ရူးသွပ်သွားပြီ
Vol. 90 Ch. 889
စုချန်း တွေးမိသလောက်ကတော့ ခီလစ်ဒါ ထွက်မလာခြင်းမှာ သူ့ကိုစောင့်နေခြင်းသာ ဖြစ်ရပေမည်။
သာမာန်အားဖြင့်ဆိုလျင် သူ့ကို အလွန်အမင်းမုန်းတီးနေသော ခီလစ်ဒါအနေနှင့် စုချန်းကို ဤအတိုင်း လွှတ်ပေးထားမည်မဟုတ်။ ဤတချက်ကိုကြည့်ရုံနှင့် ထာဝရညအနေနှင့် သူ့ လှုပ်ရှားမှုများအားလုံးကို အနီးကပ် စောင့်ကြည့်နေမှန်း သေချာသွားလေပြီ။
ဤသို့ဆိုလျင် သူတို့အဘယ်ကြောင့် မလှုပ်ရှားရလေသနည်း။ သူတို့ ဘာကိုစောင့်နေသနည်း။ အကြောင်းမှာ ထာဝရညအနေနှင့် စုချန်း၏ အလင်းတုန်ခါခြင်းတစ္ဆေကို မည်သို့ကိုင်တွယ်ရမည်မှန်း မသိသေးသောကြောင့် ဖြစ်ပေလိမ့်မည်။ နောက်တချက်မှာ ကျူးရှန်းယောင် ရောက်အလာကို စောင့်ဆိုင်းနေခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်၏။
ထိုအကြောင်းကိုတွေးမိသည်နှင့် စုချန်း၏ မျက်နှာပေါ်တွင် ထူးခြားလှသောအပြုံးတခု ပေါ်ပေါက်လာတော့သည်။ ကနဦးတိုက်ပွဲကြောင့် ကောင်းကင်မြို့တော်နှင့် အဆိပ်တထောင်ဖားကြီး၏ စွမ်းအားအများစုကို စုချန်း သိရှိသွားလေပြီ။ ထိုအချက်အလက်များကို အခြေခံပြီး သူ ဘာဆက်လုပ်ရမည်မှန်း စုချန်း သဘောပေါက်သွားလေပြီ။
နောက်တနေ့မနက်တွင် အဆိပ်တထောင်ကြီး ပြန်ရောက်လာပြန်သည်။
တစ်ညတာအနားယူပြီးနောက် အနှီဖားကြီး၏ ဒဏ်ရာများမှာ သိသိသာသာပင် ပြန်ကောင်းသွား၏။ ဤသို့ဖြစ်လာမည်ကို လူပျံတော်များကလည်း ကြိုတင်သိထားပြီးဖြစ်သည်။ သို့သော် သူတို့အနေနှင့် ဘာမှမတတ်နိုင်ခဲ့ချေ။ မြို့တော်၏ အစွမ်းထက် ကာကွယ်ရေးစနစ်များကြောင့်သာ ယမန်နေ့တိုက်ပွဲတွင် သူတို့ အသက်ရှင်နိုင်ခဲ့ကြခြင်း ဖြစ်သည်။ သူတို့သာ မြို့ထဲမှ ထွက်ပြေးသွားပါက မုချ အခြေအနေဆိုးနှင့် ကြုံရမည်မှန်း လူပျံတော်များ ကောင်းကောင်းနားလည်ထားကြ၏။
တဖက်တွင်လည်း အဆိပ်တထောင်ဖားကြီးသည် ဒဏ်ရာတချို့ သက်သာသွားသော်ငြား သူ့စွမ်းအင်မှာကား အတော်လေး လျော့ကျသွား၏။ ထိုအခါ အဆိပ်တထောင်ဖားကြီးသည် ပို၍ လိမ္မာပါးနပ်သောပုံစံမျိုးနှင့် တိုက်စစ်ဖွင့်လာတော့၏။
