← Chapters

အခန်း (၂၃၀)

Vol. 17 Ch. 230

အခန်း (၂၃၀)

Vol. 17 Ch. 230

ထိုစကား ထွက်ပေါ်လာချိန်မှာတော့ ဉာဏ်ကောင်းသည့်ပင်လယ်ဓားပြသည် တုန်လှုပ်သွားခဲ့၏။ သူသည် ခေါင်းကို အသာလှည့်လိုက်၏။

‘ချီးတဲ့မှ.. နည်းနည်းပါးပါး ဝင်ပြောပေးအုံးလေ’

“ငါ့လူတို့.. ဒီကောင်က လူတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ဖျက်ဆီးနေတာပဲ။ သူ့ကို အပြင်ဘက်ခေါ်ပြီး ခေါင်းဖြတ်လိုက်တော့”

“ကျုပ်ကို ညှာတာပေးပါ်။ ကျုပ်ကို ညှာတာပေးပါအုံး ..... အား” ကျယ်လောင်သည့် အသံကြီး ထွက်ပေါ်လာခဲ့၏။

ဉာဏ်ကောင်းသည့် ညီအစ်ကိုသည် ခေါင်းဖြတ်သတ်ခြင်းကို ခံခဲ့ရ၏။ ပင်လယ်ဓားပြတော်တော်များများတို့သည် နောက်တွန့်သွားခဲ့ကြသည်။

“ဒီလူရဲ့ အတွေးက အန္တရာယ်ရှိတယ်လို့ ငါ အစောကြီးတည်းက ပြောခဲ့တယ်မလား။ ဆရာကြီးရဲ့ ထက်မြက်တဲ့ ဉာဏ်ပညာကိုတောင် မေးခွန်းထုတ်ရဲတယ်။ ငါဘယ်လိုမှ မခံနိုင်ဘူး။ ဆရာကြီး သူ့ကိုမသတ်ဘူးဆိုရင်တောင် ငါသူ့ကို သတ်မှာပဲ”

ဉာဏ်ကောင်းသည့် ညီအစ်ကို သတ်ဖြတ်ခံလိုက်ရချိန်မှာတော့ သူတို့၏ စိတ်ထဲတွင် အတွေး တစ်ခုတည်း သာလျှင် ရှိ၏။ သူတို့ အဘယ်ကြောင့် ဉာဏ်ကောင်းအောင် ကြိုးစားရမည်နည်း။

ချောင်ထျန်းဝေသည် လက်ထဲတွင် ခေါင်းပြတ်ကြီးကို ကိုင်စွဲကာဖြင့် အေးစက်စက် ပြောလိုက်၏။ “အခုက စပြီး ငါ့ရဲ့အမိန့်ကို မေးခွန်းထုတ်ရဲတဲ့လူက သူ့လိုပဲဖြစ်မယ်”

ပင်လယ်ဓားပြခေါင်းဆောင်များသည် လည်ကုပ်များပင် ပုဝင်သွားခဲ့ကြ၏။ သူတို့သည် ကြောက်လန့်တကြားဖြင့် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကြသည်။

................

ပင်လယ်ဓားပြခေါင်းဆောင်တို့၏ အထင်အမြင်အားလုံးကို ခဏသာ ဖိနှိပ်နိုင်ခဲ့ပြီဖြစ်သော်လည်း ကျိန်းသေပေါက် ၎င်းတို့၏ လိုချင်လောဘများကို ရေရှည် ဖိနှိပ်နိုင်လိမ့်မည် မဟုတ်ကြောင်း ချောင်ထျန်းဝေက ကောင်းကောင်းသိရှိ၏။

ရွှေသည် အားလုံးသော လူတို့၏ စိတ်ကို တုန်လှုပ်စေခဲ့၏။ ထို့ကြောင့် ပင်လယ်ဓားပြအားလုံးတို့၏ စိတ်ကို ဖိနှိပ်ထားဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။ အဆုံးမရှိသည့် ရွှေများသည် တွင်း၏ အောက်ခြေတွင် တည်ရှိနေကြောင်းကို သိရှိပြီးပြီဆိုမှတော့ ထိုသူအားလုံး၏ စိတ်ကို သူက မည်ကဲ့သို့ ချုပ်ထိန်း၍ ရနိုင်တော့မည်နည်း။

ရက်အနည်းငယ်မှာပဲ ချောင်ထျန်းဝေသည် ပင်လယ်ဓားပြများကို တိုက်ခိုက်ရန် အမိန့်ပေးခဲ့၏။ သို့ပေမည့် စမ်းသပ်တိုက်ခိုက်ခြင်းတစ်ခုသာ ဖြစ်ပြီး အလုံးစုံ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း မဟုတ်ချေ။ အခြေအနေကို ကြည့်ရှုချင်သောကြောင့် စမ်းသပ်တိုက်ခိုက်ခြင်း ဖြစ်သည်။ လက်နက်နှင့်တိုက်ခိုက်ခြင်း မဟုတ်ပေ။ ပါးစပ် နှင့် တိုက်ခိုက်ခြင်း ဖြစ်သည်။

ရေတွက်၍မရအောင် များပြားသည့် ပင်လယ်ဓားပြများသည် တွင်း၏ အောက်ခြေတွင် ရှိနေသော ရွှမ်ဝူစစ်သည်များကို အော်ဟစ်ဆဲဆိုကြ၏။ ၎င်းတို့သည် ပင်လယ်ဓားပြများ ဖြစ်၏။ ထို့ကြောင့် ရုန့်ယင်းကြမ်းတမ်းသည့် စကားလုံးများစွာနှင့် ဆဲဆိုနိုင်စွမ်း ရှိကြ၏။ လောကတွင် အဆိုးယုတ်ဆုံးသော စကားလုံးများကို အသုံးပြုကာ ဆဲဆိုနေခြင်းပင် ဖြစ်၏။ ကျိန်းသေပေါက် သည်းခံစိတ်နှလုံးသားဖြင့် ခံစားနိုင်ခြင်း မရှိသည့် ဆဲနည်းများပင်။

