ကမ္ဘာဦးမတိုင်မီသားရဲနှင့် တိုက်ခိုက်ခြင်း ၂
Vol. 90 Ch. 887
ထိုအခိုက်အတန့်မှာပင် အထီးကျန်ကောင်းကင်ထံမှာ နောက်ထပ်အမိန့်တခုထပ်မံထွက်ပေါ်လာသည်။
“ဂီယာတွေလှည့်ပြီး နောက်ကိုမြန်မြန်ဆုတ်"
စစ်သားများကလည်း သူ့အမိန့်ကို တသွေမတိမ်းပင် လိုက်နာလိုက်ကြ၏။ ထိုအခါ ပွတ်တိုက်သံများ ဆူညံစွာ ပဲ့တင်ထပ်လာပြီး ကောင်းကင်မြို့တော်ကြီးတခုလုံး နောက်ကို စတင်ရွေ့လျားသွားတော့သည်။
မှန်ပါသည်။ နက်ရှိုင်းပင်လယ်ကျောက်ဆူးနှင့် ချိတ်တွယ်ထားခြင်းကြောင့် ကောင်းကင်မြို့တော် တနေရာမှ တနေရာသို့ ခရီးမသွားနိုင်ဟူသော စကားမှာ အမှန်ပင်ဖြစ်သည်။ သို့သော် ကောင်းကင်မြို့တော်သည် ကျဥ်းမြောင်းသောဧရိယာထဲတွင် ရှေ့တိုးနောက်ဆုတ်ရုံမျှတော့ လှုပ်ရှားနိုင်သေး၏။ ဤသို့ လှုပ်ရှားနိုင်ခြင်းမှာနက်ရှိုင်းပင်လယ်ကျောက်ဆူး၏ ပျော့ပြောင်းမှုအပေါ် မူတည်နေပေသည်။
သံမဏိကွင်းဆက်ကြိုးများသည် ပေပေါင်း၈၈၀၀ထိ ရှည်သည့်အတွက် တိုသည်ဟု မဆိုနိုင်ချေ။ သို့သော် မြို့ကြီးတမြို့လုံးကို တနေရာတည်းတွင် ကျောက်ချထားရန်အတွက်တော့ ရှည်လွန်းသည်ဟုလည်း ဆို၍မရပေ။ မည်သို့ဆိုစေ ကောင်းကင်မြို့တော်သည် ကြိုးတိုတိုနှင့် ချည်ထားသည့် ခွေးရူးတကောင်နှင့် တူနေသည်မှာတော့ အမှန်ပင်။ ထို့ကြောင့် ကောင်းကင်မြို့တော်သည် အဝေးတနေရာသို့ ခရီးသွား၍မရ။ မည်သို့ဆိုစေ မဆိုစလောက်သော ရွေ့လျားမှုသည်ပင် ဖားကြီး၏ တိုက်ခိုက်မှုကို ရှောင်ရှားရန် လုံလောက်ခဲ့ပုံရနေ၏။
ကောင်းကင်မြို့တော်၏ ဆပ်ခ်နူကလိယကို အမြင့်ဆုံးအခြေအနေထိ နှိုးဆွလိုက်လေရာ မြို့၏ ကွင်းဆက်ကြိုးများသည် တင်းခနဲ ဖြစ်သွား၏။ ထို့နောက် ကြီးမားသော လေပွေတန်းကြီးတခု ရုတ်တရက်ဆိုသလိုပင် ကောင်းကင်ယံသို့ ထိုးတက်သွားလေသည်။
အဆိုပါလေပွေတန်းကြီးသည် လေနဂါးကိုးကောင်နှင့် တူသယောင်ယောင်ရှိသော်ငြား မည်သူ့ကိုမှ ခြိမ်းခြောက်နေသည့်ပုံမပေါ်ချေ။
သို့သော် အနှီလေပွေတန်းကြီးသည် စုချန်းအတွက်တော့ များစွာအဓိပ္ပာယ်ရှိနေ၏။ အကြောင်းမှာ ဆပ်ခ်နယူးကလိယ ဘယ်နေရာတွင်ရှိနေမှန်း သူ သိရှိလိုက်ရသောကြောင့်ပင်။
