သေခြင်းတရား၏ပဲ့တင်သံ
Vol. 90 Ch. 890
ဆိုင်ပေါင်း၁၇ဆိုင်တိတ်ကို လုယက်ပြီးနောက် စုချန်းတယောက် ခီလစ်ဒါကို သတိပြုမိသွား၏။
ဤတချက်က သူ့ကို အနည်းငယ်တော့ စိတ်ပျက်သွားစေသည်။
ဒင်း မည်သည့်အတွက် ရုတ်တရက်ကြီး ပေါက်ချလာရလေသနည်း။ ၃ရက်အကြာမှ သူ့ရှေ့တွင် ပေါ်လာရမည် မဟုတ်တုံလော။
အနည်းငယ် စိတ်ပျက်သွားသည်တိုင် စုချန်း တုံ့ဆိုင်းနေခြင်းမရှိ။ သူ့ပုံရိပ်သည် စက္ကန့်ပိုင်းမျှ တုန်ခါသွားပြီး မြင်ကွင်းမှ ရုတ်တရက် ပျောက်ကွယ်သွား၏။
စုချန်း၏ လှုပ်ရှားမှုကို ခီလစ်ဒါကလည်း ကောင်းကင်းကြီး မြင်လိုက်ရသည်။ သူသည် သတ္တုသဘာဝစွမ်းအင်ကိုသုံး၍ နေရာတခုကို ပိတ်ဆို့ထိန်းချုပ်နိုင်စွမ်းရှိသော်ငြား ထိုစွမ်းအင်၏ သက်ရောက်နိုင်စွမ်းက အကွာအဝေး ကန့်သတ်ချက်ရှိနေ၏။ ထို့ကြောင့် သူသာ စုချန်းနှင့် အနီးဆုံးအကွာအဝေးသို့ လက်ဦးမှုရယူကာ ချည်းကပ်နိုင်စွမ်းမရှိလျင် စုချန်းကို သူ မည်သို့မှ ထောင်ချောက်ဆင်နိုင်ဖွယ်မရှိချေ။
ထိုထက်ပိုသည်မှာ စုချန်းသည် စနစ်တကျ အချိန်ယူပြင်ဆင်ထားခြင်းပင်။ သူသည် တမြို့လုံး၏ မတူညီသည့်နေရာအများအပြားတွင် ကိုယ်ပွားများကို ကြိုတင်နေရာချထား၏။ ခီလစ်ဒါကို မြင်သည်နှင့် သူသည် အနီးအနားရှိ ရတနာများကို လှည့်၍ပင်မကြည့်တော့ပဲ ချက်ချင်း လစ်ပြေးတော့သည်။ စုချန်းကား ဆုံးဖြတ်ချက်ပြတ်သားလှပေရာ ခီလစ်ဒါတယောက် အရိပ်ကို လိုက်ဖမ်းနေရသကဲ့သို့ ဖြစ်နေတော့သည်။
ထိုအချိန်မှာပင်...
"ဟေ့လူကြီး နောက်ဆုံးတော့ ခင်ဗျားပေါ်လာပြီပေါ့လေ ခင်ဗျားကို ကျုပ်က ကံကြမ္မာလက်ချောင်းများအဖွဲ့ရဲ့သစ္စာအဓိဌာန်ကို ထာဝရစောင့်ထိန်းမဲ့သူလို့ ကျုပ်က ထင်နေတာ အခုကျတော့ ခင်ဗျားက ထာဝရညရဲ့လက်အောက်ကို ခိုဝင်လိုက်ပြီပေါ့ ဟုတ်လား"
အနီးအနားတနေရာမှ စုချန်း၏အသံ ခီလစ်ဒါနားထဲသို့ တိုးဝင်လာ၏။ သို့သော် ၎င်းမှာ စုချန်း အစစ်မဟုတ်ချေ။ အနီးအနားအဆောက်အဦးတခု၏ ခေါင်မိုးပေါ်တွင် ထိုင်ရင်း ခီလစ်ဒါကို ရန်စနေသည့် စုချန်း၏ကိုယ်ပွားတကောင်ပင် ဖြစ်သည်။
ခီလစ်ဒါ နောက်လှည့်ကြည့်လိုက်၏။ ထို့နောက် သူက ကိုယ်ပွားက်ို တိုက်ခိုက်ခြင်းမရှိပဲ အောက်ပါအတိုင်း ပြောလိုက်သည်။
