အခန်း (၂၃၄)
Vol. 17 Ch. 234
နုရှောင့်မြို့ ...။
နုရှောင့်မြို့ဆိုသောအရာ၏ လက်ထဲတွင် မိသားစုသုံးခု၏ ကံကြမ္မာများ ပါဝင်လျက်ရှိနေ၏။ ထို့အပြင် နုရှောင်မြို့သည် ရွှဲ့ပြည်နယ်၏ အနာဂတ်လည်း ဖြစ်လာခဲ့၏။
“အဖေ.. ကျွန်မက အသုံးမဝင်ခဲ့ဘူး”
ကျန်းချွင်းဟွာက ပြောလိုက်သည်။ “ကျွန်မက ချောင်ယောင်းအာကိုတောင်မှ ပူးပေါင်းအောင် မဆွဲဆောင်နိုင်ခဲ့ဘူး။ အဖေရဲ့ နုရှောင်မြို့ အစီအစဉ်ကို ပြည့်စုံအောင် မလုပ်နိုင်ခဲ့ဘူး”
ကျန်းချုံးသည် ခေါင်းကို ခါယမ်းလိုက်၏။ “ဒီလို ကိုယ့်ကိုယ်ကိုယ် သတ်မှတ်လို့ မဖြစ်ဘူး။ မင်း ချောင်ယောင်းအာ ကို ဆွဲဆောင်ဖို့ ကျရှုံးခဲ့တယ်ဆိုပေမဲ့ ချောင်ဟောင်ကိုတော့ ဆွဲဆောင်နိုင်ခဲ့သေးတယ်။ ဒါက အောင်မြင်မှု တစ်ခုပဲ။ ချွင်းဟွာ.. ဘာပဲပြောပြော ငါတို့ မရှုံးသေးဘူး”
ကျန်းချွင်းဟွာသည် မျက်ရည်များဝဲလျက် ရှိနေ၏။ “ကျွန်မ ဖင်ကို ချောင်ဟောင်ဆီ ပေးရတော့မှာလား”
ကျန်းချုံးသည် မျက်မှောင်ကုတ်သွားသည်။ “စကားကို ရိုးရိုးပြောစမ်း”
ကျန်းချွင်းဟွာက ပြောလိုက်၏။ “ချောင်ဟောင်က ယောက်ျားလေးတွေကိုပဲ ကြိုက်တာ။ တကယ်လို့ ကျွန်မ ဖင်ကို သူ့ဆီပေးမယ်ဆိုရင်တောင် သူ စိတ်ဝင်စားမှာ မဟုတ်ဘူး။ ပြီးတော့ သူက ရှမ့်လန် မဟုတ်ဘူး။ ကျွန်မက ဘာလို့ဖင်ပေးရမှာလဲ”
ကျန်းချုံးသည် မျက်လုံးကို မှိတ်လိုက်မိ၏။ သူ့သမီးသည် ပေါက်ပန်းလေးဆယ်များကို ပြောဆိုလျက် ရှိနေ၏။ ထို့ကြောင့် မျက်လုံးကိုမှိတ်ကာ လျစ်လျှူရှုရန် ဆုံးဖြတ်လိုက်၏။
မကြာခင်မှာပဲ ကျန်းချွင်းဟွာသည် ပျင်းရိသလို ခံစားမိ၏။ ထို့ကြောင့် ရုတ်တရက် ထကာ လှည့်ထွက်သွားလိုက်သည်။
ကျန်းချုံးသည် သူမကို ဆူငေါက်ရန် အချိန်ဟူ၍ မရှိချေ။ သို့ပေမည့် သူ၏သမီးသည် ရှမ့်လန်ကိုသာ ငြိတွယ်လျက် ရှိနေသည်။ ကျင်းချန်ကျွန်းကို အနိုင်ယူ တိုက်ခိုက်ပြီးတည်းက ကျန်းချွင်းဟွာသည် ရှမ့်လန်အကြောင်းကို တစ်ခါမှ မပြောခဲ့ချေ။ ယခု သူမက ရှမ့်လန်၏အကြောင်းကို ပြန်လည်ကာ ပြောဆိုခဲ့၏။ သူမသည် အနိုင်ရတော့မည် ဖြစ်ကြောင်းကို ခံစားနေမိသောကြောင့်ပင် ဖြစ်ရမည်။ ကျန်းကလန် အနိုင်ရရှိမှသာ ကျန်းချွင်းဟွာသည် ရှမ့်လန်ကို သိမ်းပိုက်နိုင်ပေလိမ့်မည်။
