အခန်း (၂၃၁)
Vol. 17 Ch. 231
ယမ်းမှုန့်များ၏ အားအင်က တကယ့်ကို သာမန်ဆန်လွန်လှ၏။ အထူးသဖြင့် ၃၀၀ မီတာနီးပါးခန့်ရှိသော ဥမင်လှိုဏ်ခေါင်းကြီးကို ဖောက်ထွင်းရန်အတွက် သူတို့သည် ယမ်းမှုန့် ကီလိုဂရမ်ပေါင်း တစ်သောင်းကျော်ကို အသုံးပြုခဲ့ရ၏။ ထိုသို့ဆိုလျှင်တောင်မှ လူပေါင်း တစ်သောင်းကျော်က ထပ်မံကာ တူးခဲ့ရသေး၏။ အလွန် ကြီးမားလွန်းသည့် မိုင်းတွင်းကြီးဖြစ်သည်မို့ မြေပြင်ကလည်း မာကျောလွန်း၏။
ရှမ့်လန်သည် ထိုအရာကို လွန်ခဲ့သည့် နှစ်ဝက်တည်းက ကြိုတင်ပြင်ဆင်ခဲ့ခြင်းသာ မဟုတ်ပါက အောင်မြင်ဖို့ ဆိုသည်မှာ မဖြစ်နိုင်ချေ။ ယမ်းမှုန့်ပေါင်း တစ်သောင်းကီလိုဂရမ်ကို အသုံးပြုပြီးနောက် သူတို့၏ လက်ထဲတွင် ရှိနေသည့် ယမ်းမှုန့်ပမာဏ အရေအတွက်ပင်လျှင် အတော်အတန် လျော့ပါးသွားခဲ့ပြီဖြစ်၏။ တခြားသော နည်းလမ်းလည်းမရှိချေ။ ထိုအရာကို အသုံးပြုမှသာလျှင် အဆင်ပြေပေမည်။
ရွှမ်ဝူသည် လူပေါင်းလေးထောင်ကျော်တို့ကို ခေါ်ဆောင်ကာ ပျောက်ကွယ်သွားခဲ့၏။ ပြီးနောက် ရုတ်တရက် ဆိုသလိုပဲ တစ်ဖက်လူများ၏အပေါ် မိုင်းတွင်းအထက်သို့ ပြန်လည်ကာ ရောက်ရှိလာခဲ့၏။ တစ်ဖက်လူများ၏ ထွက်လမ်း၊ မိုင်းတွင်း၏ လမ်းတစ်ခုလုံးကို ကျောက်တုံးများဖြင့် ပိတ်ထားခဲ့ပြီ ဖြစ်၏။
ချောင်ထျန်းဝေ၏ ပင်လယ်ဓားပြအားလုံးတို့သည် တွင်းထဲသို့ ရောက်ရှိနေပြီဖြစ်သောကြောင့် နှစ်ဖက်နှစ်ချက် အကုန်လုံးသည် ပိတ်မိလျက် ရှိနေ၏။ ပင်လယ်ရေများက ထိုထဲသို့ ဝင်ရောက်လျက်ရှိနေသည်။
ကြီးမားလွန်းသည့် တွင်းကြီးသည် ပင်လယ်ရေများဖြင့် တဖြည်းဖြည်း ပြည့်နှက်လာခဲ့၏။ စက္ကန့်တိုင်း၊ စက္ကန့်တိုင်းတွင် ပင်လယ်ရေပေါင်းများစွာက ဝင်ရောက်လျက်ရှိနေ၏။ မျက်စိတစ်မှိတ်အတွင်း ဤတွင်းကြီးသည် သမုဒ္ဒရာကြီးတစ်ခုအလား ရေများဖြင့် ပြည့်နှက်သွားခဲ့၏။
ချောင်ထျန်းဝေ၏ မျက်လုံးများသည် ပြူးထွက်လုမတတ် ဖြစ်နေ၏။ ကောက်ကျစ်လွန်းသည့် ရှမ့်လန်။ တကယ့်ပင် ရှမ့်လန်၌ အလွန်ဆိုးဝါးလွန်းသည့် အကြံအစည်တစ်ခု တည်ရှိနေခဲ့သည်။
သို့ပေမည့် မည်သို့ လုပ်ခဲ့သနည်း။
ဤနေရာသည် ပင်လယ်ပြင်နှင့် တစ်မိုင်နီးပါးခန့် ဝေးကွာသည့် နေရာဖြစ်၏။ လမ်းတစ်လျှောက်တွင် မာကျောလွန်းသည့် ကျောက်ခဲများ၊ ကျောက်တုံးများလည်း ရှိ၏။ ဤနေရာဆီသို့ ရေများ ရောက်ရှိစေရန် လမ်းကြောင်းကြီးတစ်ခုကို မည်သို့ တူးနှက်ခဲ့သနည်း။ မည်ကဲ့သို့သော အမျိုးအစား လက်နက်ကို အသုံးပြုခဲ့သောကြောင့် ဤမျှ ကျယ်လောင်သော အသံနှင့် ပေါက်ကွဲမှုအား တစ်ခုက ဖြစ်ပေါ်ခဲ့သနည်း။
