အခန်း (၂၃၃)
Vol. 17 Ch. 233
ဤရက်ပိုင်းအတွင်း ကျင်းဟိုင်မြို့စားကြီး ထန်လွမ်သည် အလွန်ပင် စိုးရိမ်ပူပန်လျက်ရှိနေ၏။ သို့ပေမည့် ပျော်ရွှင်ဖွယ်ရာကောင်းသည့် စိုးရိမ်ပူပန်မှုမျိုးပင်ဖြစ်၏။ ထို့အပြင် သူသည် အလွန်ကောင်းမွန်သည့် ရလဒ်ကို စောင့်မျှော်နေခြင်းသာလျှင်ဖြစ်၏။ လူပေါင်း သုံးသောင်းကျော်တို့ကို အသုံးပြု၍ သေးငယ်သည့် ဝမ်ကျားကျွန်းကို သွားရောက်သိမ်းပိုက်ခြင်းဆိုသည်မှာ ကိစ္စရပ်သေးသေးလေးသာလျှင်ဖြစ်သည်။
ထို့အပြင် ချောင်ထျန်းဝေသည် ကျော်ကြားလွန်းသည့် စစ်သူကြီးတစ်ယောက်ဖြစ်၏။ လွန်ခဲ့သည့် နှစ်နှစ်ဆယ်တုန်းက တိုက်ပွဲတွင် လူပေါင်း ငါးထောင်ကျော်ကိုသာလျှင် အသုံးပြုပြီး ကျင်းယုမြို့စားကြီး၏ လူပေါင်း တစ်သောင်းကျော်တို့ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့၏။
ရွှမ်ဝူအိမ်တော်သည် ပျက်စီးခံရတော့မည့်အကြောင်း တွေးလိုက်တိုင်း ထန်လွမ်သည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သည်အထိ စိတ်လှုပ်ရှားလျက် ရှိနေမိသည်။
နှစ်ပေါင်း တစ်ရာကျော်ကြာ တည်ရှိခဲ့သည့် ရန်သူသည် နောက်ဆုံးတွင် ဖျက်ဆီးခံလိုက်ရပြီဖြစ်၏။ ကျင်းမိသားစုသည် ပြီးလျှင် ဘာဆက်ဖြစ်မည်နည်း။ ကျင်းမူလန်သည် အလွန်လှပ၏။ သူမအနေနှင့် အိမ်ရှေ့စံမင်းသား၏ ဆော့ကစားရာ အရုပ်အဖြစ် ဖြစ်လာပေလိမ့်မည်။ စုဖေ့ဖေ့မှာတော့ သူမ၏ ယောက်ျား သေဆုံးခဲ့ပြီးသည့်နောက် လိုက်ပါ သေဆုံးပေလိမ့်မည်။
ပြီးနောက် ရှမ့်လန်.. ဤခွေးကောင်သည် ကျိန်းသေပေါက် ဆိုးဝါးသည့် သေဆုံးခြင်းမျိုးနှင့် သေဆုံးမှာဖြစ်၏။ လူပေါင်းများစွာတို့သည် သူ့ကို အရှင်လတ်လတ် စားသောက်ချင်စိတ်ရှိကြ၏။ အရေခွံခွာချင်စိတ်လည်း ရှိကြ၏။ သို့ပေမည့် ဘာပဲဖြစ်ဖြစ် သူ ထန်လွမ်သည် ကျိန်းသေပေါက် တစ်ချက်လောက်တော့ ဝင်ရောက်ကာ ခုတ်ရမှာဖြစ်၏။
ထို့အပြင် ကျင်းမိသားစုကို ဖျက်ဆီးသည့် အဓိကအားအင်သည် သူပင်ဖြစ်၏။ ထို့အပြင် အလွန်လှပသည့် အကြောင်းအရာတစ်ခုက ရှိနေသေး၏။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း လူပေါင်းများစွာတို့သည် တစ်ယောက်ပြီး တစ်ယောက် သူ့ဆီသို့ ရောက်ရှိလာကာ မြှောက်ပင့်ပြောဆို ချီးကျူးခဲ့ကြ၏။ ဥပမာအားဖြင့် ချင်းကန်မြို့စားအိမ်တော်၏ ဆက်ခံသူ ဝူယွမ်ဟွာပင် ဖြစ်သည်။
ချင်းကန်မြို့စားကြီး ဝူကျောင်းကျုံးသည် လက်ထဲတွင် စစ်သည်ပေါင်း တစ်သောင်းကျော် ပိုင်ဆိုင်သည့် လူလည်း ဖြစ်၏။ ထို့ကြောင့် ကျင်းဟိုင်မြို့စားကြီးကို အစဉ်အမြဲ အထင်အမြင်သေးခဲ့၏။ ယခင်က ကျင်းမိသားစုကို ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဆိုသော်လည်း ဝူမိသားစု၏ အမူအကျင့်အားလုံးသည် တကယ့်ကို ဆိုးဝါးပြီး မာန်မာနအပြည့်နှင့် မောက်မာခဲ့၏။
ယခု ထိုသူ၏ဆက်ခံသူ ဝူယွမ်ဟွာပင်လျှင် နှိမ့်နှိမ့်ချချနှင့် ဆက်ဆံလာခဲ့၏။ ဆိုလိုရင်း အဓိပ္ပာယ်က အလွန်ရိုးရှင်း၏။ ဝမ်ကျားကျွန်းတွင် ရွှေတွင်းကြီးသာ ရှိသည်မကဘဲ ရွှေကြောကြီးတစ်ခု တည်ရှိနေခြင်းပင်။ ထို့ကြောင့် အားလုံးသောသူတို့သည် အတူယှဉ်တွဲကာ တိုက်ခိုက်ချင်စိတ်ရှိကြ၏။ နာမည်ကောင်းလိုချင်ခြင်းပင်။ အောင်မြင်ခဲ့ပါက ကြီးမားလွန်းသည့် အကျိုးအမြတ်ကို ရရှိမည် မဟုတ်ပါလား။