“အဖေ.. ကျွန်မတို့ ဘာလုပ်ကြမလဲ” ကျန်းချွင်းဟွာက မေးမြန်းလိုက်၏။
ဤတစ်ကြိမ်မှာတော့ ကျန်းချုံးသည် ပင်လယ်ဓားမြ သုံးထောင်ကျော်ကို ခေါ်ဆောင်လာခဲ့၏။ ထို့အပြင် ဒုတိယ တန်းစား စစ်သည် သုံးထောင်ကျော်ကိုလည်း ခေါ်ဆောင်လာခဲ့၏။ စုစုပေါင်း လူခြောက်ထောင် တို့နှင့်အတူ အရှေ့ဘက် ပင်လယ်ဆီသို့ ဦးတည်လျက် ရှိနေ၏။ ဤတစ်ကြိမ်မှာတော့ နုကျန့်စီရင်စု စစ်သည်များတင်သာမက မြို့တော်ဝန်အိမ်ရာရှိ စစ်သည်များပါ ပါဝင်လာခဲ့၏။ ကျန်းချုံးသည် အသံ တစ်ချက်မှ မထွက်ဘဲ အရာအားလုံးကို မြန်မြန်ဆန်ဆန် ပြုလုပ်ခဲ့သည်။
“ငါတို့ ဘာလုပ်ကြမှာလဲ”
ကျန်းချုံးက သက်ပြင်းချလိုက်၏။ “ထိပ်ဆုံးကိုသွားချင်တဲ့ အကြံအစည်ရှိတယ်ဆိုရင် အောက်ကနေ ကြိုးစားမှဖြစ်မယ်”
စက္ကန့်အနည်းငယ် ကြာပြီးနောက် ကျန်းချွင်းဟွာသည် နောက်ဆုံး ဘာတွေဖြစ်နေသည်ကို နားလည်သွားခဲ့၏။ “နုရှောင့်မြို့တိုက်ပွဲက တကယ့်ကို အရေးကြီးတဲ့တိုက်ပွဲပဲ။ ရလဒ်ကတော့ ထွက်မလာသေးဘူး။ ဟုတ်တယ်မလား”
ကျန်းချုံးက ပြောလိုက်၏။ “သိပ်မှန်တာပေါ့။
....
နုရှောင့်မြို့
မထင်မှတ်ထားလောက်သည့် သတ်ဖြတ်လိုခြင်းဆန္ဒများနှင့် ပြည့်နှက်လျက်ရှိနေ၏။ မြို့တစ်ခုလုံးကလည်း ရှုပ်ထွေးပွေလီလျက်ရှိနေပြီး ဆိုင်များအားလုံးသည် စီးပွားရေးအတွက် ဖွင့်ထား၏။ ရေတွက်၍မရအောင် များပြားသည့် လူပေါ့လူသွမ်း၊ လူဆိုးများသည် ထိုဆိုင်များဆီသို့ ရောက်ရှိလာပြီး လုယူသတ်ဖြတ်ခြင်းကို ပြုလုပ်ကြ၏။ လမ်းတစ်လျှောက်လုံးကလည်း ရှုပ်ထွေးလျက်ရှိနေသည်။
သို့ပေမည့် မကြာခင်မှာပင် ဤကဲ့သို့ လူဆိုးလူသွမ်းများ အားလုံးက ပျောက်ကွယ်သွားခဲ့၏။ ဆိုင်အားလုံးကလည်း ပိတ်သွားခဲ့၏။ အဘယ့်ကြောင့်ဆိုသော် အားလုံးသောသူတို့သည် သေဆုံးခြင်းတရား၏ အရိပ်အာဝါသ၊ ရနံ့ကို စတင်ကာ ခံစားရသောကြောင့်ပင်။
