင်း အစားအသောက်ကောင်းကောင်းစားရရဲ့လား။ နွေးထွေးသည့် အဝတ်အစားများ ရရှိရဲ့လား။ ဤတစ်ကြိမ် လုပ်ခလစာများ အပြည့်အဝရရဲ့လား။ နာကျည်းခံရလေသည်လား’ ထိုအရာများကို လိုက်လံမေးမြန်း၏။

သို့ပေမည့် ရှမ့်လန်မှာတော့ လူများများနှင့် နေထိုင်တတ်သည့် လူတစ်ယောက် မဟုတ်ချေ။ သူသည် အကောင်းဆုံးသော အခန်းထဲတွင် တစ်ယောက်တည်း နေထိုင်ပြီး ဝိုင်ကောင်းကောင်းနှင့် စားသောက်ဖွယ်ရာ ကောင်းကောင်းကို စားသောက်လျက်ရှိနေ၏။ သူ့၏အနားတွင် ရှမ့်ဆယ့်သုံးသာလျှင် ရှိသည်။

“မင်းအမေက တစ်စုံတစ်ယောက်နဲ့ မင်းကို မိတ်ဆက်ပေးနေတယ်လို့ ကြားတယ်။ ဟုတ်လား”

ရှမ့်ဆယ့်သုံးက ပြောလိုက်၏။ “ဟုတ်ပါတယ် ဆရာ”

ရှမ့်လန်က မေးမြန်းလိုက်သည်။ “ဘယ်လို အခြေအနေရှိလဲ”

ရှမ့်ဆယ့်သုံးက ပြန်ဖြေ၏။ “မဆိုးပါဘူး။ ဒါပေမဲ့ ကျုပ် မကြိုက်ဘူး”

ရှမ့်လန်က မေးမြန်းလိုက်သည်။ “ဘာကြောင့်လဲ”

ရှမ့်ဆယ့်သုံးက ပြောလိုက်၏။ “အမ် ... နှုတ်ခမ်းတွေက အရမ်းကိုပါးတယ်”

ရှမ့်လန်က တွန့်ခနဲဖြစ်သွား၏။ “နှုတ်ခမ်းတွေပါးတာ ကောင်းတာမဟုတ်ဘူးလား။ ဒီအစိတ်အပိုင်းက ပါးတယ် ဆိုရင် ပိုပြီးတော့ နမ်းလို့ကောင်းတာ မဟုတ်လား”

ရှမ့်ဆယ့်သုံး၏ မျက်ခမ်းများက တဆတ်ဆတ်နှင့် တုန်ယင်သွားခဲ့သည်။ “အင်း ကြမ္မာဖတ်ဆရာကြီးကို ခေါ်ပြီး သူမရဲ့ အသွင်အပြင် လက္ခဏာကို ခန့်မှန်းခိုင်းခဲ့တယ်။ ဒီမိန်းမက တစ်ခုခုတော့ တစ်ခုခုပဲလို့ ပြောခဲ့တယ်”

ရှမ့်လန်က ပြောလိုက်၏။ “အင်း... မိန်းကလေးတွေက တစ်ခုခုကတော့ တစ်ခုခုဖြစ်နေမှာပေါ့။ မဖြစ်ဘူးဆိုမှ ထူးဆန်းတာ မဟုတ်ဘူးလား”

ရှမ့်ဆယ့်သုံးက ပြောလိုက်သည်။ “ကျုပ်က အစောကြီးက တစ်ခုခုက တစ်ခုခုလူတစ်ယောက်လေ။ နောက်ထပ် တစ်ခုခုက တစ်ခုခု လူတစ်ယောက် ဘေးကို ရောက်လာမယ်ဆိုရင် ဘယ်လိုလုပ် အဆင်ပြေတော့မှာလဲ”

ရှမ့်လန်က ပြောလိုက်၏။ “အင်း… မင်းပြောတာလည်း အမှန်ပဲ။ နောက်ဆိုလို့ရှိရင် နှုတ်ခမ်းထူတဲ့မိန်းမနဲ့ မိတ်ဆက်ပေးဖို့ မင်းအမေကို ငါပြောလိုက်မယ်”

