← Chapters

အခန်း (၂၂၄)

Vol. 17 Ch. 224

အခန်း (၂၂၄)

Vol. 17 Ch. 224

“မိန်းမ .. ငါ့ကို ရိုက်လိုက်ပါ”

မူလန်သည် မျက်လုံးများ ချာချာလည်သွားမိ၏။ ပြီးနောက် သူသည် ရှမ့်လန်၏ ပေါင်ပေါ်သို့ အသာတက်ထိုင်ကာဖြင့် ရှမ့်လန်၏ လည်ကုပ်ကို လှမ်းဆွဲလိုက်၏။ ပြီးနောက် အကြိမ်အတော်ကြာ လွမ်းဆွတ်လျက်ရှိနေသည့် သူ၏ယောက်ျား၏ မျက်နှာကို သေသေချာချာ စူးစိုက်ကြည့်ရှု၏။ ပြီးနောက် ရှမ့်လန်ကို နှစ်နှစ်ခြိုက်ခြိုက်နှင့် နမ်းရှိုက်၏။

“ယောက်ျား ကျွန်မ ရှင့်ကို လွမ်းနေရပြီ”

ရှမ့်လန်သည် မူလန်၏ ခါးကို အသာဖက်ပြီး တုန်ယင်နေသည့် လေသံဖြင့် ပြောလိုက်သည်။ “မိန်းမ... ငါမင်းနဲ့ အိပ်ချင်တယ်”

မူလန်သည် ရှမ့်လန်၏ နှုတ်ခမ်းကို မက်မက်မောမော နမ်းရှိုက်လိုက်၏။

“ရှင့်ရဲ့ ဒဏ်ရာတွေ ပြန်ကောင်းသွားပြီလား” မူလန်က ချိုသာသည့် အသံဖြင့် မေးမြန်းလိုက်သည်။

ရှမ့်လန်က ဖြေလိုက်၏။ “အင်း... ကောင်းနေပါပြီ”

မူလန်က ပြောလိုက်၏။ “လောလောဆယ်တော့ မကောင်းလောက်သေးဘူး။ အနာဖေးတွေ တက်နေတယ်။ အနာဖေးတွေ အကုန်ကွာသွားသည်အထိ စောင့်လိုက်အုံး။ မဟုတ်ရင်ရှင့် ထပ်ပြီး နာကျင်နေလိမ့်မယ်”

ရှမ့်လန်က ပြောလိုက်သည်။ “ဒါ မင်းရဲ့အပြစ်ပဲလေ။ မင်းက မင်းရဲ့ ကြွက်သားတွေကို မာကြောအောင်လို့ အရမ်းလေ့ကျင့်ထားခဲ့တာကိုး”

“ရှင်ကမှ စိတ်တိုစရာပဲ”

မူလန်သည် ရှမ့်လန်၏ ညစ်ညမ်းသောစကားလုံးများနှင့်အတူ အသားကျနေပြီ ဖြစ်၏။

“လက်ရှိအချိန်မှာ မြေပိုင်နက်က ငြိမ်ချမ်းမှု မရှိသေးဘူး။ ဓားပြတွေကလည်း တစ်ယောက်ပြီး တစ်ယောက် ခိုးဝင်နေကြတယ်။ အခုလုပ်ရမယ့် ကိစ္စရပ်တွေက အရမ်းကို အရေးကြီးနေတယ်။ ဒါပေမဲ့ ကျွန်မ ရှင့်ကို အရမ်းလွမ်းတယ်။ ဒီနေ့ညကလည်း နှစ်သစ်ကူးည မဟုတ်လား။ ဒါကြောင့် ဒီကိုလာတွေ့တာ။ ဒီမှာ တစ်နာရီလောက်ပဲ နေနိုင်လိမ့်မယ်” မူလန်သည် ချစ်စဖွယ်အမူအရာဖြင့် ဖြောင်းဖျလိုက်သည်။

ပြီးနောက် သူမနှင့် ရှမ့်လန်တို့သည် နမ်းရှိုက်လျက်ရှိနေ၏။ ဤအချိန်မှာတော့ သူတို့သည် နမ်းရှိုက်ခြင်းကိုသာ ပြုလုပ်နိုင်၏။ ပြီးနောက် နှစ်ယောက်သားသည် မည်သည့်စကားကိုမှ မဆိုတော့ချေ။

တစ်နာရီခန့် ကြာမြင့်ပြီးနောက် မူလန်သည် အိမ်ဆီသို့ ပြန်သွားခဲ့၏။

နှစ်သစ်က ပြီးဆုံးသွားခဲ့ပြီ။ သူမသည် သူမ၏ ယောက်ျားနှင့်အတူ နှစ်သစ်ကူးရန်အတွက် မိုင်ရာနှင့်ချီသည့် အကွာအဝေးကို တစ်ယောက်တည်း ရောက်ရှိလာခဲ့ခြင်းဖြစ်၏။ တစ်နာရီ အတူတူ ရှိနေရန်အတွက်ပင်။

............