ရှမ့်လန် အမိန့်ပေးပြီးနောက် နုရှောင့်မြို့ထဲတွင် အချိန်တော်ကြာ ခိုအောင်းလျက်ရှိနေသည့် ကျင်းမိသားစုဆီမှ လက်ရွေးစင်စစ်သည် အားလုံးတို့သည် စတင်ကာ စုစည်းလာခဲ့ကြ၏။ အားလုံးသည် လူပေါင်း နှစ်ထောင်ကျော်ခန့်ရှိ၏။ အလွန်မြန်ဆန်သည့် နှုန်းထားနှင့်အတူ အားလုံးသည် အဖြူရောင်ရဲတိုက်ဆီသို့ စတင်ကာ ချီတက်ကြ၏။
အလွန်မြန်ဆန်သည့်နှုန်းထားဖြင့် သူတို့သည် အဖြူရောင်ရဲတိုက်ကြီးကို သိမ်းဆည်းနိုင်ခဲ့ပြီးဖြစ်၏။ ဤအရာသည် ချောင်ယောင်းအာ၏ ယခင်ရဲတိုက်ပင်ဖြစ်၏။ နတ်ဆိုးမ၏ အဓမ္မပြုကျင့်မှုကို ရှမ့်လန် ခံစားခဲ့ရသည့် တည်နေရာလည်းဖြစ်သည်။
ပြီးနောက် ကျန်းကျင်းက ပေါ်ပေါက်လာခဲ့၏။ ၎င်းသည် လက်ရွေးစင် စစ်သည်ပေါင်း ခြောက်ထောင်ကျော်ကို ဦးစီးပြီး အမြန်ဆန်ဆုံးနှုန်းဖြင့် ခိုအောင်းလျက်ရှိနေ၏။ ၎င်းတို့သည် အနောက်ဘက်ပိုင်းတွင် ရှိနေသည့် အမည်းရောင်ရဲတိုက်ကြီးကို သိမ်းဆည်းထားခဲ့ပြီဖြစ်၏။ ဤရဲတိုင်သည် ချောင်ရှောင်း နေထိုင်ခဲ့သည့် နေရာပင် ဖြစ်၏။
နုရှောင့်မြို့တစ်ခုလုံးသည် သုံးဖက်သုံးဖလှယ် အခြေအနေဆီသို့ ရောက်ရှိလာခဲ့၏။ ရှမ့်လန်သည် ဤကဲ့သို့ ရလဒ်မျိုး ဖြစ်ပွားလာမည်ဟု အစောတည်းက သိရှိပြီးသားဖြစ်၏။ သို့ပေမည့် တကယ်တမ်း ဖြစ်လာသည့် အချိန်မှာတော့ စိတ်ထဲတွင် ကြိတ်ကာ အံ့အားသင့်မိနေသည်။
ကျန်းချုံး၏ မဟာဗျူဟာသည် တကယ့်ကို အံ့အားသင့်စရာပင်။ တန်ပြန်တိုက်ခိုက်မှုများက အံ့ချီးလောက်ဖွယ်ရာ ဖြစ်၏။ လအနည်းငယ်ကြာ အနားယူခဲ့ရသော်လည်း ဤကဲ့သို့ အရေးကြောင်းအခြေအနေမျိုးတွင် ဓားကို ထုတ်ကာဖြင့် သူ၏ နောက်ကျောကို လာရောက်ထိုးနိုင်ရန် စီစဉ်နိုင်ခဲ့၏။
နုရှောင့်မြို့တိုက်ပွဲသည် ရုတ်တရက် ထူးဆန်းပြီး ရှုပ်ထွေးသွားခဲ့၏။ ချောင်ယောင်းအာသည် စစ်သည်ပေါင်း သုံးထောင်ကျော်ကို ဦးဆောင်ပြီး အဓိကရဲတိုက်ထဲတွင် စောင့်ကြပ်လျက်ရှိနေပြီး ထိုထဲသို့ ဖောက်ထွင်း ဝင်ရောက်ဖို့ ဆိုသည်မှာ မဖြစ်နိုင်ချေ။
ကျန်းကျင်းမှာတော့ စစ်သည်ပေါင်း ခြောက်ထောင်ကျော်ကို ဦးဆောင်ကာဖြင့် အနောက်ဘက်ရဲတိုက်ကြီးကို သိမ်းဆည်းထားခဲ့၏။
ရှမ့်လန်သည် လက်ရွေးစင်စစ်သည်ပေါင်း နှစ်ထောင်ကျော်ကို ဦးဆောင်ကာဖြင့် အရှေ့ဘက်ရဲတိုက်ကြီးကို သိမ်းဆည်းထားခဲ့၏။ သုံးဖက်သုံးဖလှယ်သည် ရန်သူများအဖြစ် ရှိနေကြသည်။
