← Chapters

ကမ္ဘာဦးမတိုင်မီသားရဲနှင့်တိုက်ခိုက်ခြင်း ၁

Vol. 90 Ch. 886

ကမ္ဘာဦးမတိုင်မီသားရဲနှင့်တိုက်ခိုက်ခြင်း ၁

Vol. 90 Ch. 886

စုချန်းနှင့် ထာဝရညတို့အကြား အတွင်းကြိတ်ပြိုင်ပွဲလေး ဖြစ်ပွားနေချိန်မှာပင် ကောင်းကင်မြို့တော်ပြင်ပရှိတိုက်ပွဲမှာ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့လေပြီ။

လွန်ခဲ့သောသုံးရက်ကတည်းက ကောင်းကင်မြို့တော်သည် သတ္တိဗြတ္တိကောင်းသော လူပျံတော်စစ်သည်ထောင်ပေါင်းများစွာကို စေလွှတ်ပြီး အဆိပ်တထောင်ဖားကြီး၏ ချီတက်မှုကို နှောင့်နှေးစေရန်၊ နှေးကွေးစေရန် ကြိုးစားခဲ့ကြ၏။ သူတို့၏ ရည်ရွယ်ချက်မှာကား လုံလောက်သောကာလတခုထိ အချိန်ဆွဲထားပြီး ဖားကြီးကို လမ်းကြောင်းပြောင်းသွားစေရန် သို့မဟုတ် ကိုယ်တိုင်သေဆုံးသွားသည်အထိ စောင့်ဆိုင်းရန်ပင် ဖြစ်သည်။

စုစုပေါင်း လူပျံတော်ရှစ်ထောင်သည် တပ်စု​ပေါင်း ရှစ်ဆယ်အထိ ခွဲခြားပြီး မီးကိုတိုးသည့် ပိုးဖလံများသဖွယ် ဖားကြီးကို ဝိုင်းအုံတိုက်ခိုက်ခဲ့ကြ၏။ သူတို့တစ်ဦးချင်းစီတိုင်း အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ကြသော်လည်း နောက်ဆုံးတွင် အသက်ရှင်ကျန်ရစ်သူ လူပျံတော်၁၂ယောက်သာ ကောင်းကင်မြို့တော်သို့ ပြန်ရောက်လာနိုင်ခဲ့လေသည်။

လူပျံတော်ရှစ်ထောင်နီးပါးခန့်၏ အသက်များကို ပေးဆပ်ပြီ ၎င်းတို့သည် အဆိပ်တထောင်ဖားကြီး၏ ခြေလှမ်းများကို နှောင့်နှေးအောင် လုပ်နိုင်ခဲ့၏။ ဤနည်းအားဖြင့် ကောင်းကင်မြို့တော်သည်လည်း လာတော့မည့်စစ်ပွဲကြီးအတွက် လုံလောက်စွာ ပြင်ဆင်နိုင်ခဲ့လေသည်။

သို့သော် သူတို့လုပ်နိုင်သည်မှာ ထိုမျှသာတည်း။

နောက်ဆုံးတော့ အဆိပ်တထောင်ဖားကြီး ကောင်းကင်မြို့တော်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်ရှိလာခဲ့လေပြီ။

အဆိပ်တိမ်တိုက်များသည် အရပ်မျက်နှာအနှံ့ ဦးတည်ချက်အမျိုးမျိုးဖြင့် ပျံ့နှံ့နေပြီး သိပ်မကြာမီ မြို့တော်သို့ အဆိပ်မိုးများ ရွာသွန်းလာဖွယ်ရာရှ်ိကြောင်း သူတို့ မြင်တွေ့နေရသည်။

"ဘယ်လိုပဲပြောပြော အဆိပ်တိမ်တိုက်တွေရဲ့ အရွယ်အစားက ပိုပြီးသေးသွားတယ် ဖားကြီး တဖြည်းဖြည်း အားလျော့နေပြီ ၁၀ ရက်လောက်ဆိုရင် သူ့ဟာသူ သေသွားမှာပဲ ကျုပ်တို့ စစ်သည်တွေအနေနဲ့ သူ့ကို ကန္တရတွေဆီ ခေါ်သွားဖို့ ကြိုးစားခဲ့တာပဲ ကံမကောင်းစွာနဲ့ အစီအစဥ်က မအောင်မြင်ခဲ့ဘူး"

