အခန်း (၂၂၈)
Vol. 17 Ch. 228
ပင်လယ်ဓားပြ တစ်ထောင်ကျော်တို့သည် အရှေ့ဆီသို့ လှမ်းတက်လာခဲ့ပြီး ကျင်းမိသားစုမှာ လူအယောက် ၅၀၀ လောက်ဆီသို့ ဝင်ရောက်ကာ တိုက်ခိုက်ကြ၏။ အနီးကပ်တိုက်ခိုက်မှုဖြစ်၏။ ကြမ်းကြမ်းတမ်းတမ်း ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်ခြင်းပင်။
ရလဒ်မှာ အံ့အားသင့်စရာကောင်း၏။ ပင်လယ်ဓားပြများသည် လူဦးရေအတွက် နှစ်ဆခန့် များပြားသည် ဆိုသော်လည်း ပထမဦးဆုံးတိုက်ပွဲတွင် ကြီးမားသည့် ဆုံးရှုံးမှုကို ခံစားလိုက်ရ၏။
အဘယ်ကြောင့်ဆိုသော် သူတို့၏ဓားမော့များသည် ရွှမ်ဝူအိမ်တော်မှစစ်သည်များ၏ ချပ်ဝတ်များပေါ်၌ အရာကလေးသာလျှင် ထင်ကျန်အောင် ခုတ်ပိုင်းနိုင်သည်။။ သို့ပေမည့် ကျင်းမိသားစုမှ စစ်သည်များ၏ ဓားမော့မှာတော့ တစ်ဖက်လူများ၏ လည်သာအင်္ကျီများကိုပင် ဖောက်ထွင်းကာဖြင့် ခန္ဓာကိုယ်ကို ပိုင်းဖြတ်နိုင်ကြသည်။
ဓားမော့အချင်းချင်း ခုတ်ပိုင်းသည်ဆိုလျှင်တောင်မှ ပင်လယ်ဓားပြများ၏ ဓားမော့က မြန်မြန်ဆန်ဆန်နှင့် ပိုင်းဖြတ် ကျိုးပြတ်သွားခဲ့ကြသည်။ ရွှမ်ဝူအိမ်တော်သည် လူဦးရေ မှလွဲလျှင် ချပ်ဝတ်၊ လက်နက်၊ အရာအားလုံး သာလွန်လျက်ရှိနေ၏။ သွေးများသည် တည်နေရာအနှံ့ဆီသို့ ပြန့်နှံ့လျက်ရှိနေပြီး ခြေပြတ်၊ လက်ပြတ်များကလည်း နေရာအနှံ့ပင်။ တိုက်ပွဲ၏ အရှိန်အဟုန်သည် ပိုမိုကာ ကြီးမားလာခဲ့၏။
“သတ်ကြ၊ သတ်ကြစမ်း”
လက်ရွေးစင် စစ်သည် ၅၀၀ ကျော်တို့သည် ရှေ့ဆုံးမှ ကာကွယ်ရင်း တိုက်ခိုက်ပေးလျက်ရှိသည်။
ပင်လယ်ဓားပြများသည် ရှေ့ဆီသို့ တစ်လှမ်းချင်း တိုးလာခဲ့ကြ၏။ နောက်ဆုံးမှာတော့ လူဦးရေ တစ်ထောင်ကျော် မဟုတ်၊ နှစ်ထောင်ကျော်အထိပါ ရောက်ရှိလာခဲ့၏။
ရွှမ်ဝူအိမ်တော်မှ စစ်သည်များ ပိတ်ဆို့ကာ အကာကွယ်နေရာယူ၍ တိုက်ခိုက်နေသော နေရာသည် ကျဉ်းမြောင်းသည့် တည်နေရာတစ်ခုဖြစ်သောကြောင့် အများဆုံး လူနှစ်ထောင်သာလျှင် ဝင်ရောက်ကာ တိုက်ခိုက်နိုင်စွမ်းရှိသည်။
ပင်လယ်ဓားပြ နှစ်ထောင်နှင့် ရွှမ်ဝူအိမ်တော်မှ လက်ရွေးစင်စစ်သည်တော် ၅၀၀ ကျော်တို့ ရင်ဆိုင် တိုက်ခိုက်နေသည်။ သို့ပေမည့် လူဦးရေ မမျှလျှင်တောင်မှ လက်ရည်ညီလျက်ရှိနေ၏။