ရွှမ်ဝူအိမ်တော်တစ်ခုလုံးကို ဆဲဆိုလျက်ရှိနေ၏။ ရှမ့်လန်၏ မိသားစု လည်း မလွတ်မြောက်ချေ။ ရွှမ်ဝူ၏ မိန်းမ စုဖေ့ဖေ့၊ ရှမ့်လန်၏ မိန်းမ ကျင်းမူလန်၊ ဤနှစ်ယောက်သည် ပင်လယ်ဓားပြများ၏ ဆဲဆိုမှုအောက်တွင် ကလေးပေါင်း ဒါဇင်ချီပြီး ရနေကြ၏။

ဤအရာသည် အောက်ခြေစည်းမျဉ်းများကိုပင် ကျော်လွန်ကာ ဆဲဆိုနေခြင်း ဖြစ်၏။ ပင်လယ်ဓားပြများသည် တကယ့်ကို ဆိုးယုတ်သည့် စကားလုံးများကို အသုံးပြုပြီး အမျိုးသမီးနှစ်ယောက်၏ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုချင်းစီတိုင်းကို မြိန်ရည်ယှက်ရည် မစားရ ဝခမန်းပြောဆိုလျက်ရှိနေကြ၏။ စကားလုံးများသည် ချီးလို၊ သေးလိုပင် ရွှံရှာဖွယ်ရာ ကောင်းလွန်းလှသည်။

အောက်တွင်ရှိနေသော ကျင်းမိသားစုစစ်သည်များသည် ဒေါသတကြီးဖြင့် ပေါက်ကွဲလုမတတ် ဖြစ်နေကြ၏။ ၎င်းတို့သည် မြို့စားကတော်နှင့် ထိတွေ့မိခြင်း မရှိကြချေ။ သို့ပေမည့် မိသားစုစစ်တပ်၏ ခေါင်းဆောင် ကျင်းမူလန်နှင့်တော့ ထိတွေ့ဆက်ဆံဖူးသည့် လူများ ဖြစ်ကြ၏။ အားလုံးသောသူတို့သည် သူတို့၏ သခင်မလေးအား နတ်ဘုရားကဲ့သို့ ကိုးကွယ်လေးစားကြသည့် လူများပင် ဖြစ်ကြ၏။

သူတို့သည် စစ်သည်များဖြစ်သောကြောင့် မိန်းမနှင့် ပတ်သက်သည့် အကြောင်းအရာများကို မည်သို့မှ ကွယ်ဝှက်မထားဘဲ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သည့် လူများဖြစ်၏။ ဘုရင်မင်းမြတ်၏ မိန်းမ၊ မိဖုရားခေါင်ကြီးနှင့် မင်းသမီးများကိုပင်လျှင် သူတို့ စနောက်ရဲ၏။ သို့ပေမည့် သူတို့အားလုံးသည် ကျင်းမူလန်ကိုတော့ တစ်ချက်ကလေးမှ မကောင်းမပြောကြချေ။ ဤမျှလောက် ချစ်ခင်မြတ်နိုး၊ လေးစားကြသည့် လူများဖြစ်သည်။

ယခု တခြားသောသူများသည် ကျင်းမူလန်၏ အကြောင်းကို မကောင်းပြောဆိုလျက်ရှိနေသည့်အပြင် ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုချင်းစီတိုင်းကို ညစ်ညမ်းရိုင်းစိုင်းစွာ ပြောဆိုနေကြ၏။ ထို့ကြောင့် သူတို့ ဒေါသထွက်နေကြ၏။

သူတို့အတွက် ကျင်းမူလန်ဆိုသောနတ်မိမယ်သည် သန့်စင်ပြီး အပြစ်ကင်းစင်သည့် လူတစ်ယောက် ဖြစ်၏။

ရှမ့်လန်ကဲ့သို့ စွမ်းဆောင်ရည် ကောင်းမွန်သည့် လူတစ်ယောက်သည်ပင် သူတို့၏ နတ်မိမယ် ကျင်းမူလန်နှင့် ထိုက်တန်သူ မဟုတ်ဟု ခံယူထားကြသူများဖြစ်သည်။ ယခု အဆင့်နိမ့်ပါးလွန်းသည့် ဓားပြများ၏ အော်ဂလီဆန်လောက်အောင် ပြောဆိုနေမှုကို ကြားရချိန်မှာတော့ သူတို့သည် မည်သို့မှ မနေနိုင်တော့ချေ။ ဓားကိုထုတ်ကာဖြင့် အပေါ်သို့ လှမ်းတက်ကာ တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြတော့သည်။

ကျင်းကျုံးက ပြောလိုက်၏။ “သခင်ကြီး... ကျုပ် အပေါ်ကိုတက်ပြီး တစ်ယောက်၊ နှစ်ယောက်လောက်ကို သတ်ပါရစေ။ ဘယ်လိုမှ မခံနိုင်တော့ဘူး”

ကျင်းကျိုးသည်လည်း ဒေါသထွက်လျက်ရှိ၏။ သူ၏ဘဝတွင် သူအချစ်မြတ်နိုးဆုံးသော လူသည် သူ၏ မိန်းမဖြစ်၏။ သူ၏မိန်းမသည် အလွန်သန့်စင်ပြီး ပြစ်ကင်းစင်၏။ သို့ပေမည့် ရိုင်းစိုင်းလွန်းသည့် ပင်လယ်ဓားပြများသည် သူ၏မိန်းမကို ဤကဲ့သို့ ပြောဆိုလျက်ရှိနေ၏။ အပိုင်းပိုင်း အစစ ခုတ်ဖြတ်ရန်ပင် သူ မစောင့်နိုင်တော့ချေ။

သို့ပေမည့် ရွှမ်ဝူသည် သည်းခံလျက်ရှိနေသည်။ အနည်းငယ်လေးသော စိတ်မရှည်မှုသည် ကြီးမားသည့် အောင်ပွဲကြီးအတွက် အဟန့်အတား ဖြစ်ပေလိမ့်မည်။

“လန်အာ... ဒီမြေခွေးလိုကောင်လေး...”