ချောင်ထျန်းဝေ သိဖို့မဆိုနှင့် ထိုအရာကို ရွှမ်ဝူအိမ်တော်ရှိ စစ်သည်များပင်လျှင် မသိရှိချေ။ အဘယ့်ကြောင့် ဆိုသော် ဤကဲ့သို့ ပေါက်ကွဲစေသည့် အရာများကို ဖန်တီးပြုလုပ်သည့် နေရာတွင် ပါဝင်ခဲ့သည့်သူများမှာ တစ်ရာနီးပါးခန့်သာလျှင် ရှိ၏။ ထို့အပြင် ပိုမို၍ အရေးကြီးသည်မှာ ထိုကိစ္စကို အပြင်ဖက်သို့ မပေါက်ကြား စေခြင်းပင်။
ချောင်ထျန်းဝေက အော်ဟစ်လိုက်၏။ “တက်ကြ၊ တက်ကြ၊ အပေါ်ကို တက်ကြ”
ချက်ချင်းပဲ ပင်လယ်ဓားပြပေါင်းများစွာတို့သည် အပေါ်ဆီသို့ စတင်ကာ တက်ကြ၏။ သို့ပေမည့် ပင်လယ်ဓားပြ တော်တော်များများတို့သည် လက်ရှိအခြေအနေတွင် စိုးရိမ်ပူပန်မှု ကင်းနေကြ၏။
“ရှမ့်လန်.. မင်းလုပ်နိုင်တာ ဒါအရာပဲ၊ ဒါပဲလား။ ငါတို့က ပင်လယ်ဓားပြတွေ။ လောကကြီးမှာ ငါတို့ထက်ပိုပြီးတော့ ရေကူးကျွမ်းတဲ့လူဆိုတာ ရှိမယ်တောင်မထင်ဘူး။ မင်းက ငါတို့ကို ရေထဲမှာ နှစ်ပြီး သတ်ချင်နေတာလား။ တကယ့်ကို ကြောင်တောင်တောင်ကောင်ပဲ”
“တက်ကြ၊ တက်ကြ”
ပင်လယ်ဓားပြအားလုံးတို့သည် အားကောင်းလွန်းလှ၏။ အလွန်မတ်စောက်သည့်တွင်း ဖြစ်သည် ဆိုလျှင်တောင်မှ သူတို့သည် ရေကိုအမှီပြုကာဖြင့် ပြန်လည်ကာ တက်နိုင်ကြ၏။ သို့ပေမည့် ဤမိုင်းတွင်း၏ ချောက်နက်ကြီးသည် မီတာ တော်တော်များများ မြင့်မား၏။ ထို့အပြင် ၉၀ ဒီဂရီ မတ်စောက်လျက် ရှိနေသေးသည်။
ပိုမို၍ ကြောက်မက်ဖွယ်ရာကောင်းသည်မှာ နှင်းခဲများသည် အရည်ပျော်ကာဖြင့် အောက်ကို ကျဆင်းလျက် ရှိနေပြီး ရေခဲချွန်များ လျောကျလာခဲ့ခြင်းပင်။ အပေါ်သို့တက်ရသည်မှာ အလွန် ခြေချော်လွန်းလှ၏။ သူတို့သည် လက်ထဲ၌ ပုဆိန်၊ ပေါက်ပြားများလည်း မရှိခဲ့ချေ။ မည်ကဲ့သို့ တွယ်ကာ တက်ရမည်နည်း။
ပင်လယ်ဓားပြအားလုံးတို့သည် ရေခဲများကို ရိုက်ခွဲကာဖြင့် အပေါ်သို့ တက်ရန် ပြင်ဆင်ခဲ့ကြ၏။ တချို့သည် လမ်းတစ်ဝက်တွင် ပြုတ်ကျ၏။ တချို့ ပိုမိုကာအားကောင်းသည့် ဓားပြများမှာတော့ ထိပ်ပိုင်းဆီသို့ ရောက်အောင် ခုန်တက်နိုင်ခဲ့ကြ၏။ သို့ပေမည့် ထိုကဲ့သို့ တက်နိုင်ခြင်းက ပိုမိုကာ ဆိုးဝါး၏။ အဘယ့်ကြောင့် ဆိုသော် ထိပ်ဆုံးဆီသို့ရောက်ပြီး ခေါင်းကိုမော့ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ ရွှမ်ဝူအိမ်တော်မှ စစ်သည်များ၏ ပြုံးလျက်ရှိနေသည့် မျက်နှာများကို မြင်ခဲ့ရသောကြောင့်ပင်။