ရွှမ်ဝူသည် မြင်ကွင်းကို ကြည့်ရှုပြီး စိတ်သက်သာရာရသလို သက်ပြင်းချမိသည်။
ချောင်ရှောင်းကို သတ်ခဲ့သည့်ညက သူတို့မိသားစု သီးသန့်စစ်တပ်၏ စွမ်းဆောင်ရည်သည် တကယ်ကို ဆိုးဝါးခဲ့၏။ တောင်တက်လမ်းတစ်လျှောက်တွင် လူဦးရေ ၃၀၀၀ ကျော်ရှိခဲ့သော်လည်း ပင်လယ်ဓားပြ ၂၀၀၀ ကျော်တို့ကို ကောင်းကောင်းမွန်မွန် မတားဆီးနိုင်ခဲ့ချေ။
ဤအရာသည် သူတို့၏ မိသားစုစစ်တပ်ကြီး၏ စွမ်းဆောင်ရည်မလုံလောက်ခြင်းကြောင့် ဖြစ်ကြောင်း ကျင်းမိသားစု၏ ခေါင်းဆောင် ကျင်းကျိုးက တွေးတောမိသည်။ ထိုအရာနှင့် ပတ်သက်၍လည်း စိုးရိမ်ပူပန်မိသည်။ သို့ပေမည့် ယနေ့ စွမ်းဆောင်ရည်ကို မြင်ရချိန်မှာတော့ သူတကယ်ပဲ ပျော်ရွှင်နေမိသည်။ သူ၏ တပ်သားများသည် တိုက်ရည်ခိုက်ရည် ကောင်းမွန်လျက်ရှိ၏။
ဟုတ်ပေ၏။ ကျင်းမိသားစုမှ စစ်သည်များသည် ပိုမိုကာအားကောင်းလာခဲ့ခြင်း မဟုတ်ချေ။ ၎င်းတို့သည် အရင်အတိုင်းပင် ဖြစ်၏။ ဤလက်ရွေးစင် စစ်သည်များသည် ပုံမှန် တိုက်ခိုက်မှုများကိုသာ လေ့ကျင့်ခဲ့ရသည့် လူများဖြစ်၏။ တစ်ယောက်နှင့်တစ်ယောက် ပူးပေါင်း၍ ဤကဲ့သို့ တိုက်ခိုက်ရာမျိုးတွင် အားကောင်း၏။
သို့ပေမည့် ချောင်ရှောင်းကို သတ်ခဲ့သည့်ညက မှောင်မဲနေသောကြောင့် သူတို့ ဘာတစ်ခုကိုမှ သေချာမမြင်ခဲ့ရချေ။ ထို့ကြောင့် တစ်ယောက်နှင့် တစ်ယောက် ပူးပေါင်းတိုက်ခိုက်သည့် နေရာမျိုးတွင် စွမ်းဆောင်ရည် ကျဆင်းခဲ့ခြင်း ဖြစ်သည်။
အခြားတစ်ဖက်က ကြည့်ရှုရမည်ဆိုလျှင် ပင်လယ်ဓားပြများမှာတော့ ညဘက်တွင်သာ အလုပ်လုပ်ကြသည့် လူများဖြစ်၏။ ညဘက်တိုက်ခိုက်မှုတွင် ထိုသူတို့က ပိုမိုကာအားသာ၏။
ညဘက်တိုက်ခိုက်မည်ဆိုပါက အတွေ့အကြုံရင့် စစ်သည်များပင်လျှင် ပင်လယ်ဓားပြများကို ရင်ဆိုင်ယှဉ်ပြိုင် တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။
ယခု နေ့အချိန်ဖြစ်၏။ ထို့အပြင် အသစ်ဝတ်ဆင်ထားခဲ့သည့် ချပ်ဝတ်နှင့် လက်နက်များကလည်း အားကောင်း၏။ အားလုံးသောသူတို့သည် လက်ရွေးစင်စစ်သည်များ ဖြစ်သောကြောင့် စွမ်းဆောင်ရည်ကို ကြောက်ခမန်းလိလိ ထုတ်ဖော်နေနိုင်သည်။ လူအယောက် ၅၀၀ကျော်တို့သည် လူအယောက် ၂၀၀၀ ကို ယှဉ်ပြိုင်ကာ တိုက်ခိုက်နေ၏။ တကယ်ကို မရှုံးနိမ့်နိုင်သော လူများကဲ့သို့ပင်။