ဤသုံးဖက်သုံးဖလှယ်တွင် ရှမ့်လန်က အားအနည်းဆုံးဖြစ်၏။ သို့ပေမည့် သူသည် နုရှောင့်မြို့ကို သိမ်းဆည်းရန် အလုံးစုံ စိတ်ရော၊ ကိုယ်ပါ နှစ်မြုပ်ထားသည့် တစ်ဦးတည်းသောသူလည်းဖြစ်၏။ ချောင်ယောင်းအာ၏ မဟာဗျူဟာက ရိုးရှင်း၏။ သူမသည် အဓိကရဲတိုက်ကြီးကို စောင့်ကြပ်ပြီး မည်သူပဲ လာရောက် တိုက်ခိုက်၊ တိုက်ခိုက် ကိစ္စမရှိချေ။ ကျန်းကျင်းနှင့် ရှမ့်လန်တို့ ပူးပေါင်းကာ တိုက်ခိုက်မည်ဆိုလျှင်တောင် သူမက ဂရုစိုက်လိမ့်မည် မဟုတ်ချေ။
တခြားသော တစ်ဖက်ကမ်းတွင် ရှိနေသည့် ကျန်းကျင်းမှာတော့ အကျိုးအမြတ်များကို နောက်ဆုံးမှ ရယူရန် ဆုံးဖြတ်ထားခဲ့၏။ သူသည် ရှမ့်လန်နှင့် ချောင်ယောင်းအာတို့ တိုက်ခိုက်မည့် အချိန်ကို စောင့်နေ၏။
ရှမ့်လန်အတွက်မှာတော့ သူသည် ရှိရှိသမျှ စစ်သည်များအားလုံးကို စုဆောင်းပြီး အဓိက အိမ်တော်ကို ဝင်ရောက်တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သည်။ သူတို့ တိုက်ခိုက်သည်ဆိုပါက ကျန်းကျင်းကလည်း သူ၏ နောက်မှ ဝင်ရောက်ကာ တိုက်ခိုက်မှာ သေချာ၏။ အခြေအနေက တကယ့်ကို ဘေးကြပ်နံကြပ် ဖြစ်စရာမျိုးပင်။
ကျင်းရှိယန်နှင့် တခြားသောသူများသည် ထိုကဲ့သို့သော အရာများကို ရဲရဲဝံ့ဝံ့နှင့် ပြုလုပ်ရဲပါမည်လား ဆိုသည်ကို သူ သေသေချာချာ မသိရှိချေ။ သူတို့၌ စစ်သည်ပေါင်း နှစ်ထောင်ကျော်သာလျှင်ရှိ၏။ တကယ့်ကို ပြိုင်ဘက်ကင်းသည့် ချောင်ယောင်းအာနှင့် ရင်ဆိုင်တွေ့ရခြင်းပင် ဖြစ်၏။
ချောင်ထျန်းဝေသည်သာ နုရှောင့်မြို့ဆီသို့ ပြန်လာသည်ဆိုပါက မည်သို့လုပ်မည်နည်း။ ထိုပင်လယ်ဓားပြဘုရင် သည် မည်ကဲ့သို့ အခြေအနေမျိုးသို့ ရောက်ရှိနေမည်နည်း။ သေချာမသိရှိချေ။
လုံလောက်သည့် အားကောင်းမှုသာ မရှိပါက ချောင်ယောင်းအာနှင့် ရင်ဆိုင်ဖို့ လွယ်ကူမည် မဟုတ်ကြောင်း ကျင်းရှိယန်က ကောင်းကောင်းသိ၏။ ပြန်လမ်းမရှိသည့် တိုက်ပွဲတစ်ခုကို သွားရောက်တိုက်ခိုက်ရမည့် သကဲ့သို့ပင်။
