အခန်း (၂၂၅)
Vol. 17 Ch. 225
ထိုအချိန်မှာပဲ လူတစ်ယောက်က လှမ်းလျှောက်လာခဲ့၏။ ပြီးနောက် တီးတိုးပြောလိုက်၏။ “သမက်တော်.. သူရောက်နေပါပြီ”
ထိုသူသည် ရွှမ်ဝူမြို့စားအိမ်တော်ဆီမှ သူလျှိုဖြစ်သည်။
ရှမ့်လန်က အသာပင် ပြောလိုက်၏။ “ခင်ဗျားတို့အားလုံး သွားကြတော့”
ကျင်းဟွေ့၊ ကျင်းရှိယန်နှင့် မြို့စားအိမ်တော်ဆီမှ လက်ရွေးစင် စစ်သည်များ ထွက်ခွာသွားခဲ့၏။ ရှမ့်လန်နှင့် အန်းစိုက်ရှီတို့သာလျှင် ကျန်ရှိတော့၏။ သေးငယ်လွန်းသည့် လှေလေးတစ်စင်းသည် သူတို့၏ ရွက်သင်္ဘာအနီးသို့ ချဉ်းကပ်လာခဲ့၏။ ထိုသူသည် အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အမဲရောင်ခြုံထည်ကြီးကိုလည်း ခြုံထား၏။ ပြီးနောက် သင်္ဘောပေါ်သို့ အလျှင်အမြန်တက်လာကာဖြင့် ရှမ့်လန်ရှေ့ဆီသို့ ရောက်ရှိလာသည်။
“ဂါရဝပြုပါတယ် သမက်တော်”
ထိုလူသည် ချောင်ထျန်းဝေ၏ ဘေးတစ်ဖက်တွင် ရှိနေသည့် သမားတော်ကြီးပင်ဖြစ်၏။ သူသည် အန်းစိုက်ရှီ၏ အစ်ကိုကြီး အန်းစိုက်ထျန်းပင်ဖြစ်၏။ သူတို့သည် ကျင်းမိသားစုအား အလုပ်အကျွေးပြုခဲ့သည့် လူများဖြစ်၏။ လွန်ခဲ့သည့် နှစ်နှစ်ဆယ်တည်းက ကျင်းမိသားစုထဲတွင် နေထိုင်ခဲ့ကြသည့် လူများဖြစ်၏။ မြို့စားကြီးကျင်းယု၏ လက်ရွေးစင် စစ်တပ်ကြီး သုတ်သင်ခံရသည့် အချိန်တွင် သူတို့၏အဖေလည်း ပါသွားခဲ့၏။
ရှမ့်လန်က ပြောလိုက်သည်။ “ခင်ဗျား သေသေချာချာ စုံစမ်းခဲ့ပြီးပြီလား။ ချောင်ယောင်းအာကို ဆားနဲ့ အဆိပ်ခတ်တဲ့ လူရဲ့ နောက်ကွယ်က တရားခံက ဘယ်သူလဲ”
အန်းစိုက်ထျန်းက ပြောလိုက်သည်။ “သမက်တော်လောက် ဉာဏ်ကောင်းတဲ့လူ ဘယ်မှာမှ မရှိဘူး။ သမက်တော် စဉ်းစားထားတာအမှန်ပါပဲ။ ကျိန်းသေပေါက် သူပါပဲ”
ရှမ့်လန်က ပြောလိုက်၏။ “အင်း... ခင်ဗျားကို ကျုပ်ကြိုပြီး ပြင်ဆင်ခိုင်းထားတဲ့ အရာတွေ ပြင်ဆင်ပြီးပြီလား”
သမားတော်ကြီး အန်းစိုက်ထျန်းက ပြောလိုက်၏။ “ကြိုပြီး ပြင်ဆင်ထားပြီးပါပြီ။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်တည်းက ချောင်ထျန်းဝေရဲ့ ဘေးနားမှာ ပုန်းလျှိုးကွယ်လျှိုး နေခဲ့ရတယ်ဆိုပေမဲ့ ကျုပ်က သူ့ရဲ့ယုံကြည်ရတဲ့ လူတစ်ယောက်တော့ ဖြစ်မလာခဲ့ဘူး။ မြို့တော်ဝန်အိမ်ရာမှာ ရှိတဲ့ ကျုပ်ရဲ့ ရာထူးရာခံက အရမ်းကို နိမ့်ပါးတယ်။ ဒီတော့ တိုက်ပွဲမှာ ဘာတစ်ခုမှ များများစားစား လုပ်နိုင်မှာ မဟုတ်ဘူးလို့ ထင်တယ်”