‘လက်ရွေးစင်စစ်သည်တွေရဲ့ တိုက်ခိုက်ပုံက မဆိုးဘူး’ ရွှမ်ဝူက တွေးတောလိုက်၏။
သို့ပေမည့် တကယ်တမ်း အချိန်ကြာလာသည်နှင့်အမျှ ရွမ်ဝူ၏ စစ်သည်များသည် လက်ပန်းကျလာကြသည်။
ပင်လယ်ဓားပြချောင်ထျန်းဝေသည် ထိုအရာကိုမြင်ချိန်မှာတော့ စိတ်တစ်ခုလုံး သက်တောင့်သက်သာ ဖြစ်သွားခဲ့၏။
ထန်ကျုံးက ပြောလိုက်သည်။ “အင်း.. ကျင်းမိသားစုရဲ့ စစ်သည်တော်တွေရဲ့ အားအင်က ဒါအကုန်ပဲ။ ကံဆိုးစွာနဲ့ သူတို့မှာ လက်ရွေးစင် စစ်သည် ဒီလောက်ပဲရှိတယ်။ ရွှမ်ဝူက လူသစ်တွေအများကြီးကို ခေါ်ဆောင်ခဲ့တယ် ဆိုပေမဲ့ တကယ်တိုက်ပွဲမှာတော့ အဲလူတွေက အသုံးမဝင်ဘူး။ နောက်ကိုဆုတ်ပြီး ထွက်ပြေးသွားကြပြီ။ သူ့အစီအစဉ်အကုန်လုံးကို ဖျက်ဆီးပစ်ခဲ့တာပဲ ရှိတယ်”
ရွှမ်ဝူအိမ်တော်ဆီမှ လူ ၅၀၀ ကျော်တို့သည် အားကောင်းကြသော်လည်း တိုက်ခိုက်နိုင်မှုမှာတော့ အကန့်အသတ်ဖြင့် တည်ရှိ၏။
ပင်လယ်ဓားပြများသည် ရှေ့ဆီသို့ အတင်းတိုးဝင်ပြီး မြင်မြင်သမျှကို ခုတ်ပိုင်းကြတော့သည်။ ရွှမ်ဝူစစ်သည်များ ကလည်း ဘတပြန်၊ ကျားတပြန် ပြန်လည် သတ်ပုတ်ကြသည်။ တည်နေရာတွင် ပင်လယ်ဓားပြများ၏ အလောင်းများက ပုံလာခဲ့သည်။ သို့သော်ငြား ပင်လယ်ဓားပြများသည် ရှေ့ဆက်တိုးကာ တိုက်ခိုက်နေတုန်းပင်။
ရွှမ်ဝူက အော်ဟစ်လိုက်သည်။ “ချိုးဖြတ်ကြ။ ချိုးဖောက်ပြီး ထွက်ကြ။ မိုင်းတွင်းထဲကို ဆုတ်ကြမယ် .... ရွှေတွေကို ကာကွယ်မယ်”
ချက်ချင်းပဲ လက်ရွေးစင်စစ်သည် ၄၀၀ ကျော်တို့သည် ဗျူဟာအတိုင်း စနစ်ကျကျ ပြန်လည်ဆုတ်ခွာကြသည်။ သူတို့သည် ရွှမ်ဝူကို အလယ်မှာထားပြီး ဆုတ်ခွာခဲ့ကြခြင်း ဖြစ်၏။
အသက်ပေါင်း တစ်ဒါဇင်ကျော်ကို ပေးဆပ်ပြီးနောက် အားလုံးတို့သည် အောင်အောင်မြင်မြင်ဖြင့် အနောက်သို့ လွတ်လွတ်ကင်းကင်း ဆုတ်ခွာနိုင်ကြပြီ ဖြစ်သည်။ ပင်လယ်ဓားပြ သုံးထောင်ကျော်၏ ဝိုင်းပိတ်ထားမှုမှ ထွက်ခွာဖို့ ၁၅ မိနစ်နီးပါးခန့်သာ ကြာမြင့်ခဲ့သည်။
ဤအချိန်မှာတော့ ကျင်းဟိုင်မြို့စား၏ သားကြီးဖြစ်သော ထန်ကျုံးသည် ဂုဏ်ယူဝင့်ကြွားသည့် အပြုံးမျိုးဖြင့် လှမ်းကာကြည့်ရှုနေ၏။ ဤပင်လယ်ဓားပြများသည် တကယ်ကို ရဲရင့်ပြီး အကြောက်တရား ကင်းမဲ့လွန်း၏။ ထို့အတူ စည်းမျဉ်းစည်းကမ်းဟူ၍လည်း မရှိချေ။ တိုက်ပွဲတွင် တကယ့်ပုံမှန်စစ်သည်များနှင့် ယှဉ်ပြိုင် တိုက်ခိုက်၍မရနိုင်သည်မှာ ပုံမှန်သာဖြစ်၏။