အကြောင်းမှာ ဤတကြိမ်တွင် အဆိပ်တထောင်ဖားကြီးသည် မြို့ထဲသို့ အတင်းအကျပ် ဝင်ရောက်ရန် မကြံတော့ပဲ သွေးစုပ်ခြင်အုပ်ကြီးများ တသုတ်ပြီးတသုတ် အဆက်မပြတ် ပို့လွှတ်တိုက်ခိုက်နေသောကြောင့်ပင်။ အဆိပ်တထောင်ဖားကြီး၏ အထူးကျွမ်းကျင်မှုမှာ အဆိပ်မှန်း မေးခွန်းထုတ်နေစရာမလိုချေ။ ခီလစ်ဒါ၏ အဆိပ်ဖြေဆေးသာ မရှိခဲ့လျင် ကောင်းကင်မြို့တော်ကြီးသည် ဖားကြီး၏ မပြီးနိုင်မစီးနိုင်သော တိုက်ခိုက်မှုကြောင့် ဒုက္ခပင်လယ်ဝေနေလောက်ပေပြီ။ လက်ရှိအနေအထားမှာပင် သူတို့အနေနှင့် ခြင်အုပ်ကို အသည်းအသန် တားဆီးနေရသည် မဟုတ်ပါလား။
သို့တိုင်အောင် ခြင်များမှာ မြို့ထဲသို့ ထိုးဖောက်ဝင်ရောက်လာကြလေရာ ခြင်အုပ်၏ တိုက်ခိုက်ခြင်းကိုခံရသည့် လူပျံတော်စစ်သည်တိုင်းမှာ မရှုမလှပင် သေဆုံးကုန်ကြ၏။
ရလဒ်မှာကား တိုက်ပွဲမှာ ပို၍ပို၍သာ ပြင်းထန်လာခြင်းပင်။ တိုက်ပွဲကြာလာသည်နှင့်အမျှ လူပျံတော်များဘက်မှ အသေအပျောက် ပိုများလာခဲ့၏။ သို့တိုင်အောင် သူတို့ကား သေရမည်ကို မလားလားမျှမကြောက်ပဲ ရှေ့ကိုသာ အဆက်မပြတ် တိုးဝင်နေကြလေသည်။ သူတို့၏ အသက်တချောင်းက ခြင်များကို အနည်းငယ်မျှ နှေးကွေးစေသည်ဆိုလျင်ပင် သေရခြင်းမှာ ထိုက်တန်သည်ဟု လူပျံတော်စစ်သည်တိုင်း တလေးတနက်ပင် ယုံကြည်ထားကြ၏။
ဤသည်ကား စစ်ပွဲတပွဲ၏ စစ်မှန်သော သရုပ်သကန်ပေတည်း။
တိုက်ပွဲ၏ အစပိုင်းတွင် နှစ်ဖက်လုံးသည် သူတို့၏ အစွမ်းအထက်ဆုံး အခြေအနေတွင် ရှိနေခဲ့သေး၏။ သို့သော် တိုက်ပွဲ အချိန်ကြာလာသည်နှင့်အမျှ မူလစွမ်းအင်အပြင် နည်းဗျူဟာနှင့် ဇွဲ၊ အားမာန်တို့မှာ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လာတော့သည်။
သို့သော် စုချန်းအတွက်ကတော့ ဤတိုက်ပွဲမှာ အရေးမပါတော့ချေ။ သူ့အနေနှင့် လုပ်စရာရှိသည်တို့ကို လုပ်ရပေတော့မည်။
ကောင်းကင်မြို့တော်၏ အထက်တန်းလွှာ ရပ်ကွက်တစ်ခုတွင် ဖြစ်သည်။
အဆိုပါရပ်ကွက်ကို အထက်တန်းလွှာရပ်ကွက်ဟု တရားဝင် သတ်မှတ်ထားခြင်း မရှိသည့်တိုင် ကောင်းကင်နိုင်ငံ၏ ချမ်းသာသောလူပျံတော်များနှင့် မှုးမတ်အများစု နေထိုင်၍ လူတိုင်းက ဤအတိုင်းပင် သတ်မှတ်ထားကြ၏။
စုချန်း ရပ်ကွက်ထဲ လမ်းလျှောက်ဝင်သွားသည်နှင့် စောင့်ကြည့်နေသော လူပျံတော်များ ချက်ချင်းလိုလိုပင် သတိထားမိလိုက်ကြသည်။
ထိုအခါ သူတို့က အထက်အရာရှိများကို အလျင်အမြန် အသိပေးလိုက်ကြ၏။
ထာဝရည၏ လက်အောက်အရာရှိတဦး ဖြစ်သော စိမ်းလန်းညနေမင်းမှာ စုချန်းကို စောင့်ကြည့်ရန် တာဝန်ယူထားရသူ ဖြစ်သည်။ သူကား တခြားသူမဟုတ်။ ကျောက်စိမ်းမြူ၏ လျှို့ဝှက်နယ်မြေတွင် သေဆုံးသွားခဲ့သည့် ညနေမင်း၏ မျိုးနွယ်စုဝင်တဦး ဖြစ်သည်။