ကျင်းကျိုးသည် ဒေါသတကြီး ပြောလိုက်၏။ ရှမ့်လန်အနေနှင့် ဤကဲ့သို့ ဖြစ်လာမည်ကို ကြိုတင်ကာ ခန့်မှန်းခဲ့ပြီးသား ဖြစ်၏။ ထို့ကြောင့် မထွက်ခွာခင်တွင် သေသေချာချာ မှာခဲ့၏။ စိတ်ရှည်သည်းခံရန်ပင်။

ပင်လယ်ဓားပြများသည် ဤကဲ့သို့ ပြောဆိုမည်ကိုပင် ရှမ့်လန်က ကြိုတင်ကာ တွက်ချက်ပြီးသား ဖြစ်၏။ ရွှမ်ဝူသည် လက်ရှိအခြေအနေ၌ လူပေါင်း လေးထောင်အောက်တွင်သာ ရှိ၏။ တော်တော်များများသည် အသစ် ခေါ်ယူထားခဲ့သည့် စစ်သည်များပင် ဖြစ်၏။ ထို့ကြောင့် လုပ်ချင်ရာကို ပြုလုပ်နိုင်စွမ်း မရှိချေ။

ဤအချိန်မှာပင် နှင်းများကျဆင်းခြင်းက ရပ်တန့်သွားခဲ့ပြီး နေလုံးကြီးက ထွက်ပေါ်လာခဲ့၏။ မိုင်းတွင်းကြီး အောက်တွင် ရှိနေသည့် နှင်းများသည် တဖြည်းဖြည်း အရည်ပျော်လာခဲ့၏။ နေ၏ အလင်းရောင် တောက်ပလာမှုနှင့်အတူ အားလုံးသော သူတို့၏ မျက်လုံးထက်တွင် ရွှေအလင်းရောင်များက ထွန်းတောက် လာခဲ့၏။ ဤအရာက ရွှေများပင်လျှင် ဖြစ်၏။ ရွှေပုံတစ်ခုချင်းစီ ပုံထားခြင်းပင် ဖြစ်၏။

ထိုအရာများကို မြင်ရသည့်အချိန်မှာ ပင်လယ်ဓားပြများသည် စိတ်အားတက်ကြွလာခဲ့ကြ၏။ ဤကဲ့သို့ ရွှေများကို မြင်နေရသည်ဆိုလျှင်တောင်မှ သူတို့၏ ဆရာကြီးသည် သူတို့ကို တိုက်ခိုက်ရန် အခွင့်အရေး မပေးသေးချေ။ မည်မျှ ကြောက်ရွံ့နေသနည်း။ သူတို့၏ ဆရာကြီးဖြစ်ရန် အရည်အသွေးပြည့်မီသည့် လူတစ်ယောက်ပင် ဟုတ်ပါရဲ့လား။

ပင်လယ်ဓားပြပေါင်းများစွာတို့၏ နှလုံးသားတွင်ရှိနေသည့် မကျေနပ်မှုများကို ချောင်ထျန်းဝေက ခံစားမိ၏။ ထို့ကြောင့် အရှေ့ဆီသို့ တစ်လှမ်းတက်ကာဖြင့် ရန်စပြုမူရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။ ရွှမ်ဝူကို ဒေါသထွက်အောင် မပြုလုပ်နိုင်ဘူးဆိုလျှင်တောင်မှ ပင်လယ်ဓားပြများ၏ နှလုံးသားထဲတွင် ရှိနေသည့် ဒေါသတရားများကိုတော့ အနည်းငယ် ပြေပျောက်သွားစေနိုင်သည်။ ဒေါသဖြေဖျောက်နိုင်ရန် ဆဲချင်သလောက် ဆဲစမ်း ဆိုသည့် အဓိပ္ပာယ်ပင်။

သို့ပေမည့် အချိန်တို သူသည် အောက်ဆီသို့ဆင်းသက်မည် မဟုတ်ချေ။ ရှမ့်လန် တစ်ယောက် ဤကြီးမားသည့် တွင်းထဲ၌ ထောင်ချောက်တစ်ခုခု ဖန်တီးထားမည်လား ဆိုသည်ကို သူ မသိပေ။ ထို့ကြောင့် သူ အောက်ကို ဆင်းလိမ့်မည် မဟုတ်ချေ။

...

နေ့လယ်... နေသည် ပြင်းပြင်းထန်ထန်နှင့် ထွန်းတောက်လျက်ရှိနေ၏။

ပင်လယ်ဓားပြများ၏ ကြမ်းတမ်းသည့် ဆဲဆိုမှုပုံစံသည် အလုံးစုံ အဆင့်မြင့်တက်သွားခဲ့သကဲ့သို့ပင်။

ရွှမ်ဝူသည် ထိုအရာကို မြင်သည့်အချိန်မှာတော့ ဒေါသတကြီးဖြင့် ပေါက်ကွဲလုမတတ် ဖြစ်နေ၏။ ချောင်ထျန်းဝေသည် လူချောလေးယောက်လောက်ကို ရှာဖွေပြီး အမျိုးသမီးဝတ်စုံများကို ဝတ်ဆင်စေခဲ့၏။ ပြီးနောက် ကျင်းမူလန်၊ စုဖေ့ဖေ့ အဖြစ် သရုပ်ဆောင်ခိုင်းသည်။