ပင်လယ်ဓားပြဘုရင် ချောင်ထျန်းဝေသည် ထိုအရာကို လှမ်းကာကြည့်ရှုနေ၏။ သူသည် ရန်သူကို အနည်းငယ် အထင်အမြင်သေးမိပုံပေါ်၏။ လွန်ခဲ့သည့် နှစ်နှစ်ဆယ်တုန်းက သူသည် ပင်လယ်ဓားပြ ၅၀၀၀ ကျော်ကို ဦးဆောင်ပြီး လူအယောက် တစ်သောင်းကျော်ရှိသော ကျင်းယု၏ စစ်တပ်ကြီးကို သတ်ဖြတ်နိုင်ခဲ့၏။ အခုကြည့်ရှုရသည်မှာ သူတို့၏ စွမ်းဆောင်ရည် နိမ့်ကျသွားပုံပင်ပေါ်သည်။
ကျင်းမိသားစုသည် ပင်လယ်ပြင်တိုက်ပွဲများတွင် အားမကောင်းသော်လည်း ကုန်းမြေတိုက်ပွဲမှာတော့ အလွန်အားကောင်းလို့နေသည်။ သူ၏ လက်အောက်တပည့် ပင်လယ်ဓားပြများနှင့်တော့ ဆန်ကျင်ဘက်ကဲ့သို့ပင်။
ချောင်ထျန်းဝေက ဆုံးဖြတ်လိုက်၏။ သူ ဝမ်ကျားကျွန်းကို သိမ်းပိုက်ပြီးသည်နှင့် သူ၏ နောက်လိုက်များကို ပုံမှန်လေ့ကျင့်ခန်းများနှင့် စတင်ကာ လေ့ကျင့်ပေးရန်ပင်။ ချောင်မိသားစုအနေနှင့် တရားဝင် ကောင်းကင်အထက် ဆီသို့ မြင့်တက်လာသည့်အချိန်တွင် မြေပိုင်နက်ကုန်းမြေများကို ပိုင်ဆိုင်ရန် ကြိုးစားရပေဦးမည်။ လူဆိုသည်မှ မြင့်မြင့်မှန်းရသည် မဟုတ်ပါလား။
ထိုသို့တခြားကုန်းမြေများကို သိမ်းပိုက်ရန် စဉ်းစားထားပါက ယခုကဲ့သို့ ခိုးဆိုးလုယက်ရဲရုံ နောက်လိုက်များနှင့် ရှေ့ဆက်၍မဖြစ်နိုင်ချေ။ ထို့ကြောင့် ထိုသူတို့ကို ကောင်းကောင်း လေ့ကျင့်ပေးရပေမည်။
“နည်းလမ်းတကျ တက်ကြ” ပင်လယ်ဓားပြဘုရင်က အမိန့်ပေးလိုက်၏။
မဟာမိတ် စစ်သည်ပေါင်း သုံးသောင်းကျော်တို့သည် ကြီးမားလွန်းသည့် နေရာကြီးတွင် ဗျုဟာအတိုင်း နေရာယူကြတော့သည်။ တစ်နာရီခန့် ကြာမြင့်ပြီးနောက် စစ်သည်ပေါင်း သုံးသောင်းကျော်တို့သည် အစုအဖွဲ့ ၃၀ တိတိ စုစည်းနေရာယူပြီးလေပြီ။
“ရှေ့ကို တိုးကြစမ်း။ မိုင်းတွင်းတစ်ခုလုံးကို ဝိုင်းပိတ်ထား”