ဟဲယွန်လေစီးကြောင်းတယောက် ကောင်းကင်မြို့တော်၏အထက်တန်းလွှာရပ်ကွက်သို့ ဦးတည်သွားနေကြောင်း ကြားလိုက်ရသည်နှင့် စိမ်းလန်းညနေမင်း အထူးပင် အံ့အားသင့်သွား၏။
ထာဝရနေမင်းနန်းတော်အစည်းအဝေး ပြီးကတည်းက ဟဲယွန်လေစီးကြောင်း လုပ်လာနိုင်သည့် လုပ်ရပ်တချို့ကို ကြိုတင်ကာကွယ်ရန် ထာဝရညအနေနှင့် အစီအစဥ်ဆွဲထားပြီး ဖြစ်သည်။ ထို့ကြောင့် သူသည် ထာဝရနေမင်းနန်းတော်၊ ဧကရာဇ်ဘဏ္ဍာတိုက်နှင့် ကောင်းကင်မြို့တော်၏ မဟာဗျူဟာမြောက် နေရာတချို့တွင် အစောင့်များ ထူထပ်စွာချထား၏။ ဟဲယွန်လေစီးကြောင်းသာ ထိုနေရာများကို တိုက်ခိုက်လာပါက ကြက်ကလေးငှက်ကလေးဖမ်းသည့်သဖွယ် ကွိခနဲ ဖမ်းမိရန် ထာဝရညက မျှော်လင့်ထားလေသည်။
သို့သော် ဟဲယွန်လေစီးကြောင်းသည် အနှီ မဟာဗျူဟာမြောက်နေရာများကို ရှောင်ပြီး မြို့၏ ချမ်းသာသော ရပ်ကွက်ကို ဦးတည်သွားနေခဲ့၏။ ၎င်းမှာ အဘယ်ကြောင့်ပေနည်း။
စိမ်းလန်းညနေမင်း၏ အဓိကတာဝန်မှာ စုချန်းကို သေသေချာချာ စောင့်ကြည့်ထားရန်သာ ဖြစ်သည်။ အကယ်၍ စုချန်းသာ အဆိုပါ မဟာဗျူဟာမြောက်နေရာများထဲမှ တနေရာကို ဝင်သွားပါက စိမ်းလန်းညနေမင်းအနေနှင့် ထောင်ချောက်များကိုအသက်သွင်းပြီး စုချန်းကို ဖမ်းဆီးရပေလိမ့်မည်။
သို့သော် ယခုအချိန်တွင် သူ့ပစ်မှတ်သည် ဗျူဟာမြောက်နေရာများကို ဦးတည်နေသည်မဟုတ်။ ထိုနည်းတူစွာ ကောင်းကင်မြို့တော်မှ ထွက်ပြေးရန် ကြိုးစားနေခြင်းလည်း မဟုတ်ချေ။ သို့ဆိုလျင် စိမ်းလန်းညနေမင်း ဘာလုပ်ရတော့မည်နည်း။
ဘုရင်မင်းမြတ်ထံမှ ထိုအတွက် မည်သည့်အမိန့်မှ မရထားလေရာ စိမ်းလန်း ညနေမင်း ခေါင်းများပင်ထိုးကိုက်လာကဲ့သို့ ခံစားလာရ၏။
ထိုအချိန်တွင် တပည့်တပန်းများကလည်း သူ့ကို စိုက်ကြည့်နေကြလေသည်။ အတန်ကြာအောင် စဥ်းစားပြီးနောက် သူ အံတချက်ကြိတ်ရင်း ပြောလိုက်၏။
“ဘုရင်မင်းမြတ်က သူ ကန့်သတ်နယ်မြေတွေထဲ မဝင်သရွေ့ ကောင်းကင်မြို့တော်က ထွက်ပြေးဖို့ မကြိုးစားသရွေ့ သွားမထ်ိနဲ့လို့ အမိန့်ပေးထားတယ်… ဒီတော့ ကျုပ်တို့ သူ ဘာလုပ်နေသလဲဆိုတာကို အရင်ဆုံး ကြည့်ကြရအောင်"
အဖြေကို သိပ်မကြာမီ သူတို့ သိလိုက်ရတော့သည်။
အကြောင်းမှာ ဟဲယွန်လေစီးကြောင်းတယောက် ဆိုင်တဆိုင်ထဲသို့ ဝင်သွားကြောင်း ငယ်သားတဦးက စိမ်းလန်းညနေမင်းကို သတင်းပို့လာသောကြောင့်ပင်။
ဆိုင်တဆိုင်ဆိုပါလား...