ရှမ့်လန်က ပြောလိုက်သည်။ “ခင်ဗျား တာဝန်ပြည့်စုံအောင် လုပ်နိုင်မယ်ဆိုရင် ခင်ဗျားက တကယ့်ကို အကြီးမားဆုံး ကောင်းချီးကို ဖန်တီးပေးနိုင်တဲ့လူပဲလေ”
“ကောင်းပါပြီ”
အန်းစိုက်ထျန်းက ပြောဆိုလိုက်၏။ “ဒီအဘိုးကြီး ထွက်သွားပါအုံးမယ်။ ဂရုစိုက်ပါအုံး သမက်တော်”
ပြီးနောက် သူသည် သေးငယ်လွန်းသောလှေကလေးပေါ်သို့ တက်ကာဖြင့် ထွက်ခွာသွားခဲ့သည်။
နုရှောင်မြို့၏ ရဲတိုက်အတွင်းမှာတော့ ချောင်ယောင်းအာသည် ပြတင်းဘက်အပြင်သို့ လှမ်းကြည့်၏။ နှင်းများ ကျဆင်းလျက်ရှိနေ၏။ သူမသည် လက်ကို အသာဆန့်တန်းပြီး နှင်းမှုန်များကို ဖမ်းဆီးလိုက်၏။ လက်ထဲရှိ နှင်းမှုန်များ အရည်ပျော်သွားသည်ကို သေသေချာချာ ကြည့်ရှုနေပြန်၏။
ပင်လယ်ဓားပြဘုရင် ချောင်ထျန်းဝေသည် မွေးစားသမီး၏ နောက်ကျောကို ရှုပ်ထွေးလှသည့် စိတ်ခံစားချက်များဖြင့် ကြည့်ရှုလိုက်၏။ “ယောင်းအာ... အဖေ စစ်သည်တွေကို ဦးဆောင်ပြီး သွားတော့မယ်။ နုရှောင်မြို့ရဲ့ လုံခြုံရေးကို မင်းဆီ လွှဲအပ်ပေးခဲ့မယ်”
ချောင်ယောင်းအာက ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ”
ချောင်ထျန်းဝေက ပြောလိုက်၏။ “မြို့မှာ စစ်သည် သုံးထောင်ကျော်ပဲ ရှိတယ်။ ပြဿနာရှိလား”
“မရှိပါဘူး”
ချောင်ယောင်းအာက ပြောလိုက်သည်။ “ရန်သူတွေ လာလာ၊ မလာလာ ဒါမှမဟုတ် ရန်သူတွေ တစ်သောင်း၊ နှစ်သောင်း ဘယ်လောက်ပဲလာလာ ပြဿနာမရှိဘူး”
ချောင်ထျန်းဝေက ပြောလိုက်၏။ “မင်းရဲ့ဘေးမှာရှိနေတဲ့ ရှစ်ချင်းချင်းကို ဂရုစိုက်။ သူက မယုံရဘူး”
“ကောင်းပါပြီ” ချောင်ယောင်းအာက ပြောလိုက်၏။ ချောင်ယောင်းအာက ခေါင်းကို ငုံ့လိုက်၏။ သူမသည် ဝမ်းဗိုက်ကို လက်နှင့် အသာပွတ်လိုက်မိ၏။ ဤနေရာမှ မသက်မသာ ခံစားနေရ၏။ အဘယ်ကြောင့် ဆိုသော် သူမ ယခုလ ဓမ္မတာမလာသေးသောကြောင့်ပင်။
ကျင်းဟိုင်မြို့စားအိမ်တော်၏ မြေပိုင်နက်အတွင်းမှာတော့ ထန်လွမ်သည် စစ်ဝတ်စုံကို ဝတ်ဆင်ထားခဲ့၏။ ထန်မိသားစု၏ သီးသန့်စစ်တပ် သုံးထောင်ကျော်တို့သည် ကမ်းခြေတွင် ညီညီညာညာနှင့် မတ်မတ်ရပ်လျက် ရှိနေကြ၏။ ၎င်းတို့သည် တောက်ပလွန်းသည့် ချပ်ဝတ်များကို ဝတ်ဆင်ထားပြီး လက်ထဲတွင်လည်း လက်ရွေးစင် ဓားကောင်းများကို ကိုင်စွဲထားခဲ့ကြ၏။