အထက်ပါစကားကို ပြောလိုက်သူမှာ လူပျံတော်စစ်တပ်၏ အဆင့်အမြင့်ဆုံး ဗိုလ်ချုပ်ဖြစ်သူ အထီးကျန်ကောင်းကင်ပင် ဖြစ်သည်။ သူသည် ကောင်းကင်သခင်၊ လူပျံတော်ပညာရှိ စသည့် နာမည်အမျိုးမျိုးနှင့် လူသိများသူလည်း ဖြစ်သည်။ ထို့အပြင် သူသည် ကောင်းကင်မြို့တော်ကို အဓိကတာဝန်ယူ ကာကွယ်ပေးနေသူဖြစ်ပြီး ထာဝရည၏ အယုံကြည်ရဆုံးသူလည်း ဖြစ်နေ၏။

"ဒါ အံ့သြစရာတော့မဟုတ်ဘူး သူ့အသက်ရှူသံနောက်က တုန်ခါမှုတွေကို ကျုပ် ခံစားနေရတယ်"

ထာဝရညက ပြန်ဖြေလိုက်သည်။

လူပျံတော်များသည် သားရဲများနှင့် တိုက်ပွဲများဖြစ်ခဲ့ဖူးသော်လည်း တိုက်ပွဲကြီးများတော့ မဟုတ်​ချေ။ သို့သော် ထိုအတွက် သူ့တို့တွင် သားရဲရန်သူများ မရှိဟုတော့ မဆိုလိုချေ။ အကြောင်းမှာ ကောင်းကင်မြို့တော်ကို အမြဲတစေ လာရောက်ရန်ပြုတိုက်ခိုက်တတ်သော နတ်ဆိုးဧကရာဇ်သားရဲကြီးတ​ကောင် တကယ်ပင် ရှိနေသောကြောင့်ပင်။

အပြာရောင်မီးလျံ။

၎င်း နတ်ဆိုးဧကရာဇ်သားရဲသည် လူပျံတော်နယ်မြေရှိ သားရဲများအားလုံး၏ ခေါင်းဆောင် ဖြစ်သည်။ သူသည် တစ်ခါတစ်ရံတွင် လေကဲ့သို့ ဇိုးခနဲဇာတ်ခနဲ ပေါ်လာတတ်ပြီး မျက်စေ့ရှိ မြင်သမျှအရာတိုင်းကို ဖျက်ဆီးသွားတတ်၏။ ထို့ကြောင့် ခီလစ်ဒါပြီးလျင် ကောင်းကင်နိုင်ငံတော်၏ အလိုရှိဆုံး ရာဇဝတ်သားမှာ အပြာရောင်မီးလျံဟုပင် ဆိုနိုင်လောက်သည်။

ထို့ကြောင့် ကမ္ဘာဦးမတိုင်မီသားရဲကြီး နိုးထလာခြင်းသည် အခြားသူများထက်စာလျင် အပြာရောင်မီးလျံအတွက် များစွာ ပီတိဖြစ်ဖွယ်ရာ ကောင်းနေပေလိမ့်မည်။ အနှီ နတ်ဆိုးဧကရာဇ်သားရဲအနေနှင့် ဤအခွင့်အရေးကို အသုံးချကာ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးလာမည်ဆိုလျင် ၎င်းမှာ အတော်လေး သဘာဝကျ၏။

တကယ်လည်း အဆိပ်တထောင်ဖားကြီးအား ကောင်းကင်မြို့တော်ဆီသို့ ကနဦး မျှားခေါ်လာသူမှာ စုချန်းဆိုလျင် နောက်ပိုင်း ဖားကြီးအား လမ်းပြလာသူများမှာ သားရဲ​များ ဖြစ်ကြလေသည်။ ထို့ကြောင့် ထာဝရညအနေနှင့် ဤတိုက်ပွဲကို သေချာပေါက်တိုက်ရန် ဆုံးဖြတ်လိုက်ခြင်းပင်။ ရန်သူတော်သားရဲများအနေနှင့် ဤသို့ရွှေရောင်အခွင့်အရေးကို လက်လွတ်ခံမည်မဟုတ်ကြောင်း သူ ကောင်းကောင်းကြီး သိထားသည်မဟုတ်ပါလား။