“မင်းတို့ တကယ်ပဲ ဒီနေရာဆီ တက်လာနိုင်တာပေါ့။ တကယ့်ကို အထင်ကြီးစရာပဲ” ပြီးနောက် အပေါ်ဆီမှ ကျောက်တုံးတစ်တုံးက ပြုတ်ကျလာခဲ့၏။ သို့မဟုတ် မြားတစ်စင်းက ပစ်ကျလာခဲ့၏။ ပြီးနောက် ဓားပြများသည် အောက်သို့ ထပ်မံကာ ကျဆင်းသွားခဲ့၏။ ပင်လယ်ဓားပြများသည် တစ်ယောက်ပြီးတစ်ယောက် အပေါ်ဆီသို့ တက်လာခဲ့ကြပြီး တစ်ယောက်ပြီးတစ်ယောက် အောက်သို့ ပြုတ်ကျ၏။ ဆိုးဝါးလွန်းပြီး ကြောက်မက်ဖွယ်ရာကောင်းသည့် အော်ဟစ်သံကြီးများသည် သွေးပျက်လောက်ဖွယ်ရာအဖြုစ် တစ်ယောက်ပြီး တစ်ယောက်ဆီမှ ထွက်ပေါ်လာခဲ့၏။
အကျအရှုံးအများဆုံးမှာ ကျင်းဟိုင်မြို့စား၏ သီးသန့်စစ်တပ်ဆီမှ စစ်သည်များပင် ဖြစ်၏။ သူတို့သည် သံမဏိချပ်ဝတ်များကို ဝတ်ဆင်ထားခဲ့ကြ၏။ ပင်လယ်ရေများ စီးဆင်းလာခဲ့ပြီးနောက် သူတို့သည် ရေအောက်ခြေဆီသို့ လျင်လျင်မြန်မြန်ပဲ မြုပ်သွားခဲ့ကြသည်။
“အကြီးဆုံးသခင်လေး ပြေး၊ ပြေး”
ကျင်းဟိုင်မြို့စားအိမ်တော်ဆီမှ အကြီးဆုံးသား ထန်ကျုံးသည် အလုံးစုံ ဆွံ့အလျက်ရှိ၏။ သူ၏ ယုံကြည်ရသည့် စစ်သည်တော်များသည် သူ၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် ချပ်ဝတ်များကို အတင်းဆွဲချွတ်ကာဖြင့် သူ့ကို အပေါ်ဆီသို့ တွန်းပို့လိုက်ကြ၏။
ထန်ကျုံး အနေနှင့် ထိုကဲ့သို့ ဖြစ်မည်ဟု မထင်မှတ်ခဲ့ချေ။ တကယ့်ကို တုန်လှုပ်၊ ခြောက်ခြားစရာကောင်းသည့် ထောင်ချောက်တစ်ခုသည် ဤတွင်းကြီးထဲတွင် တည်ရှိနေလေသည်။
ချောင်ထျန်းဝေ ကြောက်လန့်နေသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ ရှမ့်လန်သည် တကယ့်ကို ကောက်ကျစ်ပြီး အန္တရာယ်ကြီးမားသည့် အရာတစ်ခုကို ဖန်တီးခဲ့၏။
“ရှမ့်လန်.. မင်း တကယ့်ကို ကောက်ကျစ်စဉ်းလဲတဲ့ကောင်ပဲ။ အရမ်းဆိုးလွန်းတယ်”
ထန်ကျုံး၏ သိုင်းပညာသည် တကယ့်ကို ကောင်းမွန်လွန်း၏။ သူသည် အမြန်ဆန်ဆုံးနှုန်းဖြင့် အပေါ်သို့ တက်ခဲ့၏။ သို့ပေမည့် ဤကဲ့သို့ မြန်ဆန်ခြင်းက အဆိုးဝါးဆုံးဖြစ်ခဲ့၏။
အားလုံးသောသူတို့သည် ဖြည်းဖြည်းတက်၏။ သို့ပေမည့် သူက အလွန်မြန်ဆန်စွာ တက်၏။ အဘယ့်ကြောင့်ဆိုသော် သူ၏ သိုင်းပညာက မြင့်မားလွန်းသောကြောင့်ပင်။ သူသည် ကျိန်းသေပေါက် သိုင်းပညာကျွမ်းကျင်သူ ဆရာကြီးတစ်ယောက် ဖြစ်သည်။
ထို့ကြောင့် ….