စစ်ပွဲသည် မကြာခင် စတင်တော့မည် ဖြစ်၏။ နုရှောင်မြို့ တစ်ခုလုံးကလည်း အလုပ်များလျက်ရှိနေ၏။ နှစ်သစ် ပြီးနောက် သင်္ဘောပေါင်းများစွာတို့သည် ဤနေရာဆီသို့ ရောက်ရှိလာကာဖြင့် ဆိုက်ကပ်လျက် ရှိနေ၏။ ရေတွက်၍မရအောင် များပြားသည့် သံ၊ သံပစ္စည်းများ၊ စားစရာများ၊ အဝတ်အထည်များ ဆက်တိုက်ဆိုသလို နုရှောင်မြို့ဆီသို့ သယ်ပို့လာခဲ့သည်။

ပင်လယ်ဓားပြဘုရင် ချောင်ထျန်းဝေသည် ထိုအရာများအားလုံးကို စုဆောင်းရန် အမိန့်ပေးထားခဲ့၏။

လေ့ကျိုးကျွန်းစုတစ်စုထဲတွင် ရှိနေသော ပင်လယ်ဓားပြအဖွဲ့ ကြီးကြီးငယ်ငယ်အပေါင်းတို့သည် ပင်လယ်ဓားပြဘုရင်၏ အမိန့်ကို လက်ခံရရှိပြီးသည့်နောက် ၎င်းတို့၏ ရွက်သင်္ဘောများနှင့်အတူ ရောက်ရှိလာခဲ့ကြသည်။

စစ်တပ်ကြီးက မလှုပ်ရှားသေးချေ။ သို့ပေမည့် အစားအစာနှင့် လက်နက်ပစ္စည်းများအားလုံးကို စတင်ကာ စုစည်းနေပြီ ဖြစ်၏။ ပြီးနောက် နုရှောင်မြို့တွင် ပင်လယ်ဓားပြပေါင်းများစွာတို့ စတင်ကာ စုဝေးပြီးဖြစ်နေကြသည်။ တစ်သောင်း ... နှစ်သောင်း ... နှစ်သောင်းခွဲ။ ပြီးနောက် တဖြည်းဖြည်း တိုးလျက်ရှိနေသေးသည်။ နေ့စဉ် ထောက်ပံ့ရမည့် အရေအတွက်ကလည်း များပြားလာခဲ့၏။

ချောင်ထျန်းဝေသည် ကျင်းမိသားစုတစ်ခုလုံးကို သတ်ဖြတ်ပစ်ရန် ပင်လယ်ဓားပြအား အမိန့်ပေးခဲ့ပြီဖြစ်၏။ ယနေ့မှစ၍ ကျင်းမိသားစုထဲရှိနေသည့် လူပေါင်းများစွာတို့ကို တစ်ယောက်မကျန် သတ်ဖြတ်ပစ်ရပေလိမ့်မည်။

နှစ်သစ်ကူးပြီးနောက် တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများသည် တဖြည်းဖြည်းပိုမိုကာ အားကောင်းလာခဲ့၏။ ပင်လယ်ဓားပြများ စုစည်းလာခဲ့ပြီးနောက် ကောင်းကင်ယံထက်တွင် တိမ်မည်းများ စုစည်းလာခဲ့၏။ တဖြည်းဖြည်း ထိုအရာများက များပြားလာခဲ့ပြီး အချိန်မရွေး မိုးကြီးသည်းကြီး ရွာကျတော့မည်သကဲ့သို့ပင်။

.................

နုရှောင်မြို့၏ မြို့တော်ဝန်အိမ်ရာအတွင်းမှာတော့ ....