"အချိန်က နည်းလွန်းတယ် နောက်ထပ်နည်းနည်းလောက် အချိန်ဆွဲနိုင်ခဲ့ရင် ပိုကောင်းမှာပဲ"

ကျန်လူပျံတော်ဗိုလ်ချုပ်တဦးက ညည်းတွားလိုက်၏။ ထိုဗိုလ်ချုပ်၏အမည်မှာ အနီရောင်ပင်လယ်လူသတ်သမားပင် ဖြစ်သည်။

ထိုအခါ ထာဝရညက ပြောလိုက်ပြန်၏။

"ကျုပ်တို့လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ တိုက်ပွဲက ရောက်လာမှာပဲ ကျုပ်တို့ရဲ့ရန်သူက အခု ကျုပ်တို့ရဲ့တံခါးကို လာခေါက်နေပြီ ရဲဘော်တို့ မင်းတို့ သေရမှာကြောက်ကြသလား"

"မကြောက်ပါဘူး"

ထာဝရညကို ဝိုင်းရံထားသည့် ဗိုလ်ချုပ်များက အားမာန်အပြည့်နှင့် အော်ဟစ်လိုက်ကြသည်။

"ဒါဆိုရင် ကျုပ်တို့လူပျံတော်တွေ ဘယ်လောက် အစွမ်းထက်သလဲဆိုတာ ဒီကောင်တွေကို မြည်းစမ်းခိုင်းကြစို့"

"ဟူးရား"

လူပျံတော်များ၏ ပြိုင်တူဟစ်ကျွေးသံများ သောင်းသောင်းဖျဖျ ထွက်ပေါ်လာ၏။

ထို့နောက် ထာဝရညက အထီးကျန်ကောင်းကင်ဘက်သို့ လှည့်ပြောလိုက်လေသည်။

"ကဲ ဒါဆို ဒီအချိန်ကစပြီး မင်းအပေါ်မှာပဲ မူတည်သွားပြီ"

ပညာညာဏ်ကြီးမြတ်သော အုပ်ချုပ်သူတဦးသည် မည်သည့်အချိန်တွင် ဝင်ရောက်စွက်ဖက်ပြီး မည်သည့်အချိန်တွင် နောက်ဆုတ်ရမည်ကို သိထားရ၏။

ထာဝရညသည် စစ်ပွဲကြီးတခုလုံး၏ စည်းချက်ကို ထိန်းချုပ်ထားသော်လည်း တိုက်ပွဲအစီအမံများကို တိတိကျကျ အကောင်အထည်ဖော်ရမည့်တာဝန်ကိုတော့ သူယုံကြည်ရသော လက်အောက်ငယ်သားအပေါ်တွင် ပုံအပ်ထားလိုက်လေသည်။

"မျှော်လင့်ချက်တွေ မပျက်စေရပါဘူးအရှင်မင်းကြီး အတတ်နိုင်ဆုံး ကြိုးစားပါမယ်"

အထီးကျန်ကောင်းကင်က ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက်သည်။

ထိုအချိန်တွင် အဆိပ်တထောင်ဖားကြီး၏ပုံရိပ်မှာ ပို၍ပို၍ ထင်ထင်ရှားရှား မြင်တွေ့လာရပြီ ဖြစ်သည်။

၎င်း၏ကိုယ်ခန္ဓာသည် တောင်ကြီးတစ်ခုကဲ့သို့ လူပျံတော်များအပေါ် စီးမိုးနေ၏။ ထိုတောင်ကြီးသည် ရှေ့သို့တဖြည်းဖြည်းရွေ့လာလေရာ လူတိုင်း၏ မြင်ကွင်းကို ပိတ်ဆို့ထားသကဲ့သို့ ရှိလေသည်။