ဝှစ်၊ ဝှစ်၊ ဝှစ်
မြားသမား တစ်ဒါဇင်ကျော်တို့သည် သူ့တစ်ယောက်တည်းကို ဦးတည်ကာဖြင့် ဝိုင်းကာ ပစ်ခတ်ကြ၏။ ကျောက်တုံး၊ကျောက်ခဲပေါင်းများစွာတို့သည် သူ့ဆီသို့ ဦးတည်ကာ ရောက်ရှိလာ၏။ ထန်ကျုံးသည် တကယ့်ကို အားကောင်းလွန်း၏။ မျောက်တစ်ကောင်ကဲ့သို့ပင် မြားများ၊ ကျောက်တုံးများကို ရှောင်ရှားကာဖြင့် အပေါ်သိူ့ ခုန်လွှားကာ တက်လျက်ရှိနေ၏။
သူသည် အပေါ်ကို တက်၏။ များပြားလွန်းသည့် မြားများ၏ ထိမှန်ခြင်းကို ခံရ၏။ သို့ပေမည့် တကယ် သေကွင်းသေကွက်နေရာမျိုးကို မထိမှန်ခဲ့ချေ။ သူသည် ကျောက်တုံး တော်တော်များများ၏ ထိမှန်ခြင်းကို ခံခဲ့ရ၏။ ကျောက်တုံးနှစ်တုံးဆိုလျှင် ကီလိုဂရမ် ဒါဇင်ချီ လေးလံသည့် ကျောက်တုံးများပင် ဖြစ်၏။ ထိုအရာသည် သူ့ကို သွေးပင် အန်ထွက်စေခဲ့၏။ သို့ပေမည့် သေလောက်သည့်နေရာကိုတော့ မထိမှန်ခဲ့ချေ။
နောက်ဆုံးမှာတော့ ထန်ကျုံးသည် အပေါ်ဆီသို့ တက်နိုင်ခဲ့ပြီ ဖြစ်၏။ မြေပြင်ပေါ်သို့ရောက်ရန် တစ်ပေနီးပါးခန့် လိုသည့် အချိန်မှာတော့ ရုတ်တရက် သူ၏ ခေါင်းထက်တွင် စူးရှသည့် နာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။ သူ၏ ဆံပင်အားလုံးတို့သည် ဆွဲခွာခြင်းခံလိုက်ရ သကဲ့သို့ပင်။
ရွှမ်ဝူကျင်းကျိုးသည် ကိုယ်တိုင် လှုပ်ရှားတိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။
နောက်တစ်စက္ကန့်အတွင်းမှာပဲ များပြားသော ဓားမော့များသည် ထန်ကျုံး၏ လည်ပင်းထက်ဆီသို့ ရောက်ရှိလာသည်။
ထန်ကျုံး နားလည်လိုက်ပြီဖြစ်၏။ အဘယ့်ကြောင့် သူ အပေါ်ကို တက်လာမိသနည်း။ အပေါ်တွင် ရန်သူပေါင်း ထောင်ကျော် တည်ရှိနေ၏။ ဉာဏ်ကောင်းသည့်လူများသည် မည်သည့်အချိန်တွင် နောက်ဆုတ်ရမည်ကို ကောင်းကောင်းသိ၏။
ထန်ကျုံးသည် ချက်ချင်းပဲ ဒူးထောက်ကာဖြင့် ပြောလိုက်သည်။ “ရွှမ်ဝူ... ကျုပ် အညံ့ခံပါ့မယ်။ ကျေးဇူးပြုပြီး ကျုပ်ရဲ့အသက်ကို ချမ်းသာပေးပါ။ ကျုပ်တို့က တော်ဝင်မျိုးနွယ်ဟောင်းတွေ အတူတူပဲလေ။ ကျုပ်ရဲ့အဖေက ခင်ဗျားကို ပိုက်ဆံပေးပါလိမ့်မယ်”
