← Chapters

ကမ္ဘာဦးမတိုင်မီသားရဲနှင့် တိုက်ခိုက်ခြင်း ၃

Vol. 90 Ch. 888

ကမ္ဘာဦးမတိုင်မီသားရဲနှင့် တိုက်ခိုက်ခြင်း ၃

Vol. 90 Ch. 888

မျက်စေ့တမှိတ်အတွင်းမှာပင် အနှီ ပုံစံပြောင်းသွားသည့် အဆိပ်ငွေ့များသည် သွေးစုပ်ခြင်ကြီးများအဖြစ် ပြောင်းလဲသွားကုန်၏။ အဆိုပါခြင်များသည် ကြံ့ကြီးတကောင်မျှပင် ကြီးမားကြပြီး ၎င်းတို့၏ အစွယ်များမှာ ဓားကဲ့သို့ ချွန်မြကာ စိမ်းပြာပြာအရောင်သန်းနေကြလေသည်။

ခြင်းကြီးများသည် အဆိပ်ငွေ့များမှ ပေါက်ဖွားလာသည်ဆိုသော်ငြား အားကတော့မနည်းချေ။

ဥာဏ်ရည်မြင့်သည့် လူသားမျိုးနွယ်များသည် ပုံရိပ်ယောင်များကို တကယ့်သက်ရှိများပမာ ဖန်တီးနိုင်သည်ဆိုလျင် သားရဲကြီးများအနေနှင့် ဤထက်ပို၍ စွမ်းဆောင်နိုင်မည်မှာ မေးခွန်းထုတ်နေစရာပင် မလိုချေ။

ခြင်ကြီးများသည် ရန်သူများကိုအားကောင်းသော အဆိပ်ရည်များဖြင့် ပက်ဖြန်းကာ အုံလိုက်ကျင်းလိုက်ပင် တိုက်ခိုက်ကြ၏။

မူလက လူပျံတော်များသည် ဖားကြီးတကောင်တည်းနှင့်သာ တိုက်ခိုက်နေရခြင်း ဖြစ်သည်။ သို့သော် ယခုတော့ ကောင်းကင်တခွင်လုံးတွင် ရန်သူထောင်ပေါင်းများစွာနှင့် ပြည့်နှက်သွားခဲ့လေပြီ။ ဖားကြီး၏ ဤသို့ဤနှယ် ရုတ်တရက် လှုပ်ရှားမှုကြောင့် အထီးကျန်ကောင်းကင်သည်ပင် အငိုက်မိသွားတော့သည်။

ဤယနေ့ လူပျံတော်များ၏ တိုက်ခိုက်ရေးနည်းဗျူဟာမှာ အင်အားကြီးရန်သူတကောင်တည်းကိုသာ ရည်ရွယ်ရေးဆွဲထားခြင်း ဖြစ်သည်။ စစ်တပ်တစ်တပ်လုံးကို ရင်ဆိုင်ရန်မူကား သူတို့အနေနှင့် တွေးပင်တွေးမထားမိချေ။ ဖားကြီးကိုရင်ဆိုင်ရန် ကောင်းကင်မြို့တော်သည် သူတို့၏တိုက်ခိုက်ရေးအင်အားကို စုစည်းထားခဲ့လေရာ မထင်မှတ်ပဲ သွေးစုပ်ခြင်ကြီးများ ထွက်ပေါ်လာသောအခါ သူတို့၏ တိုက်ခိုက်ပုံမှာ မည်သို့မှ မထိရောက်တော့ပဲ ဖြစ်ကုန်တော့၏။

ထိုအခါ တောက်ပခြင်းတပ်ခွဲသည် သွေးစုပ်ခြင်းများကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်စွမ်း မရှိတော့ချေ ။ လျပ်စီးမြားများမှာလည်း များပြားလှသော ခြင်များကို မည်သို့မှာ ဖျက်ဆီးနိုင်စွမ်း မရှိတော့။ အဆိုပါသွေးစုပ်ခြင်များသည် သေရမည်ကို လားလားမျှ ကြောက်ပုံမပေါ်ပဲ ရှေ့သို့သာ ချီတက်တိုက်ခိုက်ကုန်ကြ၏။