အနှီဧရာမသားရဲကြီးကို နဖူးတွေ့ဒူးတွေ့မြင်လိုက်ရသောအခါ စစ်သည်တိုင်းလိုလိုသည် စိုးရိမ်ပူပန်လာကြ၏။

ထိုအချိန် လူတိုင်း၏ခေါင်းထဲသို့ ဝင်ရောက်လာသောအတွေးမှာကား ဤသားရဲကြီးသာ ကောင်းကင်မြို့တော်ထဲသို့ တကယ်ဝင်ရောက်လာပါက မည်သို့လုပ်ကြမည်နည်းဟူသော အတွေးပင်။

ထိုအချိန်မှာပင် အထီးကျန်ကောင်းကင်က စတင်အမိန့်ပေးလိုက်သည်။

"တောက်ပအလင်းတပ်ခွဲ ကောင်းကင်လက်ခံမူလပုံစံကို အသက်သွင်းပြီး ပထမဆုံးတိုက်ခိုက်မှုအတွက် ပြင်ဆင်ပါ"

သူသည် စိတ်ဝိဉာဉ်စွမ်းအားကို အထူးလေ့ကျင့်ထားသည့် နဝမလက်စွပ်အဆင့် အာကင်နာပညာရှင်ဖြစ်လေရာ သူ့စကားလုံးတိုင်းက စစ်သည်များ၏ နှလုံးသားထဲသို့ ထိုးဖောက်ဝင်ရောက်သွား၏။ အမိန့်သံထွက်ပေါ်လာသည်နှင့် ကောင်းကင်မြို့တော်ပတ်လည်ရှိ မြေပြင်သည် ထူးထူးခြားခြားပင် တောက်ပလာတော့၏။

ဤသည်မှာ ကောင်းကင်မြို့တော်၏ အခြေခံဖြစ်သည့် ကောင်းကင်လက်ခံမူလပုံစံကွက်ကြီးပင် ဖြစ်သည်။ ၎င်းတွင် လုပ်ဆောင်ချက်တခုသာ ရှိ၏။ ထိုလုပ်ဆောင်ချက်မှာကား မြို့တွင်းရှိ မူလစွမ်းအင်စီးဆင်းမှုကို တည်ငြိမ်စေခြင်းပင်။

တစ်နည်းဆိုရလျှင် ဤပုံစံကွက်ကြောင့် ကောင်းကင်မြို့တော်အတွင်းမှ တိုက်ခိုက်နေသော မည်သည့်လူပျံတော်စစ်သည်များမဆို မူလစွမ်းအင်ပရမ်းပတာဖြစ်မှုကြောင့် ထိခိုက်ခြင်းကို ရှောင်လွှဲသွားနိုင်မည် ဖြစ်သည်။ ဤနည်းအားဖြင့် လူပျံတော်စစ်သည်များ၏အရေအတွက်တိုင်းကို တိုက်ခိုက်ရေးစွမ်းအားအဖြစ် တိုက်ရိုက်ပြောင်းလဲပေးနိုင်မည်ဖြစ်လေရာ တပ်ဖွဲ့ကြီးတခုလုံး၏ အင်အားမှာလည်း သိသိသာသာ တိုးပွားလာမည် ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်လက်ခံမူလပုံစံကို ကောင်းကင်မြို့တော်၏ အခြေခံအကျဆုံး မူလပုံစံအဖြစ် သတ်မှတ်ထားရခြင်းပင်။

ကောင်းကင်လက်ခံမူလပုံစံကို နှိုးဆွပြီးသည်နှင့် ရောင်ပြန်အကာအရံများ ဝတ်ဆင်ထားသည့် စစ်သည်အများအပြား တိုက်ပွဲစည်းဝိုင်းအတွင်းသို့ လှမ်းဝင်လာကြပြန်၏။ ၎င်းတို့မှာ မည်သည့်လက်နက်ကိုမှ ကိုင်ဆောင်ထားခြင်းမရှိဘဲ မှန်များသာ ကိုင်ဆောင်ထားကြောင်း မြင်တွေ့ရသည်။

