← Chapters

နဂါးနှင်းတောင်

Vol. 6 Ch. 77

နဂါးနှင်းတောင်

Vol. 6 Ch. 77

ချက်ချင်းပဲ အကုန်လုံးရဲ့ ခန္ဓာကိုယ်တွေ မတ်သွားတော့သည်။

မျက်လုံးမှိတ်ကာ စကားဝိုင်းထဲဝင်မပါခဲ့တဲ့သူတွေတောင်မှ ချက်ချင်းပဲမျက်လုံးပွင့်သွားကာ အပြင်ဘက်ကို ကြည့်လိုက်တော့သည်။

သူတို့ဒီနေရာကို စာတစ်စောင်ကြောင့်သာ ရောက်လာခဲ့ရတာ။

ဘာကြောင့်သူတို့ကို ခေါ်တာလဲ.. ဘာလုပ်ရမှာလဲ…ဆိုတာကို သူတို့တွေ ဘာမှမသိကြဘူး။

ထိုအချိန်မှာပဲ သူတို့ဘယ်တော့မှမမေ့နိုင်မဲ့ ချောင်းဟန့်သံကို အပြင်ဘက်က ကြားလိုက်ရသည်။

အမှန်တော့ ဒီနေရာကို ဘယ်သူမှ မလာချင်ခဲ့ဘူး။ ကျောက်ကောင်းရဲ့ သေခြင်းရှင်ခြင်းအဆောင်သိုင်းကြောင့်သာ မလာချင်ပေမဲ့ လာခဲ့ရတာပဲ။

ထိုအချိန်မှာပဲ နူးညံ့တဲ့တံခါးဖွင့်သံကို အကုန်လုံး ကြားလိုက်ရသည်။ အပြင်ဘက်ကနေ ရိုးရှင်းစွာဝတ်ဆင်ထားတဲ့ ကျောက်ကောင်း ဝင်ရောက်လာခဲ့သည်။

သူက အခန်းပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည်။ သူ့ရဲ့မျက်လုံးထဲမှာ ခံစားချက်မရှိဘူး။ အထဲမှာရှိတဲ့ လူတွေကို တိတ်တဆိတ်လေ့လာလိုက်ကာ…

"အကုန်စုံပြီလား"

ကျောက်ကောင်းက နူးညံ့စွာမေးလိုက်သည်။

အထဲကလူတွေ အချင်းချင်းကြည့်လိုက်ကြသည်။ ဒါပေမဲ့ ကျောက်ကောင်းရဲ့အမေးကို ဖြေဆိုမယ့်သူမရှိဘူး။

ထိုအစား သူတို့တွေ မျက်မှောင်ကြုတ်နေကြသည်။

ကျောက်ကောင်း သူတို့ကို ဘာလို့ခေါ်လဲဆိုတဲ့အကြောင်းအရင်းကို မသိရသေးဘူးလေ။

ဒါပေမဲ့ ကျောက်ကောင်းကတော့ ဘာကိုမှဂရုမစိုက်ပါချေ။ ခပ်ဖြည်းဖြည်းပဲ အခန်းထဲကို လမ်းလျှောက်ဝင်လာလိုက်သည်။

မကြာခင်မှာ အခန်းအလယ်တည့်တည့်ကို ရောက်လာခဲ့သည်။ လည်ချောင်းတစ်ချက်ရှင်းလိုက်ကာ

"ဟုတ်ပြီ ငါမင်းတို့ကို အံ့ဩအောင် လုပ်မနေတော့ဘူး၊ အရှင်မင်းကြီးက မင်းတို့ကို ပေယွမ်းနှင်းတောင်ကိုသွားပြီးတော့ ဆေးပင်ရှာစေချင်နေတယ်"

“ပေယွမ်းနှင်းတောင်၊ အဲဒါက နဂါးနှင်းတောင်လို့ ကျော်ကြားတဲ့နေရာမလား?”