ထိုအချိန်မှာတော့ ရှမ့်ဆယ့်သုံးသည် မည်သို့တုံ့ပြန်ရမှန်းပင် မသိတော့ချေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ဆရာသည် လမ်းကြောင်းမှားလျက် ရှိနေသည်။

“ကောင်းပြီ” ရှမ့်ဆယ့်သုံးသည် မငြင်းပယ်ရဲချေ။

ရှမ့်လန်က ပြောလိုက်၏။ “ဒါပေမဲ့ မှတ်ထား။ ဘယ်လိုမိန်းမမျိုးကို ယူယူ မင်းအနေနဲ့ အလိုလိုက် အကြိုက်ဆောင်ရမှာပဲ။ အခု ကျင်းဟွေ့ကိုပဲကြည့်။ ငါ ဘယ်လိုမှ သည်းမခံနိုင်ဘူး။ သူ့ကိုကြည့်ရတာ ယောက်ျား တစ်ယောက်နဲ့တောင် မတူတော့ဘူး။ မိန်းမချစ်တဲ့သူမဟုတ်တော့ဘူး။ မိန်းမကြောက်တဲ့သူ ဖြစ်နေပြီ”

ဤအချိန်မှာတော့ အခန်း၏ အပြင်ဘက်သို့ ကျင်းဟွေ့ရောက်ရှိလာသည်။ သူသည် ရှမ့်လန်နှင့် ဝိုင်ခွက်တိုက်ရန် ရောက်ရှိလာခဲ့ခြင်းဖြစ်၏။ ယနေ့သည် နှစ်သစ်ဖြစ်၏။ မြို့စားကြီးကို ဝိုင်ခွက်တိုက်ရန် သူ မေ့ချင်မေ့မည်။ သို့ပေမည့် သမက်တော်ကို ဝိုင်ခွက်တိုက်ရန်တော့ မေ့လျော့၍ မဖြစ်ချေ။

သို့ပေမည့် အပြင်မှနေ၍ သမက်တော်၏ စကားများကို ကြားသည့်အချိန်မှာတော့ ချက်ချင်းပဲ အနောက်သို့ ဆုတ်လိုက်မိ၏။ သူ့အနေနှင့် ရှမ့်လန်ကို ဒေါသထွက်၍ မဟုတ်ချေ။ သူ့အကြောင်း မကောင်းပြောသည့် အကြောင်းအရာများကို သူကြားခဲ့ကြောင်း ရှမ့်လန် သိရှိသွားမည်ကို စိုးရိမ်သောကြောင့်ပင်။ ဤအရာက အနည်းငယ် ကြောင်တောင်တောင်နိုင်လှသည်။

သို့ပေမည့် ပြောရမည်ဆိုလျှင် သမက်တော်သည် သူ၏နောက်ကွယ်တွင် တစ်စုံတစ်ခု ပြောဆိုနေကြောင်း ကြားသည်ဆိုပါက မကြားချင်ယောင်ဆောင်ရမှာ ဖြစ်၏။ ထို့အပြင် သူမကြားကြောင်းကို သမက်တော် သိမှဖြစ်ပေမည်။

‘ငါ မင်းနောက်ကွယ်မှာ မင်းမကောင်းကြောင်းတွေ ပြောခဲ့တယ်။ ဒါပေမဲ့ မင်းကြားသွားပြီ။ အခု ငါမင်းကို စိတ်ထဲမှာ ရန်သူအဖြစ် သတ်မှတ်လိုက်ပြီ’

ထိုသို့ဆိုလျှင် ကျင်းဟွေ့.. သူသည် ပြီးဆုံးသွားမည် မဟုတ်ပါလား။

ရှမ့်လန်က ထပ်မံကာ ပြောလိုက်၏။ “ဒါပေမဲ့ ငါ့မိန်းမလို မိန်းကလေးတစ်ယောက်ကို ရှာဖွေနိုင်မယ်ဆိုရင်တော့ ဘယ်လောက်ပဲ အလိုလိုက်ရ၊ လိုက်ရ ကိစ္စမရှိဘူးပေါ့ကွာ။ အင်း... ဒါပေမဲ့ မင်းအနေနဲ့ ဒီလိုမိန်းမမျိုးကို ရဖို့ကလည်း မဖြစ်နိုင်ပါဘူး”