တောက်ပအလင်းမှန်များ။

တောက်ပအလင်းမှန်ဟူသည် အဆင့်ခြောက် မူလကိရိယာတမျိုး ဖြစ်သည်။ ၎င်းသည် ရန်သူထံသို့ အလင်းတန်းဖြင့် ထိုးနှက်တိုက်ခိုက်နိုင်သော်လည်း အဆင့်ခြောက်မူလကိရိယာမျှသာ ဖြစ်၍ သက်ရောက်နိုင်စွမ်းမှာကား အတော်လေး နိမ့်ပါးလှ၏။

သို့သော် မှန်မှထွက်ပေါ်လာသော အလင်းတန်းမှာမူ အတော်အတန် ဝေးကွာနေရာများအထိ တိုက်ခိုက်နိုင်စွမ်းရှိ၏။ တဖက်တွင်လည်း မူလစွမ်းအင်များ မည်သို့ပင် ကသောင်းသနင်း စီးဆင်းနေစေကာမူ တောက်ပအလင်းမှန်အပေါ်တွင် သက်ရောက်မှုမရှိလေရာ ဤမှန်များ တိုက်ပွဲကြီးများတွင် အသုံးဝင်လာသည်မှာ မေးခွန်းထုတ်စရာမရှိချေ။

တစ်ချိန်တည်းမှာပင် လူပျံတော်စစ်သည် သုံးသောင်းသည် ၎င်းတို့၏လက်ထဲရှိ တောက်ပအလင်းမှန်များကို မိုးပေါ်မြှောက်လိုက်ကြပြီး မှန်ထဲသို့ မူလစွမ်းအင်များ ဖြည့်တင်းလိုက်ကြ၏။ ထိုအခါ စူးရှသောအလင်းတန်းသုံးသောင်းသည် သုံးရာသောအလင်းတန်းများအဖြစ် အသီးသီး ပေါင်းစည်းသွားကြပြီး အဆိပ်တထောင်ဖားကြီးထံသို့ တိုးဝင်သွားလေသည်။

အလင်းတန်းများသည် ဖားကြီး၏ ကြမ်းတမ်းသောကျောပြင်ပေါ်သို့ တည့်တည့်မတ်မတ်ပင် ထိမှန်သွား၏။ သို့သော် ဖားကြီးကား တစုံတရာပင် တုံ့ပြန်ခြင်းမရှိ။ ခေါင်းကိုသာ တချက်မော့ကြည့်ပြီး ရှေ့သို့ ဆက်လက်ချီတက်လာပြန်၏။ ထိုအလင်းတန်းသုံးရာကို သူ့မျက်လုံးထဲတွင် အလင်းအစက်အပြောင်းအဖြစ်များသာ မြင်သည့်ပုံပင်။

သို့သော် အထီကျန်ကောင်းကင်မှာလည်း အံ့သြခြင်းမရှိ။ မည်သည့် အလင်းတုန်ခါခြင်းနယ်ပယ် တိုက်ခိုက်မှုမျိုးမှ သားရဲကြီးကို ဒဏ်ရာအောင် မစွမ်းဆောင်နိုင်မှန်း သူ သိထားသောကြောင့်ပင်။

သို့သော် အထီးကျန်ကောင်းကင်က ထပ်မံအမိန့်ပေးလိုက်သည်။

"ဖြန့်ကျက်လိုက်စမ်း"

အလင်းတန်းသုံးရာသည် ဖားကြီး၏ ကိုယ်ခန္ဓာမျက်နှာပြင်တလျှောက် ဟိုမှသည်မှ ရွေ့လျားနေလေရာ အလင်းများကခုန်နေသည်နှင့်ပင် တူနေသေးသည်။ သို့သော် အလင်းတန်းများ၏ ရည်ရွယ်ချက်မှာ အလင်းပြပွဲဖန်တီးရန် မဟုတ်။ ဖားကြီး၏ တကိုယ်လုံးမှ အားနည်းချက်များ ရှာဖွေရန် ပင်ဖြစ်သည်။