လေပွေတန်းကြီး တည်ရှိရာနေရာကို ဂရုတစိုက်ကြည့်ရှုမှတ်သားပြီးနောက် စုချန်း အာရုံပြောင်းသွားပြန်၏။
သူကြည့်နေစဥ်မှာပင် အဆိပ်တထောင်ဖားကြီး အောက်သို့ဝုန်းခနဲ ပြုတ်ကျလာပြီး ကောင်းကင်မြို့တော်နှင့် သီသီလေး ကပ်လွဲသွားတော့သည်။ သို့သော် ထိုသို့ ပြုတ်ကျသွားချိန်မှာပင် ဖားကြီး၏ ပါးစပ်ထဲမှ ထွက်လာသော လျှာကြီးက မြို့၏နံရံတခုပေါ် လျင်မြန်စွာ ရိုက်ချလာ၏။
အဆိုပါနံရံသည် အာကင်နာနည်းစနစ်ရာပေါင်းများစွာနှင့် ပြိုင်တူတိုက်ခိုက်ခံလိုက်ရသကဲ့သို့ လျှာကြီး၏ အလေးချိန်ကြောင့် ဝုန်းခနဲ ပြိုကျသွားတော့၏။ နံရံပေါ်တွင် တပ်စွဲထားသည့် စစ်သားရာပေါင်းများစွာလည်း နေရာမှာပင် အသက်ပျောက်ကုန်ကြသည်။
သို့သော် အထီးကျန်ကောင်းကင်သည် အဆိုပါ ဆူညံသံများကို လုံးဝလှည့်မကြည့်ပဲ အမိန့်ဆက်ပေးနေ၏။
“တောက်ပသောအလင်းတပ်စု မင်းတို့ရဲ့စွမ်းအားအားလုံးကို စုစည်းမယ် ပြီးရင် နေမင်းထိုးခွဲအမြောက် ပစ်ဖို့ပြင်"
အလင်းတန်းသုံးဆယ်သည် တဖန်ပြန်လည် ပေါင်းစည်းသွားပြန်၏။ ဤတကြိမ်တွင်တော့ အလင်းတန်းသုံးဆယ်မှ အလင်းတန်းကြီးသုံးခုအဖြစ် ပေါင်းစပ်သွားခြင်း ဖြစ်သည်။ ထိုအခါ အလင်းတန်းများ၏ တိုက်ခိုက်စွမ်းအားက ယခင်ကထက် ပို၍ မြင့်ျက်လာပြန်၏။ ဤတကြိမ် တိုက်ခိုက်မှုသည် ဒဏ္ဍာရီလာအဆင့်သို့ မရောက်သေးသည့်တိုင် ဒဿမလက်စွပ်အဆင့်ကိုတော့ ရောက်လာခဲ့ပေပြီ။
အလင်းတန်းများ ဖားကြီးကို တည့်တည့်မတ်မတ်ပင် ထိမှန်သွား၏။ ဤတိုက်ခိုက်မှုကြောင့် ဖားကြီး နာကျင်သွားဟန်တူသည်။ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"ဝူးဝါး”
သို့သော် အထီးကျန်ကောင်းကင်ကား ဖားကြီး မည်သို့ခံစားရသည်ကို ဂရုမစိုက်တော့။ တိုက်ပွဲစတင်နေခဲ့ပြီဖြစ်၍ မည်သည့်အတွက် နောက်ဆုတ်နေအုံးမည်နည်း။
တစ်ခနအကြာတွင် အထီးကျန်ကောင်းကင်က နောက်ထပ်အမိန့်တခု ထပ်ပေးလိုက်ပြန်သည်။ ထိုအခါ နေမင်းထိုးခွဲအမြောက် ထောင်ပေါင်းများစွာသည် ဖားကြီးကို ဝိုင်းဝန်းပစ်ခတ်ကြတော့သည်။