“အဲဒါက တားမြစ်နေရာလေ!”

"အဲဒီကိုသွားရင် သေမှာပေါ့၊ ဘာကိစ္စသွားရမှာလဲ?"

အထဲမှာရှိတဲ့ သိုင်းသမားတွေအကုန်လုံး မျက်မှောင်ကြုတ်သွားကြသည်။ နဂါးနှင်းတောင်ဆိုတာ သွားလို့ကောင်းတဲ့နေရာတစ်ခုမဟုတ်ဘူး။

အဲဒီတောင်မှာ တစ်နှစ်ပတ်လုံးနှင်းတွေဖုံးလွှမ်းနေတာ... တောင်ထိပ်ကိုရောက်နိုင်ဖို့ကလည်း အရမ်းမြင့်သည်။ ဒါ့အပြင် သားရဲကောင်တွေလည်း အရမ်းပေါတဲ့နေရာပဲ။

ပြီးတော့ သတင်းတွေတောင်ရှိသေးသည်၊ အဲဒီတောင်ပေါ်မှာ နဂါးအစစ်တွေရှိတယ်တဲ့။ ကောလာဟလတချို့သာ ဆိုပေမယ့် သိုင်းလောကကလူတွေအတွက်တော့ နဂါးနှင်းတောင်ဆိုတာ သွားချင်စရာနေရာတစ်ခု မဟုတ်ခဲ့ဘူး။

"ဟုတ်တယ် နဂါးနှင်းတောင်ကိုသွားရမှာ"

"နဂါးနှင်းတောင်နဲ့ပတ်သက်ပြီး မင်းတို့သိထားမယ်လို့ ငါယုံကြည်တယ်၊ အခုမင်းတို့ရဲ့ကျင့်ကြံမှုက အဆင့်ငါးကိုရောက်ခဲ့ပြီးပြီ၊ ဒါကြောင့် နဂါးနှင်းတောင်ကိုသွားမယ်ဆိုရင်တောင် သတိထားသရွေ့ သေမှာမဟုတ်ဘူး" ကျောက်ကောင်း နူးညံ့စွာပြောလိုက်သည်။

"မဖြစ်နိုင်တာ၊ အဲဒီကိုသွားရင် သေမှာပေါ့!"

"အမှန်ပဲ နဂါးနှင်းတောင်ဆိုတာ သိုင်းလောကကလူတွေအတွက် အိပ်မက်ဆိုးတစ်ခုပဲ၊ ငါတို့မှမဟုတ်ဘူး ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်ဂိုဏ်းမဆို အဲဒီကိုခြေချဖို့မတွေးကြဘူး၊ မင်းငါတို့ကို နဂါးနှင်းတောင်ဆီ အတင်းအကြပ်သွားခိုင်းနေတာ သေစေချင်နေလို့လား?"

"ငါတို့က မင်းရဲ့ထိန်းချုပ်မှု အောက်မှာရှိတယ်ဆိုပေမဲ့ မင်းအခုလိုမျိုး ငါတို့ကိုသေလမ်းပို့နေတာကို လက်ခံစရာအကြောင်းမရှိဘူး!"

သိုင်းလောကကလူတွေရဲ့စကားသံတွေ အဆက်မပြတ်ထွက်လာတော့သည်။ သူတို့ရဲ့မျက်လုံးတွေထဲမှာ စိတ်တိုမှုတွေအပြင် စိတ်ပူပန်မှုတွေပါ ပြည့်နေ၏။

ဒါပေမဲ့ ဘယ်သူကမှ ဒေါသတကြီးမပြုမူရဲဘူး။

ကျောက်ကောင်းရဲ့သန်မာမှုက သူတို့ထက်အများကြီးမြင့်တယ်ဆိုတာကို သဘောပေါက်သည်လေ။

"ဒါဆို မင်းတို့က သဘောမတူဘူးလား?" ကျောက်ကောင်းရဲ့မျက်နှာက ခံစားချက်မရှိဘူး။ အခန်းထဲကလူတစ်ယောက်ချင်းစီကို မျက်နှာသေနဲ့ စိုက်ကြည့်လိုက်သည်။