ထန်မိသားစုသည် အခြားသောအရာများသာ လစ်ဟင်းလျှင် လစ်ဟင်းမည်။ သို့ပေမည့် သံမဏိတွင်တော့ လစ်ဟင်းခြင်းမရှိကြချေ။ ၎င်းတို့သည် မိသားစု၏ ကိုယ်ပိုင်စစ်တပ်တစ်ခုလုံးကို ကောင်းကောင်းမွန်မွန် လက်နက် တပ်ဆင်ပေးထားသည်။
“အလံတွေကိုပြောင်းကြ” အမိန့်ကိုပေးခဲ့သည်။ အလံပေါင်း ဒါဇင်ကျော်တို့သည် ကောင်းကင်ပေါ်သို့ လွင့်တက်လာခဲ့၏။ ထိုအရာပေါ်တွင်တော့ ချောင်မိသားစုဟူသော စာလုံးကို ရေးထိုးထား၏။ ဟုတ်ပေ၏။ တစ်စုံတစ်ယောက်ကို လိမ်ညာလှည့်စားရန်အတွက် ဤအရာက တကယ့်ကို အရေးကြီးသည့်အရာပင်ဖြစ်၏။
နိုင်ငံ၏ တော်ဝင်မျိုးနွယ်များကြားတွင် မည်မျှကြီးမားသည့် ပဋိပက္ခများဖြစ်သည်ဆိုဆို ၎င်းတို့အနေဖြင့် လက်နက်ဆွဲကိုင်၍ စစ်ပွဲကဲ့သို့ တိုက်ခိုက်၍မရချေ။ မဟုတ်ပါက ရွှဲ့ပြည်နယ်တစ်ခုလုံးသည် စစ်မီးများ တောက်လောင်နေမှာ သေချာသည်။
ထို့ကြောင့်ပင်လျှင် ထန်မိသားစုသည် ကျင်းမိသားစုနှင့်ပတ်သက်၍ အလွန်ပင် နက်ရှိုင်းသည့် အမုန်းတရား တည်ရှိနေသည်ဆိုလျှင်တောင်မှ ဤကဲ့သို့ စစ်မက်ဖြစ်ပွား၍ မဖြစ်နိုင်ချေ။ ထို့ကြောင့် တိုက်ခိုက်ချင်သည်ဆိုပါက တစ်ခြားသော တစ်စုံတစ်ယောက်အဖြစ် ရုပ်ဖျက်ကာ တိုက်ခိုက်မှ ဖြစ်ပေမည်။
ထို့ကြောင့် ချောင်မိသားစုအနေနှင့် ဝမ်ကျားကျွန်းဆီသို့ သွားရောက်တိုက်ခိုက်သည့်အချိန်တွင် ပင်လယ်ဓားပြ အလံကို ရဲရဲဝံ့ဝံ့ လွှင့်တင်ထားခဲ့ခြင်းဖြစ်၏။
ရွှမ်ဝူအိမ်တော်သည် ရွှဲ့ပြည်နယ်၏ ဌာနေအတွင်းတွင်ရှိနေ၏။ ထို့ကြောင့် ပင်လယ်ဓားပြများသည် ရွှဲ့ပြည်နယ်ထဲသို့ ဝင်ကာဖြင့် ရွှမ်ဝူအိမ်တော်ကို သွားရောက်တိုက်ခိုက်၍မဖြစ်နိုင်ချေ။ ပင်လယ်ဓားပြဘုရင်သည် ပင်လယ်ကို ပိုင်ဆိုင်၏။ ထို့ကြောင့် ပင်လယ်ပြင်နားတွင် ရှိနေသည့် ကျွန်းစုများကို ဝင်ရောက်တိုက်ခိုက်ဖို့ ဆိုသည်မှာ ဖြစ်နိုင်သည့်အရာမျိုးပင်။
ချောင်ထျန်းဝေသည် ပင်လယ်ပြင်တစ်ခုလုံးကို ဆယ်စုနှစ်နီးပါးကြာ ထိန်းချုပ်ထားခဲ့သူဖြစ်၏။ သို့ပေမည့် ရွှဲ့ပြည်နယ်၏ ကုန်းမြေဒေသဆီသို့ တစ်ခါမှ ခြေမချဖူးခဲ့ချေ။ ဤတစ်ကြိမ်မှာတော့ ဝမ်ကျားကျွန်းကို တိုက်ခိုက်ရန်အတွက် သူတို့သည် အိမ်ရှေ့စံမင်းသားကို ရွှေမိုင်းတွင်းများဆီမှ နှစ်ဆယ့်ငါးရာခိုင်နှုန်း ပေးအပ်ရန် သဘောတူညီခဲ့၏။ ထိုမှသာလျှင် ဘုရင်မင်းမြတ်၏ စိတ်ဆိုးမှုကို ထိန်းချုပ်ထားနိုင်ပေမည်။