"မင်းဘာတွေပြောနေတာလဲ ကျုပ်လဲဘာမှနားမလည်ရပါလား ကျုပ်နာမည် ခါဒါဗဲလို့ခေါ်တယ် ကျုပ် ဘုရင်ကြီးထာဝရညရဲ့အမိန့်အရ မင်းကိုလာဖမ်းတာ"
"ခါဒါဗဲ ဟုတ်လား"
စုချန်း အံ့အားသင့်သွား၏။
"ခင်ဗျား နာမည်ပါ ပြောင်းလိုက်တာလား"
ခေတ္တ စဉ်းစားပြီးသည်နှင့် ခီလစ်ဒါ၏ အခြေအနေကို စုချန်း နားလည်သွားလေသည်။
"ဒါက ဘယ်လိုဖြစ်ရတာတုန်းဗျ ဒါ သူတို့နဲ့ မဟာမိတ်ဖြစ်ဖို့အတွက် ခင်ဗျား ပေးဆပ်လိုက်ရတဲ့တန်ဖိုးပဲလား နာမည်ပြောင်းပြီး အလံကိုအစားထိုးလိုက်ရတယ်ပေါ့ ဟုတ်လား ကောင်းပါတယ် ခင်ဗျားတို့အချင်းချင်း သဘောတူညီမှုရသွားတော့လဲ ကောင်းတာပါပဲ"
"ခွေးမသားလေး ဒီလိုတွေဖြစ်ရတာ မင်းကြောင့်ကွ"
ခီလစ်ဒါ မနေနိုင်တော့ပဲ ဆဲဆိုလိုက်၏။ သို့သော် သူ့ဆဲဆိုသံကို စုချန်း တစ်ယောက်တည်းသာ ကြားနိုင်၏။
"ဒါတော့မှန်တယ်ဗျ ကျုပ် မပါပဲနဲ့ ခင်ဗျား ဒီလိုဆုံးဖြတ်ချက်မျိုးကို ချနိုင်မှာမဟုတ်ဘူး တကယ်လို့ ချနိုင်ခဲ့ရင်လဲ ကံကြမ္မာလက်ချောင်းများအဖွဲ့ရဲ့ ရှေးဘိုးဘေးတွေက သဘောတူကြမှာ မဟုတ်ဘူး"
စုချန်း သက်ပြင်းချရင်း ဆက်ပြောလိုက်လေသည်။
"ကျုပ်ဟာ ခင်ဗျားရဲ့ ဒီလိုပြောင်းလဲမှုအတွက် အရင်းခံပဲ ပျက်စီးခြင်းမရှိပဲတည်ဆောက်ခြင်းဆိုတာ မရှိနိုင်ဘူး ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားအနေနဲ့ ကျုပ်ကို ကျေးဇူးတင်သင့်တယ်"
"ကောင်းပြီ မင်း အရှင်မင်းကြီးထာဝရရဲ့ရှေ့မှာ ဒူးထောက်နေရတဲ့အခါ ပျက်စီးခြင်းမရှိပဲ တည်ဆောက်ခြင်းမရှိဘူးဆိုတဲ့ အဓိပ္ပါယ်ကို ရှင်းရှင်းကြီးနားလည်သွားအောင် ကျုပ် ပြပေးလိုက်မယ်"
ခီလစ်ဒါ စိတ်ဆိုးမာန်ဆိုးနှင့် အော်ဟစ်လိုက်၏။
"ကျုပ်က မင်းကို အပိုင်းပိုင်းဖြတ်ပစ်လိုက်မယ် ဒါမှ မင်းရဲ့ ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတိုင်းတွေက ကိုယ့်ကိုယ်ကို ပြန်တည်ဆောက်နိုင်မှာ ဟုတ်ပြီလား ခွေးမသားလေး"
"ဟဲဟဲ ဒီအတိုင်း တကယ်သာ အလုပ်ခံရရင် အရသာက တော်တော်ဆိုးမှာပဲ"
စုချန်းက ခီလစ်ဒါကို ရိသဲ့သဲ့လုပ်လိုက်ပြန်သည်။
"ကံဆိုးတာက ထာဝရညရဲ့အစေပါးဖြစ်သွားကတည်းက ခင်ဗျား ကိုယ့်ကိုယ်ကို မပိုင်တော့ဘူး ခင်ဗျားရဲ့ဆန္ဒဟာ ခင်ဗျားရဲ့ဆန္ဒ မဟုတ်တော့ဘူး တကယ်လို့ ခင်ဗျားက ကျုပ်ကို ဖမ်းမ်ိသွားတယ်ပဲ ထားပါအုံး ကျုပ် ဘာဖြစ်မလဲဆိုတာကို ခင်ဗျား ဆုံးဖြတ်ပိုင်ခွင့်မရှိတော့ဘူး ထာဝရညကသာ အပြီးသတ်ဆုံးဖြတ်ချက်ကို ချလိမ့်မယ်"