အခန်းထဲကလူတွေ မျက်မှောင်ကြုတ်သွားလေ၏။ ဘယ်သူကမှ အဖြေမပေးခဲ့ဘူး။

ဘာလို့ဆိုရင် အရင်တစ်ခေါက်က လူတစ်ယောက်က ငြင်းဆိုမှုပြုခဲ့ဖူးသည်လေ။ ဒါပေမဲ့ နေရာမှာတင် ကျောက်ကောင်းရဲ့သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်မလား။

အချိန်ခဏလောက်ကြာသည်အထိ စားသောက်ဆိုင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။

"ဒါဆို ဒီလိုလုပ်ရအောင်၊ မင်းတို့အဲဒီကိုသွားခဲ့ပြီး ပြန်လာနိုင်ခဲ့ရင်... ပြန်လာတာကိုမှ ငါရှာခိုင်းတဲ့ပစ္စည်း မပါခဲ့ဘူးဆိုရင်တောင်မှ သေခြင်းရှင်ခြင်းအဆောင်သိုင်းကို ငါမင်းတို့အတွက် ဖယ်ရှားပေးမယ်"

ကျောက်ကောင်း အေးစက်စွာပြောလိုက်သည်။

"တကယ်လား?"

အခန်းထဲကလူတွေအားလုံး မနေနိုင်စွာ လှုပ်ရှားသွားကြတော့သည်။

သေခြင်းရှင်ခြင်းအဆောင်သိုင်းကြောင့် သူတို့မှာ လုပ်ချင်တာလုပ်ခွင့်မရခဲ့ဘူး။

သူတို့ရဲ့လွတ်လပ်မှုကို ထိန်းချုပ်ခံထားရသည်။

ဒါကြောင့် အမြဲတမ်းအရိပ်အခြေ ကြည့်နေခဲ့ရသည်။

ဒီရက်ပိုင်းထဲမှာ စိတ်ပင်ပန်းလွန်းလို့ ကျင့်ကြံမှုကိုတောင် အာရုံစိုက်လို့မရခဲ့ဘူး။

ဒါကြောင့် ကျောက်ကောင်းရဲ့စကားကိုကြားလိုက်တာနဲ့ သူတို့အားလုံး စိတ်လှုပ်ရှားသွားတော့သည်။

"သေချာပေါက် ငါအမှန်အတိုင်းပြောနေတာပေါ့၊ ငါတို့ ထိုက်အန်းမြို့မှာရှိတဲ့ လူတွေရဲ့အကြောင်းကို မင်းတို့နားလည်ပြီးပြီမလား? ငါတို့က ပြောတဲ့စကားအတိုင်းတည်တယ်။ ပြောရရင် မင်းတို့တွေကလည်း မိုင်ပေါင်းများစွာကို ခရီးတွေလှည့်ပတ်ထွက်နေတဲ့ သိုင်းသမားတွေပဲ၊ အခုလိုမျိုးချုပ်ချယ်ခံထားရတာကို ကြိုက်လို့လား?"

ကျောက်ကောင်းက ပြောနေရင်းနဲ့ရယ်လိုက်သည်။

သူ့ရဲ့မျက်လုံးထဲမှာ နက်ရှိုင်းမှုတို့ရှိသည်။ သူပေးလိုက်တဲ့ ဆုလာဘ်က ရိုးရှင်းတဲ့ ဆုလာဘ်တစ်ခုဆိုပေမဲ့ ဒီလူတွေ အားလုံးရဲ့စိတ်ကို လှုပ်ရှားစေနိုင်မှန်း ကောင်းကောင်းသိသည်လေ။

"ကောင်းပြီ ငါမင်းတို့ကို စဉ်းစားချိန်တစ်နာရီပေးမယ်"