သို့သော် အလွန်တရာ စွမ်းအားကြီးဟန်တူသော အဆိုပါ အမြောက်များသည် အလင်းတန်းများလောက်ပင် ထိရောက်ဟန်မတူချေ။
နေမင်းထိုးခွဲအမြောက် တခုချင်းစီ၏ အင်အားသည် ဆဌမ သို့မဟုတ် သတ္တမလက်စွပ်အဆင့်အာကင်နာနည်းစနစ်၏ စွမ်းအင်နှင့် ထပ်တူနီးပါးခန့် တူညီပေသည်။ ထို့ကြောင့် ပုံမှန်အခြေအနေသာဆိုလျင် အမြောက်များ၏ အရေအတွက်ကြောင့် အလင်းတန်းများထက် ပိုမိုထိရောက်နိုင်ဖွယ်ရာရှိသည်။
သို့ရာတွင် ကမ္ဘာဦးမတိုင်မီ သားရဲကြီးတကောင်နှင့် တိုက်ခိုက်သောအခါ အဌမလက်စွပ်အဆင့်ထက် နိမ့်ကျသည့် တိုကခိုက်မှုမှန်သမျှမှာ အသုံးမဝင်ပဲ ဖြစ်သွားတတ်၏။
ယုတ်စွအဆုံး အဌမလက်စွပ်အဆင့်တိုက်ခိုက်မှုသည်ပင် ကမ္ဘာဦးမတိုင်သားရဲတကောင်အဖို့ ပုရွက်ဆိတ်ကိုက်သလောက်သာ နာကျင်စေ၏။ နဝမလက်စွပ်အဆင့်တိုက်ခိုက်မှုကတော့ ခြင်ကိုက်သလောက် ခံစားကောင်းခံစားရနိုင်သည်။ ထို့ကြောင့် အမြောက်သံများ နားကွဲမတတ် ဆူညံနေသည့်တိုင် အဆိပ်တထောင်ဖားကြီးအဖို့ကားနေမင်းထိုးခွဲအမြောက်များ၏ တိုက်ခိုက်မှုကို ခြိမ်းခြောက်မှုဟုပင် ခံစားရပုံမပေါ်ချေ။
သို့သော် အမြောက်များ၏ တကယ့်ရည်ရွယ်ချက်ကလည်း သားရဲကြီးကို နာကျင်စေရန်မဟုတ်။ အဆိပ်မြူများကို ဖယ်ရှားနေသည့် လေနဂါးများပေါ်မှ ဝန်ထုပ်ဝန်ပိုးများကို ကူညီထမ်းရွက်ပေးရန်ပင် ဖြစ်သည်။
အကြောင်းမှာ အဆိပ်တထောင်ဖားကြီးက အဆိပ်ငွေ့များဖြင့် နောက်တကြိမ် တိုက်ခိုက်လာသောကြောင့်ပေတည်း။
နောက်ထပ်အဆိပ်လှိုင်းကြီးတခုက ရှေ့သို့ ရွေ့လျားလာခဲ့လေပြီ။ ဤတစ်ကြိမ်တွင် ကောင်းကင်မြို့တော်အနေနှင့် ရှောင်ရှားဖို့ရန်မှာ မည်သို့မှ မဖြစ်နိုင်တော့ချေ။
အထီးကျန်ကောင်းကင်ကလည်း ရှောင်ရန် မကြိုးစားတော့။ ထိုအစား သူက ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးလိုက်၏။
"ဂီယာတွေကို တဆုံးတင်ပြီး တိုက်ကြစမ်း”