ရှမ့်ဆယ့်သုံးက ပြောလိုက်သည်။ “ဟုတ်ပါတယ်၊ ဟုတ်ပါတယ်”

လောကကြီးတွင် ဤမျှ ရှုပ်ထွေးသည့် လူတစ်ယောက် ရှိနေလိမ့်မည်ဟု သူ မထင်ခဲ့ချေ။ တစ်ဖက်က ကြည့်ရမည်ဆိုလျှင် မသေမျိုးတစ်ယောက်ကဲ့သို့ပင် ထူးခြားပြီး ဉာဏ်ကောင်းလွန်းသည့် လူတစ်ယောက်ဖြစ်၏။ အခြားတစ်ဖက်က ကြည့်မည်ဆိုလျှင်တော့ မိန်းမစိုးကြီးတစ်ယောက်ကဲ့သို့ပင် ပွစိပွစိနှင့် ပြောဆိုတတ်သူ ဖြစ်နေ၏။

တစ်ဖက်သူများ၏ နောက်ကွယ်တွင် မကောင်းစကား မပြောရဟု သင်ရိုးစကားရှိ၏။ ဤအရာသည် လူကြီးလူကောင်းတစ်ယောက်၏ ဟန်ပန်မျိုးနှင့် အလုံးစုံ ကွာခြားနေသည် မဟုတ်ပါလား။ သို့ပေမည့် သူ၏ဆရာ မှာတော့ တစ်ဖက်သူ၏ နောက်ကွယ်တွင် မကောင်းစကားပြောရခြင်းကို နှစ်သက်သည့် လူတစ်ယောက် ဖြစ်နေသည်။

အချိန်ခဏကြာပြီးသည့်နောက် ကျင်းဟွေ့သည် ဘာမှမကြားထားသလို ဟန်ပန်မျိုးနှင့် လှမ်းဝင်လာကာ ပြောလိုက်၏။ “သမက်တော်.. ဝိုင်တစ်ခွက်လောက် တိုက်ချင်ပါတယ်”

ရှမ့်လန်က ပြောလိုက်သည်။ “ကျင်းဟွေ့... ခုဏကလေးတင် ငါ မင်းအကြောင်း မကောင်းပြောနေတာ။ မင်းမကြားဘူး မဟုတ်လား။ ကြားခဲ့သေးလား”

ကျင်းဟွေ့က ပြောလိုက်၏။ “သမက်တော်က ကျုပ်ကို ဘယ်လိုဖြစ်ပြီး မကောင်းစကား ပြောမှာလဲ။ ကျုပ်ဘဝကို လမ်းညွှန်ပြသပေးတဲ့ စကားတွေပဲ ဖြစ်မှာပေါ့။ အင်း .. ကျုပ်အကြောင်း မကောင်းပြောတယ်ဆိုတာက ကျုပ်ကို ဂရုစိုက်လို့၊ ကျုပ်ကို ချစ်လို့ပဲပေါ့”

ရှမ့်လန်သည် ရှမ့်ဆယ့်သုံးကို လှည့်ကြည့်ကာ ပြောလိုက်သည်။ “အင်း... သူ ခုဏက ငါပြောတာကို အကုန် ကြားခဲ့တယ်။ မဟုတ်ရင် သူငါ့ကို ဒီလောက်ထိ မြှောက်ပင့်ပြောဆိုနေမှာ မဟုတ်ဘူး”

ကျင်းဟွေ့သည် ရုတ်တရက် ငိုချင်စိတ်ပင် ပေါက်သွား၏။ ‘သခင်လေး... ခင်ဗျားနားမှာ အလုပ်အကျွေးပြုရတာ ဘာလို့ ဒီလောက်ကြီး ခက်ခဲနေရတာလဲ။ ကျုပ်လို ကျေးကျွန်တွေအတွက် အသက်ရှင်ဖို့ အခွင့်အရေးပေးပါအုံး။ ခင်ဗျားဟာက အရူးမလင်လုပ်ရင်တောင်မှ လွယ်အုံးမယ်’