ပြီးနောက် ကျန်းပေနယ်စားအိမ်တော်ဆီမှ သခင်လေး နန်းကုန်းဖျင်ပင်ဖြစ်၏။ ၎င်းသည် ကျင်းဟိုင်မြို့စားကြီး ဆီသို့ လာရောက်ပြီးသည့်နောက် ထောက်ပံ့ခြင်းကို ပြုလုပ်၏။ နန်းကုန်းမိသားစုသည် ဝမ်ကျားကျွန်းတွင် ရှိနေသည့် ရွှေကျွန်းကြီးဆီမှ ဝေစုရှယ်ယာများကို မရရှိသင့်ပေ။ ဂရုလည်းမစိုက်သင့်ပေ။ သို့ပေမည့် လာရောက် တောင်းခံချင်ပုံပင်။
ကျူးမိသားစု၏ ဆက်ခံသူ ကျူးဝမ်ထိုင်သည်လည်း သနားစဖွယ် တောင်းပန်လာခဲ့သည်။ “အရင်တုန်းက ကျင်းဟိုင်မြို့စားကြီးကို ကူညီဖို့ အမိန့်ရခဲ့တယ်ဆိုပေမယ့် ကျုပ်တို့မိသားစုက ရှမ့်လန်ကြောင့် ရေနစ်မြုပ်ခြင်း ခံခဲ့ရတယ်။ တော်တော် ဆိုးဝါးခဲ့ပါတယ်”
ထိုတင်သာမကချေ သူ၏ အဖေ မြို့စားလေးကျူးလန်ထင်သည် ရှမ့်လန်၏ လက်ထဲတွင် ဆိုးဆိုးရွားရွား သေဆုံးခဲ့၏။ သူ့ထက်ပိုမိုကာ အဖြစ်ဆိုးသည်လူဟူ၍ ရှိတော့မည်ပင် မထင်ချေ။ ကျူးမိသားစုသည် များပြားသည့် အရာများကို ပြုလုပ်ခဲ့၏။ ထို့ကြောင့် အတိတ်တုန်းက သံယောဇဉ်ရင်းနှီးမှုကို ထောက်ထား၍ သူတို့ကို ကူညီပေးပါရန် ကျင်းဟိုင်မြို့စားကြီးကို လာရောက်ကာ တောင်းဆို၏။ ကျူးကလန် သည် ဝမ်ကျားကျွန်း၏ အကျိုးအမြတ်များဆီမှ တစ်ရာခိုင်နှုန်းကိုသာလျှင် လိုချင်၏။
လူပေါင်းများစွာတို့သည် သူနှင့် လာရောက်ကာ စကားပြောလျက်ရှိနေ၏။ အားလုံးသောသူတို့သည် ထန်လွမ်ကို ချီးကျူးမြှောက်ပင့်လျက်ရှိနေ၏။ တကယ့်ကို မထင်မှတ်ထားလောက်သည့် ဆက်ဆံခံရမှုမျိုးပင်။ သူ .... ကျင်းဟိုင်မြို့စားကြီးသည် ရုတ်တရက် ကျော်ကြားလွန်းသည့် လူတစ်ယောက်ကဲ့သို့ ဖြစ်လာခဲ့၏။ တခြားနည်းလမ်းလည်း မရှိချေ။
ပင်လယ်ဓားပြဘုရင် ချောင်ထျန်းဝေသည် သူ၏ မဟာမိတ်သာလျှင်ဖြစ်၏။ ဝမ်ကျားကျွန်း အကျိုးအမြတ်များကို ရရှိချင်သည်ဆိုပါက ထန်လွမ်ဆီမှတစ်ဆင့် သွားရမည် ဖြစ်၏။
သို့ပေမည့် လူတော်တော်များများ တို့သည် အတွေးလွန်နေခြင်းသာလျှင် ဖြစ်သည်။ ရွှေကြောကြီး ဖြစ်၏။ အလကားနေ အလကား မည်သူမှ သဒ္ဓါပေါက်ကာဖြင့် လိုက်လံဝေငှနေမည်နည်း။
ကျင်းဟိုင်မြို့စားကြီးသည် ဤလူများ ရှုပ်ထွေးမည်ကို မစိုးရိမ်ချေ။ အဘယ့်ကြောင့်ဆိုသော် ဝမ်ကျားကျွန်း၏ အကျိုးအမြတ် ၂၅ ရာခိုင်နှုန်းကို အိမ်ရှေ့စံမင်းသားက ရယူမှာဖြစ်၏။ အိမ်ရှေ့စံမင်းသား စောင့်ရှောက်ထားပြီး ဖြစ်သောကြောင့် သူ၏ လက်ထဲတွင် ရှိနေသည့် အရာများကို မည်သူက လာရောက် လုယူရဲတော့မည်နည်း။
ထန်လွမ်သည် အားလုံးသောသူတို့၏ မြှောက်ပင့်သည့် စကားလုံးများကို ကြားရပြီးနောက် ကောင်းကင်ဘုံသို့ ထိုးတက်သွားသလိုပင် ခံစားနေမိ၏။
ထိုအချိန်မှာပဲ ကျင်းဟိုင်မြို့စားကြီးအိမ်တော်ဆီသို့ တခြားသော ဧည့်သည်တစ်ယောက်က ရောက်ရှိလာခဲ့၏။ ထိုသူသည် ကျန်းယွမ်နယ်စားအိမ်တော်ဆီမှ စုကျန့်ထင်ပင် ဖြစ်သည်။