ထို့အပြင် တစ်စုံတစ်ယောက်သည် ရှမ့်လန်အစားပင် သရုပ်ဆောင်လျက်ရှိနေ၏။ လူသုံးယောက်သည် ခွေးများကဲ့သို့ပင် လည်ပင်း၌ ကြိုးများချည်နှောင်ခြင်းကို ခံထားရပြီး မြေပေါ်တွင် လေးဘက်ထောက်ကာ သွားလာနေ၏။

“ကျွန်မက စုဖေ့ဖေ့ပါပဲ။ အထီးကျန်လိုက်တာ။ တစ်စုံတစ်ယောက် လာခဲ့ပါအုံး”

“ကျုပ်ကတော့ ရှမ့်လန်ပဲ။ လာခဲ့.. ကျုပ်ကို လုပ်ချင်တာလုပ်ကြပါ။ အနောက် က ဆာနေပြီ”

ပင်လယ်ဓားပြ လူချောလေးများသည် မြေပေါ်တွင် ဒူးထောက်ပြီး ခွေးကဲ့သို့ပင် ခေါင်းကိုမော့ကာဖြင့် တစ်စုံတစ်ခုကို တောင်းဆိုလျက်ရှိသည်။

“ရွှမ်ဝူ ခင်ဗျားမြင်လား။ ခင်ဗျားရဲ့မိန်းမ စုဖေ့ဖေ့က အခုကျုပ်တို့ အတွက်ဖြစ်သွားပြီ။ ဒီလူချောလေး ရှမ့်လန်ကတော့ စားလို့ကောင်းမယ့်ပုံပဲ”

ဆိုးရွားစုတ်ပျက်လွန်းသည့် မြင်ကွင်းသည် ပင်လယ်ဓားပြများကြောင့် ဖြစ်တည်လာခဲ့၏။ ပင်လယ်ဓားပြ ချောင်ထျန်းဝေသည် သူ့တပည့်များ၏ စိတ်ဒေါသ၊ စိတ်လောဘ လျော့ပါးသွားစေရန်အတွက် ဤကဲ့သို့ သရုပ်ဖော်ကာဖြင့် သဘောကျပြုမူစေခြင်းပင် ဖြစ်၏။

ရွှမ်ဝူသည် ဓားကြီးကိုထုတ်ယူကာဖြင့် ဘေးတဝိုက်တွင် ရှိနေသည့် အုတ်ခဲများ၊ မြေတွင်းခဲများကို လိုက်လံ ခုတ်ထစ်လျက်ရှိနေ၏။ သူ အလွန်အမင်း ဒေါသထွက်လျက်ရှိ၏။ တစ်ဖက်လူများသည် သူ၏မိန်းမ၊ သူ၏သမီး၊ သူ၏သမက်နှင့် ပတ်သက်၍ လုပ်ချင်တိုင်းပြုလုပ်လျက်ရှိသည်။ သူသည် ထိုလူများကို အစိတ်စိတ်အပိုင်းပိုင်း လှီးဖြတ် ခုတ်ထစ်ချင်စိတ် ပေါက်နေသည်။

နောက်တစ်ရက် ကုန်လွန်သွားခဲ့၏။

နောက်တစ်ရက်ရောက်လာသော်လည်း ချောင်ထျန်းဝေသည် တွင်းထဲသို့ ဆင်းသက်ရန် ရည်ရွယ်ချက် မရှိသေးချေ။

နောက်တစ်နေ့၏ မနက်ခင်းမှာတော့ ...

ချောမောသည့် လူသည် အဝတ်အစားများကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားခဲ့၏။ ထိုသူသည် ရှမ့်လန်နှင့် ဆင်တူလွန်း၏။ ထိုရှမ့်လန်သည် မြေပေါ်တွင် ဒူးထောက်ထိုင်ကာဖြင့် အားရပါးရ အော်ဟစ်နေသည်။ “ဦးရီးတော် ရွှမ်ဝူ၊ မြို့စားဖေဖေ... ကျုပ်ရှမ့်လန်ပါ ကျုပ်ကို ကယ်ပါအုံး။ မိန်းမမူလန်.. ကျုပ်ကိုကယ်ပါအုံး။ မင်းရဲ့ယောကျာ်း အသတ်ခံရတော့မယ်။ ကျုပ် ရှမ့်လန်ပါ။ သေတော့မယ်၊ ငါသေတော့မယ်”

ထိုသူသည် သရုပ်ဆောင်ကာ အော်ဟစ်လျက်ရှိနေ၏။ သူ သရုပ်ဆောင်လျက် ရှိနေတုန်းမှာပဲ ဓားတစ်စင်းသည် သူ့အပေါ်သို့ ကျဆင်းလာခဲ့၏။ ပင်လယ်ဓားပြများ အားလုံးတို့သည် စိတ်အားတက်ကြွစွာဖြင့် ကြည့်ရှုလျက် ရှိနေကြ၏။ ဓားဖြင့် ခုတ်ပိုင်းသူသည် အစစ်မှန် ရှမ့်လန်၏ အရေပြားကို ခုတ်ပိုင်းရသကဲ့သို့ပင် ခံစားနေမိ၏။

“နေအုံး... ရှမ့်လန်ရဲ့ကံကြမ္မာက ဒီထက်ဆိုးရမယ်။ အိမ်ရှေ့စံမင်းသားကလည်း ကျင်းမူလန်ကို သဘောကျနေတာလေ။ ရှမ့်လန်ကို မလိုတော့ဘူး။ လောလောဆယ် ငါတို့ ရှမ့်လန်အတုကို အစိတ်စိတ်အပိုင်းပိုင်း ခုတ်ဖြတ်တာ ကြည့်ကြရအောင်။ နောက်ကျမှ ရှမ့်လန်အစစ်ကို ဒီလို သတ်ကြတာပေါ့။ အခု သူ့ကို အရင်ဆုံး သင်းကွပ်လိုက်စမ်း။ ရှမ့်လန်ကို သင်းကွပ်”