ဝမ်ကျားကျွန်းကိုရရှိပြီးနောက် သူတို့သည် ရွှမ်ဝူအိမ်တော်၏ ဆက်ခံသူအသစ်အဖြစ် ကျင်းမူကုန်းကို တင်ကာဖြင့် ၎င်းတို့၏လက်ထဲတွင် ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ပင် ဖန်တီးအသုံးချရန် စီစဉ်ထားခဲ့၏။ ထိုမှသာလျှင် အားလုံးသောသူတို့၏ ဂုဏ်သိက္ခာတရားက မကျဆင်းမှာဖြစ်၏။
ထန်လွမ်သည် စင်မြင့်ပေါ်တွင် မတ်မတ်ရပ်ပြီးသည့်နောက် ကိုယ်ပိုင်စစ်တပ် သုံးထောင်ကျော်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ “ကျုပ် ဒီတိုက်ပွဲအတွက် အောင်မြင်မှု အကြောင်းတွေကို ထူးထူးခြားခြားကြီး မပြောချင်ဘူး။ ဘယ်သူက အသက်ရှင်ပြီး ပြန်လာမယ်ဆိုတာလည်း ကျုပ် သေချာမသိဘူး”
နှင်းမှုန်များသည် အသာပင်ကျဆင်းလျက်ရှိနေသည်။
“ဝမ်ကျားကျွန်းမှာ ရွှေတွင်းကြီးရှိတယ်။ ဒါက ရှေးဟောင်း ရွှေကြောကြီးတစ်ခုပဲ။ ဒီထဲမှာ ရွှေဒင်္ဂါးတွေ ဘယ်လောက်တောင်များလဲဆိုတာ မင်းတို့သိလား။ အနည်းဆုံး ကျင်း ငါးသောင်းလောက် ရှိတယ်။ ဒါမှမဟုတ် တစ်သိန်းလား။ သေသေချာချာ မသိနိုင်ဘူး။ ရေလို့မရတာတော့ သေချာတယ်။
ဝမ်ကျားကျွန်းရဲ့အပြင်ဘက်မှာ အစောင့်အရှောက် ဘယ်လောက်ရှိလဲ။ သူတို့ဆီမှာ အစောင့်အရှေက် စစ်သည် လေးထောင်အောက်ပဲ ရှိတယ်။ တစ်ဝက်လောက်က အသစ်ခေါ်ယူထားတဲ့ စစ်သည်သစ်တွေပဲ။ ဒါပေမဲ့ ငါတို့ဆီမှာ စစ်သည်ပေါင်း ဘယ်လောက်ရှိလဲ။ သုံးသောင်း ....။
ဒီတိုက်ပွဲက တကယ့်ကို လွယ်လွယ်ကူကူနဲ့ ပြီးသွားမယ့်တိုက်ပွဲပဲ။ ချမ်းသာကြွယ်ဝမှုတွေ အများအပြား ရောက်ရှိမယ့် တိုက်ပွဲပဲ။ ဝမ်ကျားကျွန်းကို ရောက်ပြီဆိုတာနဲ့ ကျင်းမိသားစုရဲ့ အစောင့်အရှောက်တွေ အားလုံးကိုသတ်ပစ်။
လူတစ်ယောက် သတ်နိုင်တိုင်း ... ခေါင်းတစ်လုံး အပိုဖြတ်ယူလာနိုင်တဲ့လူတိုင်းကို ရွှေဒင်္ဂါး ၁၅ ပြား ဆုချအုံးမယ်။ ဝမ်ကျားကျွန်းပေါ်ကို ရောက်ပြီဆိုတာနဲ့ ကျင်းမိသားစုရဲ့ အဖွဲ့ဝင်၊ လုပ်သား ဘယ်သူ့ကိုပဲဖြစ်ဖြစ် တွေ့တဲ့လူ အကုန်လုံးကို သတ်ရမယ်။ သတ်တဲ့လူ အကုန်လုံး ရွှေဒင်္ဂါးတွေ ရမယ်”
ဤစကားစု ထွက်ပေါ်လာချိန်မှာတော့ ထန်မိသားစု၏ သီးသန့်စစ်တပ်ဆီမှ စစ်သည်များ၏ သွေးများက ဆူပွက်သွားခဲ့၏။ မိသားစု၏ စစ်တပ်ကြီးသည် သူတို့ပိုင်ရှင်၏ သွေးနှင့် တကယ့်ကို နီးစပ်လျက် ရှိနေ၏။ သူတို့၏အရှင်သည် အကျိုးအမြတ်ကိုသာလျှင် ဂရုစိုက်၏။ ထို့အတူ စစ်သည်များကလည်း အကျိုးအမြတ်ကို သာလျှင် ဂရုစိုက်ကြ၏။ သူတို့၏အရှင်သာ ဂုဏ်သိက္ခာတရားကို ဂရုစိုက်သည်ဆိုပါက စစ်သည်များသည် ဂုဏ်သိက္ခာတရားကို ဦးစားပေးမှာ သေချာ၏။