ရွှမ်ဝူသည် ထန်ကျုံး၏ လည်ပင်းကို လက်ဝါးစောင်းနှင့် ရိုက်နှက်လိုက်၏။ တစ်ဖက်လူသည် မေ့မျောသွားခဲ့၏။ ကျင်းကျုံးသည် အရှေ့ဆီသို့ လှမ်းတက်ပြီး တစ်ဖက်လူ၏ ခြေလက်များဆီမှ အကြောများကို ဆွဲထုတ်၏။ ထန်ကျုံး၏ လက်တွင် ရှိနေသည့် သွေးလွှတ်ကြောမကြီးများကိုပါ ဆွဲထုတ်လျက်ရှိနေသေးသည်။
သတိလစ်မေ့မျောနေသည်ဆိုလျှင်တောင်မှ ထန်ကျုံး၏ ခန္ဓာကိုယ်သည် တစ်ချက်ချက် တုန်ယင်သွားခဲ့၏။ ရုတ်တရက် သူ၏ ခြေထောက်၊ လက်များတွင် ရှိနေသည့် အကြောများအားလုံးကို ဆွဲထုတ်ကာ ဖျက်ဆီးခြင်းကို ခံခဲ့ရ၏။ သူ၏ သိုင်းပညာသည် အလုံးစုံ ပျက်စီးသွားခဲ့ပြီ ဖြစ်၏။ ပြီးနောက် သူ၏ ပါးစပ်အတွင်းသို့ ဓားမြှောင်တစ်ချောင်းက ရောက်ရှိလာခဲ့ပြီး ပြင်းပြင်းထန်ထန် မွှေနှောက်၏။ ထန်ကျုံး၏ လျှာသည် ပိုင်းဖြတ်ခြင်းကို ခံလိုက်ရပြီး သွေးများ အန်ထွက်လာ၏။
ထိုအချိန်မှာတော့ ထန်ကျုံးသည် သတိလစ်မေ့မျောနေရာမှ နိုးထလာခဲ့၏။ ချက်ချင်းပဲ အလွန်နာကျင်သည့် ခံစားချက်ကို ရရှိ၏။ ရုတ်တရက်ထကာ အော်ဟစ်လိုက်၏။ ကျင်းကျုံးသည် ဘေးတစ်ဖက်တွင် ရှိနေသည့် မြေဆီခဲများကို ထုတ်ယူကာဖြင့် ထန်ကျုံး၏ ပါးစပ်ထဲသို့ ထိုးထည့်ပြန်၏။ ပြီးနောက် ပါးစပ်ကို ပိတ်ကာ သွေးတိတ်ရန် ပြုလုပ်လိုက်၏။ သူသာ ဤကဲ့သို့ မလုပ်ပါက နားငြီးပေဦးမည်။
ထန်ကျုံးသည် အသက်ရှင်လျက်ရှိနေသေး၏။ ဘာဆက်လုပ်ရမည်နည်း။
သမက်တော် သည် ဤထန်ကျုံးကို ဘာလုပ်ရန်ဆိုပြီး သီးသန့်မမှာကြားခဲ့ချေ။ ထို့ကြောင့်ပင်လျှင် ကျင်းကျုံး သည် ထန်ကျုံးကို အသက်ရှင်လျက် ထားရှိခဲ့ခြင်းဖြစ်၏။ အသက်ရှင်လျက်ထားမည်ဆိုလျှင်တောင်မှ အန္တရာယ်မသက်ရောက်စေရန် ဤကဲ့သို့ ပြုမူဆောင်ရွက်ခဲ့၏။
အစေခံ ကျေးကျွန်တစ်ယောက် ဖြစ်ရခြင်း ဆိုသည်မှာ လွယ်ကူသည် မဟုတ်ချေ။ အထူးသဖြင့် သမက်တော်ရှမ့်၏ အစေခံကျေးကျွန်မျိုးပင်။
.......