“မွေးစားအဖေ...... ကျုပ် လိုလိုချင်ချင်နဲ့ မွေးစားအဖေအတွက် တိုက်ခိုက်ချင်ပါတယ်”

ချောင်ဟောင်က ပြောဆိုလိုက်၏။ “ကျိန်းသေပေါက် ရှမ့်လန်ကို အပိုင်းပိုင်းအစစ ခုတ်ဖြတ်ပြီး သတ်ပစ်မယ်”

ချောင်ထျန်းဝေက အေးစက်စက် ပြောလိုက်သည်။ “မင်းဒီမှာ ဘာလုပ်နေတာလဲ။ ပြန်တော့”

ချောင်ဟောင်က ပြောလိုက်၏။ “မွေးစားအဖေ... သခင်လေး ဒုက္ခရောက်နေတယ်လို့ ကြားတည်းက ကျုပ် စိတ်ပူနေရတာ။ အခု သခင်လေး သေဆုံးသွားခဲ့ပြီတဲ့။ ကျုပ် ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘူး။ ကျုပ် ဒီတိုက်ပွဲကို တိုက်ခိုက်မှဖြစ်မယ်။ ကျုပ် ကျင်းချန်ကျွန်းထဲမှာ စောင့်မနေချင်တော့ဘူး”

ချောင်ထျန်းဝေက ပြောလိုက်သည်။ “ဝမ်ကျားကျွန်းကို တိုက်ခိုက်ဖို့က မင်းအလှည့် မဟုတ်သေးဘူး။ ကျင်းချန်ကျွန်းက သံမဏိတွေ ထွက်တယ်။ ဒါက အရမ်းအရေးကြီးတယ်။ ပျောက်ဆုံးသွားလို့ မဖြစ်ဘူး။ အုပ်ချုပ်သူတစ်ယောက်အနေနဲ့ မင်း ခွင့်ပြုချက်မရှိဘဲနဲ့ ထွက်လာလို့ မဖြစ်ဘူး။ အခုပြန်တော့”

ချောင်ဟောင်က ပြောလိုက်၏။ “ဒါပေမဲ့ ဒီလက်စားချေတိုက်ပွဲကိုမှ မတိုက်ခိုက်ရရင် တစ်ဘဝလုံး နောင်တတွေနဲ့ ပြည့်နေမှာ”

ချောင်ထျန်းဝေက ပြောလိုက်သည်။ “ငါမင်းကို နောက်ဆုံးအကြိမ်ပြောမယ်။ အခုပြန်။ မင်း ကျင်းချန်ကျွန်းကို သေသေချာချာ စောင့်ကြည့်ထား။ ပြန်မလာနဲ့တော့”

“မွေးစားအဖေ”

ချောင်ထျန်းဝေသည် ခန္ဓာကိုယ်ကို အသာလှည့်လိုက်၏။

ချောင်ဟောင်သည် ဝမ်းနည်းပက်လက်ဖြင့် ဦးခေါင်းနှင့် မြေပြင်ကိုတိုက်ကာဖြင့် တောင်းဆိုလျက် ရှိနေ၏။ သို့ပေမည့် နောက်ဆုံးမှာတော့ သူသည် ကျင်းချန်ကျွန်းဆီသို့သာ ပြန်သွားခဲ့ရသည်။

.......

ကျင်းချန်ကျွန်းဆီသို့ ပြန်ရောက်ပြီးသည့်နောက် စစ်တပ်၏ လျှို့ဝှက်စခန်းထဲမှာတော့ ....

ချောင်ဟောင်သည် ကျန်းချွင်းဟွာနှင့် သွားရောက်တွေ့ဆုံ၏။

“သခင်မလေး”

“အင်း .. တုံ့ဆိုင်းနေဖို့ မလိုဘူး။ ပြောပါ” ကျန်းချွင်းဟွာက စကားစဖွင့်ပေးလိုက်သည်။