ဒီကောင် ဘာလုပ်ဖို့ စီစဉ်နေတာလဲ...
စိမ်းလန်းညနေမင်းတယောက် အထက်ပါအတိုင်း တွေးတောနေစဥ်မှာပင် နောက်ထပ်သတင်းပို့ချက်တခု ရောက်လာပြန်သည်။
“ဆရာ… သူ လခြမ်းဆိုင်ကို ခုပဲ ဓါးပြတိုက်သွားတယ်လို့ သိရပါတယ်"
ဓားပြတိုက်သွားတယ်ဆိုပါလား...
စိမ်းလန်းညနေမင်း အံ့အားသင့်သွား၏။
ဒီလိုအချိန်ကြီးမှာ ဒီကောင်က ဓါးပြတိုက်နေသေးတယ်တဲ့..
လခြမ်းဆိုင်သည် ကောင်းကင်မြို့တော်၏ နာမည်ကြီး ဆိုင်တဆိုင်ဖြစ်သည်။ ထိပ်တန်းနာမည်ကြီးဆိုင်ဖြစ်၍ ရတနာပစ္စည်း အများအပြားကို သိုလှောင်ထားတတ်၏။ ဆိုင်၏ သိုလှောင်ခန်းထဲတွင် မူလကိရိယာများ၊ မူလသလင်းများနှင့် ကျန်ပစ္စည်းတချို့လည်း ရှိနေတတ်သည်။ ထို့ကြောင့် ဆိုင်ထဲတွင် နတ်ဘုရားအဆင့်ရှ်ိရတနာများ မရှိသည့်တိုင် ကျန်ရတနာများ ရှိနေသည်ကတော့ အမှန်ပင်။
ယခုတော့ ထိုဆိုင်ရှိ ရတနာပစ္စည်းများအားလုံး လုယက်ခံလိုက်ရပေပြီ။
ပိုအရေးကြီးသည်မှာ အဆိုပါဓားပြသည် ဆိုင်တဆိုင်တည်းကို လုယက်ရုံနှင့် ကျေနပ်ပုံမပေါ်။ သူ ချက်ချင်းဆိုသလိုပင် နောက်ထပ်ဆိုင်တဆိုင်ကို ဦးတည်သွားပြန်၏။ သူပုံစံမှာ မျက်စိရှေ့မြင်မြင်သမျှ အရာအားလုံးကို လုယက်သွားရန် စီစဉ်ထားသည့်ပုံပင်။
စိမ်းလန်းညနေမင်းကား ဟဲယွန်လေစီးကြောင်း၏ လုပ်ရပ်ကို မည်သို့မျှ နားမလည်နိုင်ပဲ ဖြစ်နေ၏။ ထိုအခါသူက ချက်ချင်းပင် မေးခွန်းထုတ်လိုက်လေသည်။
“လခြမ်းဆိုင်က်ို လုရတာ ဒီလောက်တောင် လွယ်သတဲ့လား ကျုပ် သိသလောက် လခြမ်းဆိုင်မှာ ဒသမလက်စွပ်အဆင့်အာကင်နာပညာရှင်တချို့ ရှိတယ်မဟုတ်ဘူးလား"
“မှန်ပါတယ် ဒါပေမဲ့ သူတို့အားလုံး တိုက်ပွဲထဲ ရောက်နေကြပြီလေ ဒီအချိန်မှာ ဒီနယ်မြေထဲမှာ အဋ္ဌမလက်စွပ်အဆင့်နဲ့ သူ့အထက်အာကင်နာပညာရှင်တွေဆိုလို့ ကျုပ်တို့ပဲ ရှိပါတော့တယ်ခင်ဗျာ”
ငယ်သားတဦးက ပြန်ဖြေလိုက်၏။