လှိုဏ်ခေါင်းကြီးတစ်လျှောက်မှတဆင့် ပင်လယ်ရေများသည် ရူးရူးမူးမူး စီးဝင်လာခဲ့၏။ ပင်လယ်ရေမျက်နှာပြင်က တဖြည်းဖြည်း မြင့်တက်လာခဲ့၏။ ပင်လယ်ဓားပြအဖွဲ့များသည် မသေသေးချေ။ တော်တော်များများတို့သည် အသက်ရှင်လျက်ရှိနေကြပြီး ရေထဲတွင် ကူးခတ်လျက်ရှိနေကြ၏။
ထန်မိသားစု၏ သီးသန့်စစ်သည်များမှာတော့ အားလုံး သေသလောက်နီးပါး ဖြစ်ကုန်ကြ၏။ ပင်လယ်ဓားပြများ မှာတော့ ပင်လယ်ဓားပြဆိုသည့် နာမည်နှင့် လိုက်ဖက်ညီစွာပင် ရေထဲ၌ အကောင်းမွန်ဆုံး ရှင်သန်နိုင်ရန် စွမ်းဆောင်ရည် ရှိကြသည်။
ပင်လယ်ဓားပြခေါင်းဆောင် တစ်ယောက်သည် ချောင်ထျန်းဝေဆီသို့ ကူးခတ်သွားခဲ့ပြီး ပြောလိုက်၏။ “ဆရာကြီး.. …. ရှမ့်လန်က တကယ့်ကို စောက်ရူးပဲ။ ကျုပ်တို့ကို ရေနစ်သတ်ဖို့ စဉ်းစားနေတာ။ တကယ့် ဟာသကောင်ပဲ။ ကျုပ်တို့က ဘယ်သူတွေလဲ။ ကျုပ်တို့က ပင်လယ်ဓားပြတွေလေ”
“အမှန်ပဲ၊ အမှန်ပဲ။ ရှမ့်လန်ရဲ့ ဦးနှောက်က ပင်လယ်ရေ ဝင်သွားတာပဲလို့ ကျုပ်ထင်တယ်။ ဒါက ပင်လယ်ရေတွေ ဝင်သွားတာတွေ မဟုတ်ဘူး။ သူ့ရဲ့ ဦးနှောက်ထဲကို သူ့အဖေရဲ့ သေးပါ ဝင်သွားတာ ဖြစ်လိမ့်မယ်”
ဤပင်လယ်ဓားပြများသည် အံ့အားသင့်စရာဖြစ်၏။ ဤကဲ့သို့သော အခြေအနေမျိုးတွင်ပင်လျှင် ခေါင်းမာမာနှင့် ဂုဏ်ယူဝင်ကြွားလျက် ရှိနေကြသည်။
“အားလုံးပဲ စိတ်မပူနဲ့၊ စိတ်မပူနဲ့။ ပင်လယ်ရေရဲ့ အမြင့်က တဖြည်းဖြည်း မြင့်လာလိမ့်မယ်။ မြေပြင်နှင့် နီးကပ်တဲ့ အထိမရောက်ဘူး ဆိုရင်တောင် အဲဒီနားနဲ့ မဝေးလောက်ဘူး။ ငါတို့ မြေပေါ်ကို ခုန်တက်လို့ရတယ်။ ဒါဆိုရင် ရွှမ်ဝူအိမ်တော်မှာ ရှိတဲ့ ဟို ခွေးသူတောင်းစားတွေ အကုန်လုံးကို ငါတို့ သတ်ပစ်နိုင်တယ်”
“ဟုတ်တယ်။ မြေပေါ်ကို ရောက်အောင် တွယ်ကပ်ပြီး တက်မနေကြနဲ့။ ရေရဲ့အမြင့် ပိုပြီး မြင့်တက်လာတဲ့အထိ စောင့်ကြရအောင်။ ကျင်းမိသားစုကို သတ်ပစ်ပြီး ရှမ့်လန်ကို အသက်ရှင်လျက် အရေခွံခွာပစ်မယ်”
“ငါ သူ့ကို သေတဲ့အထိ ချချင်တယ်။ ဒီခွေးသူတောင်းစား ရှမ့်လန်ရဲ့ မျက်နှာကို သေးနဲ့ ကော့ပန်းချင်တယ်”
“မလှုပ်နဲ့။ ခင်ဗျားရဲ့ အားအင်တွေကို ချွေတာထားလိုက်။ ပင်လယ်ရေ ပြည့်တဲ့အထိ အသာလေး စောင့်နေလိုက်။ အခုလောလောဆယ် ကိုယ်ဖော့ပြီးနေကြ”