ယခု သူတို့အရှင်၏ ကတိစကားကို ကြားရသည့် အချိန်မှာတော့ သီးသန့်စစ်သည်ပေါင်း သုံးထောင်ကျော်တို့သည် ပျော်ရွှင်သွားခဲ့ကြ၏။ ဤအရာသည် ကံကောင်းခြင်းများကို ရရှိရန်သွားရမည့် ခရီးစဉ်တစ်ခုပင် ဖြစ်၏။ စစ်သည်ပေါင်း သုံးထောင်ကျော်သာ ရှိသည်ဆိုသော်လည်း သူတို့သည် ချောင်ထျန်းဝေ၏ ပင်လယ်ဓားပြများနှင့် သွားရောက် ပူးပေါင်းမှာဖြစ်သည်။ ထို့ကြောင့် စုစုပေါင်း လူဦးရေ သုံးသောင်းကျော် စုစည်းမိပြီးချိန်တွင် ကျင်းမိသားစု၏ စစ်သည်ပေါင်း လေးထောင်ကျော်ကို တိုက်ခိုက်ဖို့ဆိုသည်မှာ အလွန်လွယ်ကူသည့် ကိစ္စရပ်မျိုးပင် ဖြစ်၏။ သူတို့အတွက် တကယ့်ကို ကံကြမ္မာက ပေးအပ်လိုက်သည့် ကောင်းချီးမျိုးပင်။
ထို့အပြင် သူတို့၏အရှင်သည် ထိုစစ်သည်များကို တိုက်ခိုက်ရုံတင်မက အလုပ်သမားပေါင်းများစွာတို့ကို တစ်ခါတည်း သတ်ပစ်နိုင်သည်ဟုဆို၏။ ထို့အပြင် တစ်ယောက်ချင်းစီတိုင်းအတွက် ရွှေဒင်္ဂါး ၁၅ ပြား ပေးအပ်မည်ဟုလည်း ပြောဆိုခဲ့သေး၏။ ဤအရာသည် အပြစ်ကင်းစင်သည့် လူများကိုသတ်ဖြတ်ရန် တွန်းအားပေးနေခြင်း ဖြစ်နေသည် မဟုတ်ပါလား။
ထန်မိသားစု၏ စစ်သည်ပေါင်း သုံးထောင်ကျော်တို့သည် ဓားများကိုထုတ်ကာဖြင့် သူတို့၏ ဒိုင်းကာများကို တဘုန်းဘုန်း ထုနှက်လိုက်ကြ၏။
“ကျင်းမိသားစုက လူတွေအကုန်လုံးကို သတ်ပစ်ရမယ်။ တစ်ယောက်မှ မကျန်စေရဘူး။ ဝမ်ကျားကျွန်းပေါ်မှာ မြက်တစ်ပင်တောင် မကျန်စေရဘူး။”
“ထွက်ခွာကြစို့”
ကျင်းဟိုင်မြို့စားကြီး၏ အမိန့်ကိုရရှိပြီးနောက် သီးသန့်စစ်သည်ပေါင်း သုံးထောင်ကျော်တို့သည် ရွက်သင်္ဘောပေါ်သို့ လှမ်းကာတက်လိုက်၏။ သူတို့သည် ပင်လယ်ဓားပြအလံကို လွှင့်တင်ပြီးနောက် အရှေ့ဘက်ပိုင်းဆီသို့ ရွက်လွှင့်ကြသည်။
ထိုစစ်သည်ပေါင်း သုံးထောင်ကျော်ကို ဦးဆောင်သောသူသည် အကြီးဆုံးသား ထန်းကျုံးပင်ဖြစ်၏။ သူသည် နုရှောင်မြို့ကို မသွားချေ။ ဝမ်ကျားကျွန်းဆီ တစ်ခါတည်း ဦးတည်နေ၏။
နုရှောင်မြို့အတွင်း တကယ့်ကို ကြီးမားသည့် ထိတ်လန့်ဖွယ်ရာမြင်ကွင်းပင်။ ရွက်သင်္ဘောမျိုးစုံ နှစ်ရာကျော် တို့သည် ပင်လယ်ပြင်ထဲတွင် ရှိနေကြ၏။ အဆုံးမဲ့ များပြားလွန်းသည့် ရွက်သင်္ဘောများပင်။