သွေးစုပ်ခြင်အုပ်ကြီးသည် ကောင်းကင်မြို့တော်၏ အကာအကွယ်များကို ဝါးလုံးထိုးတိုးဝင်နေကြလေရာ နေရာအနှံ့တွင် မီးပွားများ တဖြတ်ဖြတ်တောက်ပနေကြောင်း အတိုင်းသား မြင်တွေ့နေရသည်။ ၎င်းတို့၏ တိုက်ခိုက်မှုကြောင့် နေရာအတော်များများရှိ အကာအကွယ်များတွင် အက်ကွဲကြောင်းများ အသီးသီး ပေါ်​လာ၏။ ထိုအခါ သွေးစုပ်ခြင်အုပ်ကြီးသည် မြို့ထဲသို့ တိုးဝင်လာပြီး လူပျံတော်စစ်သည်များကို သဲသဲမဲမဲ တိုက်ခိုက်ကြတော့သည်။

သွေးစုပ်ခြင်တကောင်ချင်းစီတိုင်းသည် အဆိပ်ပြင်းလှပေရာ တချက်အကိုက်ခံလိုက်ရသည့် လူပျံတော်စစ်သည်တိုင်း မရဏမင်းထံသို့ အလည်အပတ် ရောက်ကုန်ကြ၏။ ပို၍ဆိုးသည်မှာ ခြင်တကောင် သေဆုံးသွားတိုင်း အဆိပ်ငွေ့များအဖြစ် ပြန်လည်ပြောင်းလဲသွားခြင်းပင်။ ထိုအဆိပ်ငွေ့များကို ရှုရှိုက်မိသည့် လူပျံတော်စစ်သည်များ ကောင်းကင်မှပြုတ်ကျလာသည်ကို မကြာခနဆိုသလို တွေ့မြင်နေရလေသည်။

"နေမင်းထိုးခွဲအမြောက်တွေကိုသုံး! နေမင်းထိုးခွဲအမြောက်တွေကိုသုံး!"

အထီးကျန်ကောင်းကင် ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးလိုက်၏။

သို့သော် နေမင်းထိုးခွဲအမြောက်များသည်လည်း သွေးစုပ်ခြင်များကို အနိုင်ယူရန်တော့ မလုံလောက်ခဲ့ချေ။

ပို၍အံ့သြစရာကောင်းသည်မှာ သွေးစုပ်ခြင်များသည် တနေရာတည်းတွင် အမြဲတစေ စုနေလေ့မရှိပဲ စုလိုက်ကြဲလိုက်ပုံစံမျိုးဖြင့် အချက်ကျကျ တိုက်ခိုက်နေကြခြင်းပင်။ လူပျံတော်များအဖို့ကား နောက်သို့တဆုတ်တည်းသာ ဆုတ်ပေးနေရ၏။

"ထောင်ချောက်တပ်ခွဲ ရှေ့ထွက် နတ်ဆိုးသုတ်သင်ရေးအမြောက် ထပ်ပစ်"

အထီးကျန်ကောင်းကင်၏ အမိန့်ပေးသံ ထပ်မံထွက်ပေါ်လာ၏။

ထိုအခါ လူပျံတော်တပ်ခွဲကြီးတခွဲ ခြင်များကို တိုက်ခိုက်ရန် ရှေ့သို့တိုးလာ၏။ တချိန်တည်းမှာပင် နတ်ဆိုးသုတ်သင်ရေးအမြောက်ပစ်ချက်ကလည်း အဆိပ်တထောင်ဖားကြီးကို ကျကျနနပင် ထိမှန်သွားခဲ့လေသည်။ ဖားကြီး နောက်တကြိမ် နာကျင်စွာ အော်ဟစ်လိုက်ပြန်၏။

တစ်ချိန်တည်းမှာပင် အခြေအနေကို အဆက်မပြတ် စောင့်ကြည့်နေသော ထာဝရညက ပြောလိုက်သည်။

"ဒီတခေါက်တော့ ဂိုဏ်းချုပ်ရဲ့အလှည့်ရောက်လာပြီနဲ့ တူတယ်"

ထာဝရည၏ စကားအဆုံးမှာပင် ကောင်းကင်ယံတွင် ထူးထူးဆန်းဆန်းရွတ်ဆိုသံများနှင့် ပဲ့တင်ထပ်လာ၏။