ပင်လယ်ဓားပြအားလုံးတို့သည် အော်ဟစ်လျက်ရှိနေ၏။

“ရွှမ်ဝူ... မြန်မြန်လာကြည့်။ ခင်ဗျားရဲ့သမက် ရှမ့်လန်ကို သင်းကွပ်တော့မယ်။ ခင်ဗျား သူ့ကို မကယ်တင်နိုင်ဘူး မဟုတ်လား။ ကျင်းမူလန်.. မင်းယောကျာ်းကို သင်းကွပ်တော့မယ်နော် သူ့ကိုလာကယ်စမ်း။ ဒါပေမဲ့ မင်းယောကျာ်းရဲ့ ပစ္စည်းက တော်တော့်ကို သေးတာပဲ။ မင်းကို စိတ်ကျေနပ်စေရဲ့လား။ ငါတို့ အကူအညီ လိုနေသေးလား”

ပင်လယ်ဓားပြများ၏ စကားလုံးများသည် ရုန့်ရင်းကြမ်းတမ်းလာခဲ့ပြန်သည်။

သို့ပေမည့် တစ်စုံတစ်ယောက်သည် ရုတ်တရက် အော်ဟစ်လိုက်၏။ “အားလုံးကြည့်ကြအုံး။ တွင်းအောက်ခြေမှာ ဘယ်သူမှ မရှိတော့ပါလား”

အားလုံးသည် တုန်လှုပ်သွားခဲ့ကြ၏။ ချောင်ထျန်းဝေသည် ရုတ်တရက် ရွက်ဖျင်တဲမှ ထွက်ပေါ်လာခဲ့ပြီး အောက်ဘက်ရှိ တွင်းကြီးဆီသို့ ငုံ့ကြည့်လိုက်၏။ ထင်မှတ်ထားသည့်အတိုင်းပဲ တွင်း၏အောက်ခြေတစ်ခုလုံးက ပြောင်သလင်းခါလျက် ရှိနေပြီး မည်သည့်အရာမှ မရှိချေ။ ထို့အပြင် ခဏတာ တည်ဆောက်ထားသည့် အိမ်များကလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

သောက်ကျိုးနည်း။ ဘယ်ရောက်သွားသနည်း။ ရွှမ်ဝူအိမ်တော်၏ လူပေါင်း လေးထောင်ကျော်တို့သည် မနေ့ကလေးတင် ရှင်းရှင်းလင်းလင်း ရှိနေသေး၏။ သို့ပေမည့် ညသို့ရောက်သည့်အချိန်မှာတော့ ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။ တွင်းကြီးတစ်ခုလုံးကို သူတို့က ဝိုင်းပတ်ကာ ပိတ်ဆို့ထားခဲ့၏။ မည်သည့်လမ်းက ပြေးသွားကြသနည်း။

ထိုတင်သာ မကသေးချေ။ တွင်း၏ အောက်ခြေတစ်ခုလုံးသည် မွစာကျဲလျက်ရှိ၏။ ထို့ကြောင့် ရွှေမှုန်များက ထင်ထင်ရှားရှားပေါ်လို့နေသည်။ တကယ် ရွှေပင်လယ်ကြီးတစ်ခုကဲ့သို့ပင်။

ပင်လယ်ဓားပြအားလုံးတို့သည် ခေါင်းကိုငုံ့ကာဖြင့် ရွှေကြောကြီးကို လှမ်းကာ ကြည့်ရှုနေ၏။ လောကကြီးတွင် ဤမျှကြီးမားသည့် ရွှေကြောကြီး ရှိနေလိမ့်မည်ဟု သူတို့မထင်မှတ်ခဲ့ချေ။ ယခု မျက်စိအရှေ့တွင် မြင်နေရပြီ ဖြစ်၏။

ထို့ကြောင့် ပင်လယ်ဓားပြများသည် မည်သို့မှ သည်းမခံနိုင်ကြတော့ချေ။ ဆက်လက်ကာ ကြည့်ရှုနိုင်ခြင်း မရှိတော့ချေ။ သူတို့၏ ခေါင်းဆောင်သည် ကြောက်လန့်လွန်းလှချေ၏။ ရန်သူ၏ အရေအတွက်ထက် သူတို့က ဆယ်ဆ ပိုမိုကာသာလျက်ရှိနေသည် ဆိုလျှင်တောင်မှ မတိုက်ခိုက်ရဲချေ။ အဆုံးသတ်မှာတော့ အားလုံး ထွက်ပြေးသွားသည့် အခြေအနေမျိုးသို့ ရောက်ရှိသွားခဲ့၏။

ရွှမ်ဝူနှင့် သူ၏ လူလေးထောင်တို့ မည်သည့်နေရာကို ရောက်ရှိသွားမှန်း မသိသော်လည်း ထွက်ပြေးသွားသည်မှာတော့ သေချာ၏။ သူတို့သည် ရွှေအတော်တော်များများကို ယူဆောင်ကာ ပြေးသွားခြင်းသာ ဖြစ်ပေလိမ့်မည်။ ပင်လယ်ဓားပြများသည် မည်သို့မှ မနေနိုင်တော့ချေ။ ထကာ အော်ဟစ် လိုက်သည်။

“အောက်ကိုဆင်းမယ်။ ရန်သူတစ်ယောက်ချင်းစီကို လက်လွှတ်မပေးဘူး။ အကုန်လုံးကို သတ်မယ်။ အကုန်လုံးကို သတ်ကြမယ်။ ဘာပဲဖြစ်ဖြစ် ငါတို့က ပင်လယ်ဓားပြတွေပဲ။ ဘာတွေစောင့်ကြည့်နေတာလဲ”

ရွှမ်ဝူမြို့၏ စစ်သည်တော်လေးထောင်ကျော်တို့သည် ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ ပင်လယ်ဓားပြများ သည် သူတို့၏ရန်သူ ပျောက်ကွယ်သွားခဲ့သည့်အချိန်မှာတော့ မည်သို့မှ သည်းမခံနိုင်တော့ပေ။