မြို့စားကြီးထန်လွမ်သည် အံ့အားသင့် သွားခဲ့၏။ အားလုံးသောသူတို့သည် သူ့ဆီသို့ လာရောက်နေကြသည် ဆိုသော်လည်း ကျန်းယွမ်နယ်စားအိမ်တော်မှ လူတစ်ယောက် လာရောက်လိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။
‘ဒါ ခင်ဗျားတို့ရဲ့ ခမည်းခမက်တွေလေ။ ဘယ်လိုဖြစ်ပြီး သူတို့ကို မကူညီဘဲ ရေနစ်သူကို ဝါးကူထိုးဖို့ စဉ်းစားနေခဲ့တာလဲံ။ ခင်ဗျားတို့က တကယ့်ကို အံ့အားသင့်စရာကောင်းတဲ့လူတွေပဲ’
တော်ဝင်မျိုးနွယ်ဟောင်းများ၏ ကြားထဲတွင် စုနန်သည် အဆိုးဆုံး ဖြစ်ပေလိမ့်မည်။ နယ်စားကြီးစုနန် ကြောင့်သာ မဟုတ်ပါက ဘုရင်မင်းမြတ်သည် စောစောစီးစီး ဤကဲ့သို့ တော်ဝင်မျိုးနွယ်များကို သတ်ဖြတ်သည့် အလုပ်ကို ပြုလုပ်လိမ့်မည် မဟုတ်ချေ။
မြို့စားကြီးထန်လွမ်သည် တော်ဝင်မျိုးနွယ်မိသားစုများကို သစ္စာဖောက်ခဲ့ပြီး ဘုရင်မင်းမြတ်ဆီသို့ ခိုလှုံခဲ့ပြီးပြီ ဖြစ်၏။ သို့ပေမည့် သူတို့သည် စုကလန်ကိုတော့ မကျော်နိုင်ခဲ့ချေ။ စုကလန်သည် တကယ့်ကို အရှက်မဲ့ ဆိုးယုတ်လွန်းလှ၏။ တော်ဝင်မျိုးနွယ်အားလုံးတို့၏ အရှက်တရားကိုပင် ခေါ်ညွှန်းရပေလိမ့်မည်။
“ဘာ... ဆက်ခံသူ စုကျန့်ထင်က ဝမ်ကျားကျွန်းရဲ့ ရွှေတွင်းအတွက် ဝေစုတောင်းဆိုဖို့ ကျုပ်ဆီ လာခဲ့တာလား”ထန်လွမ်က မေးလိုက်၏။
စုကျန့်ထင်က ပြောလိုက်သည်။ “ကျုပ်တို့စုကလန်က မျက်စိကန်းနေတာ မဟုတ်ဘူးလေ”
ထန်လွမ်က ပြောလိုက်၏။ “ဒါဆိုရင် ခင်ဗျား ဘာကို ဆိုလိုတာလဲ”
စုကျန့်ထင်က ပြောလိုက်သည်။ ကျင်းချန်ကျွန်းတိုက်ပွဲမှာတုန်းက ခင်ဗျားတို့ ကလန်အတွက် ကျုပ် ကျွမ်းကျင်သူ ဆယ်ယောက်ကို စေလွှတ်ပေးခဲ့တယ်။ ဒါက ကြီးမားတဲ့ အကျိုးသက်ရောက်မှု ဖြစ်ခဲ့တာပဲ”
မြို့စားကြီးထန်လွမ်သည် မည်သို့မှမနေနိုင်ပဲ ကြောင်အသွားခဲ့၏။ ဤတိုက်ပွဲအတွင်းတွင် တစ်ဖက်လူသည် ရွှမ်ဝူအိမ်တော်၏ စစ်သည်တော်များကို ဖျက်ဆီးရန် လာရောက်ကာ ကူညီခဲ့ခြင်းဖြစ်၏။ ထို့အပြင် သူ အကူအညီတောင်းခံခြင်း မဟုတ်ချေ။ စုကျန့်ထင်ကိုယ်တိုင် ရောက်ရှိလာခဲ့ပြီး ကျွမ်းကျင်သူများကို ပေးအပ်ခဲ့ခြင်း ဖြစ်၏။ မည်သည့် တန်ကြေးကိုမှ တောင်းဆိုခဲ့ခြင်း မရှိချေ။
ထိုတိုက်ပွဲတွင် ရွှမ်ဝူအိမ်တော်သည် အနိုင်ရရှိသွားနိုင်၏။ သို့ပေမည့် ထန်လွမ်သည် ကျွမ်းကျင်သူများကို ငှားရမ်းထားသောကြောင့်သာ သရေ ရရှိခဲ့ခြင်းပင် ဖြစ်၏။ ထိုအရာကပင်လျှင် တိုက်ပွဲ၏ အခြေအနေ တစ်ခုလုံးကို ပြောင်းလဲသွားစေခဲ့၏။ ထိုအခြင်းအရာနှင့်ပတ်သက်၍ လက်ရှိအခြေအနေ၌ စုကျန့်ထင်သည် လာရောက် အမှတ်ယူလျက်ရှိနေ၏။ ဘာလုပ်ချင်နေသနည်း။
စုကျန့်ထင်က ပြောလိုက်သည်။ “ရွှမ်ဝူရဲ့ အဓိကအားအင်က ဝမ်ကျားကျွန်းမှာ ရှိနေတယ်။ ပြီးတော့ သူ့ရဲ့ မြေပိုင်နက်ကလည်း လွတ်ကင်းနေပြီ မဟုတ်ဘူးလား။ အခု လောကကြီးက မငြိမ်းချမ်းဘူးလေ။ သူခိုးဓားပြတွေ နေရာအနှံ့ကို လျှောက်ပြီး သွားနေတာ သဘာဝပဲ။ တော်ဝင်မျိုးနွယ်ဟောင်းအနေနဲ့ …. ခင်ဗျားတို့အနေနဲ့ မိန်းကလေး ကျင်းမူလန်ကို သွားပြီးတော့ သတိပေးသင့်တယ်။ သူကောင်းကောင်းမွန်မွန် နေနေတာ သိပ်အဆင်မပြေဘူးမလား”
‘ချီးထဲမှ..’