ထို့နောက်တွင်တော့ ရထားလုံးတစီးသည် လေထုကို ထိုးဖောက်ပျံသန်းလာလေသည်။ ရထားလုံးထဲတွင် ထိုင်နေသူမှာကား တခြားမဟုတ်။ အိပ်မက်ကြာပန်းသရဖူပင် ဖြစ်သည်။ မိခင်နတ်ဘုရားမဂိုဏ်းမှ ဂိုဏ်းချုပ်ဘုန်းတော်ကြီး ဆယ်ယောက်ခန့်သည်လည်း သူ့နောက်မှ ထပ်ချပ်မကွာ လိုက်ပါလာကြ၏။ အံ့သြစရာကောင်းသည်မှာ သူတို့အားလုံးသည် ထူးထူးဆန်းဆန်း အလင်းရောင်များ တောက်ပနေသည့် ကျောက်ပြားတချပ်စီပေါ်တွင် ရပ်နေခဲ့ကြခြင်းပင်။

ကောင်းကင်မြို့တော်၏ နံရံဆီသို့ရောက်သည်နှင့် အိပ်မက်ကြာပန်းသရဖူက ရှေ့သို့ လက်ညိုးထိုးလိုက်၏။ ထိုအခါ အလင်းနှင့်အတိပြီးနေသော တံခါးတချပ် ပေါ်ပေါက်လာပြီး ချက်ချင်းဆိုသလို အားကောင်းသော ဖိအားတမျိုးကို ဖြစ်တည်စေလိုက်တော့သည်။ ထိုဖိအားကြောင့် ဖားကြီး၏ အရှိန်အဝါများသည်ပင် သိသိသာသာ လျော့ကျသွား၏။ သူ့တိုက်ခိုက်မှုများသည်ပင် အားပျော့သွားသယောင် မှတ်ထင်ရသည်။

ဤနည်းစနစ်ကား တခြားမဟုတ်။ မိခင်နတ်ဘုရားမဂိုဏ်း၏ ဒဏ္ဍာရီလာနည်းစနစ်တခုဖြစ်သည့် ပုပ်ဆွေးအသွေးအသားပင် ဖြစ်လေသည်။

အနှီ အာကင်နာနည်းစနစ်သည် မည်သူတဦးတယောက်က်ိုမှ သတ်ပစ်နိုင်ခြင်း မရှိ။ သို့သော် မည်သည့် သတ္တဝါမဆို၏ ရုပ်ပိုင်းဆိုင်ရာခွန်အားကိုတော့ ၃၀ရာခိုင်နှုန်းအထိ လျော့ကျသွားစေနိင်၏။ တကယ်တော့ တတိယလက်စွပ်အဆင့် အာကင်နာနည်းစနစ်မျိုးသည်ပင် ထိုအကျိုးသက်ရောက်မှုမျိုးကို ပေးစွမ်းနိုင်ပေရာ ပုပ်ဆွေးအသွေးအသားသည် ဒဏ္ဍာရီလာအဆင့် အာကင်နာနည်းစနစ်ဆိုသည့် နာမည်နှင့်ပင် မတန်ဟု ပြောနိုင်သည်။

သို့သော် ဤနည်းစနစ်၏ ထူးခြားချက်မှာ သားရဲကြီးများကိုပင် သက်ရောက်နိုင်စွမ်းရှိ၍ ဒဏ္ဍာရီလာအဆင့် အာကင်နာနည်းစနစ်အဖြစ် သတ်မှတ်ခံထားရခြင်း ဖြစ်သည်။ အရိုးရှင်းဆုံးပြောရလျင် သားရဲကြီးများနှင့် တိုက်ခိုက်ရာတွင် အသုံးပြုနိုင်ရန် ရည်ရွယ်ပြီး ဤနည်းစနစ်ကို တီထွင်ထားခြင်းဖြစ်သည်ဟု ဆိုနိုင်၏။

ကမ္ဘာဦးမတိုင်မီသားရဲကြီးတကောင်၏ ခွန်အားကို ၃၀ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်ခြင်းမှာ အတော်လေးအထင်ကြီးစရာသော စွမ်းဆောင်ရည်မျိုးပင်။ သို့သော် တဖက်တွင် အိပ်မက်ကြာပန်းသရဖူသည်လည်း ဤနည်းစနစ်မျိုးကို ဖော်ထုတ်နိုင်ရန် ပင်ပန်းကြီးစွာ ရုန်းကန်နေရ၏။ ထို့ကြောင့် ဂိုဏ်းချုပ်ဘုန်းတော်ကြီးများက ဝင်ရောက်ကူညီပေးနေ​ရခြင်း ဖြစ်သည်။