ချောင်ဟောင်က ပြောလိုက်၏။ “ဒီအချိန်မှာ ကျုပ် ခြေတစ်လှမ်း မှားသွားခဲ့တယ်ဆိုရင် တစစီ ဖြစ်သွားမှာပဲ။ ခင်ဗျားနားလည်လား။ မွေးစားအဖေက အရမ်းရက်စက်တယ်။ ပြီးတော့ ကျုပ်ကို ကျင်းချန်ကျွန်းက မခွာဘဲ စောင့်ကြပ်ဖို့ အမိန့်ပေးလိုက်တယ်။ ကျင်းမိသားစုဝင်တွေက ဝမ်ကျားကျွန်းကို အသက်လို တန်ဖိုးထား ကာကွယ်နေကြတယ်။ ကျင်းချန်ကျွန်းကိုတောင် ဂရုစိုက်တာ မဟုတ်ဘူး။ ဒါပေမဲ့ ရှမ့်လန်ရဲ့ ရည်ရွယ်ချက်က နုရှောင့်မြို့ ဖြစ်တယ်လို့ လာပြောနေတယ်။ ကျုပ် ခင်ဗျားကို ဘယ်လိုယုံကြည်ရမှာလဲ”

ကျန်းချွင်းဟွာက ပြောလိုက်သည်။ “ရှင်ယုံယုံ၊ မယုံယုံ ကိစ္စမရှိဘူး။ ကျွန်မ ရှင့်ကို အခွင့်အရေးတစ်ခု ပေးပြီးသွားပြီ။ ဒီကိစ္စ အောင်မြင်သွားမယ်ဆိုရင် ရှင့်က အနာဂတ်မှာ နုရှောင်မြို့ရဲ့ နယ်စားကြီးဖြစ်လာလိမ့်မယ်။ ရှင့်အဖေဆီက အသိအမှတ်ပြုမှု ရရှိရုံသာမကဘူး အုပ်ချုပ်ရေးမှူး ကျူးကျွင်းဆီကလည်း ရလိမ့်မယ်။ ရှင် အခု မယုံကြည်ဘူးဆိုရင်တော့ ကိစ္စရပ်တွေဖြစ်လာရင် နောက်ကျသွားလိမ့်မယ်။ ကျွန်မ ရှင့်ကို အကြံပေးလိုက်မယ်။ စောစောစီးစီး ပြင်ဆင်ထားတာ မမှားဘူး”

...............

ဇန်နဝါရီလ ဆယ့်သုံးရက် ...?

ညသို့ရောက်သည့်အချိန်မှာတော့ ရွှမ်ဝူမြို့၏ အနောက်ဘက် မိုင်နှစ်ရာခန့် အကွာအဝေး ....

ပင်လယ်ပြင်၏ ဘေးတစ်ဖက် အိမ်တစ်လုံးထဲမှာတော့ ကျန်းချုံးသည် စစ်ဝတ်စုံများကို ဝတ်ဆင်ကာဖြင့် ရှိနေ၏။ သူ၏ နောက်ဘက်တွင် ဝမ်ကျားကျွန်းနှင့် နုရှောင်မြို့၏ ကြီးမားလွန်းသည့် မြေပုံကြီးရှိ၏။ သူ၏ရှေ့ဘက်တွင် တပ်မှူး စစ်သူကြီးငါးယောက်တို့က မတ်မတ်ရပ်လျက်ရှိနေ၏။

“ဒီအချိန် တိုက်ပွဲကို နှစ်နေရာကို ခွဲထားမယ်။ တစ်ခုက ဝမ်ကျားကျွန်း၊ နောက်တစ်ခုကတော့ နုရှောင်မြို့ပဲ။ ဝမ်ကျားကျွန်းက ရှမ့်လန်ရဲ့ တည်နေရာပဲ။ အဲ့မှာ အားလုံးကို လှည့်စားဖို့အတွက် သူထောင်ချောက်တစ်ခုကို ဖန်တီးထားတယ်။ ဒါပေမဲ့ သူ့ရဲ့အစစ်အမှန် ပစ်မှတ်ကတော့ နုရှောင်မြို့ပဲ။

ကျင်းမိသားစုက ရှိသမျှ လက်ရွေးစင်စစ်သည်တွေ အားလုံးကို ဆွဲထုတ်ပြီး နုရှောင်မြို့ကို တိုက်ခိုက်လိမ့်မယ် ဆိုတာ သေချာတယ်။ ချောင်ထျန်းဝေရဲ့ သီးသန့်စစ်တပ်ကြီးက အင်အားအပြည့်နဲ့ ထွက်လာလိမ့်မယ်။ အဲအချိန်ရောက်ရင် နုရှောင်မြို့မှာ စစ်သည် သုံးထောင်ထက်ပိုပြီး ကျန်ခဲ့မှာ မဟုတ်ဘူး။ သာမန်လူတွေပဲ ကျန်ရှိလိမ့်မယ်။