ဖားကြီး နံရံဆီကို ခုန်တက်ရန် ဟန်ပြင်နေ၏။ ထိုအချိန်မှာပင် ကောင်းကင်မြို့တော်၏ နံရံတွေကလည်း သူ့ဆီသို့ ဦးတည်ရွေ့လျားလာနေကြောင်း ဖားကြီး မြင်လိုက်ရသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် မြို့၏ အပြင်ဘက်နံရံသည် အဆိပ်တထောင်ဖားကြီးကို ဝင်တိုက်မိတော့၏။ ဤသို့ တုံးတိုက်တိုက်ကျားကိုက်ကိုက် တိုက်ခိုက်နိုင်ရန်လည်း မြို့ရိုးပတ်ပတ်လည်ရှိ နေထိုင်သူများကို သူတို့ ကြိုတင်ပြောင်းရွှေ့ထားပြီး ဖြစ်သည်။ လက်ရှိအချိန်တွင် အထီးကျန်ကောင်းကင်နှင့် ထာဝရညတို့သည့် မြို့၏ ပင်မဗဟိုချက်မှလွဲ၍ ကျန်သောအရာမှန်သမျှကို စတေးပစ်ရန် အသင့်ဖြစ်နေခဲ့လေပြီ။ ဥများအားလုံးကို ခြင်းတောင်းတလုံးတည်းတွင် မထည့်ရဲလျင် အထီးကျန်ကောင်းကင်အနေနှင့် ဤသို့ ထင်ပေါ်ကျော်ကြားသော ဗိုလ်ချုပ်ကြီးတယောက် ဖြစ်လာမည်မဟုတ်ချေ။
ကောင်းကင်မြို့တော်သည် ဖားကြီး၏ ကျောပြင်ကို ဝင်တိုက်လိုက်၏။ အဆိပ်တထောင်ဖားကြီးသည်ပင် ကောင်းကင်မြို့တော်၏ ဖိအားကို မခံနိုင်ပဲ နာကျင်စွာ အော်ဟစ်လိုက်တော့သည်။
တချိန်တည်းမှာပင် အထီးကျန်ကောင်းကင်ထံမှ နောက်ထပ်အမိန့်တစ်ရပ် ထပ်မံပေါ်ထွက်လာပြန်သည်။
“နတ်ဆိုးသုတ်သင်ရေးအမြောက် ပစ်! နတ်ဆိုးရထားတွေ ပစ်”
အမိန့်သံထွက်ပေါ်လာသည်နှင့် ထာဝရနေမင်းနန်းတော်အပေါ်ရှိ အမြောက်ကြီးထံမှ ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာ၏။
ဒိုင်း!!!!
နားကွဲလုမတတ် မိုးခြိမ်းသံကြီး လေထဲတွင် ပဲ့တင်ထပ်သွား၏။ ထို့နောက် ထိတ်လန့်ခြောက်ခြားဖွယ်ရာ လျှပ်စစ်မီးလုံးကြီးတလုံး ပေါက်ကွဲထွက်ပေါ်လာတော့သည်။
အဆိုပါ လျှပ်စစ်မီးလုံးကြီးသည် အချင်းပေတစ်ရာခန့်ပင်ပြီး ပါဝင်နေသည့် လျှပ်စီးစွမ်းအားပမာဏမှာလည်း သွေးပျက်လောက်စရာပင်။ ဤမျှကြီးမားပြီး ဤမျှသိပ်သည်းသည့် လျှပ်စစ်မီးလုံးမျိုးကို စုချန်းပင် တခါမှ မမြင်ဖူးချေ။
အမြောက်ပစ်ချက်သည် အစောပိုင်းက သူတို့ကြိုတင်လျာထားသည့် အဆိပ်တထောင်ဖားကြီး၏ ပျော့ကွက်နေရာကို တည့်တည့်ထိမှန်သွားပြီး သွေးများပန်းထွက်လာစေ၏။
"ဝူးဝါး”
အဆိပ်တထောင်ဖားကြီး နောက်တစ်ကြိမ် နာကျင်စွာ အော်ဟစ်လိုက်ပြန်၏။ ဤတကြိမ် သူခံစားလိုက် သော နာကျင်မှုမှာ ယခင် ခြင်ကိုက်ခံရသည်ထက် ပို၍နာကျင်စေသည် မဟုတ်ပါလား။