ကျင်းဟိုင်မြို့စားကြီးထန်လွမ်သည် အံ့အားသင့်သွားခဲ့၏။ မျက်နှာပြင်ထက်တွင် စုကျန့်ထင်သည် ကျင်းမိသားစုအတွက် စိုးရိမ်ပူပန်စွာ ပြောနေသည်ဆိုသော်လည်း အစစ်အမှန်တရားမှာတော့ ကျင်းဟိုင်မြို့စားကြီးအား ကျင်းမိသားစု၏ မြေပိုင်နက်ထဲသို့ သွားရောက်ပြီး လုပ်ချင်တာ လုပ်ပါဟု တိုက်တွန်းနေခြင်းပင်။
စုမိသားစုကဲ့သို့သော ရန်သူမျိုး ရှိနေစဉ် ကျင်းမိသားစု အသက်ရှင်နေခြင်းမှာ အံ့အားသင့်စရာပင်ဖြစ်၏။ ဆိုးယုတ်လွန်းလှချေသည်။
‘ခင်ဗျားတို့က ခမည်းခမက်တွေလေ။ စုဖေ့ဖေ့က ခင်ဗျားရဲ့ အဒေါ်၊ ကျင်းမူလန်က ခင်ဗျားနဲ့ တစ်ချိန်က စေ့စပ်ဖို့ စီစဉ်ခဲ့ဖူးတယ်’
စုကျန့်ထင်က ပြောလိုက်၏။ “ဒီတစ်ကြိမ်မှာ ကျုပ် ကလန်ထဲကနေပြီး ကျွမ်းကျင်သူ ၅၀ ကို ခေါ်လာခဲ့တယ်။ ကျင်းဟိုင်မြို့စားကြီး... ခင်ဗျားက တကယ့်ကို နတ်ဘုရားလို စီမံခန့်ခွဲနိုင်သူတစ်ယောက်ပဲ။ အခု ကျုပ် ခင်ဗျားရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဒီလူတွေကို လအနည်းငယ်လောက် ထားခဲ့မယ်။ ဘယ်လိုလဲ”
ထန်လွမ်သည် တကယ့်ကို အံ့အားသင့်သွားခဲ့၏။ တစ်ဖက်လူသည် သူ့ကို သူခိုးဓားပြအဖြစ် ဟန်ဆောင် စေချင်သည်သာမက ကျင်းမိသားစု၏ မြေပိုင်နက်ထဲသို့ သွားရောက်ပြီး အားလုံးသောအရာများကို ဖျက်ဆီးသည့် နေရာတွင် ကျွမ်းကျင်သူ ၅၀ ကျော်ကိုပင် အလကားအဖြစ် ထောက်ပံ့လျက်ရှိနေသည်။
သူတို့သည် မည်သည့် အကျိုးအမြတ်ကိုမှ မယူချင်ဘဲ ကျင်းမိသားစုတစ်ခုတည်းကို ဖျက်ဆီးချင်နေခြင်းလား။ မည်ကဲ့သို့သော ရန်ငြိုးများ တည်ရှိနေသနည်း။ အဘယ့်ကြောင့်နည်း။ သူ ... ထန်လွမ် ကိုယ်တိုင်ပင်လျှင် စုကလန်၏ အရှက်ကင်းမဲ့မှုကို ကြပ်ကြပ်ခံ မရပ်တည်နိုင်တော့ချေ။
“ဟား ဟား ဟား ဟား ကျုပ်လည်း ဒီကိစ္စကို စဉ်းစားနေတာပဲ”
ထန်လွမ်က ပြောလိုက်၏။ “ခင်ဗျားရဲ့ ကျွမ်းကျင်သူ ၅၀ ကျော်ကို ကျုပ်နဲ့ ထားခဲ့လိုက်။ ကျုပ် ကျိန်းသေပေါက် သူတို့ကို ကောင်းကောင်း လေ့ကျင့် ပေးလိုက်ပါ့မယ်”
စုကျန့်ထင်သည် ဦးညွှတ်ကာ ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် ကျင်းဟိုင်မြို့စားကြီး”
ပြီးနောက် စုကလန်ဆီမှ ကျွမ်းကျင်သူ ၅၀ ကျော်တို့သည် ကျင်းဟိုင်မြို့စားကြီးအိမ်တော်တွင် နေထိုင်၏။ ကျွမ်းကျင်သူ ၅၀ ကျော်ကို ကြည့်ရှုပြီးနောက် ထန်လွမ်သည် ထိုလူတို့၌ ထူးဆန်းသည့် အမူအကျင့်များ ရှိကြောင်း သိရှိလိုက်၏။