ထိုအခါမှာကျမှ ထိပ်တန်းအဆင့်အာကင်နာပညာရှင်တိုင်း ရှေ့တန်းသို့ သတင်းပို့ရမည်ဟူသော ဘုရင်ကြီး၏ အမိန့်ကို စိမ်းလန်းညနေမင်း ပြန်သတိရလာ၏။ ဒါကြောင့် ကောင်းကင်မြို့တော်၏ လူနေရပ်ကွက်များထဲတွင် အဆင့်မြင့်အာကင်နာပညာရှင်ဟူ၍ သိပ်မကျန်တော့။ ကျန်ခဲ့သူတချို့မှာလည်း စုချန်းအတွက် မည်သို့မှ ပြိုင်ဘက်မဖြစ်နိုင်ချေ။
“အခု ဘာလုပ်ရမလဲခင်ဗျာ"
ခေတ္တစဥ်းစားပြီးနောက် စိမ်းလန်းညနေမင်းက ပြောလိုက်ပြန်သည်။
“ဒီအတုအယောင် ဟဲယွန်လေစီးကြောင်းဟာ အတော်လေးအရေးပါတယ် သူနဲ့ပတ်သက်ရင် ကျုပ်တယောက်တည်း ဆုံးဖြတ်လို့မရဘူး ဒီတော့ ကျုပ် အရှင်မင်းကြီးကို အစီရင်ခံမှရမယ် ဒီကြားထဲ သူ့ကို ဒီအတိုင်းသာ လွှတ်ထားလိုက်ပေတော့"
ထို့နောက် သူ ထာဝရညကို အစီရင်ခံရန် အသော့လေးပင် ထွက်ခွာသွား၏။
ထိုအချိန်တွင် စုချန်းကား ထင်တိုင်းကြဲနေလေသည်။
အဆိပ်တထောင်ဖားကြီး၏ တိုက်ခိုက်မှုသည် စုချန်းကို ကြီးမားသော အခွင့်အရေးတရပ် ပေးခဲ့၏။
ထာဝရညသည် ဧကရာဇ်နန်းတော်၊ ဧကရာဇ်ဘဏ္ဍာတိုက်နှင့် ကျန်မဟာဗျူဟာမြောက်နေရာတချို့၏ လုံခြုံရေးကိုသာ ဤအခြေအနေမျိုးတွင် တိုးမြှင့်နိုင်စွမ်းရှိ၏။ သာမာန်လူနေရပ်ကွက်များကိုတော့ မည်သို့မှ ဂရုစိုက်နိုင်စွမ်းမရှိချေ။
တိုက်ပွဲတစ်ခုတွင် ရန်သူ၏ မျက်ကွယ်နေရာကို တိုက်ခိုက်နိုင်ရန်မှာ အမြဲတမ်း အရေးပါသော ဒဿနဖြစ်သည်။ ယခုလည်း ကောင်းကင်မြို့တော်၏ အထက်တန်းလွှာရပ်ကွက်မှာ ထာဝရည၏ မျက်ကွယ်ဖြစ်နေသောနေရာဟု ဆိုနိုင်သည်။
မှန်ပါသည်။ အတိအကျပြောရလျင် စုချန်း၏ အစီအစဉ်မှ၏ ရန်သူ၏ အားနည်းချက်များကို ထိုးနှက်တိုက်ခိုက်ရင်း တဖက်တွင်လည်း သူ့အတွက် အကျိုးအမြတ်များ ရယူသွားရန်ပင် ဖြစ်သည်။ သီးခြားရည်ရွယ်ချက်မရှိပဲ ဖျက်လိုဖျက်ဆီးလုပ်ရခြင်းကို စုချန်းသဘောမကျ။ တနည်းအားဖြင့် သူသည် ခီလစ်ဒါကဲ့သို့ အကြမ်းဖက်သမားမဟုတ်ချေ။
ထိုမျှသာမကသေး အထက်တန်းလွှာရပ်ကွက်ကို စီးနင်းတိုက်ခိုက်ရန် စုချန်း ရွေးချယ်ခဲ့ခြင်းတွင် လက်တွေ့ကျသော တခြားအကြောင်းရင်းများ ရှိနေသေး၏။