“သတ္တိရှိတယ်ဆိုရင် ငါ့နောက်ကို လိုက်ခဲ့။ ရွှေတွေ သွားယူမယ်”

“ရွှေတွေ သွားယူမယ်ဟေ့”

လူပေါင်း တစ်ဒါဇင်ကျော်၊ လူပေါင်း တစ်ရာကျော်၊ လူပေါင်း တစ်ထောင်ကျော် တို့သည် တွင်းထဲသို့ ပြေးဆင်းသွားခဲ့၏။ နောက်ဆုံးမှာတော့ အခြေအနေတစ်ခုလုံးသည် ထိန်းချုပ်နိုင်မှု၏ အောက်တွင် မရှိတော့ချေ။

ချောင်ထျန်းဝေက ဒေါသထွက်သွား၏။ “ဘယ်သူမှ အောက်မဆင်းနဲ့။ ငါ့အမိန့်မရဘဲ ဘယ်သူမှ အောက်မဆင်းနဲ့။ မဟုတ်ရင် ငါမင်းတို့အားလုံးကို သတ်ပစ်မယ်”

သို့ပေမည့် သူသည် ထိုသူတို့ကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ချေ။ ဤလူများသည် ပင်လယ်ဓားပြများ ဖြစ်၏။ စစ်သည်များ မဟုတ်ကြချေ။ ရက်အနည်းငယ်ကြာ ဖိနှိပ်ထားနိုင်သည်ကပင်လျှင် တော်တော်ကြီးကို ကောင်းနေပြီ ဖြစ်၏။

ချောင်ထျန်းဝေသည် ကျောရိုးမကြီးထဲထိ စိမ့်တက်သွားခဲ့၏။ သူသည် အလုံးစုံသော အန္တရာယ်ကို ခံစားလိုက်မိသည်။ ကျင်းကျိုး၏ စစ်သည်လေးထောင်ကျော်သည် အဘယ်ကြောင့် ပျောက်ကွယ်သွားရသနည်း။

“အမိန့်ပေးလိုက်စမ်း။ တွင်းထဲကို မဆင်းနဲ့။ တွင်းထဲကို မဆင်းနဲ့လို့”

သူ့အမိန့်ကို သူ့ကို မည်သူမှ အဖက်မလုပ်တော့ချေ။ သူ၏ အမိန့်ပေးမှုအောက်တွင် အနီးကပ်တည်ရှိနေသည့် လူပေါင်း တစ်သောင်းကျော်တို့သာသည်သာလျှင် မလှုပ်ရှားဘဲ နေရဲကြ၏။ ကျန်သည့်လူများအားလုံးက အောက်သို့ ဆင်းသွားခဲ့ပြီ ဖြစ်၏။

“တပ်မှူး.. ကျုပ်တို့ အောက်ကိုဆင်းကြမလား” ထန်မိသားစု၏ စစ်သည်တစ်ယောက်က မေးမြန်းလိုက်သည်။

ကျင်းဟိုင်မြို့စား၏ အကြီးဆုံးသား ထန်ကျုံးက ပြောလိုက်၏။ “နေအုံး.. တစ်ချက်လောက် စောင့်ကြည့်ရအောင်”

အလွန်လျှင်မြန်စွာပဲ စစ်သည်တော်ရာချီတို့သည် အောက်ဆီသို့ ပြေးဆင်းသွားခဲ့ပြီ ဖြစ်၏။ ၎င်းတို့သည် အဝတ်အစားများကို ချွတ်ကာဖြင့် အောက်တွင်ရှိနေသည့် မြေဆီလွှာများကို တူးကာ ရွှေများကို သယ်ဆောင်ရန် ပြင်ဆင်နေ၏။ ဤမိုင်းတွင်းတွင် ရွှေများပြည့်နှက်လျက်ရှိနေ၏။ တစ်ချက်ကြည့်ရှုလိုက်သည်နှင့် သန့်စင်သော ရွှေများ ဖြစ်ကြောင်း သိရှိနိုင်သည်။

မြေဆီလွှာထဲရှိ ရွှေများကို မြင်ရချိန်မှာတော့ လူပေါင်းများစွာတို့သည် မည်သို့မှမနေနိုင်ဘဲ တံတွေးကိုပင် ကြိတ်ကာမျိုချမိ၏။

“ရွှေတုံးတွေကွ။ ရွှေခဲတွေ၊ ရွှေခဲတွေပဲ”

တချို့သော ပင်လယ်ဓားပြများသည် တုန်လှုပ်စရာအလှည့်အပြောင်းကို မြင်ခဲ့ရ၏။ မြေပြင်ထက်တွင် တချို့သော ရွှေခဲများနှင့် ရွှေဒင်္ဂါးများ ရှိနေသည်ဖြစ်ကြောင်းကို သူတို့က မြင်လိုက်ရခြင်းပင်။

“အမှန်ပဲဟ။ ရှမ့်လန်က ရွှေတွေကို သန့်စင်ပြီး ဒီနေရာမှာ လာပစ်ထားသလားတောင် မှတ်ရတယ်”

ပြီးနောက် ပင်လယ်ဓားပြအားလုံးတို့သည် ဓားများကို ထုတ်ကာဖြင့် မြေကြီးများကို တူးထုတ်ကာ ရှိသမျှကို ယူဆောင်လျက်ရှိနေ၏။ ဤနေရာတွင် မည်သည့်ရန်သူမှ မရှိသလို မည်သည့်ထောင်ချောက်များလည်း မရှိချေ။

အောက်ခြေတွင် ပင်လယ်ဓားပြများ တဖြည်းဖြည်း ပိုမိုကာ များပြားလာခဲ့ကြ၏။ ၎င်းတို့သည် ရှိရှိသမျှသော ရွှေများကို ယူဆောင်သွားရန် ပြင်ဆင်လျက်ရှိနေကြ၏။