ဤလူများသည် အနောက်ဘက်ပိုင်းမှ ရောက်ရှိလာခဲ့သည့် လူများပင်။ အားလုံးသော သူတို့သည် စကားပြောခြင်း မရှိကြချေ။ မျက်လုံးများကလည်း အေးစက်လျက်ရှိနေ၏။ အသက်ဓာတ်ဟူ၍ မရှိချေ။ ကြည့်ရှုလိုက်သည်ဆိုလျှင် တခြားသောသူများကို သတ်ဖြတ်ရန် မွေးဖွားလာခဲ့သည့် လူများကဲ့သို့ပင်။ ဤအရာသည် လူသတ်စက်များပင်ဖြစ်၏။ ကျန်းယွမ်မြို့စားကြီး ဘာလုပ်ရန် ကြိုးစားနေသနည်း။
ပြီးနောက် ကျင်းဟိုင်မြို့စားကြီးထန်လွမ်သည် ဤကိစ္စနှင့်ပတ်သက်၍ သေသေချာချာ စတင်ကာ စဉ်းစား၏။ စစ်သည်များကို ရွှမ်ဝူအိမ်တော်၏ရဲတိုက်ဆီသို့ စေလွှတ်တိုက်ခိုက်စေမည်လား။ မဖြစ်နိုင်ချေ။ ဤအရာသည် ပုန်ကန်ခြင်းဖြစ်ပေလိမ့်မည်။ ထို့အပြင် သူတို့မြို့စားနှစ်ဦးကြားတွင် ဘုရင်မင်းမြတ်က တည်ရှိနေသေး၏။ သူ ဘောင်ကျော်ကာ ပြုလုပ်၍ မရနိုင်ချေ။
သို့ပေမည့် ပင်လယ်ဓားပြဟန်ဆောင်၍ ကျင်းမိသားစု၏ မြေပိုင်နက်ထဲတွင် ရှိနေသော အားနည်းသည့် လူများကို သတ်ဖြတ်ရန် ဆိုသည်မှာတော့ ဖြစ်နိုင်သည့် အကြောင်းအရာပင်။ သို့ပေမည့် ဘာအဓိပ္ပာယ်ကို ဖော်ဆောင်သနည်း။
ကျင်းမူလန်သည် ကျင်းအိမ်တော်၏ ရဲတိုက်ကြီးကို ကာကွယ်စောင့်ရှောက်ရန် စစ်သည်ပေါင်းများစွာကို ဦးဆောင်ကာဖြင့် ရှိနေခဲ့၏။ စစ်သည် တစ်ထောင်နီးပါးခန့်ရှိသောကြောင့် သူတို့အနေနှင့် လွယ်လွယ်ကူကူ တိုက်ခိုက်၍ မရနိုင်ချေ။
ထို့အပြင် ထန်မိသားစု၏ သီးသန့်စစ်တပ်ကြီးသည် လက်ရှိအခြေအနေ၌ ဝမ်ကျားကျွန်းဆီသို့ ရောက်ရှိလျက် ရှိနေ၏။ ထိုစစ်သည်ပေါင်းများစွာကို လက်ရှိ ထန်ကျုံးက ဦးစီးလျက် ရှိနေ၏။ ကျင်းမိသားစုကို ထိခိုက်အောင် ပြုလုပ်နိုင်မည်ဆိုပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
“၁၄၊ ၁၅၊ ၁၇ ဒီကိုလာအုံး”
ချက်ချင်းပဲ သားနှစ်ယောက်နှင့် မွေးစားသားတစ်ယောက်တို့သည် ထန်လွမ်၏ အရှေ့ဆီသို့ ရောက်ရှိလာကာ ဒူးထောက်၏။
ထန်လွမ်သည် တခြားသောအရာများတွင် အံ့အားသင့်စရာ မဟုတ်ချေ။ သို့ပေမည့် သူ့၌ သားဆယ်ယောက်ကျော် တည်ရှိ၏။ ဆက်ခံသူ ထန်ယွင်သည် စာပေပညာကို လေ့လာသင်ကြားခဲ့ပြီး အကြီးဆုံးသား ထန်ကျုံးမှာတော့ စစ်တပ်ကို ဦးဆောင်နေ၏။ ထန်ယင်သည် သိုင်းပညာကို လေ့ကျင့်သူတစ်ယောက်ဖြစ်၏။ ဤလူသုံးယောက် သည် အထူးချွန်ဆုံးသော လူများပင် ဖြစ်သည်။
လက်ကျန်သားများသည်လည်း သိုင်းပညာကို လေ့ကျင့်ကြသည်။ သူတို့သည် ထန်ယင်လောက် အံ့အားသင့်စရာ မကောင်းလျှင်တောင်မှ သိုင်းပညာနှင့်ပတ်သက်၍ ကောင်းမွန်သည့် အဆင့်တွင်ရှိ၏။
“မင်းတို့ သုံးယောက် စစ်သည်ပေါင်းနှစ်ရာကျော်ကို ဦးဆောင်ပြီး စုကျန့်ထင်ပေးပို့လိုက်တဲ့ ကျွမ်းကျင်သူ ၅၀ တို့နဲ့အတူတူ ဓားပြတွေအဖြစ် ဟန်ဆောင်၊ ပြီးတော့ ကျင်းမိသားစုရဲ့ မြေပိုင်နက်ထဲ သွားကြ၊ အရာအားလုံးကို ပြုလုပ်ကြ။ လုပ်ချင်တာလုပ်ကြ။ ဒီအချိန်မှာ ကျင်းမိသားစု၏ မြေပိုင်နက်မှာ ခုခံနိုင်မယ့်လူက နည်းတယ်။ ဘယ်သူမှ မင်းတို့ကို တားဆီးလို့ မရနိုင်ဘူး”