လူပျံတော်၏ အကျော်ကြားဆုံး စစ်ဗိုလ်ချုပ်တစ်ဦးပီပီ အထီးကျန်ကောင်းကင်၏ စိတ်ထဲတွင် တိကျသောတိုက်ပွဲအစီအစဉ်တခုကို ကြိုတင်မျှော်တွေးထားပြီး ဖြစ်သည်။ ထို့ကြောင့် ဤမျှရိုးရှင်းသော တိုက်ခိုက်မှုဖြင့် သားရဲကြီးကို အနိုင်ယူနိင်မည်ဟု သူ မျှော်လင့်ထားခြင်းမရှိ။ အလင်းတန်းများကိုသုံး၍ ဖားကြ၏ ကိုယ်ခန္ဓာမှ ပျော့ကွက်၊ အားနည်းအချက်များကို ရှာတွေ့နိုင်ရန်သာ သူ မျှော်လင့်ထားခြင်း ဖြစ်သည်။

သိပ်သည်းထူထပ်သော အလင်းတန်းသုံးရာသည် ဖားကြီး၏ကျောပြင်တလျှောက် ပျံ့နှံ့သွား၏။ ထိုအချိန်တွင် အထီးကျန်ကောင်းကင်နှင့် ကျန်ဗိုလ်ချုပ်များသည် သားရဲ၏ကိုယ်ခန္ဓာရှိ ပြောင်းလဲမှုများကို စောင့်ကြည့်နေကြ၏။

မည်သို့ဆိုစေ အလင်းတန်းများသည် အလင်းတုန်ခါခြင်းနယ်ပယ် ကျင့်ကြံသူတဦး၏ တိုက်ခိုက်မှုနှင့် အားချင်းညီမျှနေဆဲပင်။ ထို့ကြောင့် အလင်းတန်းတိုက်ခိုက်မှုကို အဆိပ်ထောင်ဖားကြီး၏ ကိုယ်ခန္ဓာမှ တစုံတရာတော့ တုံ့ပြန်သင့်၏။ ဤသို့ တုံ့ပြန်မှုများပေါ်လာသည့်နေရာတိုင်းသည် ဖားကြီး၏ အားနည်းချက်များပင်ဖြစ်ကြောင်း ဖော်ပြနေပေသည်။

အခြေအနေကို မျက်ချေမပြတ်စိုက်ကြည့်နေကြသော ဗိုလ်ချုပ်များကလည်း ဆက်တိုက်ဆိုသလို ကောက်ချက်ချနေကြလေသည်။

"သူ့ကျောပေါ်က အဆိပ်ထုတ်တဲ့နေရာတွေက အားနည်းပေမယ့် သူ့ကို ထိခိုက်စေလောက်မဲ့ နေရာမျိုးတွေတော့ မဟုတ်ဘူး"

"သူ့ကိုယ်ခန္ဓာအလယ်ပိုင်းကလဲ ဒီလိုပဲ"

"သူ့မျက်လုံးတွေကတော့ သူ့က်ို ထိခိုက်စေနိုင်တဲ့ ပစ်မှတ်တွေဖြစ်ပေမယ့် မျက်ခွံတွေနဲ့ ကာထားတယ်"

အထက်ပါအတိုင်း ဗိုလ်ချုပ်များသည် ဖားကြီး၏ အားနည်းချက်များကို ခွဲခြမ်းစိတ်ဖြာနေကြ၏။

ထိုအချိန်မှာပင် မျက်စေ့နောက်စရာ အလင်းတန်းများကိုကြည့်ရင်း ဖားကြီး စိတ်တိုလာဟန်ပေါ်သည်။

ထို့နောက် ၎င်းသည် ခေါင်းကို မော့​ပြီး မိုးခြိမ်းသံကဲ့သို့ကျယ်လောင်လှသောအသံဖြင့် အော်ဟစ်လိုက်၏။ ထိုအခါအနက်ရောင်တိမ်တိုက်များ ကောင်းကင်ဆီမှ အောက်သို့နိမ့်ဆင်းလာပြီး ၎င်း၏တကိုယ်လုံးကို ဖုံးအုပ်လိုက်တော့သည်။