သေချာပေ၏။ ရေအမြင့်သည် ဆက်တိုက်ဆိုသလို မြင့်တက်လာခဲ့၏။ မကြာခင်တွင် လှိုဏ်ခေါင်း၏ အဝင်ဝနှင့် နီးကပ်သည့် အခြေအနေဆီသို့ ရောက်ရှိလာပေမည်။ တဖြည်းဖြည်း မြေပြင်နှင့် နီးကပ်လာသည်ဟူသည့် အဓိပ္ပာယ်ပင်။
၃၀ မီတာ …. ၂၅ မီတာ …။
ဤအချိန်မှာတော့ ဘုန်း၊ ဘုန်း၊ ဘုန်း နောက်ထပ် ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာ၏။
မည်သည့်နေရာက ထွက်ပေါ်လာသည် ဖြစ်ကြောင်း မသိရှိချေ။ သို့ပေမည့် အားလုံးသောသူတို့သည် တကယ်ပဲ ကြောက်လန့် သွားခဲ့ကြ၏။ ပင်လယ်ရေ၏ မြင့်တက်မှုက ရုတ်တရက် ရပ်တန့်သွားခဲ့၏။ ဤကဲ့သို့သော ပေါက်ကွဲမှုသည် ရေများစီးဆင်းလာခဲ့သော လှိုဏ်ခေါင်းကို ပိတ်ဆို့စေခဲ့၏။ ထို့ကြောင့် ပင်လယ်ရေများသည် ဆက်လက်ကာ မစီးဝင်တော့ချေ။
အချိန်ခဏကြာပြီးသည့်နောက် ပင်လယ်ရေ မြင့်တက်လာခြင်း ရပ်တန့်သွားပြီဖြစ်ကြောင်း ပင်လယ်ဓားပြများ က သိရှိလိုက်ကြ၏။
“ရှမ့်လန်... ငါမင်းကို ချပစ်မယ်။ ငါမင်းကို ချမယ်ကွ”
ထိုအချိန်မှာပဲ အားလုံးသောသူတို့သည် ရုတ်တရက်ထကာ ဆဲဆိုလျက်ရှိနေ၏။ ပင်လယ်ဓားပြများသည် ဒေါသတကြီးဖြင့် တစ်ယောက်ကိုတစ်ယောက် စူးစိုက်ကာ ကြည့်ရှုလိုက်ကြသည်။
“ဆရာကြီး.. ကျုပ်တို့ ဘာလုပ်ကြမလဲ”
ယခု ကောင်းကင်ဘုံသည် သူတို့ကို ရက်စက်ခဲ့ပြီဖြစ်သည်။ ရေသည် အပေါ်မြေပြင်နှင့် နီးကပ်ရန် ၂၅ မီတာခန့် လိုအပ်နေ၏။ သူတို့ မည်ကဲ့သို့ တွယ်တက်ရမည်နည်း။
“ကျုပ်တို့အားလုံးက ပင်လယ်ဓားပြတွေလေ။ ရေကို ဘာလို့ ကြောက်နေမှာလဲ။ ကျုပ်တို့က ရေနစ်သေမှာမှ မဟုတ်တာ”
ပင်လယ်ဓားပြများသည် ထိုသူ့ကို လှမ်းကာ ကြည့်ရှုလိုက်၏။
“တကယ်ပဲ ကျုပ်တို့ ရေနစ်မသေဘူး။ ဒါပေမယ့် အေးခဲပြီးတော့ သေသွားနိုင်တယ်”
“အေးခဲပြီး သေမယ် ဟုတ်လား။ ဟာသပဲ။ ဆောင်းတွင်းဆိုရင်တောင်မှ ကျုပ်တို့ ဒီနေရာမှာ နှစ်နာရီနီးပါး အေးအေးဆေးဆေး ရေထဲမှာ ကူးနေနိုင်တယ်”
“ဒါပေမယ့် နှစ်နာရီကျော်သွားရင်ကော ဘယ်လိုလုပ်မလဲ။ လေးနာရီဆိုရင် ဘယ်လိုလုပ်မလဲ”
ရုတ်တရက် ပင်လယ်ဓားပြအားလုံးသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ လက်ရှိနေရာသည် အလွန် အေးခဲသည့် တည်နေရာမျိုး ဖြစ်၏။ တစ်ရက်လုံးလုံး နှင်းများကလည်း ကျဆင်းလျက်ရှိနေ၏။ ဤကဲ့သို့ အချိန်တွင် ရေထဲရှိ အပူချိန်သည် တဖြည်းဖြည်းနှင့် လျော့ကျလာခဲ့ပြီး သုည၏အောက် သုံး၊ နှစ်ဒီဂရီအထိပင် ရောက်ရှိသွားပေလိမ့်မည်။