“ကောင်းပါပြီ” ၁၄၊ ၁၅ နှင့် ၁၇ တို့သည် ထန်မိသားစုဆီမှ ထွက်ခွာသွားခဲ့၏။
နှစ်နာရီကျော်အကြာ ကြာမြင့်ပြီးသည့်နောက်မှာတော့ ဤလူသုံးယောက်တို့သည် စစ်သည်တော်ပေါင်း ၂၅၀ ကို ဦးဆောင်ကာဖြင့် ဓားပြအဖွဲ့များအဖြစ် စတင်ကာ ဟန်ဆောင်ကြ၏။ ပြီးနောက် ကျင်းမိသားစု၏ မြေပိုင်နက်ထဲသို့ ဝင်လိုက်ကြသည်။
အမိန့်ပေးခဲ့ပြီးနောက် ထန်လွမ်သည် တစ်ကိုယ်လုံး ယားယံကာ တနုံ့နုံ့နှင့် ခံစားလျက်ရှိနေတုန်းပင်။ နှစ်ပေါင်း တစ်ရာကျော် ကုန်လွန်သွားခဲ့ပြီ ဖြစ်၏။ ဝမ်ကျားကျွန်း၏ တိုက်ပွဲသည် အဆုံးသတ်သွားသင့်၏။
ပြီးလျှင် ပင်လယ်ဓားပြများနှင့်အတူ အကောင်းမွန်ဆုံးသော ပျော်ပွဲစားပွဲကြီးကို ကျင်းပရပေတော့မည်။
ပင်လယ်ဓားပြအုပ်စုသည် တခြားသောသူများကို သတ်ဖြတ်ခြင်း၊ နှိပ်စက်ခြင်းနှင့် ပျော်မွေ့နေသည့်လူများဖြစ်၏။ ရွှမ်ဝူနှင့် သူ၏ အပေါင်းအပါအားလုံးတို့သည် ဆိုးဆိုးရွားရွား အခြေအနေနှင့် သေဆုံးကုန်မှာ သေချာ၏။ ယောက်ျားဖြစ်နေသည် ဆိုလျှင်တောင်မှ အနည်းငယ် ရုပ်ရည်ချောမောပြီး ကြည့်ကောင်းသည်ဆိုပါက တစ်ဖက် ပင်လယ်ဓားပြများ၏ မုဒိမ်းကျင့်ခြင်းကို ခံရမှာ သေချာ၏။
ထိုအရာသည် စဉ်းစားလိုက်ရုံနှင့် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အကြောင်းအရာမျိုးပင်။ ရွှမ်ဝူသည် တော်ဝင်မျိုးနွယ်အိုကြီး တစ်ယောက် ဖြစ်သည်ဆိုသော်လည်း ပင်လယ်ဓားပြများ၏ မျက်လုံးထဲမှာတော့ ဘာမှ မဟုတ်ချေ။
ထိုအကြောင်းအရာများကို တွေးတောပြီးနောက် ထန်လွမ်သည် ရုတ်တရက် ပျော်ရွှင်သွားမိ၏။ ရွှမ်ဝူ၏ ဆိုးဝါးသည့် အဆုံးသတ်ကို သူမြင်ချင်စိတ်ပင် ပေါက်လာခဲ့၏။ မည်သို့မှ မနေနိုင်တော့ချေ။ သူသည် ရှေးဟောင်းရွှေကြောကြီးကိုလည်း မြင်ချင်စိတ်ရှိနေ၏။ သူရရှိမည့် ဝေစုက နည်းပါးသည်ဆိုလျှင်တောင်မှ ထိုအရာကို ကြည့်ရှုရန်အတွက် သူ မစောင့်နိုင်တော့ချေ။
ထို့ကြောင့် သင်္ဘောတစ်စင်းကို စီစဉ်ကာဖြင့် ဝမ်ကျားကျွန်းဆီသို့ သွားရောက်ပြီး ရွှေကြောကြီးသည် မည်သည့်ပုံစံ ဖြစ်သနည်းကို သူ၏ကိုယ်ပိုင်မျက်လုံးနှင့် ကြည့်ရှုရန် ဆုံးဖြတ်လိုက်၏။ သူ၏ သားများသည် သူ့ကို တားဆီးရန် ကြိုးစားကြ၏။
“အဖေ... ဒါက စွန့်စားရာကျတယ်။ ကျုပ်တို့ပဲ သွားပါရစေ”
“ဘာကို စွန့်စားရကျမှာလဲ။ ပင်လယ်ပြင်တစ်ခုလုံးက ချောင်ထျန်းဝေရဲ့ လူတွေနဲ့ ပြည့်နေတာပဲ။ ပြီးတော့ ငါတို့က ကျင်းချန်ကျွန်းသွားတဲ့ လမ်းကနေ ဖြတ်သွားရမှာပဲ။ အဲမှာလည်း ချောင်ဟောင်ရဲ့ အင်အားစုတွေ ရှိနေသေးတယ်။ အကုန်လုံးက ငါတို့ရဲ့ လူတွေပဲ မဟုတ်ဘူးလား”