တစ်ချိန်တည်းမှာပင် မြို့ရိုးပေါ်မှ ရထားလုံးများကလည်း ပြိုင်တူ ပစ်ခတ်လိုက်ကြ၏။ စက္ကန့်ဝက်မျှအတွင်းမှာပင် ထောင်ချီသော လျပ်စီးမြားများ ပြိုင်တူပျံသန်းသွားပုံမှာ အံ့ချီးစရာ ကောင်းလှသည် ။ ရာနှင့်ချီသောရထားလုံးများ ပြိုင်တူ ပစ်ခတ်နေလေရာ လျပ်စီးမြားတစ်သိန်းကျော်သည် လေထဲတွင် ထိုးဖောက်ပျံသန်းနေကြ၏။ အဆိုပါလျပ်စီးမြားများသည် လေထုကို ဖြတ်သန်းသွားပြီး ဖားကြီးအနီးသို့ရောက်သည်နှင့် ဆူးနံရံကြီးသဖွယ် ပြောင်းလဲသွားတော့သည်။
တကယ်တော့ နတ်ဆိုးရထားလုံးများ၏ တိုက်ခိုက်မှုမှာ နေမင်းထိုးခွဲအမြောက်များနှင့် မတူချေ။ ၎င်းတို့ပစ်လွှတ်လိုက်သည့် လျပ်စီးမြားများသည် ထိခိုက်ပျက်စီးမှုအရာတွင် နိမ့်ကျသော်လည်း ပစ်မှတ်ကို ထိုးဖောက်နိုင်စွမ်းမှာတော့ ပို၍မြင့်မားကြ၏။ ထိုမျှသာမကသေး အဆိုပါလျပ်စီးမြားများသည် အတားအဆီးအများစုကို တိုက်ရိုက်ကျော်ဖြတ်နိုင်ပြီး အဆင့်နှစ်(သို့) အဆင့်တစ်အဆင့် သံချပ်ကာဝတ်စုံများကိုပင် ဖောက်ထွင်းနိုင်စွမ်းရှိပေသည်။ လျပ်စီးမြားများသည် မူလက မူလကိရိယာအကာအကွယ်များကို ဖောက်ထွင်းနိုင်ရန် ဒီဇိုင်းထုတ်ထားသော်ငြား ကုန်ကျစရိတ်များလွန်း၍ ကျရှုံးခဲ့သော တီထွင်မှုဟု ဆိုနိုင်သည်။ သို့သော် လူပျံတော်များကတော့ လျပ်စီးမြားများကို မြို့တော်၏ ကာကွယ်ရေးစနစ်ထဲတွင် ပေါင်းထည့်ထားခဲ့ကြ၏။
လူသားများနှင့် တိုက်ခိုက်သည့်နေရာတွင် အထက်ပါနတ်ဆိုးရထားလုံးများသည် နေမင်းထိုးခွဲအမြောက်များလောက် ထိရောက်မှု မရှိချေ။ သို့သော် သားရဲများနှင့် တိုက်ခိုက်ရာတွင်တော့ နတ်ဆိုးရထားလုံးများမှာ အတိုင်းအတာတစ်ခုအထိ အသုံးဝင်ပေသည်။
မည်သို့ဆိုစေ လျပ်စီးမြားများ၏ တိုက်ခိုက်မှုသည် ဖားကြီးကို ခြင်ကိုက်ခံရသလောက်သာ ခံစားရစေ၏။ သို့သော် ခြင်အရေအတွက်ပေါင်း ရာချီ၊ ထောင်ချီနေခဲ့လျင်တော့ လူတစ်ယောက်သည်ပင် မချိမဆံ့ ခံစားရပေလိမ့်မည်။