ထန်ကျုံးသည် မည်သို့မှ တောင့်မခံနိုင်တော့ချေ။ လှမ်းကာ အော်ဟစ်လိုက်သည်။ “အောက်ကိုဆင်းကြမယ်။ အောက်ကိုဆင်းကြမယ်”

ထို့ကြောင့် ထန်မိသားစု၏ စစ်သည်တော် သုံးထောင်ကျော်တို့သည် မည်သို့မှ တောင့်ခံမနိုင်တော့ချေ။ အောက်ဆီသို့ ဆင်းကြ၏။ ဤအချိန်မှာတော့ ပင်လယ်ဓားပြ ချောင်ထျန်းဝေ၏ နောက်လိုက်များသည်လည်း တောင့်မခံနိုင်တော့ချေ။ သူတို့၏ ဘုရင်သည် အသုံးမဝင်ချေ။ သံသယကလည်း များပြားလွန်း၏။ တွင်းအောက်ခြေတွင် မည်သည့်ထောင်ချောက်မှ မရှိသလို မည်သူကမှလည်း ချုံခို၍ တိုက်ခိုက်မှာ မဟုတ်ချေ။ နေရာအနှံ့တွင် ရွှေများသာလျှင် ရှိလို့နေသည် မဟုတ်ပါလား။

ဤရွှေများအား တခြားသောလူများ ရရှိသွားပြီး သူတို့မရပါက မည်သို့ ကျေနပ်နိုင်မည်နည်း။ သူတို့သည် သူတို့ဆရာကြီး၏ တိုက်ရိုက် နောက်လိုက်များ ဖြစ်၏။ သို့ပေမည့် မည်သည့်အကျိုးကျေးဇူးကိုမှ မရသည်ဆိုပါက နောက်လိုက်ဖြစ်၍ ဘာလုပ်ရမည်နည်း။ ထို့အပြင် တိုက်ရိုက်နောက်လိုက်ဆိုလျှင်တောင် ၎င်းတို့သည် ဓားပြများ ဖြစ်၏။ စစ်သည်များ မဟုတ်ချေ။

“ဆရာကြီး ... အမိန့်မြန်မြန်ပေးပါအုံး။ ရွှေတွေ တခြားလူတွေ ယူသွားတော့မယ်။ ဘယ်မှာ ချုံခိုတိုက်ခိုက်တဲ့လူ ရှိလို့လဲ။ ဘယ်မှာလဲ ထောင်ချောက်က”

နောက်ဆုံးမှာတော့ ချောင်ထျန်းဝေ၏ အဓိကနောက်လိုက်များပင်လျှင် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပျက်ယွင်းလာခဲ့ကြ၏။

ရာချီသောလူများသည် အသင်းအဖွဲ့ ဖွဲ့ကာဖြင့် အောက်ဆီသို့ ဆင်းသွားခဲ့ကြ၏။ နောက်ဆုံးမှာတော့ ကျန်ရှိနေသည့် ပင်လယ်ဓားပြပေါင်း တစ်သောင်းကျော်တို့သည်လည်း တွင်းထဲသို့ စတင်ကာ ဆင်းကြ၏။ ရွှမ်ဝူအိမ်တော်၏ လူပေါင်း လေးထောင်ကျော်တို့က ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ ရန်သူမရှိတော့ချေ။ ဤနေရာတွင် ရွှေတွင်းကြီးသာလျှင် ရှိ၏။ မည်သူက တောင့်ခံထားနိုင်မည်နည်း။

ပင်လယ်ဓားပြ ချောင်ထျန်းဝေသည် ဤအခြေအနေတွင် သူ၏အမိန့် အာဏာမသက်ဝင်တော့သည် ဖြစ်ကြောင်းကို သိရှိ၏။ အားလုံးသော သူတို့ကို သူ မဖိနှိပ်နိုင်တော့ချေ။ သူသာ တားဆီးသည်ဆိုပါက ပိုမိုကာ ပြဿနာတက်ပေလိမ့်မည်။

ချောင်ထျန်းဝေက ဒေါသထွက်လျက်ရှိနေ၏။

သူသည် ရုတ်တရက် အောက်သို့ဆင်းကာ အော်ဟစ်လိုက်၏။ “အမိန့်နာခံ။ အားလုံးပဲ ရွှေတွေကို ယူ။ ပြန်ရောက်မှ အကုန်လုံးကို ခွဲပေးမယ်။ အချင်းချင်း လုယက်တာမျိုးရှိရင် မညှာမတာပဲ အကုန်လုံးကို သတ်ပစ်”

ချောင်ထျန်းဝေ၏ လက်ရွေးစင်ခေါင်းဆောင်များကြောင့် ပင်လယ်ဓားပြသုံးသောင်းကျော်တို့သည် အစီအစဉ်တကျ ဖြစ်လာခဲ့ကြသည်။ ချောင်ထျန်းဝေသည် ကျောက်ရိုင်း အနည်းငယ်ကို ယူပြီး သေသေချာချာ ကြည့်ရှုလိုက်၏။ ဤအရာသည် ရွှေတုံးများဖြစ်ကြောင်း သူ သိရှိလိုက်သည်။

မြေပြင်ကို ကြည့်ရှုလိုက်တော့ ရွှေအလွှာတစ်ခုလုံးသည် တကယ့်ကို ရွှေရောင်ဝင်းလျက်ရှိနေ၏။ တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းသည့်အရာမျိုးပင်။ သူတို့၏ ချောင်မိသားစုသည် မြင့်တက်လာမည့် အခြေအနေဆီသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