"ငါတို့မှာ ရွေးချယ်စရာရှိလား?" တစ်စုံတစ်ယောက်က မနေနိုင်စွာ မေးခွန်းမေးလိုက်သည်။

ကျောက်ကောင်းက ရယ်လိုက်ကာ "မင်းတို့ထင်သလိုသာလုပ်"

ထိုအချိန်မှာ ကျောက်ကောင်းက လေးစားမှု တစ်စုံတစ်ရာကိုမှ မပြခဲ့ဘူး။

သူ့ရဲ့အရှိန်အဝါက လွှမ်းမိုးနိုင်စွမ်းရှိတဲ့ သခင်ကြီးတစ်ယောက်လိုမျိုး ပြင်းထန်နေခဲ့သည်။

ဒီရက်ပိုင်းထဲမှာ တိုးတက်လာတဲ့သူ့ရဲ့ကျင့်ကြံမှုကြောင့် စိတ်ပိုင်းဆိုင်ရာမှာလည်း ပြောင်းလဲမှုတွေဖြစ်ပေါ်ခဲ့သည်။

သူ့ရဲ့စိတ်ထဲမှာ မပြောင်းလဲတဲ့ တစ်ခုတည်းသော အရာကတော့ ရှကျိုးယွီအပေါ်မှာထားတဲ့ သစ္စာရှိစိတ်ပဲ!

“ဒါက…”

အခန်းထဲမှာရှိတဲ့လူတွေအားလုံး တွန့်ဆုတ်သွားခဲ့ကြသည်။

'လွတ်လပ်ခွင့်လား ဒါမှမဟုတ် အသက်လား?’

'ဒါက သူတို့အတွက် ရွေးချယ်စရာ လုံးဝမရှိနေတာပဲ မဟုတ်ဘူးလား?’

'ဒီမိန်းမဆိုးက သူတို့ကိုအကျပ်ကိုင်နေတာပဲ!’

"ငါတို့ မင်းရဲ့စကားကို မယုံဘူး၊ စာရေးပြီးသက်သေပြ"

အကုန်လုံး တွန့်ဆုတ်နေချိန်မှာပဲ တစ်စုံတစ်ယောက်ရဲ့ စကားသံထွက်လာခဲ့သည်။

ချက်ချင်းပဲ အခန်းထဲကလူတွေ အကုန်လုံး စိတ်တက်ကြွလာပြီး ကျောက်ကောင်းဆီကို လှည့်ကြည့်လာတော့သည်။

သူတို့ရဲ့မျက်လုံးထဲမှာ စိတ်လှုပ်ရှားမှုတို့ရှိနေသည်။

လက်နက်တွေကိုင်ထားတဲ့ လက်ချောင်းများပင် တင်းကျပ်လာတော့သည်။

ဘယ်လိုနေနေ သေရမှာပဲဆိုရင်တော့... အရမ်းဝေးတဲ့ နဂါးနှင်းတောင်ပေါ်မှာ သွားအသေခံမယ့်အစား ထိုက်အန်းမြို့တော်မှာပဲ သေပစ်လိုက်မည်လေ။

အလွန်ဝေးလံလွန်းတဲ့နေရာမှာ အေးခဲပြီးသေရမှာက... တော်တော်လေးကြောက်ဖို့ကောင်းတယ်။ သူတို့ရဲ့အိမ်ပြန်လမ်းကိုတောင် မှတ်မိနိုင်မှာမဟုတ်ဘူး။

"မင်းတို့ဟာမင်းတို့ ယုံသည်ဖြစ်စေ မယုံဘူးဖြစ်စေ၊ ကိုယ့်ဟာကိုယ် အဖြေရှာလိုက်ကြ၊ ငါကမင်းတို့ကိုပြောပြနေတာ.. မင်းတို့နဲ့ ညှိနှိုင်းနေတာမျိုးမဟုတ်ဘူး"