ပြီးနောက် စစ်သည်ပေါင်း သုံးသောင်းကျော်တို့သည် ကြီးမားလွန်းသည့် မိုင်းတွင်းကြီးဆီသို့ အစီအစဉ်တကျ လှမ်းကာ ချီတက်ကြ၏။ ဤတစ်ကြိမ်မှာတော့ သူတို့သည် စိုးရိမ်ပူပန်မှု မရှိချေ။ မည်သို့ပင်ဆိုဆို ပင်လယ်ဓားပြ ရွက်သင်္ဘောအားလုံးတို့သည် ပင်လယ်ပြင်တစ်ခုလုံးကို ကာကွယ်ကာ တားဆီးပိတ်ပင်ထားခဲ့ပြီးပြီဖြစ်၏။ ကျင်းမိသားစုဆီမှ စစ်သည်ပေါင်း ထောင်ချီတို့သည် မည်သို့မှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။
ဘန်း.. ဘန်း
ပင်လယ်ဓားပြ စစ်သည်ပေါင်း သောင်းချီတို့သည် ၎င်းတို့၏ အစီအစဉ်အတိုင်း သေသေချာချာ ရှေ့ဆီသို့ လှမ်းတက်လာခဲ့ကြ၏။ သေးငယ်သည့် ကျွန်းတစ်ခုဖြစ်သည်ဆိုသော်လည်း သံမဏိနှင့် သံများအား ဆိပ်ကမ်းဆီသို့ လွယ်လွယ်ကူကူ သယ်ယူပို့ဆောင်ရန်အတွက် ကျင်းမိသားစုသည် ကျယ်ပြောသည့် လမ်းများကို ဖောက်လုပ်ထားခဲ့၏။ ထို့ကြောင့် လမ်းများသည် လေးမီတာမှ ငါးမီတာနီးပါးခန့်ပင် ကျယ်ပြော၏။
ထိုလမ်းများသည် ယခု ပင်လယ်ဓားပြစစ်သည်ပေါင်းသောင်းချီတို့ ရှေ့သို့လှမ်းတက်ရန် လုံလောက်သည့် လမ်းများ ဖြစ်လာခဲ့၏။ ပင်လယ်ဓားပြသုံးသောင်းကျော်တို့သည် ညီညီစီစီဖြင့် ရှေ့ဆီသို့လှမ်းတက် လာခဲ့ပြီးနောက် ကြီးမားသည့် မိုင်းတွင်းကြီးဆီသို့ ရောက်ရှိလာခဲ့ကြသည်။
ရှိရှိသမျှသော ပင်လယ်ဓားပြအားလုံးတို့သည် တကယ့်ကို ကြီးကျယ်ခမ်းနားသည့် မြင်ကွင်းကို မြင်ခဲ့ကြသည်။ ဤကဲ့သို့ ကြီးမားလွန်းသည့် မိုင်းတွင်းကြီးကို မြင်ရချိန်မှာတော့ သူတို့အားလုံးသည် အကြီးအကျယ် တုန်လှုပ်သွားခဲ့ကြ၏။ ကြီးလွန်းလှ၏။ ထို့အတူ နက်ရှိုင်းလွန်းလှ၏။ ဤမိုင်းတွင်းကြီးသည် မီတာ ၄၀၀ နီးပါးခန့် ကျယ်ပြီး ၃၀ မီတာ၊ ၄၀ မီတာခန့် နက်ရှိုင်း၏။
အခြားနည်းလမ်းလည်း မရှိချေ။ ကျင်းမိသားစုသည် နှစ်ပေါင်း ၂၀၀၊ ၃၀၀ နီးပါးခန့် ဝမ်ကျားကျွန်း၌ မိုင်းတွင်းများကို တူးဖော်ခဲ့သည် မဟုတ်ပါလား။ နှစ်ပေါင်း ၂၀၀၊ ၃၀၀ နီးပါးခန့် မိုင်းတွင်းလုပ်သားများ၏ တူးဖော်မှုကြောင့်ပင် ဤကဲ့သို့ နက်ရှိုင်းသည့်နေရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်မှာ အံ့အားသင့်စရာတော့ မဟုတ်ချေ။
ပင်လယ်ဓားပြ ၃၀၀၀၀ ကျော်တို့သည် ဤမိုင်းတွင်းကြီးကို ဝိုင်းပိတ်ပြီးနောက် ခေါင်းငုံ့ကာ ကြည့်ရှုလိုက်ကြ၏။ မိုင်းတွင်းအောက်ဆီသို့ ဆင်းသက်နိုင်ရန် လမ်းဟူ၍ တစ်လမ်းတည်းသာလျှင် ရှိ၏။ ကျောက်လှေကား တစ်ခုဖြစ်ပြီး သေသေသေသေချာချာ ထွင်းထုထားခဲ့သည့် လမ်းတစ်ခုလည်း ဖြစ်၏။ တွန်းလှည်းများ ဆွဲတင်နိုင်ရန် ၊ ဆင်းသက်နိုင်ရန် လမ်းတစ်ခုလည်း ပါဝင်၏။