“ရှမ့်လန်.. ငါမင်းကို အထင်ကြီးခဲ့တာပဲ။ မင်းက တကယ်တော့ ဒီလောက်ပါပဲလား။ ရွှမ်ဝူ.. ခင်ဗျား ဘယ်လျှို့ဝှက်လမ်းက ထွက်ပြေးသွားလဲဆိုတာ ကျုပ်မသိဘူး။ ဒါပေမဲ့ ဒီကျွန်းထဲမှာ ခင်ဗျား ပိတ်မိနေမှာပဲ။ ပင်လယ်ပြင်ကို ခင်ဗျားထွက်လို့ရမှာ မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျား လွတ်မြောက်မှာ မဟုတ်ဘူး။ ခင်ဗျားတို့ ကျင်းမိသားစုအကုန်လုံးကို ကျုပ်သတ်ပစ်မယ်။

ရှမ့်လန်.. မင်း ငါ့သားကို သတ်ရဲတယ်ဟုတ်လား။ ငါမင်းကို သင်းကွပ်ပစ်မယ်။ ပြီးတော့ သေချင်လောက်တဲ့အထိ နှိပ်စက်ပစ်မယ်”

သို့ပေမည့် ဤအချိန်မှာပဲ ဘုန်း.. ဘုန်း.. ကျယ်လောင်လှသော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။ မြေပြင်တစ်ခုလုံးတွင် ရှိနေသည့် မိုင်းတွင်းကြီးသည် တဖြည်းဖြည်း ပြိုကျလာခဲ့၏။ ချောင်ထျန်းဝေ၏ နှလုံးသားများက တုန်လှုပ်သွားခဲ့၏။ သူသည် မယုံကြည်နိုင်စွာဘဲ မော့ကာ ကြည့်ရှုလိုက်၏။

မည်ကဲ့သို့ လက်နက်ဖြစ်သနည်း။ မြေတွင်းကြီးတစ်ခုလုံးပင် ပေါက်ကွဲထွက်ပြီး အောက်သို့ ကျဆင်းလာခဲ့သည့် အရာသည် မည်သည့်အရာဖြစ်သနည်း။

ဟုတ်ပေ၏။ ယမ်းများသာလျှင် ဖြစ်၏။ ရှမ့်လန်သည် မည်သည့်အရာကိုမှ ထူးထူးခြားခြား မပြုလုပ်ခဲ့ချေ။ ယမ်းများနှင့် မီးများကို ချိတ်ဆက်ကာဖြင့် ထိုအရာကို ဖောက်ခွဲပစ်ရန် ကြံစည်ခဲ့ခြင်းသာလျှင် ဖြစ်သည်။

“တိုက်ခိုက်ဖို့ ပြင်ကြတော့”

ချောင်ထျန်းဝေသည် သူ၏ဓားမော့ကြီးကို ဆွဲထုတ်လိုက်၏။ ပင်လယ်ဓားပြ စစ်သည်ပေါင်း တစ်သောင်းကျော်တို့သည် တုန်လှုပ်သွားခဲ့ကြ၏။ သူတို့သည် ဓားမော့များကို ဆွဲထုတ်ကာ တိုက်ခိုက်ရန် ပြင်ဆင်နေခဲ့၏။ လမ်းပိတ်သွားသည်ဆိုလျှင်လည်း ဘာဖြစ်သနည်း။ သူတို့ ကျော်ခွကာ သွားနိုင်စွမ်း ရှိနေ၏။ တစ်ဖက်လူများသည် စစ်သည်တော် လေးထောင်ကျော်သာလျှင် ရှိ၏။ သူတို့ကို မည်သို့မှ နိုင်လိမ့်မည် မဟုတ်ချေ။

ထိုအချိန်မှာပဲ ချောင်ထျန်းဝေ၏ ဒူးများက ခွေကျသွားခဲ့၏။ သူသည် အလွန်ကြီးမားသည့် အန္တရာယ်ကို စတင်ကာ ခံစားမိ၏။

ဘုန်း၊ ဘုန်း.. မြေပြင်တစ်ခုလုံးသည် ကြမ်းကြမ်းတမ်းတမ်း ပေါက်ကွဲလျက်ရှိနေ၏။ ယခင်ပေါက်ကွဲမှုများနှင့် နှိုင်းယှဉ်ရမည်ဆိုပါက အဆပေါင်းများစွာ ပိုမိုကာ အားကောင်း၏။

ကျွန်းထဲတွင် တွင်းကြီးတစ်ခုသာ တည်ရှိ၏။ ထိုအရာက ဤတွင်းကြီးပင် ဖြစ်၏။ မြေပြင်တစ်ခုလုံး တုန်ခါသွားခဲ့ပြီး မီးပွင့်မီးပွားများသည် တည်နေရာအနှံ့သို့ ပြန့်နှံ့သွားခဲ့၏။ ပေါက်ကွဲမှု၏ အားအင်သည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။

ဂျိန်း၊ ဂျိန်း...

ချက်ချင်းပဲ များပြားလွန်းသည့် ပင်လယ်ရေများသည် လမ်းကြောင်းများမှ တစ်ဆင့် ဤတွင်းကြီးထဲသို့ စတင်ကာ ဆင်းသက်လာခဲ့၏။ တစ်ချိန်တည်းမှာပဲ စစ်စည်တီးခတ်သံများကို ကြားရ၏။ ရွှမ်ဝူအိမ်တော်၏ စစ်သည်ပေါင်း လေးထောင်ကျော်သည် ရုတ်တရက် တွင်း၏ အပေါ်ဘက်တွင် ပေါ်ပေါက်လာခဲ့ကြ၏။

ဓားပြအားလုံးတို့သည် တွင်းကြီးထဲသို့ ပင်လယ်ရေများ စီးဝင်လာသည်ကို အံ့အားသင့်စွာဖြင့် ကြည့်ရှုနေမိကြသည်။

ရွှမ်ဝူသည် အပေါ်မှငုံ့မိုးကြည့်ကာ အော်ဟစ်လိုက်၏။ “ချောင်ထျန်းဝေ... ခင်ဗျားကို ကျုပ်ဒီနေ့သတ်ပစ်မယ်။ ဒီနေ့က ခင်ဗျားရဲ့ နောက်ဆုံးနေ့ပဲ”

All Chapters