ချောင်ယောင်းအာသည် တစ်စုံတစ်ယောက်ကို တိုက်ခိုက်ရန်အတွက် ဓားတစ်ချက်တည်းကိုသာလျှင် အသုံးပြု၏။ ပင်လယ်ဓားပြများကြားထဲတွင် ဆိုရိုးစကားက တစ်ခုရှိ၏။ ‘ပင်လယ်ဓားပြဘုရင်ကို ကြောက်စရာ မလို။ နတ်ဆိုးမကိုသာလျှင် ကြောက်ရန်လိုသည်’ ဟူသော စကားပင်။ နတ်ဆိုးမသည် ပြိုင်ဘက်ကင်းပင်ဖြစ်၏။
ကောင်းကင်ကို ပုံကန်နိုင်စွမ်းရှိနေသည့် တောင့်တင်းခိုင်မာလွန်းသော ရဲတိုက်ကြီးကို သူမက အပိုင်စီး သိမ်းဆည်းထား၏။ လူပေါင်း နှစ်ထောင်ကို မဆိုနှင့် လူပေါင်း နှစ်သောင်းလောက် ရောက်ရှိလာမည် ဆိုလျှင်တောင်မှ ဤရဲတိုက်ကြီးကို သိမ်းပိုက်ရန် မဖြစ်နိုင်ချေ။
ရှမ့်လန်အတွက်မှာတော့ အရှေ့တွင် ဝံပုလွေ၊ အနောက်တွင် ကျားက တည်ရှိနေ၏။ နုရှောင့်မြို့ကို ရယူဖို့ မဆိုနှင့် အသက်ရှင်လျက် ပြန်သွားနိုင်မလား၊ မပြန်မသွားနိုင်ဘူးလားဆိုသည်ကပင်လျှင် ကြီးမားသည့် ပြဿနာကြီး တစ်ခု ဖြစ်နေ၏။ ကျင်းမိသားစုမှစစ်သည်များသည် ကြောက်လန့်မှုမရှိကြသော်လည်း ဒုက္ခရောက်လျက် ရှိနေပြီကို ခံစားမိ၏။ စစ်သည်ပေါင်း နှစ်ထောင်ကျော်တို့သည် ပြန်လမ်းဟူ၍ မရှိတော့ချေ။
ဤကဲ့သို့သော အခြေအနေသည် သုံးရက်ကြာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။
ရုတ်တရက် ရှမ့်လန်က အမိန့်ပေးခဲ့၏။ စစ်သည်ပေါင်းနှစ်ထောင်ကျော်တို့သည် ချောင်ယောင်းအာ ခိုအောင်းနေရာ ရဲတိုက်ကြီးကို တိုက်ခိုက်ရန် အင်နှင့်အားနှင့် ထွက်ပေါ်လာခဲ့၏။ အားလုံးသည် တုန်လှုပ်သွားကြ၏။ သေလမ်းရှာနေလေသည်လား။
သို့ပေမည့် စစ်သည်အားလုံးတို့သည် သူတို့၏ တာဝန်ကို ထမ်းဆောင်ရန်အတွက် ညီညီညာညာနှင့် ထွက်လာခဲ့၏။ သူတို့သည် စိတ်ထဲတွင် သံသယများနှင့် ပြည့်နှက်နေ၏။ ထိုသို့ဆိုလျှင်တောင်မှ အမိန့်ကိုတော့ လိုက်နာရပေမည်။
ကျင်းရှိယန်နှင့် ကျင်းချန်တို့ပင်လျှင် လိုက်နာရ၏။ ဤ့နှစ်ယောက်သည် ရှမ့်လန် နှင့် မတည့်ကြသော်လည်း အရေးအကြောင်း အခြေအနေမျိုးတွင် ထိုအရာ များကို ဘေးဖယ်ထားခဲ့၏။ ရှမ့်လန်၏ စကားကို တစ်သွေမသိမ်း လိုက်နာလျက်ရှိနေ၏။ သူတို့သည် ကျင်းမိသားစုတွင် ကြီးထွားအသက်ရှင်လာခဲ့သည့် လူများဖြစ်၏။ ထို့ကြောင့် သူတို့၏ သစ္စာတရားသည် အရိုးထဲတွင် စွဲစွဲမြဲမြဲ တည်ရှိနေခြင်းပင်။