"ဟာ ဒီကောင်ကြီးကလည်း ကိုယ်ရောင်ဖျောက်နိုင်တာလား"

လူပျံတော်ဗိုလ်ချုပ်တချို့ ဖားကြီး၏လှုပ်ရှားမှုကြောင့် အံ့အားသင့်သွားကြ၏။

"ဒါ ဖားကြီးမဟုတ်ဘူး အပြာရောင်မီးလျံရဲ့ လက်ချက်ဖြစ်လောက်တယ် ဒီကောင် ဒီအနီးနားကို ရောက်နေလောက်ပြီ"

အထီးကျန်ကောင်းကင်က ဝင်ရောက်မှတ်ချက်ပေးလိုက်သည်။

ကမ္ဘာဦးမတိုင်မီသားရဲကြီးများသည် ဉာဏ်ရည်ဉာဏ်သွေးနိမ့်ကြသော်လည်း နတ်ဆိုးဧကရာဇ်သားရဲများကတော့ ညဏ်ရည်မြင့်မျိုးစိတ်ဝင်တဦး၏ ပျမ်းမျှဉာဏ်ရည်ညဏ်သွေးမျိုးကို ပိုင်ဆိုင်ထားကြ၏။ အကြောင်းမှာ နတ်ဆိုးဧကရာဇ်သားရဲများသည် ကမ္ဘာကြီးစတင်ပြောင်းလဲစပြုနေသည့်အချိန်မှာပင် ၎င်းတို့၏ ဆင့်ကဲဖြစ်စဉ်ကို စတင်ခဲ့သောကြောင့်ဖြစ်သည်။ တနည်းအားဖြင့် ၎င်းတို့သည် မူလသားရဲနှင့်ကမ္ဘာဦးသားရဲများ လျှောက်လှမ်းခဲ့သည့် အင်အားသာပဓာနဟူသော လမ်းကြောင်းကို စွန့်ပယ်ခဲ့ကြ၏။ ထိုအစား ၎င်းတို့က စိတ်ပိုင်းဆိုင်ရာများကို ပို၍ အာရုံစိုက်ခဲ့ကြလေသည်။

အပြာရောင်မီးလျံပါ ပါဝင်လာခြင်းကြောင့် ဖားကြီးကိုရင်ဆိုင်ရန် ပို၍ခက်ခဲလာခဲ့ပေပြီ။

အနက်ရောင်တိမ်တိုက်များက ဖားကြီး၏ကိုယ်ခန္ဓာကို ဖုံးအုပ်ထားခြင်းကြောင့် လူပျံတော်များအနေနှင့် မည်သည့်နေရာကို ပစ်မှတ်ထားရမှန်းမသိပဲ ဖြစ်သွား၏။

ထိုအခါ အထီးကျန်ကောင်းကင်က နောက်ထပ်အမိန့်ပေးလိုက်ပြန်သည်။

"အလင်းတန်းတွေကို ပေါင်းစည်းမယ်"

အမိန့်သံထွက်ပေါ်လာသည်နှင့် အလင်းတန်းများက သုံးရာမှ သုံးဆယ်သို့ လျင်မြန်စွာ ပေါင်းစပ်သွားတော့၏။ ထိုအခါ အလင်းတန်းတခုစီတိုင်းသည် ယခင်ကထက် ဆယ်ဆ ပို၍ အားကောင်းလာတော့သည်။

ဤတကြိမ်တွင်တော့ အဆိပ်တထောင်ဖားကြီးသည် တိုက်ခိုက်မှုနောက်ကွယ်မှ စွမ်းအားကို ခံစားမိဟန်ပေါ်သည်။ အလင်းရောင်သည် အလွန်တောက်ပနေလေရာ အနက်ရောင်တိမ်တိုက်များသည်ပင် ဖားကြီး၏ ကိုယ်ခန္ဓာကို ဖုံးကွယ်ပေးနိုင်စွမ်းမရှိတော့ချေ။