ဒါအပြင် ပြိုင်ဘက်ကင်းပါတယ်ဆိုတဲ့ တပ်မှူးချောင်ယောင်းပေါ့။ အဲအချိန်ကျရင် ရှမ့်လန်နဲ့ ချောင်ယောင်းအာတို့ကြားမှာ တကယ့်ကို တိုက်ပွဲကြီးတစ်ခုဖြစ်လာလိမ့်မယ်။ မျက်နှာပြင်ထက်မှာ ရှမ့်လန်က သံသယရှိစရာမလိုဘဲ ရှုံးလိမ့်မှာ သေချာတယ်။ ဘာလို့လဲဆိုတော့ နုရှောင်မြို့မှာရှိနေတဲ့ အဓိက ခံတပ်ကြီးတွေက ဖောက်ထွင်းဖျက်ဆီးလို့ မရဘူး။ လူတစ်သောင်းလောက်လာပြီး တိုက်ခိုက်မယ်ဆိုရင်တောင် ဖျက်ဆီးဖို့ မလွယ်ဘူး။

ပြီးတော့ ချောင်ယောင်းအာ အရမ်းကို ရဲရင့်တယ်။ ပြိုင်ဘက်ကင်းတယ်။ သူမကို ဘယ်သူမှ အနိုင်ရအောင် မတိုက်ခိုက်နိုင်ဘူး။ ဒါပေမဲ့ ရှမ့်လန်က သူမရဲ့အားနည်းချက်အကုန်လုံးကို ဆုပ်ကိုင်ပြီးသွားပြီလို့ ကျုပ် ယုံကြည်မိတယ်။ အရာအားလုံးကို ကြိုပြီးပြင်ဆင်ပြီးသွားပြီ။ ဒီတော့ နောက်ဆုံးသတ်ဖြတ်မှု တစ်ကွက်ကို ထုတ်ဖော်လိုက်ရုံပဲ။

ရှစ်ချင်းချင်းကလည်း ချောင်ယောင်းအာ အနားမှာရှိတယ်။ ဒီကိစ္စက အရာအားလုံးကို သက်သေပြနေတဲ့ အချက်ပဲ။ ဒီတော့ နုရှောင်မြို့ရဲ့ တိုက်ပွဲမှာ ချောင်ယောင်းအာ ရှုံးနိမ့်သွားမယ်လို့ ကျုပ်ယုံကြည်မိတယ်။ ရုတ်တရက် သေတောင် သေသွားနိုင်တယ်။ ကျုပ်တို့က ဒီအရာကို ဘေးနားမှာ ထိုင်ပြီး ကြည့်နေရုံပဲ။

ဒီလိုသာ ထပ်ပြီး ထိုင်ကြည့်နေမယ်ဆိုရင် ရှမ့်လန်က နုရှောင်မြို့တစ်ခုလုံးကို သိမ်းဆည်းသွားလိမ့်မယ်။ ကျင်းမိသားစုအနေနဲ့ နုရှောင်မြို့ကိုသာ ရသွားပြီဆိုရင် နုကျင်းမြို့မှာရှိတဲ့ မူဝါဒသစ်တစ်ခုလုံးက ပျက်စီးသွားလိမ့်မယ်။ ဒီကစပြီး ကျင်းမိသားစုက ဘာစိုးရိမ်ပူပန်မှုမှ မရှိဘဲနဲ့ ကောင်းကောင်း အသက်ရှင် နေထိုင်နိုင်လိမ့်မယ်။ သူတို့က ထပ်ပြီးတော့ ကောင်းမွန်တဲ့ အလားအလာနဲ့အတူ မြင့်တက်သွားလိမ့်မယ်။

အဲအချိန်ရောက်ရင် ကျုပ် ကျန်းချုံးက ကျိန်းသေပေါက် ကံဆိုးပြီပဲ။ ဒီမှာရှိတဲ့ စစ်သူကြီးတွေ အကုန်လုံးကလည်း အသိုက်ပျောက်ပြီ။ အသိုက်ပျောက်ပြီဆိုရင် ဥ ဉလို့မရတော့ဘူး။ ခင်ဗျားတို့ နားလည်တယ်မလား။ ဒီတော့ တစ်ချိန်တည်းမှာပဲ ကျုပ်တို့အတွက် တစ်သက်မှာ တစ်ခါရတဲ့ အခွင့်အရေးတစ်ခုရှိတယ်။ ဒါကတော့ ဘယ်သူမှ မသိတဲ့အချိန် နောက်ကွယ်ကနေ ဓားနဲ့ထိုးရမှာပဲ။