စစ်သည်ပေါင်းနှစ်ထောင်ကျော်တို့သည် ရှမ့်လန်၏ အမိန့်ကိုလိုက်နာပြီး နုရှောင့်မြို့၏ အဓိက ရဲတိုက်ကြီးဆီသို့ အမြန်ဆန်ဆုံးနှုန်းဖြင့် ပြေးသွားခဲ့ကြ၏။ ရဲတိုက်ကြီး၏ အရှေ့ဘက် ဂိတ်တံခါးကို တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြခြင်းပင်။
ကြီးမားပြီး တောင့်တင်းခိုင်မာလွန်းသည့် ရဲတိုက်ကြီးကို မော်ကာကြည့်ရချိန်မှာတော့ လူနှစ်ထောင်တို့သည် အားနည်းသလိုပင် ခံစားနေမိ၏။ အကြိမ်ပေါင်းများစွာ တိုက်ခိုက်မည်ဆိုလျှင်တောင်မှ ထိုအရာက ပြိုလဲနိုင်မည် မဟုတ်ချေ။
အနောက်ပိုင်းရှိရဲတိုက်ကြီးအတွင်းမှာတော့ ....
“စစ်သူကြီး.. ရှမ့်လန်က စစ်သည်တွေကို စေလွှတ်ပြီး ချောင်ယောင်းအာရဲ့ အဓိကရဲတိုက်ကြီးကို စပြီး တိုက်ခိုက်ပြီ”
ချက်ချင်းပဲ ကျန်းကျင်းက ပျော်ရွှင်သွားခဲ့၏။ သူ မမျှော်လင့်ထားချေ။ ရက်ပေါင်းများစွာ လိပ်ခဲတည်းလည်း ဖြစ်နေသည့် အခြေအနေသည် ပြေလျော့သွားခဲ့ပြီ ဖြစ်၏။ ရှမ့်လန်သည် တကယ်ပဲ စစ်သည်များကို စေလွှတ်ကာ တိုက်ခိုက်ခိုင်းခဲ့သည်လား။ ရှမ့်လန် ရူးသွပ်နေလေသည်လား။ ဦးနှောက်ထဲသို့ ရေဝင်သွားလေသည်လား။
ချောင်ယောင်းအာ၏ အဓိကရဲတိုက်ကြီးသည် လူပေါင်း တစ်သောင်းနှင့် ဝင်ရောက်တိုက်ခိုက်မည် ဆိုလျှင်တောင် ပြိုလဲနိုင်လိမ့်မည်မဟုတ်ချေ။ လူ ၂၀၀၀ ဆိုလျှင် ဝေလာဝေးပင်။
သူ ကျန်းကျင်းသည် အနောက်ဘက်တွင် လူ ၆၀၀၀ နီးပါးနှင့် အသင့်ရှိနေသေး၏။ ရှမ့်လန်သည် ရူးသွပ်နေ လေသည်လား။ သို့ပေမည့် ကျန်းကျင်းအတွက်တော့ ဤအရာက ကောင်းမွန်လွန်းသည့် သတင်းထူး တစ်ခု ဖြစ်၏။
“ရန်သူက သေလမ်းရှာတဲ့ အခြေအနေပဲ။ တပ်မှုး.. ကျုပ်တို့ နောက်ကနေ ချက်ချင်း တိုက်ခိုက်ကြမလား” တစ်စုံတစ်ယောက်သည် လှမ်းကာ မေးမြန်းလိုက်သည်။