ရှမ့်လန်သည် ရေမွှေးတစ်ပုလင်း၊ ဆပ်ပြာရည်နှင့် ခေါင်းလျှော်ရည်များကို ထုတ်ယူပြီး အသာပင် ကမ်းပေးလိုက်သည်။ “ရော့... ဒါ မင်းမိန်းမဖို့ ယူသွား”

ကျင်းဟွေ့က ကြောင်အသွား၏။ သူ့၏ နှလုံးသားတစ်ခုလုံးက နွေးထွေးသွားခဲ့၏။ သူသည် ပျော်ရွှင်စွာနှင့် ထိုအရာများကို လှမ်းယူလိုက်၏။

ဤအရာအားလုံးသည် ကောင်းမွန်သည့် အရာများဖြစ်၏။ အိမ်တော်ထဲတွင် သခင်မလေးနှင့် မြို့စားကတော် သည်သာလျှင် သုံးစွဲနိုင်သည့် အရာမျိုးဖြစ်၏။ ပိုက်ဆံမည်မျှရှိရှိ ဝယ်ယူ၍ ရနိုင်သည့် အရာမျိုး မဟုတ်ချေ။ ဟုန်ရှန်ကို ပေးလိုက်သည်ဆိုပါက ကျိန်းသေပေါက် သူမ ပျော်ရွှင်မှာသေချာသည်။

ရှမ့်လန်က ပြောလိုက်၏။ “မင်း ဘယ်လောက် အသုံးမဝင်လဲ ကြည့်။ မိန်းမကြောက်တဲ့သူတွေက ဘယ်လောက်အသုံးမဝင်လဲဆိုတာ ဒီမှာကြည့်။ ငါ့မိန်းမသာဆိုရင် ငါ အရှေ့ကိုသွားမယ်လို့ ပြောရင် သူ ဘယ်တော့မှ အနောက်ကို မသွားရဲဘူး။ သူ့ရဲ့ သိုင်းပညာက ဘယ်လောက်မြင့်မြင့် ကိစ္စမရှိဘူး။ ငါ သူ့ကို ရိုက်တယ်ဆိုရင်တောင် သူပြန်ပြီး မရိုက်ရဲဘူး။ မိန်းမတွေဆိုတာ သုံးရက်လောက် မရိုက်ဘူးဆိုရင်တောင်မှ မျက်ရည်တပေါက်ပေါက်ကျပြီးတော့ ရိုက်ပါလို့ လာတောင်းပန်ရတဲ့ အရာမျိုးဖြစ်ရမယ်”

ထိုအချိန်မှာပဲ ရှမ့်လန်သည် ရုတ်တရက် ရပ်တန့်သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် ရှမ့်ဆယ့်သုံးနှင့် ကျင်းဟွေ့တို့၏ မျက်နှာပေါ်တွင် ထူးဆန်းသည့် အမူအရာများ ပေါ်လာသောကြောင့်ပင်။

ရှမ့်လန်က ပြောလိုက်သည်။ “အင်း.. ငါ့ကို ဒီလိုမျိုး ခြောက်လို့ရမယ်ထင်လား။ ငါ့နောက်မှာ ငါ့မိန်းမရောက်နေတာတော့ မဟုတ်ဘူးမလား”

ကျင်းဟွေ့နှင့် ရှမ့်ဆယ့်သုံးတို့သည် ရုတ်တရက် မတ်တပ်ထရပ်ကာ ပြောလိုက်၏။ “နှုတ်ဆက်ပါတယ် သခင်လေး”

ရှမ့်လန်သည် အသာလှည့်ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ မူလန်ကို မြင်လိုက်၏။ သူသည် ရုတ်တရက် တုန်လှုပ်သွား၏။ ပြီးနောက် ကြောင်အသွားခဲ့သည်။

“မိန်းမ... ငါမင်းကို လွမ်းလိုက်တာကွာ။ မတွေ့ရတာတောင်မှ ခုနစ်ဆယ့်လေးနာရီတောင် ပြည့်တော့မှာပဲ”

“သုံးရက်လောက် မရိုက်ဘူးဆိုရင် မိန်းမက မျက်ရည်တောက်တောက်ကျပြီးတော့ ရိုက်ဖို့တောင်းဆိုရတာဆို”

“မိန်းမ ငါ့ကို ရိုက်ပါအုံး”

All Chapters