ခီလစ်ဒါတကိုယ်လုံး ဆတ်ခနဲ တုန်ခါသွား၏။
တကယ်တော့ စုချန်း၏ စကားမှာ အမှန်ပင်။ ထာဝရညကို ဦးညွတ်လိုက်ကတည်းက သူ၏လွတ်လပ်ခွင့်၊ အချုပ်အချာအာဏာမှာ ဆုံးရှုံးသွားခဲ့လေပြီ။ တချို့နေရာများတွင် သူ အဆုံးအဖြတ်ပေးနိုင်စွမ်းမရှိဟူသော အခြေအနေမျိုးမှာလည်း တကယ်ပင် ရှိလာနိုင်၏။
မည်သို့ဆိုစေ ဤသည်မှာပင် သူပေးဆပ်ရမယ့် တန်ဖိုး ဖြစ်သည်။
တခုခုလိုချင်လျင် တခုခု ပြန်ပေးဆပ်ရမည်မှာ လောက၏ ဓမ္မတာပေတည်း။ သူသည် အသက်အန္တရာယ်ရှိနိုင်သောအခြေအနေကို ပြန်လည်ရှင်သန်နိုင်ရန် အခွင့်အရေးတရပ်အဖြစ် ပြန်လည်ပြောင်းလဲပစ်နိုင်ခဲ့၏။ ကံကြမ္မာလက်ချောင်းများအဖွဲ့ ပြန်လည်ပေါ်ထွန်းလာရေးလမ်းကြောင်းပေါ် ခြေချနိုင်ခဲ့၏။
သို့သော် ကံကြမ္မာလက်ချောင်းများအဖွဲ့သစ်သည် အဖွဲ့နာမည်ကို ပြောင်းလဲခဲ့ရ၏။ တခြားလူတယောက်၏ အလံတော်အောက်သို့ ခေါင်းလျှိုဝင်ခဲ့ရ၏။ ဤသည်မှာလည်း ပေးဆပ်ခဲ့ရသည့် တန်ဖိုးဟု ဆိုနိုင်ပေသည်။
ထာဝရညကိုယ်တိုင်လည်း ခီလစ်ဒါနှင့် သဘောတူညီမှုယူလိုက်သည့်အတွက် တန်ဖိုးတချို့ကို ပြန်လည်ပေးဆပ်ခဲ့ရသည်သာ။ ခီလစ်ဒါကို လက်ခံလိုက်ခြင်းကြောင့် သူ့လက်အောက်ခံတချို့ ဒေါသထွက်သွားမည်မှာ သေချာနေ၏။ ထိုအထဲမှ တချို့က ခီလစ်ဒါကို တိုက်ခိုက်ရန်ပင် ကြိုးစားကောင်းကြိုးစားလာနိုင်သေးသည်။ နောက်ဆုံးကုန်ကုန်ပြောရလျင် ထာဝရည၏ ဂုဏ်သိက္ခာကိုပါ ထိုးနှက်တိုက်ခိုက်လာခြင်းမျိုး ဖြစ်သွားနိုင်သေး၏။
သို့သော် နောက်ဆုံးတွင်တော့ လူတိုင်းသည် ဤအပေးအယူအတွင်း အသီးသီး အပြန်အလှန်ပေးဆပ်ခဲ့ရသည့် တန်ဖိုးကို တိုးတိုးတိတ်တိတ်ပင် သဘောတူခဲ့ကြလေသည်။
သင့်အနေနှင့် ပို၍လိုချင်လေလေ သင် ပေးဆပ်ရမည့်တန်ဖိုးက ပို၍များလာလေလေပင်။
သို့သော် စုချန်းက သူ့အနာကို စကားလုံးထက်ထက်နှင့် ထိုးဆွလိုက်လေရာ ခီလစ်ဒါ အကြီးအကျယ် နာကျင်သွားတော့သည်။ ထိုအခါ သူက မခံမရပ်နိုင်ဟန်ဖြင့် ပြန်လည်ပြောလိုက်သည်။
"ဘယ်လိုပဲပြောပြော ကျုပ်အနေနဲ့ မင်းကို စိတ်ရှိလက်ရှိ ဆုံးမပိုင်ခွင့်တော့ ရှိနေတုန်းပါပဲကွာ"