ကျန်းကျင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “မဖြစ်သေးဘူး။ ဒီအချိန်မှာ အလျင်စလိုလုပ်လို့ မရဘူး။ ငါတို့ရဲ့ရည်မှန်းချက်က ရှမ့်လန်ကို ဖျက်ဆီးဖို့ မဟုတ်ဘူး။ ငါတို့က အခွင့်အရေးကိုရယူပြီး ရဲတိုက်ကို ဝင်သိမ်းဖို့ပဲ။ ပြီးတော့ နုရှောင့်မြို့ကြီးတစ်ခုလုံးကို သိမ်းဆည်းဖို့ပဲ။ ရှမ့်လန်နှင့် ချောင်ယောင်းအာတို့ တိုက်ခိုက်ပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိတဲ့အထိ ငါတို့ စောင့်ကြရမယ်။ ဒါပေမယ့် ချောင်ယောင်းအာနဲ့ ရှမ့်လန်တို့ နှစ်ယောက်လုံး ဒဏ်ရာရရှိဖို့ဆိုတာ ခက်ခဲတဲ့အရာတစ်ခုပဲ”
ကျန်းကျင်းသည် ထကာ အော်ဟစ်လိုက်၏။ “စစ်သည်ပေါင်း ခြောက်ထောင်ကို စုစည်းထား။ တိုက်ပွဲအတွက် ပြင်ဆင်ထားကြ”
“ကောင်းပါပြီ”
ချက်ချင်းပဲ အနောက်ဘက်ရဲတိုက်ထဲတွင် စစ်သည်ပေါင်းခြောက်ထောင်ကျော်တို့သည် အချိန်မရွေး ဝင်ရောက်တိုက်ခိုက်ရန် ပြင်ဆင်လျက် ရှိနေကြသည်။
နုရှောင့်မြို့၏ အဓိကရဲတိုက်ကြီးအထက်မှာတော့ ချောင်ယောင်းအာသည် မြင့်မားလွန်းသည့် မြို့ရိုး နံရံပေါ်တွင် ပေါ်လာ၏။ သူမသည် ရှမ့်လန်ကို လှမ်းကာ ကြည့်ရှု၏။ မျက်လုံးထဲတွင် မည်သည့်ရှုပ်ထွေးသည့် စိတ်ခံစားချက်ဟူ၍မှ မရှိချေ။ သူမ၏မျက်လုံးများသည် တည်ငြိမ်အေးချမ်းလျက်ရှိနေ၏။
“ရှမ့်လန်... ရှင်လာသေးတာလား”
ရှမ့်လန်က ပြောလိုက်သည်။ “အင်း ဟုတ်တယ်”
ချောင်ယောင်းအာက ပြောလိုက်၏။ “ကျွန်မအရင်က ပြောဖူးတယ်လေ။ နုရှောင့်မြို့ထဲကို ခြေတစ်လှမ်း တောင် မလှမ်းနဲ့။ မဟုတ်ရင် ကျွန်မ ရှင့်ကို သတ်ပစ်မယ်လို့”
“ကျုပ်သိပါတယ်” ရှမ့်လန်က ပြောလိုက်သည်။
ချောင်ယောင်းအာသည် ရှမ့်လန်၏ အနောက်ဘက်တွင် ရှိနေသည့် စစ်သည် ၂၀၀၀ ကျော်ကို လှမ်းကာ ကြည့်ရှု၏။ သူမတစ်ချက်ကလေးမှ စိတ်မလှုပ်ရှားချေ။ ဓားမော့ကြီးနှစ်ခုကို အသာမြှောက်ပြီး တိုက်ခိုက်လိုက်ရုံသာ ရှိ၏။ အတွင်းအားကိုပင် ထုတ်ဖော်အသုံးပြုရန် မလိုအပ်ချေ။
“ရှမ့်လန်... ရှင်သွားတော့။ ဒါမှမဟုတ်ရင် တိုက်စရာရှိရင် တိုက်တော့”
ဤနတ်ဆိုးမသည် တကယ့်ကို အားကောင်းလွန်းလှချေ၏။ သေခြင်းတရားကိုပင် ပြန်လည် တိုက်ခိုက်တတ်သည့် လူတစ်ယောက် ဖြစ်၏။ ထို့ကြောင့် သူမသည် ဖြစ်လာမည့် ပြဿနာများကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရဲ၏။ ရှမ့်လန်ကိုပင် အရင်ဆုံးတိုက်ခိုက်ရန် ပြောဆိုလျက်ရှိနေ၏။ သူမအတွက် ဤကဲ့သို့သော တိုက်ပွဲမျိုးဆိုသည်မှာ ဘာမှ မဟုတ်ချေ။ အစားစားရန်အတွက် ကြက်တစ်ကောင်ကို သွားရောက် သတ်ဖြတ်ခြင်းနှင့် ဆင်တူသည်။