ကျုပ်တို့တွေ စစ်သည်ပေါင်း တစ်သောင်းကျော်တို့ကို လိုအပ်တယ်။ လူခွဲပြီးတော့ ကျင်းချန်ကျွန်းကို စေလွှတ်မယ်။ ပြီးရင် လက်ကျန်ခြောက်ထောင်လောက်ကို စုစည်းပြီး ရှမ့်လန်ရဲ့ နောက်ကနေ သွားတိုက်ခိုက်မယ်။ ပြီးရင် အရှေ့ဘက် ပင်လယ်တစ်ကြောမှာရှိနေတဲ့ လေ့ကျိုးကျွန်းစုတစ်ချို့ကို ကျုပ်တို့ သိမ်းပိုက်ကြမယ်။ ဒီနေ့က ကျုပ်တို့ရဲ့ ဂုဏ်သိက္ခာကို ဖန်တီးနိုင်ဖို့အတွက် စတင်ရမယ့်နေ့ပဲ”

စစ်သူကြီးများသည် ရုတ်တရက် အော်ဟစ်လိုက်၏။ “ဒီနေ့က အားလုံး အသိအမှတ်ပြုမှုကို ရအောင် ကြိုးစားရမယ့်နေ့ပဲ”

ကျန်းချုံးသည် ဝိုင်တစ်ခွက်ကို သောက်လိုက်၏။ ပြီးနောက် ထိုအရာကို မြေပေါ်သို့ ပစ်ခွဲလိုက်သည်။

ရှိရှိနေသမျှသော စစ်သူကြီးအားလုံးတို့သည်လည်း ဝိုင်ကိုကုန်အောင်သောက်ကာဖြင့် ထိုခွက်များကို ခွဲလိုက်ကြ၏။

ခလွမ် ခလွမ် ခလွမ်

နှုတ်ဆက်ပါတယ်။ အုပ်ချုပ်ရေးမှူး ကျုပ်တို့ အောင်မြင်မှုတွေနဲ့ ပြန်လာခဲ့ပါမယ်”

..........

ကျန်းကျင်းသည် အပြင်ဘက်တွင် ရှိနေသည့် စစ်သူကြီးအားလုံးကို ဦးဆောင်လျက်ရှိနေ၏။ အပြင်ဘက်တွင်တော့ နုကျင်းမြို့၏ လက်ရွေးစင် စစ်သည် စုစုပေါင်း စစ်သည်ပေါင်း ခြောက်ထောင်ကျော် တို့သည် ညီညီစီစီနှင့် မတ်မတ်ရပ်လျက်ရှိနေ၏။

ရာသီဥတုက အေးစက်လျက်ရှိ၏။ သို့ပေမည့် ၎င်းတို့ အားလုံးသည် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားခဲ့ပြီး မည်သည့်အသံမှ မထွက်ကြချေ။

“ရွက်သင်္ဘောပေါ်ကို တက်။ သွားကြမယ်” အမိန့် ပေးလိုက်သည်။

လက်ရွေးစင် စစ်သည်ပေါင်း ခြောက်ထောင်ကျော်တို့သည် ညီညီညာညာနှင့် လမ်းလျှောက်ပြီး ရွက်သင်္ဘောများပေါ်သို့ တက်၏။ လေးနာရီခန့် ကြာမြင့်ပြီးနောက် ၎င်းတို့သည် ရွက်သင်္ဘောများဖြင့် စတင်ကာ ခရီးထွက်ခဲ့ကြ၏။

ကြီးမားလွန်းသည့် ရွက်သင်္ဘောကြီးနှစ်ဆယ်သည် ကျင်းချန်ကျွန်းဆီသို့ ဦးတည်နေ၏။ ၎င်းတို့သည် ကျင်းချန်ကျွန်းတွင် ရှိနေသော လက်နက်ပစ္စည်းများကို ပြန်လည်ယူဆောင်ကာဖြင့် နုရှောင်မြို့ဆီသို့ သွားရမည် ဖြစ်သည်။

ကောင်းကင်ယံထက်တွင် နှင်းမှုံများ ကျဆင်းလျက်ရှိနေ၏။

ကျန်းချုံးသည် ပြတင်းပေါက်ဘေးနားတွင် မတ်မတ်ရပ်ပြီး လက်ကို အသာဆန့်တန်းကာဖြင့် နှင်းမှုံများကို လှမ်းကာ ဖမ်းလိုက်၏။ ပြီးနောက် နှင်းမှုံများ လက်ထဲ၌ အရည်ပျော်သွားသည်ကို ငြိမ်ငြိမ်သက်သက် ကြည့်ရှုနေခဲ့သည်။

....