ထိုအခါ အဆိပ်တထောင်ဖားကြီးသည် အဆိပ်ငွေ့များကို အရပ်ရှစ်မျက်နှာသို့ မှုတ်ထုတ်ပြီး ​ဒေါသတကြီး အော်ဟစ်လိုက်ပြန်၏။ ဤအတိုင်းဆိုလျင် အဆိပ်ငွေ့များကား ဖားကြီး မြို့ကိုမရောက်သေးမီမှာပင် ကောင်းကင်မြို့တော်ကို ရိုက်ခတ်လာတော့မည့်သဘောကို ဆောင်နေသည်။

"နဂါးကိုးကောင်မုန်တိုင်းပုံစံကို အသက်သွင်းစမ်း”

အထီးကျန်ကောင်းကင် ထပ်မံအော်ဟစ်လိုက်သည်။ မူလက ခံစားချက်ကင်းမဲ့သော သူ့မျက်နှာသည် ဤတကြိမ်တွင် အနည်းငယ် စိတ်လှုပ်ရှားနေဟန် ရှိ၏။

နဂါးကိုးကောင်မုန်တိုင်းပုံစံကွက်ဟူသည် သူတို့ ပုံမှန်အသုံးပြုလေ့ရှိသည့် ပုံစံကွက်မျိုးမဟုတ်။ ဖားကြီးထံမှ ထွက်လာသည့် အဆိပ်ငွေ့များကို တုံ့ပြန်ရန် လွန်ခဲ့သည့် သုံးရက်အတွင်း အထူးတလည် ပြုလုပ်ခဲ့သည့် ပုံစံကွက်သာ ဖြစ်သည်။

ဖားကြီး၏ အဆိပ်များသည် အလွန်ပြင်းထန်လှ၏။ ခီလစ်ဒါ၏ ဆေးရည်သည်ပင် တချို့အဆိပ်များကို ခုခံနိုင်စွမ်းမရှိချေ။ ထို့ကြောင့် လူပျံတော်များအနေနှင့် အဆိပ်လှိုင်းများကို တိုက်ခိုက်ရန် ဤနဂါးကိုးကောင်မုန်တိုင်းပုံစံကွက်ကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

သို့သော် သူတို့အတွက် ပြင်ဆင်ချိန်မှာ မည်သို့မှ လုံလောက်ခဲ့။ စစ်မှန်သော နဂါးကိုးကောင်ပုံစံကွက်သည် ဒဏ္ဍာရီလာအဆင့် အာကင်နာနည်းစနစ်ဆယ့်နှစ်ာ်မျိုးကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်သည်နှင့်တူသည့် အစွမ်းထက်ဧရာမလေနဂါး ကိုးကောင်ကို ဖန်တီးပေးနိုင်ရမည် ဖြစ်သည်။ သို့သော် လူပျံတော်များကား လေနဂါးသုံးကောင်ကိုသာ ဖန်တီးနိုင်ခဲ့၏။

မည်သို့ဆိုစေ လေနဂါးသုံးကောင်သည် အဆိပ်ငွေ့များ မြို့ထဲသို့ မဝင်ရောက်နိုင်အောင်တော့ တားဆီးနိုင်ခဲ့လေသည်။

ထိုအခါကျမှ အထီးကျန်ကောင်းကင်တယောက် သက်ပြင်းချနိုင်တော့၏။

မေးစရာရှိသည်မှာ လေနဂါးသုံးကောင်သည် အဆိပ်ကို မည်မျှကြာကြာ ထိန်းထားနိုင်နည်း။

သို့သော်လည်း သူ စိုးရိမ်နေသည်မှာ အရေးမပါတော့ကြောင်း အထီးကျန်ကောင်းကင် မြန်မြန်ဆန်ဆန်ပင် တွေ့ရှိသွား၏။

အကြောင်းမှာ အဆိပ်တထောင်ဖားကြီး ကောင်းကင်မြို့တော်သို့ ရောက်ရှိလာခဲ့သောကြောင့်ပင်တည်း။

ဖားကြီးသည် ကောင်းကင်မြို့တော်ပေါ်သို့ ခုန်တက်ရန် စတင်ဟန်ပြင်လိုက်၏။

All Chapters