လက်ရှိအချိန်တွင် စုချန်း၏ အကြီးဆုံး ပြဿနာမှာ ခီလစ်ဒါတယောက် အချိန်နှင့်တပြေးညီ သူ ဘယ်နေရာတွင်ရှိမှန်း သိရှိနေခြင်းပင်။ အကယ်၍ အလင်းတုန်ခါခြင်းတစ္ဆေသာ မရှိခဲ့လျင် စုချန်းတယောက် အကြိမ်ပေါင်းများစွာ သေဆုံးပြီးသား ဖြစ်နေပေလိမ့်မည်။
သို့သော် လူပျံတော်များအနေနှင့် ကျူးရှန်းယောင်ကို ဖမ်းမိထားချိန် သို့မဟုတ် အလင်းတုန်ခါခြင်းတစ္ဆေကို တန်ပြန်နိုင်မည့် နည်းလမ်းတစုံတရာကို ရှာတွေ့သွားချိန်တွင် သူ့ကို လာရှာကြတော့မည်မှာ သေချာပေါက်ပင်။
ထို့ကြောင့် စုချန်းတယောက် လူပျံတော်များနှင့် သိပ်မကြာမီ ထိပ်တိုက်တိုးရတော့မည်ဟူသည်မှာ ရှောင်လွှဲမရသည့် အမှန်တရားတခုဟု ဆိုနိုင်သည်။
သို့သော် စုချန်းဟူသည် ရန်သူများ သူ့ကို လာဖမ်းမည့်အချိန်ကို ထိုင်စောင့်နေမည့် လူစားမျိုးမဟုတ်ချေ။
ရန်သူများဘက်မှ စတင်လှုပ်ရှားလာပြီဟူသောသဘောမှာ အခြေအနေဖန်တီးနိုင်စွမ်းက သူတို့လက်ထဲသို့ ရောက်သွားပြီဟူသော သဘောမျိုးသက်ရောက်နေ၏။ ထို့ကြောင့် စုချန်းသာ ဤအခြေအနေမှလွတ်မြောက်လိုလျင် ခီလစ်ဒါလက်မှ လွတ်မြောက်နိုင်မည့်နည်းလမ်းကို ကိုယ်တိုင် ရှာဖွေရပေလိမ့်မည်။
တကယ်တော့ ဤပြဿနာကို ဖြေရှင်းနိုင်မည့် အကောင်းဆုံးနည်းလမ်းမှာ အတော်လေး ရိုးရှင်းလှ၏။ ထိုနည်းလမ်းမှာကား ယဇ်ပူဇော်ခြင်းပေတည်း။
သူ့အနေနှင့် ခီလစ်ဒါ သူ့တည်နေရာကို မည်သို့သိနေသည်ဟူသောအချက်ကို ဖော်ထုတ်နိုင်ရန် ယဇ်ပူဇော်မှုတခု လုပ်ရပေလိမ့်မည်။ ဤနည်းလမ်းမှာ အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းဖြစ်သည်။။ သူ ယခင်က ထိုသို့မလုပ်ခဲ့ရသည်မှာ သူ့လက်ထဲရှိ မူလသလင်းများ မလုံလောက်၍ပင် ဖြစ်သည်။ ယခုတော့ သူ့လိုအပ်ချက်ကို အထက်တန်းလွှာရပ်ကွက်ရှိ ထိပ်တန်းဆိုင်ကြီးများက ဖြည့်ဆည်းပေးပေလိမ့်မည်။
ထို့နောက်တွင်တော့ စုချန်းသည် ဆိုင်တိုင်းကို တဆိုင်ဝင်တဆိုင်ထွက်နှင့် စိတ်ကြိုက်ပင် လုယက်နေတော့၏။ ထိုသို့လုယက်ရာတွင်လည်း သူ့အနေနှင့် အနည်းငယ်မျှ အချိန်မဖြုန်း။