ပင်လယ်ပြင်တွင် သာမန်ဆန်လွန်းလှသော ကုန်စည်သင်္ဘောတစ်စင်းရှိ၏။ ထိုသင်္ဘောသည် နုရှောင်မြို့ဆီသို့ အစားအစာများ လာရောက်ပေးပို့ခြင်း ဖြစ်၏။ ရှမ့်လန်သည် ထိုရွက်သင်္ဘောကြီးပေါ်တွင် မတ်မတ်ရပ်လျက်ရှိ၏။ ကောင်းကင်ပေါ်သို့ မော့ကြည့်နေ၏။

နှင်းများ ကျဆင်းလျက်ရှိနေ၏။ သူသည် ထိုနှင်းများကို လက်ဖြင့် အသာဖမ်းဆွဲပြီးသည့်နောက် လက်ထဲတွင် အရည်ပျော်သွားသည်ကို ကြည့်ရှု၏။ သူ၏ဘေးတစ်ဖက်တွင်တော့ ရွှမ်ဝူအိမ်တော်၏ ကျွမ်းကျင်သူများအားလုံး တည်ရှိနေသည်။

ဝမ်ကျားကျွန်းတွင်တော့ ခေါင်းဆောင်မည့်လူတစ်ယောက်တည်းသာလျှင် ကျန်ရှိလေ၏။ ထိုသူသည် ကျင်းကျိုးမြို့စားကြီးပင် ဖြစ်၏။ ကျင်းမိသားစု၏ တခြားသော လက်ရွေးစင်စစ်သည်အားလုံးတို့သည် နုရှောင်မြို့ဆီသို့ ထွက်ခွာသွားခဲ့ကြပြီ ဖြစ်၏။ နုရှောင်မြို့ဆီသို့ စေလွှတ်ထားသော လက်ရွေးစင်စစ်သည် နှစ်ထောင်ကျော်တို့ကလည်း ကြိုတင်ကာ ရောက်ရှိနေပြီဖြစ်၏။

ကျင်းဟွေ့က ပြောလိုက်သည်။ “သမက်တော်... မြို့စားကြီးက တကယ်ပဲ ဝမ်ကျားကျွန်းမှာ စစ်သည် နှစ်ထောင်ကျော်နဲ့ အဆင်ပြေပါ့မလား။ ချောင်ထျန်းဝေရဲ့ စစ်သည်က သုံးသောင်းလောက်ရှိတယ်”

ရှမ့်လန်က ပြောလိုက်၏။ “ဒါက တိုက်ရိုက် ရင်ဆိုင်တိုက်ခိုက်တာမှ မဟုတ်တာ။ လွယ်ကူပါလိမ့်မယ်”

ကျင်းရှိယန်က ပြောလိုက်သည်။ “သမက်တော်... ကျုပ် ခင်ဗျားကို သံသယရှိတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ နုရှောင်မြို့ရဲ့ ရဲတိုက်ကြီးက ဖောက်ခွင်းဖျက်ဆီးလို့မရဘူး။ ချောင်ယောင်းအာကလည်း တကယ့်ကို အားကောင်းတဲ့ လူတစ်ယောက်။ လူ တစ်သောင်း၊ နှစ်သောင်းလောက်သွားပြီး တိုက်ခိုက်မယ်ဆိုရင်တောင် ဒီ ရဲတိုက်ကြီးကို အနိုင်ယူတိုက်ခိုက်နိုင်ဖို့ မလွယ်ဘူး။ ကျုပ်တို့ဆီမှာ လူနှစ်ထောင်ပဲ ပါတယ်။ ကျုပ်တို့သာ ရှုံးနိမ့်သွားမယ်ဆို ရွှမ်ဝူအိမ်တော်တစ်ခုလုံး ဖျက်ဆီးခံရမှာပဲ”

All Chapters