ထို့ပြင် သဘောတရားအရဆိုလျင် လျပ်စီးမြားများသည် နတ်ဆိုးသုတ်သင်ရေးအမြောက်ထက်ပင် အထိအခိုက် ပိုမိုများပြားစေ၏။ ထိုမျှသာမကသေး လျပ်စီးမြားများသည် ဖားကြီးကိုယ်ပေါ်သို့ နတ်ဆိုးသုတ်သင်ရေးအမြောက် ထိမှန်ခဲ့သည့်နေရာကိုပင် တည့်တည့်ချိန်ရွယ်ထားပြန်သေးသည်။
ကောင်းကင်မြို့တော်က ဖားကြီးကို ဝင်တိုက်ခြင်း၊ နတ်ဆိုးသုတ်သင်ရေးအမြောက်၏ ပစ်ချက်နှင့် လျပ်စီးမြားများ၏ အဆက်မပြတ်ပစ်ခတ်မှုများအားလုံးမှာ အဆိပ်တထောင်ဖားကြီး၏ တိုက်ခိုက်ရန် ကောင်းကင်မြို့တော်၏ အစီအမံများပင် ဖြစ်သည်။ မည်သို့ဆိုစေ အဆိပ်တထောင်ဖားကြီးအနေနှင့် ဤတကြိမ်အတွင် အတော်လေး အထိနာသွားခဲ့လေပြီ။
သို့သော် ထိုအထိနာမှုမှာ ကလေးတယောက်၏ အထိုးခံလိုက်ရ၍ ခေတ္တဆွံ့အသွားသည့် လူကြီးတယောက်၏ အထိနာမှုမျိုးသာဖြစ်လေရာ ရလဒ်အနေနှင့် ဖားကြီးသည် ပို၍ပင် ဒေါသထွက်လာ၏။ ထို့နောက် သူ လေထဲသို့ နောက်တစ်ကြိမ် ခုန်တက်ပြီးလျှာကိုထုတ်ကာ မြို့တော်၏ နံရံကို ရိုက်ချလိုက်ပြန်သည်။
ထိုအချိန်မှာပင် နေမင်းပုလဲကိုးဆယ့်ကိုးလုံးမှထွက်ပေါ်လာသော အလင်းရောင်များက တမြို့လုံးကို ဖုံးလွှမ်းသွား၏။ ဖားကြီး၏ လျှာသည်လည်း ထိုအလင်းရောင်အကာအကွယ်ကိုသာရိုက်ချမိပြီး အမျိုးမျိုးအဖုံဖုံသော ရောင်ခြည်များ အရပ်ရှစ်မျက်နှာသို့ ပြန့်ကားထွက်လာတော့သည်။ အဆိုပါရောင်စုံအလင်းတန်းများသည် အဆိပ်မြူများကဲ့သို့ပင် ထူထည်းသိပ်သည်းစွာပျံ့နှံ့သွားပြီး ကောင်းကင်ယံကို လင်းထိန်သွားစေ၏။
မိမိ၏ တိုက်ခိုက်မှု အဟောသိကံဖြစ်သွားမှန်းသိသည်နှင့် ဖားကြီးက လက်လျော့သွားခြင်းမရှိပဲ ထပ်မံတိုက်ခိုက်လိုက်ပြန်သည်။ ထိုအချိန်တွင် မျှော်စင်များပေါ်မှ အာကင်နာပညာရှင်များ၏မျက်နှာ ဖွေးဖွေးဖြူသွားပြီး ကြမ်းပြင်ပေါ် ပစ်လဲကုန်ကြ၏။
ကမ္ဘာဦးမတိုင်မီသားရဲကြီး၏ တိုက်ခိုက်မှုသည် မည်သည့်လူသားစစ်တပ်၏ တိုက်ခိုက်မှုများမဆိုထက် များစွာပို၍အားကောင်းပေသည်။ ထို့ကြောင့် အာကင်နာပညာရှင်များ ဤမျှ အခြေအနေဆိုးဝါးကုန်သည်မှာ အံ့သြစရာမရှိ။