“ဝမ်ကျားကျွန်းပေါ်မှာ ငါတို့လူတွေ သောင်းနဲ့ချီ ရှိတယ်။ ဘယ်နေရာမှာ အန္တရာယ်ရှိမှာလဲ။ အခု ဝမ်ကျားကျွန်းကို ငါတို့ သိမ်းပိုက်နေပြီ။ ချောင်ထျန်းဝေက ကောက်ကျစ်လွန်းတယ်။ ထန်ကျုံး တစ်ခုခုဖြစ်သွားမှာ စိုးရိမ်ရတယ်။ ရွှေကြောကြီးကို အတူတူခွဲယူတဲ့အချိန်မှာ ငါရှိနေတာ ပိုကောင်းမယ်လို့ ထင်တယ်။ ဒါတွေအားလုံးက ထန်မိသားစု အတွက်ပဲ”
ပြီးနောက် မြို့စားကြီးထန်လွမ်သည် ရွက်သင်္ဘောကြီးတစ်စင်းကို စီစဉ်ကာဖြင့် ပင်လယ်ပြင်ဆီသို့ စတင်ကာ သွားခဲ့၏။ သူ၏ ဘေးတစ်ဖက်တစ်ချက်တွင် ရွက်သင်္ဘောနှစ်စင်းက လိုက်ပါပို့ဆောင်၏။ ပင်လယ်ပြင်သို့ ထွက်ခွာပြီး မကြာခင်မှာပင် သူသည် ကျင်းချန်ကျွန်းကို စတင်ကာ ဖြတ်သန်းသည်။
ရုတ်တရက် ပင်လယ်ဓားပြလှေ တစ်ဒါဇင်ကျော်တို့သည် အရှေ့ဘက်ပိုင်းဆီသို့ ရွက်လွှင့်လျက်ရှိနေသည်ကို သူက မြင်လိုက်ရ၏။
“ချောင်ဟောင်ရဲ့ ပင်လယ်ဓားပြလှေတွေပါလား။ သူက ဘယ်လိုဖြစ်ပြီး အရှေ့ဘက်ပိုင်းကို သွားတာလဲ။ ကျင်းချန်ကျွန်းကို သူက ကာကွယ်စောင့်ရှောက်နေတာ မဟုတ်လား။ ဒါပေမယ့် ....”
ဤအရာသည် ချောင်ထျန်းဝေ၏ တစ်သီးပုဂ္ဂလ ကိစ္စရပ်မျိုးဖြစ်၏။ ထန်လွမ်အနေနှင့် ဤအရာကို ဂရုစိုက်၍ မဖြစ်နိုင်ချေ။ ထန်လွမ်မြို့စားကြီးသည် ပင်လယ်ဓားပြသင်္ဘောကြီး၏ အရှေ့ဘက်တွင် ရင်းနှီးနေသည့် လူတစ်ယောက်ကို ခပ်ဝါးဝါး လှမ်းကာ မြင်လိုက်၏။ ပိန်ပိန်ပါးပါး၊ ခပ်မတ်မတ်နှင့်ပင်။ ကြည့်ရသည်မှာ အုပ်ချုပ်ရေးမှူး ကျန်းချုံးနှင့် ဆင်တူသည်။
“မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး။ ကျန်းချုံးက ဘယ်လိုလုပ် ဒီမှာရှိမှာလဲ။ သူအိမ်မှာ အားမွေးနေတာ မဟုတ်လား” ဤလူသည် ရည်မှန်းချက်ကြီးမားသည့် လူတစ်ယောက် ဖြစ်၏။ ပါရမီလည်း အနည်းငယ်ရှိ၏။ ကျင်းချန်ကျွန်းတိုက်ပွဲ ရှုံးနိမ့်ခဲ့ပြီးနောက် ပြန်လည်နိုးထနိုင်စွမ်း မရှိသည့် ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းသည့် လူတစ်ယောက် ဖြစ်ကြောင်း ထင်ပေါ်ခဲ့၏။
လက်ရှိအခြေအနေမှာတော့ ရွှမ်ဝူအိမ်တော် ဖျက်ဆီးခံရမှုနှင့် ပတ်သက်၍ ကြီးမားသည့် ကောင်းကျိုး ဖန်တီးခဲ့သူမှာ သူ ... ထန်လွမ်သာလျှင် ဖြစ်၏။ ဂုဏ်သိက္ခာကြီးမားသည့် တော်ဝင်မျိုးနွယ်အားလုံးတို့သည် သူ၏ တံခါးဝကို လာခေါက်ကာဖြင့် ချီးကျူးစကားများ ပြောဆိုနေကြရသည်။
ကျန်းချုံးဆိုသည်မှာတော့ အစောတည်းက ပျောက်ကွယ်သွားခဲ့ပြီဖြစ်သော မြင်းအိုကြီးတစ်ကောင် ကဲ့သို့ပင်။ အနာဂတ်သည် ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။