ထိုအချိန်မှာပင် လေထဲတွင် လှည့်ပတ်နေသည့် ကျောင်းဆောင်ဆယ့်နှစ်ဆောင်နောက်မှ ထိပ်တန်းအာကင်နာပညာရှင်နှစ်ယောက် ထွက်လာပြီး အာကင်နာနည်းစနစ်နှစ်မျိုးကို တစ်ပြိုင်နက်တည်း ထုတ်သုံးလိုက်၏။ ထိုနည်းစနစ်နှစ်မျိုးမှာလည်း ဒဏ္ဍာရီလာအဆင့်အာကင်နာ နည်းစနစ်များပင် ဖြစ်ကြသည်။

ဟာလာဟင်းလင်းသေခြင်း။ ထို့နောက်

ထာဝရအခမ်းအနား။

ဟာလာဟင်းလင်းသေခြင်းနည်းစနစ်သည် အဆိပ်တထောင်ဖားကြီး၏ ထူထဲလှသော အရေပြားကို လျော့တိလျော့ရဲ ဖြစ်သွားစေ၏။ ၎င်းနည်းစနစ်၏ စွမ်းရည်မှာ ဖားကြီးအပေါ်တွင် ရာနှုန်းပြည့်မသက်ရောက်သည့်တိုင်အောင် ယခုဆိုလျင် အဌမအဆင့်အာကင်နာနည်းစနစ်များသည်ပင် အဆိပ်တထောင်ဖားကြီးကို ဒဏ်ရာရစေနိုင်ခဲ့လေပြီ။ ဟာလာဟင်းလင်းသေခြင်း၏ စွမ်းရည်များပါ ပေါင်းစပ်လိုက်သည့်အခါ နောက်ထပ်ထွက်ပေါ်လာသည့် တိုက်ခိုက်မှုများက ဖားကြီးကို ပို၍အထိနာစေပေလိမ့်မည်။

ထာဝရအခမ်းအနားနည်းစနစ်မှာကား ရန်သူ့တိုက်ခိုက်မှု၏ အင်အားပမာဏကို လျော့ကျသွားစေနိုင်သော အစွမ်းရှိပေသည်။ ဤနည်းအားဖြင့် မြို့တော်၏ အကာအကွယ်များသည် အားပျော့သော တိုက်ခိုက်မှုများကိုသာ ခုခံရပေတော့မည် ။ ထို့ကြောင့် ထာဝရအခမ်းအနားနည်းစနစ်နှင့် ကောင်းကင်မြို့တော်၏ အကာအကွယ်မှာ လွန်စွာ လိုက်ဖက်လှတော့သည်။

လူပျံတော်များဘက်မှ ပုပ်ဆွေးအသွေးအသားနှင့် ထာဝရအခမ်းအနားနည်းစနစ်တို့ကို ထုတ်သုံးလိုက်သည်နှင့် အဆိပ်တထောင်ဖားကြီး၏ အားကောင်းလှသော အရှိန်အဝါမှာ များစွာလျော့ကျသွား၏။ သူ့တိုက်ခိုက်မှုမှာလည်း သိသိသာသာပင် အားပျော့သွားလေသည်။ တချိန်တည်းမှာပင် လူပျံတော်တပ်များဆီမှ ထွက်ပေါ်လာသည့် တန်ပြန်တိုက်စစ်ကလည်း ဖားကြီးကို သိသိသာသာပင် အခက်တွေ့စေတော့သည်။

တိုက်ပွဲအခြေအနေမှာ စတင်ပြောင်းလဲစပြုနေခဲ့လေပြီ။

ထိုအချိန်တွင် ရာနှင့်ချီသော နတ်ဆိုးရုပ်သေးများကလည်း စစ်ပွဲထဲသို့ ဝင်ရောက်လာကြပြီ ဖြစ်သည်။ အဆိုပါ ရုပ်သေးများသည် ပေ ၇၀ မှ ပေ၈၀ ထိမြင့်မားကြပြီး ဧရာမဘီလူးကြီးများနှင့်ပင် တူနေသေးသည်။ သူတို့ စစ်ပွဲထဲ စတင်ဝင်ရောက်လာသည်နှင့် သွေးစုပ်ခြင်ကြီးများကို ဦးတည်တိုက်ခိုက်ကြတော့သည်။