ရွက်သင်္ဘောများထဲတွင်လည်း ရှိနေသည့် ပင်လယ်ဓားပြပေါင်းမှာတော့ သုံးသောင်းနီးပါးပင်။ ထို့အပြင် ‘ချောင်’ ဟု ရေးထားသည့်အလံကို ရွက်သင်္ဘောတိုင်း၌ စိုက်ထူထားခဲ့ကြ၏။ သို့ပေမည့် တကယ်တမ်း ချောင်ထျန်းဝေ ပိုင်ဆိုင်သည့်အရာသည် ဓားပြ တစ်သောင်းငါးထောင်ခန့်သာလျှင် ရှိ၏။
ကျန်သည့် ပင်လယ်ဓားပြ တစ်သောင်းတို့သည် သူတို့၏ သီးသန့်ခေါင်းဆောင်များ တည်ရှိကြ၏။ အားလုံးတို့သည် လေ့ကျိုးကျွန်းစု အသီးသီးတွင်ရှိနေသည့် ပင်လယ်ဓားပြများပင်ဖြစ်၏။ ထိုခေါင်းဆောင် အားလုံးကို သိမ်းသွင်းဖိနှိပ်နိုင်ခဲ့သောကြောင့် ပင်လယ်ဓားပြ ချောင်ထျန်းဝေသည် လေ့ကျိုးကျွန်းတစ်ခုလုံးကို ပိုင်ဆိုင်ခဲ့သလို ဖြစ်ခဲ့ခြင်းပင်။
သူသည် တကယ်တမ်းမှာတော့ နုရှောင်မြို့ကိုသာ ထိန်းချုပ်နိုင်ခဲ့သည့် လူတစ်ယောက်ဖြစ်၏။ ဘာပဲပြောပြော သူသည် ပင်လယ်ဓားပြဘုရင်တစ်ယောက် ဖြစ်၏။ ပင်လယ်ဓားပြ ခေါင်းဆောင်ပေါင်းများစွာတို့သည် သူ့ကို သခင်ကြီးကဲ့သို့ပင် ကိုးကွယ်ကြရ၏။
ပင်လယ်ဓားပြအားလုံးသည် ပုန်ကန်လိုစိတ် ရှိ၏။ ထိုကဲ့သို့သော လူမျိုးတွင် သစ္စာတရား မည်ကဲ့သို့ ရှိမည်နည်း။
သို့ပေမည့် လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း စကားနားမထောင်၊ လုပ်ချင်ရာကို လုပ်တတ်သော ပင်လယ်ဓားပြ ခေါင်းဆောင်အားလုံးသည် ချောင်ယောင်းအာ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီဖြစ်သည်။
ပင်လယ်ပြင်တွင်ရှိနေသည့် ရေတွက်၍မရအောင် များပြားသော ရွက်သင်္ဘောများကို ကြည့်ရှုပြီးနောက် ချောင်ထျန်းဝေ၏ စိတ်ထဲတွင် သူရဲကောင်းဆန်သည့် ခံစားချက်များ ဖြစ်တည်လာခဲ့၏။ တကယ့်ကို ကြီးမားလွန်းသည့် မြင်ကွင်းကြီးပင်ဖြစ်၏။
သူ .. ချောင်ထျန်းဝေ အကြီးမားဆုံး တိုက်ခိုက်ခဲ့ဖူးသည်မှာ လွန်ခဲ့သည့် နှစ်နှစ်ဆယ်က မြို့စားကြီးကျင်းယုနှင့် တိုက်ပွဲ၌ ဖြစ်၏။ သို့ပေမည့် ထိုအချိန်တုန်းက သူ၏အမိန့်ပေးမှုအောက်တွင် ပင်လယ်ဓားပြ ငါးထောင်ခန့်သာ ရှိသည်။
ကျင်းယုမြို့စားကြီးသည် မဟာမိတ်အဖွဲ့ပေါင်း တစ်သောင်းကျော်ကို ခေါ်ဆောင်လာခဲ့၏။ သို့ပေမည့် အဆုံးသတ်မှာတော့ သူ အနိုင်ယူခဲ့၏။ ထိုအရာသည် သူပြုလုပ်ခဲ့ဖူးသမျှထဲတွင် အကောင်းမွန်ဆုံးသော တိုက်ပွဲကြီးပင် ဖြစ်၏။ ယခု သူ၏အခြေအနေသည် ယခင်ကထက် အဆပေါင်းများစွာ မြင့်တက်လာခဲ့ပြီဖြစ်၏။