ကျောက်ကောင်း မျက်နှာကိုမဲ့လိုက်သည်။ ထို့နောက်မှာ သူ့ရဲ့ခြေထောက်ကို အနည်းငယ်လှုပ်ရှားလိုက်သည်။

နောက်တစ်စက္ကန့်လည်းကြာရော... ကြမ်းပြင်ပေါ်မှာရှိတဲ့ ကျောက်ခဲတွေအားလုံး ဖုန်အဖြစ်ပြောင်းလဲသွားလေ၏။

ထွက်ပေါ်လာတဲ့အသံက လူတွေရဲ့အသည်းနှလုံးကိုပင် အေးခနဲ စေခဲ့သည်။

အကုန်လုံး မနေနိုင်စွာ ပင့်သက်ရှိုက်လိုက်ကြသည်။ ထို့အတူ ခြေလှမ်းများစွာလည်း နောက်ဆုတ်သွားတော့၏။

သူတို့ရဲ့မျက်လုံးထဲမှာ အကြောက်တရားတွေပြည့်လာတော့သည်။

ဒါပေမဲ့ ကျောက်ကောင်းကတော့ တည်ငြိမ်နေဆဲပဲ။ ထို့နောက်မှာ အင်္ကျီထဲက ထန်ရွှမ်းဆေးလုံးကိုထုတ်လိုက်ပြီး

"ဒါက အရှင်မင်းကြီးမင်းတို့အတွက် ပြင်ဆင်ထားတဲ့ဆေးလုံးပဲ၊ မင်းတို့ကမပူးပေါင်းချင်ဘူးဆိုမှတော့ ငါမင်းတို့ကိုပေးဖို့ လိုတော့မယ်မထင်ဘူး!"

ကျောက်ကောင်းက ပြောပြီးတာနဲ့ ဆေးပုလင်းကိုမြှောက်လိုက်သည်။

အကုန်လုံး လှမ်းကြည့်လိုက်တော့သည်။

ချက်ချင်းပဲ တစ်စုံတစ်ယောက်က ဖြူဖွေးနေတဲ့မျက်နှာနဲ့ အော်လိုက်တော့၏။

"ထန်ရွှမ်းဆေးလုံး! ဒီဆေးလုံးက အရိုးနဲ့ကြွက်သားကိုသန်မာစေတဲ့ ဒဏ္ဍာရီလာဆေးလုံးမလား? တရှားတိုင်းပြည်ရဲ့ဘုရင်က ငါတို့အတွက် ဒီလိုဆေးလုံးမျိုးပြင်ဆင်ထားတာလား! "

"ဘာ၊ အဲဒီဆေးလုံးလား?"

"ဒီလိုဆေးလုံးမျိုးက အင်အားကြီးဂိုဏ်းကြီးတွေမှာတောင် ရှာဖို့လွယ်ကူတာမဟုတ်ဘူး၊ တရှားတိုင်းပြည်မှာ ဘယ်လိုတောင်ရှိနေရတာလဲ? ရှကျိုးယွီက ဘယ်လိုတောင်ရှာတွေ့ခဲ့တာလဲ?"

"ဒီဆေးလုံးက အရမ်းအဖိုးတန်လို့လား?"

"မသိဘူးလား၊ ငါပြောပြမယ်၊ အခုမင်းရဲ့သန်မာမှုက အဆင့်ငါးပဲရှိမယ်ဆိုရင် ဒီဆေးလုံးကိုစားလိုက်တာနဲ့ ချက်ချင်းပဲ အဆင့်လေးကို တက်သွားလိမ့်မယ်၊ အဲလောက်တောင်တန်ဖိုးကြီးတာ!"

အခန်းထဲကလူတွေအားလုံး မှင်သက်သွားတော့သည်။ ချက်ချင်းပဲ လူတစ်ယောက်ရဲ့ အော်သံထွက်လာတော့သည်။

"ငါ့ကိုတစ်လုံးပေး၊ ငါချက်ချင်းပဲ နဂါးနှင်းတောင်ကိုသွားမယ်!"