ရုပ်သေးစစ်သည်များ ပါဝင်ပူးပေါင်းလိုက်သည်နှင့် လူပျံတော်များ၏ ထိခိုက်ဒဏ်ရာရရှိမှုနှုန်းမှာ သိသိသာသာပင် လျော့ကျသွားတော့သည်။ အကာအကွယ်များ ပျက်စီးကုန်သည့် နယ်မြေများသည်ပင် တန်ပြန်တိုက်စစ်ကို ပြန်လည်စတင်နိုင်ခဲ့လေပြီ။

ထိုအချိန်မှာပင် အဆိပ်တထောင်ဖားကြီးသည် ဒေါသတကြီး အော်ဟစ်ပြီး လေကို အားရပါးရပင် ရှူသွင်းလိုက်၏။ ထိုအခါ အရှိန်အဟုန်ပြင်းလှသော ဧရာမလေဝဲတခု ဖြစ်ပေါ်လာပြီး မရေမတွက်နိုင်သော လူပျံတော်စစ်သည်များ လေဝဲဆီသို့ လွင့်စင်ကုန်ကြတော့သည်။ ဒလိန့်ကောက်ကွေး လွင့်စင်ကုန်ကြသော လူပျံတော်စစ်သည်များကား ဖားကြီး၏ ခံတွင်းဝသို့ သက်ဆင်းရတော့မည့်ပုံ ပေါ်နေသည်။

သို့သော် မထင်မှတ်ပဲ ထာဝရညက စတင်လှုပ်ရှားလိုက်၏။ သူက လက်တဖက်ကို လေထဲသို့ ဆန့်ထုတ်လိုက်လေရာ ဧရာမ လက်ကြီးတချောင်း ကောင်းကင်ဆီမှ ထွက်ပေါ်လာပြီး လူပျံတော်စစ်သည်များကို ဖမ်းယူလိုက်၏။ နေလုံးကြီးကိုပင် မှေးမှိန်သွားစေမည့်ပုံပေါ်နေသည့် လက်ကြီးသည် လေဝဲနှင့် စစ်သည်များကြားတွင် နေရာယူပြီး ရာနှင့်ချီသော စစ်သည်များကို ဖားကြီး၏ ပါးစပ်ထဲမှ ဆွဲထုတ်လိုက်လေသည်။ ကံမကောင်းသည်မှာကား ကယ်တင်ခံလိုက်ရသည့် စစ်သည်များထက် ဖားကြီး၏ ပါးစပ်ထဲကို ကျရောက်ပျောက်ကွယ်သွားသည့် စစ်သည်အရေအတွက်က ပိုများနေခဲ့ခြင်းပင်။

"နတ်ဆိုးသုတ်သင်ရေးအမြောက် သူ့ပါးစပ်ကို ပစ်"

အထီးကျန်ကောင်းကင်၏ အော်သံ ထွက်ပေါ်လာသည်။

နတ်ဆိုးသုတ်သင်ရေးအမြောက်ကား နောက်တကြိမ် ပြန်လည်တောက်ပလာခဲ့ပြန်လေပြီ။

သို့သော် ထိုအချိန်တွင် ဖားကြီးက သူ့ပါးစပ်ကို ပိတ်ထားပြီး ဖြစ်သည်။ ထို့နောက် ဖားကြီးသည် အမြောက်ပစ်ချက်ကို ကျောပြင်နှင့်လှည့်ကာ ခံဆောင်ပေးလိုက်၏။ တဖန် သူက ပါးစပ်ကို ပြန်ဖွင့်လိုက်ပြီး လေဟုန်ခွင်းဓားသုံးချောင်းကို ထွေးထုတ်လိုက်တော့သည်။

အဆိုပါ လေဓားသုံးချောင်းမှာ တချောင်းစီသည် ပေတစ်သောင်းနီးပါးပင် ရှည်လျား၏။ ထို့နောက် အဆိုပါလေဓားကြီးများသည် သုံးခွမှိန်းကြီး၏ ထိပ်ချွန်ကြီးသုံးချောင်းသဖွယ် မြို့နံရံနှင့် အတားအဆီးများကို ထိုးဖောက်ဝင်ရောက်သွားတော့သည်။