ရှမ့်လန်သည် သက်ပြင်း ချလိုက်၏။ သူသည် မျက်လုံးကို မှိတ်လိုက်၏။ သူသည် စိတ်ခံစားချက်များကို စုစည်းပြီး စိတ်ဆုံးဖြတ်ချက်များကို စုစည်းနေ၏။
သူ ဘာလုပ်ရမည်နည်း။ သူ တကယ် လုပ်ရမည်လား။ ဟုတ်ပေ၏။ သူ ကျိန်းသေပေါက် လုပ်ရပေမည်။
‘ငါတို့က ဘယ်လိုပဲ အတူတူအိပ်ခဲ့၊ အိပ်ခဲ့ သူစိမ်းက သူစိမ်းပဲ’
ဤချောင်ယောင်းအာသည် သူ၏လမ်းကို တားဆီးမည့်သူပင်။ ထို့ကြောင့် ကျိန်းသေပေါက် တိုက်ခိုက်ရပေမည်။
ရှမ့်လန်သည် လက်ကို ဝှေ့ယမ်းလိုက်၏။ ချက်ချင်းပဲ ခဲထည့်ကာ လွှဲ၍ပစ်ရသည့် လက်နက်ကြီးများ ပေါ်ပေါက်လာခဲ့၏။
ပစ်ခတ်မည့်ပစ္စည်းသည် ရိုးရိုးကျောက်တုံးများ မဟုတ်ချေ။ အမဲရောင်ကျောက်တုံးများ ဖြစ်နေသည်။ ဉက္ကာခဲနှင့် ဆင်တူ၏။ ဤအရာသည် ချောင်ယောင်းအာကို သတ်ဖြတ်နိုင်ပေလိမ့်မည်။
ရှမ့်လန်သည် လက်ကို အသာမြှောက်လိုက်၏။ ဤလောက်လွှဲကဲ့သို့သော အရာသည် အဆင်သင့်ဖြစ်လာခဲ့သည်။ အမိန့်တစ်ခုထဲမှာပဲ အမဲရောင်ဥက္ကာခဲများသည် ပစ်ခတ်မည့်လက်နက်ကြီးထဲသို့ ရောက်ရှိသွားခဲ့၏။ ဤလက်နက်သည် လူတော်တော်များများကို သတ်ဖြတ်နိုင်လိမ့်မည် မဟုတ်ချေ။ သို့ပေမည့် တစ်ယောက်ကိုတော့ သတ်ဖြတ်နိုင်သည်။ ထိုတစ်ယောက်ကို သတ်နိုင်ရင် သူ၏ အစီအမံ အောင်မြင်ပြီ ဖြစ်သည်။
“ချောင်ယောင်းအာ... ခင်ဗျားက ရှာရှားပါးပါး မိန်းမတစ်ယောက်ပဲ။ ကျုပ်ခင်ဗျားကို လေးစားတယ်။ ဒါပေမယ့် ကျုပ်ရဲ့ မိန်းမအတွက် ... ကျုပ်ရဲ့ ကျင်းမိသားစုအတွက် ... နုရှောင့်မြို့အတွက် ကျုပ်ခင်ဗျားကို သတ်ရလိမ့်မယ်” ပြီးနောက် သူသည် မြှောက်ထားသည့် လက်ကို အသာချရန် ပြင်လိုက်၏။
ဤအချိန်မှာပင် ရှစ်ချင်းချင်းသည် ရုတ်တရက် ပြေးထွက်လာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “ရှမ့်လန်...သူ့ကို မသတ်ပါနဲ့။ ချောင်ယောင်းအာကို မသတ်ပါနဲ့။ သူဆီမှာ ကလေးရှိနေပြီ။ အဲ့ဒါ ရှင့်ကလေးပဲ”