ဤအချိန်မှာတော့ ရွှမ်ဝူအိမ်တော်မှ စစ်သည်ပေါင်းလေးထောင်ကျော်တို့သည် မိုင်းတွင်း၏ အောက်ခြေ၌ စောင့်ကြပ်လျက်ရှိနေကြောင်းကို ချောင်ထျန်းဝေက ရှင်းရှင်းလင်းလင်း မြင်နေရ၏။ အထဲတွင် ကျောက်နှင့် တည်ဆောက်ထားခဲ့သည့် အိမ်များသာမက ရွှေသန့်စင်သည့် တည်နေရာများလည်း ရှိနေသည်။
ပြောရမည်ဆိုလျှင် ဤနေရာသည် လွယ်လွယ်ကူကူ ခုခံ၍ရပြီး တိုက်ခိုက်ရန် ခက်ခဲသည့် အရာမျိုးပင်။ အပေါ်မှ ကျောက်ခဲများနှင့် ပစ်ချမည် ဆိုလျှင်လည်း အကွေ့အကောက်များနှင့် ကျယ်ပြောလွန်းသော တွင်းကြီးဖြစ်သည်မို့ ထိုသို့ပြုလုပ်၍မဖြစ်နိုင်ပေ။
“ရွှေတွေ မြင်လား”
“ရွှေတွေ မြင်လား”
ပင်လယ်ဓားပြများသည် တွင်းကြီး၏ ဟိုးအောက်ဆုံးကို လှမ်းကာကြည့်ရှုလိုက်ကြ၏။ မြေပြင်တွင် ရွှေရောင်များ လက်ခနဲ .. လက်ခနဲ ဖြစ်နေသည်ကို မြင်နေရသည်။
“ငါမြင်တယ်။ ငါမြင်တယ်”
“ဘယ်မှာလဲ”
“ဟိုမှာလေ ရွှေရောင်တွေ လက်ခနဲဖြစ်နေတယ်”
အားလုံးသည် လှမ်းကာကြည့်ရှုလိုက်၏။ မြေပြင်ထက်တွင် ရေတွက်၍မရအောင် များပြားသည့် ရွှေမှုန်၊ ရွှေစများ ကပ်နေသကဲ့သို့ပင်။ နှင်းများ ကျဆင်းလျက်ရှိနေသောကြောင့် ရွှေမှုန်များသည် တစ်စွန်းတစ်စသာ မြင်နေရခြင်း ဖြစ်မည်။ အလွန်ဝေးကွာသည့် တည်နေရာတွင် ရှိနေသည် ဆိုလျှင်တောင်မှ ဤမိုင်းတွင်းကြီး၏ မြေသည် ရွှေရောင်ဖြစ်နေကြောင်း အားလုံးသောသူတို့က မြင်နေရ၏။
ချောင်ထျန်းဝေ၏ သိုင်းပညာသည် အလွန်မြင့်မား၏။ ထို့ကြောင့် သူ၏ မျက်စိအကြည့်များကလည်း အားကောင်း၏။ မိုင်းတွင်း၏ အောက်မြေဆီလွှာတွင် ရွှေသဲများ ကပ်လျက်ရှိနေကြောင်းကို သူက ရှင်းရှင်းလင်းလင်း မြင်ရသည်။
ထန်ကျုံးကလည်း မြင်ရ၏။ သူသည်လည်း ချောင်ထျန်းဝေကဲ့သို့ပင် စိတ်လှုပ်ရှားလာခဲ့၏။
“ရှေးဟောင်း ရွှေကြောကြီး”
သာမန်ရွှေတွင်း တစ်ခုတွင် ဤကဲ့သို့ ရွှေသဲများ အဘယ်မှာ ရှိမည်နည်း။ တကယ်ကြီးမားလွန်းသည့် ရွှေကြောကြီးတွင်မှ ဤသို့ များပြားသည့် ရွှေပမာဏမျိုး ရှိပေမည်။