ဒါသည်ပင်လျင် တိုက်ပွဲ၏ အစပိုင်းမျှသာ ရှိသေး၏။
ထို့နောက်တွင်တော့ ဖားကြီးသည် ဒေါသတကြီးနှင့် ဟိန်းဟောက်လိုက်ပြီး မြို့တော်၏ အကာအကွယ်ကို ခေါင်းနှင့်ဝင်တိုက်လိုက်ပြန်သည်။ အဆိုပါတိုက်ခိုက်မှုမှာ ကြောက်မက်ဖွယ်ရာကောင်းလှပြီး ကောင်းကင်မှ တောင်ကြီးတလုံး ဝုန်းခနဲ ပြုတ်ကျလာသည်နှင့်ပင် တူနေသေး၏။ ကောင်းကင်မြို့တော်၏ အကာအကွယ်သည် ဤတိုက်ခိုက်မှုကို ခံနိုင်ကောင်းခံနိုင်ပေလိမ့်မည်။ သို့သော် မျှော်စင်အသီးသီးကို ဦးစီးနေကြသည့် အာကင်နာပညာရှင်များကတော့ အသက်ပျောက်ဖို့ သေချာသလောက် ဖြစ်နေခဲ့လေပြီ။
ထိုအချိန်မှာပင် အထီးကျန်ကောင်းကင်က ကမန်းကတန်း အော်ဟစ်အမိန့်ပေးလိုက်၏။
“ကြယ်တာရာပြောင်းရွှေ့ခြင်းစမယ်”
ဖြူဖွေးသော အလင်းရောင်များကြောင့် ကောင်းကင်သည် နောက်တကြိမ် လင်းထိန်သွားပြန်၏။ အလင်းရောင်များအောက်တွင် အရာအားလုံး ရုတ်တရက် ရပ်တန့်သွားသည်ဟု မှတ်ထင်ရလေသည်။
မြင်ရသလောက် အဆိပ်တထောင်ဖားကြီး၏ တိုက်ခိုက်မှုလမ်းကြောင်း အနည်းငယ် ပြောင်းလဲသွားပုံပေါ်သည်။ ထိုအခါ သူ့ခေါင်းသည် မြို့တော်အကာအကွယ်နှင့် ထိပ်တိုက်တိုးရမည့်အစား ဘေးကိုချော်ထွက်သွားတော့၏။ ထို့နောက် ဖားကြီးသည် မြေပြင်ပေါ်ကို ဘုန်းခနဲ ပြန်လည်ပြုတ်ကျသွားပြီး သူ့ခေါင်းကြီးနှင့်ပွတ်မိသော မြို့အစွန်ဘက်ခြမ်းမှာ တဝုန်းဝုန်းနှင့် ပြိုကျကုန်တော့သည်။
“လေဟာနယ်သဘာဝစွမ်းအားပါလား”
ထိုမြင်ကွင်းကို မြင်သည်နှင့် စုချန်းတယောက် မနေနိုင်တော့ပဲ အထက်ပါအတိုင်း ရေရွတ်မိတော့သည်။
အထီးကျန်ကောင်းကင်သည် မူလပုံစံကွက်ကြီးမှ ရလာသည့် မြို့တော်၏ လေဟာနယ်သဘာဝစွမ်းအားကိုသုံးပြီး ဖားကြီး၏ ခေါင်းတိုက်ချက်ကို ရှောင်တိမ်းလိုက်ခြင်းပေတကား။
ဒာဆိပ်တထောင်ဖားကြီးကား ပို၍ပင် ဒေါသထွက်လာ၏။
စက္ကန့်ပိုင်းအတွင်းမှာပင် ဖားကြီး နောက်တကြိမ် ဒေါသတကြီးနှင့် ထပ်မံဟိန်းဟောက်လိုက်ပြန်သည်။
ထို့နောက်တွင်တော့ ကောင်းကင်မှ အဆိပ်မြူများသည် ရုတ်တရက်ပင် ပုံစံပြောင်းလဲသွားပြီး နွယ်ကြိုးများကဲ့သို့ ရစ်လိန်သွားလေသတည်း။