သူတို့သည် ထင်ထားသလောက် အားကောင်းသည့် လူများ မဟုတ်ကြောင်း ပင်လယ်ဓားပြများက သိရှိသွားခဲ့ပြီ ဖြစ်၏။ သူတို့သည် ရေထဲတွင် တစ်နာရီတောင် မကြာသေးချေ။ သို့ပေမည့် အလွန်အေးခဲသည့် ခံစားချက်မျိုးကို ရရှိနေ၏။ ဤအတိုင်း ဆက်သွား၍ မဖြစ်ချေ။ ဤနေရာတွင် ဆက်၍ ဤအတိုင်း နေထိုင်မည်ဆိုပါက အားလုံးသောသူတို့သည် အေးခဲကာ သေဆုံးသွားပေလိမ့်မည်။
ပင်လယ်ဓားပြဘုရင် ချောင်ထျန်းဝေက အော်ဟစ်လိုက်၏။ “အားလုံးပဲ.. ငါ့ကို ကာပေးထားစမ်း။ ငါ အပေါ် တက်သွားမယ်။ လမ်းတလျှောက်မှာရှိတဲ့လူအားလုံးကို ငါ ရှင်းလင်းပစ်မယ်။ ပြီးတော့ မြေပေါ်မှာ တည်နေရာတစ်ခု ရနိုင်အောင် ကြိုးစားပေးမယ်။ ပြီးရင် မင်းတို့ အကုန်လုံး တွယ်တက်ခဲ့ကြ”
ဤနည်းလမ်းတစ်ခုသာလျှင် ရှိ၏။ ပင်လယ်ဓားပြကျွမ်းကျင်သူ တစ်ရာကျော်တို့သည် ချောင်ထျန်းဝေ၏ ဘေးတစ်ဖက်ဆီသို့ ကူးခတ်လာခဲ့ကြ၏။ ပြီးနောက် သူတို့သည် အတူတူ စုပေါင်းပြီးနောက် ချောင်ထျန်းဝေ အတွက် လမ်းတစ်ခုကို ဖန်တီးပေးကြသည်။
ပင်လယ်ဓားပြ ချောင်ထျန်းဝေသည် အလယ်မှနေ၍ အပေါ်သို့ တွယ်တက်၏။ ဤလူများသည် တကယ့်ကို ထက်မြက်ပြီး အားကောင်းသည့် လူများဖြစ်ကြောင်း ရွှမ်ဝူအိမ်တော်၏ လူများက သိရှိလိုက်ကြ၏။ အလွန်အေးခဲသည့် ချောက်ကဲ့သို့သော တည်နေရာကြီးဖြစ်လျှင်တောင်မှ တစ်ဖက်လူများသည် အပေါ်သို့ တွယ်တက်လာခဲ့ကြ၏။ အမြန်နှုန်းကလည်း ဩချလောက်၏။
“မြားတွေ ပစ်၊ ကျောက်ခဲတွေနဲ့ ပစ်ကြ” ချက်ချင်းပဲ မြားမိုးများ၊ ကျောက်ခဲမိုးများ ရွာကျလာခဲ့၏။ ပင်လယ်ဓားပြ ကျွမ်းကျင်သူများသည် ထိုအရာများနှင့် ထိမှန်ပြီးနောက် အောက်သို့ အကုန်ပြုတ်ကျကုန်၏။ တခြားသော ပင်လယ်ဓားပြများသည် ထိုအရာကို မြင်သည့်အချိန်မှာတော့ မြန်မြန်ဆန်ဆန်ပဲ ထိုသူများ၏ နေရာ၌ လူစားဝင်ခဲ့ကြသည်။
ချက်ချင်းပဲ အားလုံးသောသူတို့သည် ချောင်ထျန်းဝေကို ကာကွယ်ပေးသည့် အစားထိုးခံများအဖြစ်သို့ ပြောင်းလဲ သွားခဲ့၏။ တော်တော်များများတော့ မဟုတ်ခဲ့ချေ။ သို့ပေမည့် ချောင်ထျန်းဝေ၏ အလွန်ယုံကြည်ရသော စစ်သည်တော်များ ဖြစ်ကြ၏။ သို့ပေမည့် ဤတည်နေရာသည် တကယ့်ကို အန္တရာယ်များလွန်း၏။ သူတို့သည် ခံစစ်အနေအထားဖြင့် တောက်လျှောက်တည်ရှိနေခဲ့၏။ တဖြည်းဖြည်းနှင့် အစားထိုးသူများ၏ အမြန်နှုန်းသည် ပြုတ်ကျသည့် လူများ၏ အမြန်နှုန်းလောက် မမြန်တော့ချေ။