သူသည် ထိမ်းသိမ်းထားသည့် ရတနာများ ဘယ်နေရာတွင် ရှိမှန်း သိနိုင်ရန် သေစေနိုင်သောစုန်းမကို ထုတ်သုံး၏။ ပြန်လည်တုံ့ပြန်လာသမျှကို စီးဆင်းရွှေဓားနှင့် ချေမှုန်း၏။ ရတနာများကို အမြန်ဆုံး လုယူနိုင်ရန် လေလှိုင်းရေဘဝဲလက်တံများကို အသုံးပြု၏။
စုချန်း၏ ပုံစံမှာ ဒေါသထွက်နေသော လေမုန်တိုင်းကြီးတခုနှင့်ပင် တူနေသေးသည်။ သူ ရှာတွေ့နိုင်သမျှ အရာအားလုံးကို လုယက်ယူငင်နေပြီး သူ့နောက်တွင် ဖုန်မှုန့်များကိုသာ စုချန်း ချန်ထားရစ်ခဲ့၏။
စိမ်းလန်းညနေမင်း အစီရင်ခံနေသည်ကို နားထောင်နေရင်း ထာဝရည၏ မျက်လုံးထဲတွင် သံသယအရိပ်အယောင်များ ယှက်သန်းလာ၏။
“သူ အထက်တန်းလွှာရပ်ကွက်ထဲ ဝင်ပြီးလုယက်နေတယ်ပေါ့ ဟုတ်လား"
“မှန်ပါတယ်အရှင်မင်းကြီး တွေ့သမျှ တစမကျန်အောင် အကုန်ကိုယူနေတာပါ”
စိမ်းလန်းညနေမင်းက ပြန်ဖြေလိုက်သည်။
“ကျုပ် မပြောခဲ့ဘူးလား ဒီကောင်က အတော်ကိုလောဘကြီးတဲ့ ဓားပြတကောင်ပါဆိုနေ သွားတဲ့နေရာတိုင်းက တွေ့သမျှ ပစ္စည်းတွေကို ခိုးတယ် ကြည့်လေ ကျောက်စိမ်းမြူရဲ့ ရတနာသိုက်၊ ကံကြမ္မာလက်ချောင်းများဌာနချုပ်၊ ဝိညာဉ်အလင်းကျောင်းတော် ပြီးတော့ မိခင်နတ်ဘုရားမဂိုဏ်း ဒီကောင်က ရသမျှ အကုန်ယူသွားမှာပဲဗျ"
ခီလစ်ဒါ ဒေါသတကြီးနှင့် ဝင်ပြောလိုက်၏။
သို့သော် ထာဝရညကား ခီလစ်ဒါ၏ စကားကို အလေးမထားချေ။
"ကျုပ်တို့ ဆုံးရှုံးသွားတဲ့ ပစ္စည်းတွေက တချိန်ချိန်မှာ သေချာပေါက်ပြန်ရမှာပါ သူ ဒီမြို့ထဲက မထွက်သေးသရွေ့ အကုန်လုံး ညှိနှိုင်းလို့ရတယ် ဒါပေမဲ့ သူ အခု လုယက်နေတဲ့ ပုံစံမျိုးက အတော်ကို ထူးဆန်းနေတယ် ဒါတကယ်ပဲ လောဘကြောင့်လား ဒါမှမဟုတ် အခြား ရည်ရွယ်ချက် ရှိသေးလား"
အတန်ကြာသော် ထာဝရညက ပြောလိုက်၏။
“ခါဒါဗဲ မင်း သူ့ကို တချက်လောက် သွားကြည့်လိုက် ဒါပေမဲ့ မင်း ဘယ်သူဘယ်ဝါမှန်းတော့ ပြောမပြမိစေနဲ့”
“သူက ကျုပ်ကိုတွေ့တာနဲ့ ချက်ချင်းသိသွားမှာပဲ အရှင်မင်းကြီး”
ခီလစ်ဒါက ပြန်ပြောလိုက်၏။
“သိသွားပါစေ မင်း ဝန်မခံသရွေ့ လုံလောက်တယ်”
ထာဝရညက အထက်ပါအတိုင်း ပြန်ဖြေလိုက်လေသည်။