ထို့နောက်မှာ စကားသံတွေလိုက်ပါလာတော့သည်။

"ဆေးလုံးတစ်ဝက်ပဲပေး! ငါတစ်ဝက်ပဲလိုတာ၊ ငါ့ကိုတစ်ဝက်ပေးတာနဲ့ ငါနဂါးနှင်းတောင်ကို ချက်ချင်းသွားမယ်"

"ငါရောပဲ"

ချက်ချင်းပဲ အခန်းတစ်ခုလုံးဆူညံသွားတော့သည်။ အကုန်လုံးရဲ့မျက်လုံးထဲမှာ စိတ်လှုပ်ရှားမှုတို့ပြည့်နေ၏။

သူတို့အားလုံးက အဆင့်လေးနှင့် အဆင့်ငါး ကျင့်ကြံသူများဖြစ်ကြသည်။

ဒီဆေးလုံးကိုသာစားလိုက်တာနဲ့ ကျန်တာတွေမသိဘူး၊ သူတို့ရဲ့ကျင့်ကြံမှုကတော့ မလွဲမသွေမြင့်တက်သွားမှာပဲ။

ဖြစ်နိုင်ရင် အဆင့်ပါတက်နိုင်ဦးမည်!

ဒါ့အပြင် ရုပ်ပိုင်းဆိုင်ရာသန်မာမှုကိုလည်း မြင့်တက်စေဦးမှာမလား?

ဒီဆေးလုံးကိုသာရခဲ့ရင် သူတို့ရဲ့အနာဂတ်က မထင်ထားလောက်အောင် ချောမွေ့သွားတော့မှာ!

ဒီလိုအခွင့်အရေးကို သူတို့ အဆုံးအရှုံးမခံနိုင်ဘူး။ ဒီဆေးလုံးသာရှိမယ်ဆိုရင် နဂါးနှင်းတောင်ကိုသွားရလည်း ကိစ္စမရှိဘူး။

ဘယ်လိုပဲ နဂါးနှင်းတောင်က နဂါးတွေရှိတဲ့နေရာလို့ သတင်းတွေထွက်နေပါစေ... သတိထားပြီးသွားမယ်ဆိုရင် ဘာဖြစ်လာနိုင်မှာမလို့လဲ?

စိတ်လှုပ်ရှားမှုကြောင့် သူတို့ရဲ့နှလုံးသားတွေပါ ခုန်လာခဲ့သည်!

ကျောက်ကောင်းကတော့ မျက်မှောင်ကြုတ်ဖြင့် ကြည့်နေလေ၏။

သူစိတ်သက်သာသွားခဲ့သည်။

‘ကြည့်ရတာ အရှင်မင်းကြီးက ဒီအခြေအနေတွေကို ကြိုပြီးမှန်းဆထားနိုင်ခဲ့ပုံပဲ။ ဒါကြောင့်မလို့ ငါ့ကိုဆေးလုံးပေးဖို့ ပြောခဲ့တာပေါ့’

'အရှင်မင်းကြီးက ရေခဲပုစဉ်းကိုရှာနိုင်ဖို့အတွက် တော်တော်အာရုံစိုက်ထားတာလို့ပြောရမယ်။ ဒီလောက်ဆိုရင် နဂါးနှင်းတောင်သွားဖို့လည်း ခက်ခဲတော့မှာမဟုတ်ဘူး’

ထို့နောက်မှာ ကျောက်ကောင်းက ဆေးပုလင်းကို ပြန်သိမ်းလိုက်သည်။

"ငါ့မှာဆေးလုံးတွေအများကြီးရှိတယ်၊ ဒါပေမဲ့ မင်းတို့လိုချင်ရင်တော့ ကိုယ့်အရည်အချင်းကိုယ် အသုံးချမှပဲရမယ်"

All Chapters