ချောင်ဟောင်၏ ပင်လယ်ဓားပြလှေပေါ်တွင်တော့ ကျန်းချုံး တကယ်ပင် ရှိနေ၏။ သို့ပေမည့် သူသည် ထန်လွမ်၏ ရွက်သင်္ဘောကို တွေ့ရသည့်အချိန်မှာပင် ချက်ချင်း ရေယာဉ်ခန်းထဲသို့ လှမ်းဝင်လိုက်သည်။
“ချောင်ထျန်းဝေကတော့ သွားပြီပဲ” ကျန်းချုံးက သက်ပြင်းချလိုက်၏။
ကျန်းချွင်းဟွာက ပြောလိုက်သည်။ “အဖေ ဘယ်လိုလုပ်သိတာလဲ။ ဝမ်ကျားကျွန်းဆီသို့ တစ်စုံတစ်ယောက် ကိုတောင် မစေလွှတ်ရသေးဘူး မဟုတ်လား”
သူမထိုင်နေသည့်ပုံစံသည် တကယ့်ကို စွဲမက်ဖွယ်ရာ ကောင်းသည့် မြေခွေးစိတ်ဝိညာဉ်တစ်ကောင်ကဲ့သို့ပင်။
ကျန်းချုံးသည် သူ၏ သမီးကို ကြည့်ရှုရင်း မျက်နှာပင် လွှဲလိုက်မိ၏။
ကျန်းချုံးက ပြောလိုက်၏။ “အင်း... ရက်တွေ အများကြီး ကုန်လွန်သွားခဲ့ပြီ။ ဝမ်ကျားကျွန်းကိုသာ သိမ်းပိုက်ပြီးပြီဆိုရင် ချောင်ထျန်းဝေက ရှိသမျှ အလုပ်သမားအားလုံးကို ကျင်းချန်ကျွန်းကနေခေါ်ပြီး အားလုံးကို တူးထုတ်နေပြီပေါ့။ အခု ဘယ်လိုဖြစ်ပြီး ဘာသတင်းမှ မရရတာလဲ။ ပင်လယ်ဓားပြတွေက တခြားလူတွေဆီက လုယူတဲ့အရာမျိုးကို ကျွမ်းကျင်တယ်ဆိုရင်တောင်မှ မိုင်းတူးတဲ့အလုပ်ကိုတော့ ကျွမ်းကျင်မှာမဟုတ်ဘူး”
ကျန်းချွင်းဟွာက ပြောလိုက်သည်။ “ဒီထန်လွမ်က ဝမ်ကျားကျွန်းကို ရဖို့အတွက် မစောင့်နိုင်တော့ဘူး။ပြီးတော့ သူက ရွှမ်ဝူသေတာကို ကိုယ်တိုင်ကိုယ်ကျ မြင်ချင်တယ်။ ရွှေကြောကြီးကိုလည်း ကိုယ်တိုင် မြင်ချင်နေတယ်”
ကျန်းချုံးက ပြောလိုက်၏။ “သူက ထန်ကျုံး အနိုင်ကျင့်ခံနေရမှာကိုလည်း စိုးရိမ်တာလည်း ပါလိမ့်မယ်”
ကျန်းချွင်းဟွာက ပြောလိုက်သည်။ “ဒါဆိုရင် ဝမ်ကျားကျွန်းအခြေအနေကို မြင်ရတဲ့အချိန်မှာ သူ ဘယ်လိုဖြစ်သွားမလဲဆိုတာ ကျွန်မကြည့်ချင်လိုက်တာ။ ဝမ်ကျားကျွန်းမှာ ရှိနေတဲ့ ပင်လယ်ဓားပြ သုံးသောင်းကျော် ဘယ်လိုဖြစ်နေမလဲဆိုတာ ကျွန်မသိချင်မိသေးတယ်။ တကယ်တမ်း စဉ်းစားကြည့်မယ်ဆိုရင် .... ရှမ့်လန်အနေနဲ့ ဒီလူတွေအကုန်လုံးကို သတ်ဖြစ်နိုင်ဖို့ဆိုတာ လွယ်ကူတဲ့ အရာမျိုးမဟုတ်ဘူး”
ကျန်းချုံသည် မည်သည့်စကားကိုမှ မဆိုချေ။ သူအနည်းငယ် စိုးရိမ်ပူပန်နေ၏။ သူသည် ဝမ်ကျားကျွန်းတိုက်ပွဲကို တစ်ချက်ကလေးမှ ဂရုမစိုက်ချေ။ သူ ဂရုစိုက်သည်မှာ နုရှောင့်မြို့ပင် ဖြစ်၏။ ကျန်းကျင်း ဦးဆောင်သည် စစ်သည်ပေါင်း ခြောက်ထောင်ကျော်တို့သည် နုကျန့်စီရင်စုဆီမှ ဤတည်နေရာဆီသို့ ရွေ့လျားကာ စစ်ဆင်ရေး ဖော်ဆောင်ပြီဖြစ်၏။ ကျိန်းသေပေါက် ကျန်းချုံးနှင့် ရွှမ်ဝူအိမ်တော်၏ ကံကြမ္မာကို ဆုံးဖြတ်ပေးမည့် ကိစ္စရပ်မျိုးပင်။