ဝမ်ကျားကျွန်း၏ ရွှေတွင်းကြီးကိုသာ ရရှိသည်ဆိုပါက သူတို့၏ချောင်မိသားစုသည် ကျိန်းသေပေါက် ဤစစ်တပ်ထက် ပိုမိုကာ နှစ်ဆသုံးဆလောက်ကြီးမားသည့် တပ်ကြီးတစ်ခုကို ဖန်တီးနိုင်မှာဖြစ်၏။ ထိုသို့ဆိုလျှင် သူတို့ချောင်မိသားစုတစ်ခုလုံးသည် တော်ဝင်မျိုးနွယ်အဖြစ် အသိအမှတ် ပြုခံရပေလိမ့်မည်။
ထိုကဲ့သို့သော သူရဲကောင်းဆန်သောခံစားမှုကို ခံစားနေရသည့်အချိန်အတွင်းမှာပဲ သူသည် အနည်းငယ် ဝမ်းနည်းသလို ခံစားနေမိ၏။ အဘယ်ကြောင့်ဆိုသော် သူ၏ဆက်ခံသူဖြစ်သော ချောင်ရှောင်းသည် သေဆုံးသွားခဲ့ပြီဖြစ်၏။ သူ၏ထူးချွန်လွန်းသည့်သား ချောင်ရှောင်းက သေဆုံးသွားခဲ့လေပြီ။ ဤအရာသည် သူ့ကို နာကြည်းမှုများဖြစ်စေခဲ့၏။
သို့ပေမည့် ကိစ္စတော့ မရှိသေးချေ။ သမားတော်များ၏ ဆယ်နှစ်ကျော်ကြာ သေသေချာချာ ကုသပေးမှုကို ခံယူပြီးနောက်မှာတော့ သူ၏ ကလေး မရနိုင်သည့်ရောဂါသည် ပြန်လည် ကောင်းမွန်သွားခဲ့ပြီဖြစ်၏။ သူ၏ မိန်းမများထဲမှ တစ်ယောက်သည် ကိုယ်ဝန်ပင်ဆောင်လျက် ရှိနေ၏။ သူချောင်ထျန်းဝေသည် ငယ်ရွယ်သေး၏။ နောက်ထပ် သားအနည်းငယ်ကို ထပ်မံကာ မွေးမြူနိုင်သေးသည်။
ဤအချိန်မှာတော့ သူ၏အကြည့်သည် ဝင့်ဝင့်ကြွားကြွားနှင့် မတ်မတ်ရပ်လျက်ရှိသော သူ၏မွေးစားသမီး ချောင်ယောင်းအာ ဆီသို့ ရောက်ရှိသွားခဲ့၏။ နှမြောစရာပင်။ ဤအမျိုးသမီးသည် တကယ့်ကို မောက်မာလွန်း လှ၏။ လောကကြီးတွင် မည်သည့်ယောက်ျားမှ သူမကို အောင်နိုင်သူဟူ၍ မရှိပေ။ သူသည်သာ သူမနှင့်အတူ မျိုးဆက်တစ်ခုကို ဖန်တီး မွေးထုတ်နိုင်သည်ဆိုပါက သာမန်ထက်ပိုကာ ထူးချွန်သည့် ကလေးများ ပေါက်ဖွားလာနိုင်၏။
ခံစားချက်များကို ထိန်းချုပ်ပြီးသည့်နောက် ချောင်ထျန်းဝေက အော်ဟစ်လိုက်သည်။ “ယူလာခဲ့ကြ”
ချက်ချင်းပဲ သေတ္တာပေါင်း တစ်ရာကျော်တို့ကို သယ်ဆောင်လာခဲ့၏။ “ဖွင့်ကြ”
သေတ္တာပေါင်းတစ်ရာကျော်ကို ဖွင့်လိုက်ရာ အထဲတွင် ရွှေဒင်္ဂါးများ ရှိနေသည်။
“ဒီအထဲမှာ ရွှေဒင်္ဂါးပေါင်းသုံးသိန်းခွဲရှိနေတယ်။ ဒါက ညီအစ်ကိုတွေအတွက် အစဦးဆုံး ပေးအပ်လိုက်တဲ့ လုပ်ခလစာတွေပဲ။ ဒါတွေ အကုန်လုံးကို ဝေပေးလိုက်ကြ”
ပြီးနောက် ပင်လယ်ပြင်တစ်ခုလုံးသည် အုတ်အော်သောင်းနင်းဖြင့် ဆူပွက်သွားခဲ့၏။ ပင်လယ်ဓားပြများသည် ဤကဲ့သို့သော မြင်ကွင်းကို ချစ်ခင်နှစ်သက်ဆုံးဖြစ်၏။ တိုက်ပွဲမတိုင်မီ ရွှေဒင်္ဂါးများကို ပေးချေရ၏။ ဤအရာသည် ပင်လယ်ဓားပြများ၏ စည်းမျဉ်းစည်းကမ်းလည်း ဖြစ်၏။