ထိုအခါ လူပျံတော်များဘက်မှလည်း ထောင်နှင့်ချီသော လျပ်စီးမြားများကို ပြန်လည်ပစ်လွှတ်လိုက်ကြ၏။ တဖန် ဖားကြီးက သွေးစုပ်ခြင်အုပ်ကြီးကို ထပ်မံဖန်တီးလိုက်ပြန်သည်။ လူပျံတော်များကလည်း နေမင်းထိုးခွဲအမြောက်များနှင့် တိုက်ခိုက်ရေးရုပ်သေးများကိုသုံးကာ ပြန်လည်တိုက်ခိုက်ကြ၏။

တိုက်ပွဲမှာ အထက်ပါအတိုင်း လွန်စွာပင် ဘက်ညီလှတော့သည်။

စိမ်းပြာပြာ သွေးများ အဆိပ်တထောင်ဖားကြီး၏ ကိုယ်ပေါ်မှ ယိုစီးကျနေ၏။ သွေးများပန်းထွက်နေသော်ငြား ထိုမျှလောက်ဒဏ်ရာက ဖားကြီးအတွက်တော့ မှုလောက်စရာမဟုတ်သေးချေ။

တစ်ဖက်မှ လူပျံတော်မျိုးနွယ်စုများကား သူတို့၏ စစ်သည်များ သေဆုံးကုန်ခြင်းကြောင့် အကြီးအကျယ် နာကျင်ကြေကွဲနေကြကုန်၏။

မည်သို့ဆိုစေ ဤတိုက်ပွဲအတွက် နှစ်ဖက်လုံး ပေးဆပ်မှုကိုယ်စီ ရှိနေကြသည်မှာ အမှန်ပင်။

တရက်အကြာတွင်တော့ အဆိပ်တထောင်ဖားကြီးသည် ကူကယ်ရာကင်းမဲ့စွာ တပ်ဆုတ်သွားလေသည်။

ရုပ်ပိုင်းဆိုင်ရာ ပျော့ညံ့သည်ဟု လူသိများသော လူပျံတော်မျိုးနွယ်များကား ကောင်းကင်မြို့တော်ကို အမှီသဟဲပြုပြီး ကမ္ဘာဦးမတိုင်မီသားရဲကြီးတကောင်၏တိုက်ခိုက်မှုကို ကာကွယ်နိုင်ခဲ့ကြလေပြီ။ ဤသည်မှာ ကောင်းကင်မြို့တော်သည် မည်မျှ အံ့အားသင့်စရာကောင်းလောက်အောင် အစွမ်းထက်ကြောင်းကို တိုက်ရိုက် သက်သေခြင်းပေတည်း။ မြို့၏ အဆုံးမဲ့ စွမ်းအင်အရင်းအမြစ်၊ အမျိုးမျိုးသော ကာကွယ်ရေးစနစ်တွေများ၊ မူလပုံစံကွက်များ၊ လူပျံတော်စစ်သည်များနှင့် အာကင်နာပညာရှင်များ၏စုပေါင်းအားကြောင့် ဤသို့အံ့သြဖွယ်ရာရလဒ် ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။

မှန်ပါသည်။ လူပျံတော်များဘက်မှ နစ်နာမှု မရှိမဟုတ်။ တိုက်ပွဲအတွက် လူပျံတော် စစ်သည် ခြောက်ထောင်နီးပါး အသက်ပေးလိုက်ရ၏။

သို့သော် တိုက်ပွဲ မပြီးဆုံးသေးချေ။

အနည်းဆုံးတော့ စုချန်းအတွက် မပြီးဆုံးသေးချေ။

ယခုအချိန်ထိ တိုက်ပွဲမဝင်ရသေးသည့် ဒဏ္ဍာရီလာအဆင့်အာကင်နာပညာရှင်တယောက် ကျန်နေသေးကြောင်း စုချန်း ကောင်းကောင်းကြီး သိထားသည်မဟုတ်ပါလား။

ထိုသူမှာ ခီလစ်ဒါပင် ဖြစ်လေသတည်း။

All Chapters