ရွှေတွင်းဆိုလျှင် အထဲတွင် ရှိနေသည့် အရာများကို တူးထုတ်ပြီး ကုန်သလောက် ဖြစ်နေပေလိမ့်မည်။ သို့ပေမည့် ရွှေကြောကြီးဆိုလျှင် တော်တော်နှင့် တူးထုတ်၍ ရနိုင်လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် တကယ့်ကို များပြားသည့် ရွှေများ အထဲ၌ ရှိနေမှာ သေချာ၏။ အနည်းဆုံး ကျင်းတစ်သောင်း နီးပါးခန့်ပင် ရှိနေနိုင်၏။ ဤအရာက ရွှေတွင်း မဟုတ်ချေ။ ရွှေကြောကြီးတစ်ခုသာလျှင် ဖြစ်၏။
ချောင်ကလန် တိုးတက်မြင့်မားလာစေဖို့ ကောင်းကင်က ကောင်းချီးပေးခဲ့ခြင်းပင်။
ထန်ကျုံး၏ အသက်ရှူသံများကလည်း မြန်ဆန်လာခဲ့၏။ တကယ့်ကို ရွှေကြောကြီးပင် ဖြစ်၏။ အထဲတွင် ရွှေ မည်မျှရှိမည်ကို နတ်ဘုရားများသာလျှင် သိရှိပေလိမ့်မည်။
“အင်း.. နုရှောင့်နယ်စားကြီး ကျုပ်တို့ ဘာလုပ်ကြမလဲ”
ထန်ကျုံးက ပြောလိုက်၏။ “ရွှမ်ဝူအိမ်တော်ရဲ့ အစောင့်တွေအကုန်လုံး တွင်းရဲ့ အောက်ခြေမှာ ရှိနေတယ်။ ကျုပ်တို့ တွင်းထဲကို ဝင်ပြီးတော့ ရှိရှိသမျှ လူတွေအကုန်လုံးကို သတ်ပစ်ရမယ်။ ပြီးတော့ ဒီရွှေကြောကြီး တစ်ခုလုံးကို သိမ်းဆည်းကြမယ်”
“ချောင်ထျန်းဝေ၏ နှလုံးသားများသည် ဒေါသတရားများနှင့် ပြည့်နှက်သွားသည်။ “ရှေ့ကို လှမ်းတက်ရမယ်။ အောက်ကို ဆင်းသွားမယ် ဟုတ်လား”
သူသည် ကျင်းမိသားစု၏ လူတစ်ယောက်ချင်းစီကို သတ်ပစ်ရပေမည်။ ရွှေတွင်းနှင့် ရွှေကြောအားလုံးကို ယူဆောင် သွားရပေလိမ့်မည်။ သို့ပေမည့် ကြီးမားသည့် တွင်းကြီးကို ကြည့်ရှုပြီးနောက် ချောင်ထျန်းဝေသည် အန္တရာယ်၏ အငွေ့အသက်ကို အမှတ်မထင် ခံစားနေမိ၏။
တွင်းကြီးသည် အလွန်နက်ရှိုင်းလှ၏။ ထိုအရာသည် တကယ့် ကြီးမားလွန်းသည့် ထောင်ချောက်ကြီး ဖြစ်မည်ဟု သူ့ကို ခံစားရစေသည်။
ရှမ့်လန် ဤသတ္တဝါသည် ကောက်ကျစ်လွန်းလှ၏။ အကယ်၍ ဤတွင်းထဲတွင် တုန်လှုပ်ဖွယ်ရာကောင်းသည့် ထောင်ချောက်များကို ဖန်တီးထားသည်ဆိုလျှင် မည်သို့လုပ်မည်နည်း။
“မဟုတ်သေးဘူး။ အောက်ကို ဆင်းလို့မဖြစ်ဘူး”
ပင်လယ်ဓားပြဘုရင် ချောင်ထျန်းဝေက ပြောလိုက်၏။ “ဒီရွှေကြောကို သူတို့ အခုထုတ်လို့ရမှာ မဟုတ်သေးဘူး။ ရွှမ်ဝူအိမ်တော်ရဲ့ စစ်သည်တွေကလည်း ဒီနေရာကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ကျုပ်တို့ ဒီနေရာမှာ ဝိုင်းပိတ်ထားမယ်။ မတိုက်ခိုက်ဘူး”