သို့ပေမည့် ပင်လယ်ဓားပြများသည် ဤမျှ များများစားစား ရရှိလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ ခေါင်းဆောင်ဆီမှ ရရှိသည့် ဝေစုများကို ရယူပြီးနောက် သူတို့သည် တစ်ယောက်ချင်းစီတိုင်းအတွက် ရွှေဒင်္ဂါး ဆယ်ပြားစီ ရရှိခဲ့ကြ၏။ ဤရွှေဒင်္ဂါး ဆယ်ပြားကို အထင်မသေးနှင့်။ အပြင်လောကထဲတွင် ကောင်းကောင်းမွန်မွန် သုံးဖြုန်း၍ နေနိုင်သည့် ပမာဏမျိုးဖြစ်သည်။
တော်ဝင်မိသားစု၏ သီးသန့်စစ်တပ်ထဲတွင် အလုပ်လုပ်ကိုင်ခြင်း သို့မဟုတ် နိုင်ငံ၏စစ်တပ်တွင် အလုပ် လုပ်ကိုင်နေသည့် စစ်သည်တစ်ယောက်၏ တစ်နှစ်စာ လုပ်ခလစာကပင်လျှင် ရွှေဒင်္ဂါး ခြောက်ပြားထက် မပိုချေ။ ပင်လယ်ဓားပြများမှာတော့ ဘာမှမဟုတ်သေးချေ။ ရွှေဒင်္ဂါးဆယ်ပြားစီကို ရရှိနေခဲ့ကြ၏။ အောင်မြင်မှုသရဖူနှင့် ပြန်လာသည်ဆိုပါက ထိုထက်များပြားသည့်ငွေကြေးများကို ရရှိပေဦးမည်။
ထိုကဲ့သို့သောအရာများကို ရရှိသည်ဆိုလျှင်တောင်မှ ပင်လယ်ဓားပြများ၏အိတ်ကပ်သည် အမြဲတမ်း ဟောင်းလောင်း ဖြစ်လို့နေတတ်၏။ ၎င်းတို့သည် သုံးဖြုန်းရသည်ကို နှစ်ခြိုက်သောကြောင့်ပင်။
“အင်း... ပင်လယ်ဘုရင်ကြီး သက်ရှည်ကျန်းမာပါစေ”
ပင်လယ်ဓားပြများသည် ချောင်ထျန်းဝေကို ဘုရင်ကဲ့သို့ပင် ခေါ်ဆိုသတ်မှတ် ဂုဏ်ပြုလျက် ရှိနေကြ၏။
ရွှေဒင်္ဂါးသေတ္တာပေါင်းများစွာတို့ကို ပင်လယ်ဓားပြရွက်လှေ အသီးသီးဆီသို့ ပေးပို့ခဲ့သည်။
“ဝမ်ကျားကျွန်းပေါ်မှာ ရွှေဒင်္ဂါးသောင်းနဲ့ချီ ရှိနေသေးတယ်။ ငါသား ချောင်ရှောင်းက သူ့မျက်လုံးနဲ့ ကိုယ်တိုင် မြင်ခဲ့တယ်”
ချက်ချင်းပဲ ပင်လယ်ဓားပြများ၏ အသက်ရှုသံများက မြန်ဆန်လာခဲ့လ၏။ ရွှေဒင်္ဂါး သောင်းနှင့် ချီပြီး ရှိနေသည်လား။ ဤအရာသည် ရွှေဒင်္ဂါးပေါင်း သောင်းနှင့် သန်းနှင့့် တည်ရှိနေသည့် အရာမျိုးပင် ဖြစ်လောက်သည်။ လူတစ်ယောက်အနေနှင့် အနည်းဆုံး ရွှေဒင်္ဂါး လေးဆယ်၊ ငါးဆယ်လောက် ရနိုင်ပေမည်။ ထိုသို့ဆိုလျှင် တကယ့်ကို ကံကောင်းခြင်းပင်ဖြစ်၏။
ဝေစုအနည်းငယ်ကို ရရှိသည်ဆိုလျှင်တောင်မှ ချမ်းသာကြွယ်ဝမှုကိုရရှိနိုင်၏။ ချောင်ထျန်းဝေနှင့် ထန်လွမ် တို့သည် မည်ကဲ့သို့မြှောက်ပင့်ပြီး တစ်ဖက်လူများကို အားတက်ကြွအောင် ပြုလုပ်ရမည်ဖြစ်ကြောင်းကို ကောင်းကောင်း သိလေသည်။