ထန်ကျုံးက ပြောလိုက်သည်။ “အဲလောက် သတိထားနေဖို့ လိုလို့လား”
ပင်လယ်ဓားပြဘုရင် ချောင်ထျန်းဝေက ပြောလိုက်၏။ “မိုင်းတွင်းထဲမှာ ထောင်ချောက်တွေ ရှိနေရင် ဘယ်လိုလုပ်မလဲ”
ထောင်ချောက်၊ မည်သည့်ထောင်ချောက်နည်း။
ဤမိုင်းတွင်းသည် မာကျောလွန်းသည့် ကျောက်တုံးများနှင့် တည်ဆောက်ထားသည့် အရာဖြစ်၏။ တောအုပ်ကြီးတစ်ခု မဟုတ်ချေ။ ထို့ကြောင့် မည်ကဲ့သို့သော ထောင်ချောက်များကို ဖန်တီးထားမည်နည်း။
သို့ပေမည့် သူ၏အဖေ ထန်လွမ်ပင်လျှင် ချောင်ထျန်းဝေနှင့် ငြင်းခုံရန် အခြေအနေမျိုးမရှိပေ။ သူဆိုလျှင် ပိုဆိုး၏။
“ကောင်းပါပြီ။ အရာအားလုံးက နုရှောင့် နယ်စားကြီးရဲ့ စိတ်ဆန္ဒအတိုင်းပါပဲ”
ပြီးနောက် သံသယကြီးသည့် ပင်လယ်ဓားပြချောင်ထျန်းဝေသည် ကြီးမားလွန်းသည့် မိုင်းတွင်းကြီး၏ အထက်တွင် သူ၏ စစ်တပ်ကြီးကို စတေးချစေကာဖြင့် မိုင်းတွင်းတစ်ခုလုံးကို ဝိုင်းပိတ်ထားခဲ့သည်။
“ရွှမ်ဝူ.. ခင်ဗျား မိုင်းတွင်းထဲမှာ ဘာတွေများ ဖုံးကွယ်ထားနိုင်မှာလဲ။ စားဖို့အတွက် အစားအစာ လုံလောက်မှု ရှိရဲ့လား။ သောက်ဖို့အတွက် ရေရော လုံလောက်မှု ရှိရဲ့လား။ ကျုပ်တို့ ခင်ဗျားကို ဝိုင်းပိတ်ထားမယ်။ ခင်ဗျားတို့ ထမင်းငတ်ပြီး သေကြပေါ့။ အပေါ်တက်လာတာနဲ့ ကျုပ် ခင်ဗျားတို့ကို သတ်မှာပဲ”
ကြီးမားသည့် မိုင်းတွင်းကြီး၏ အောက်ခြေတွင် ကျောက်တုံးအိမ်များရှိ၏။
ကျင်းကျုံးသည် အပေါ်တွင်ရှိနေသည့် များပြားလွန်းသော ပင်လယ်ဓားပြများကို လှမ်းကာကြည့်လိုက်၏။ ပြီးနောက် စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။ “သခင်ကြီး.. ချောင်ထျန်းဝေရဲ့စစ်သည်တွေက ဆင်းမလာဘူး။ ကျုပ်တို့ ဘာလုပ်ကြမလဲ။ ဒီမိုင်းတွင်းထဲမှာ ဘယ်သူမှ ထွက်ပြေးလို့မရနိုင်တဲ့ ထောင်ချောက်ကို ကျုပ်တို့ ဖန်တီးထားခဲ့တာ လအနည်းငယ် ကြာခဲ့ပြီ။ တကယ်ကို ကြောက်စရာကောင်းတဲ့ ထောင်ချောက်မျိုး ဆိုပေမဲ့ သူတို့ဆင်းမလာရင် ကျုပ်တို့ ဘာမှလုပ်မရဘူး”
ဟုတ်ပေ၏။ ထောင်ချောက်များ ဖန်တီးထားသည်ဆိုသော်လည်း အောက်သို့ဆင်းမလာပါက အသုံးပြု၍ ရလိမ့်မည် မဟုတ်ချေ။