စုချန်း အားရပါးရ ရယ်မောလိုက်၏။
"ခင်ဗျားအနေနဲ့ တခြားကိစ္စတွေမှာ ဆုံးဖြတ်ပိုင်ခွင့် ရှိကောင်းရှိမယ် ဒါပေမဲ့ ကျုပ်ကို ဆုံးမမယ်လို့တော့ ပြောလို့မရဘူးဗျ"
ထိုစကားကြောင့် ခီလစ်ဒါ ပါးစပ်ပိတ်သွားတော့သည်။ စုချန်းက ဆက်ပြောလိုက်ပြန်၏။
"တကယ်တော့ ကျုပ်အနေနဲ့ စကားပြောချင်လွန်းလို့ ခင်ဗျားနဲ့ လာတွေ့တာတော့ မဟုတ်ဘူး ဒါပေမယ့် ထာဝရဘုရင်ကြီးကို ပြောချင်တာလေးတခုတော့ရှိတယ်"
"ဘာလဲကွ"
ရုတ်ချည်းဆိုသလို သက်တောင့်သက်သာမဖြစ်သောခံစားချက်မျိုးကို ခီလစ်ဒါ ခံစားလိုက်ရသည်။ တကယ်လည်း စုချန်း ထပ်ပြောလာသည့်စကားကြောင့် သူ အကြီးအကျယ် ထိတ်လန့်သွားတော့သည်။
"အထူးတလည်ကြီးတော့လဲမဟုတ်ပါဘူး ဒီနှစ်နှစ်တာကာလအတွင်းမှာ ကျုပ်ဟာ ကျောက်စိမ်းမြူရဲ့ လျှို့ဝှက်ရတနာသိုက်၊ ကံကြမ္မာလက်ချောင်းများရဲ့ ဌာနချုပ်နဲ့ မိခင်နတ်ဘုရားဂိုဏ်းရဲ့ မြင့်မြတ်တဲ့နယ်မြေတွေကို သွားခဲ့တယ် ဒီအချက်ကြောင့် အခုအချိန်မှာ ကျုပ် အတော်လေးကိုချမ်းသာကြွယ်ဝနေပြီလို့ ဆိုနိုင်တယ် ဒါပေမယ့် ခင်ဗျားပဲ စဥ်းစားကြည့်လေ ဒီလိုတန်ဖိုးကြီးရတနာတွေကို လက်ထဲမှာ ကိုင်ထားတယ်ဆိုတာ အန္တရာယ်များလွန်းလှတယ်လေ ဟုတ်တယ်မလား"
ထို့နောက် သူက စကားကိုခေတ္တရပ်ပြီး ခီလစ်ဒါကို ပြုံးပြလိုက်၏။ စုချန်းဆိုလိုရင်းကို ချက်ချင်းပင် သဘောပေါက်သွားလေရာ ခီလစ်ဒါ သွေးရူးသွေးတန်း ဖြစ်သွား၏။
"မဟုတ်ဘူး"
စုချန်း ပြုံးဖြီးဖြီး ဖြစ်သွားလေသည်။
"ခင်ဗျားထင်တာ မှန်ပါတယ် ကျုပ် ရတနာတွေအားလုံးကို ဖွက်ထားလိုက်ပြီ"
ဖွက်ထားလိုက်ပြီ...
ဤတလျှောက်လုံးတွင် အိပ်မက်ကြာပန်းသရဖူနှင့် ထာဝရညတို့သည် ရတနာများကို ယာယီနေရာလွဲနေသော အရာများအဖြစ်သာ သဘောထားခဲ့ကြ၏။ သူခိုးဓားပြကို ဖမ်းမိသည်နှင့် ထိုရတနာများကို ပြန်လည်ရရှိနိုင်မည်ဟု သူတို့ တထစ်ချယုံကြည်ထားကြသည်။
တကယ်တော့ ဤအတွေးမှာ ကျိုးကြောင်းဆီလျော်မှုရှိသော အတွေးမျိုးဖြစ်သည်။ သို့သော် ကျိုးကြောင်းဆီလျော်ရုံနှင့် သေချာပေါက် ဤအတိုင်းဖြစ်လိမ့်မည်ဟု တထစ်ချယူဆ၍မရချေ။
ယခုတော့ စုချန်းက အလွန်ရိုးရှင်းသော ရွှေ့ကွက်တကွက်တည်းနှင့် သူတို့၏မျက်နှာကို ဖြတ်ရိုက်ပစ်လိုက်ချေပြီ။ ဤအတိုင်းဆိုလျင် စုချန်းကို ဖမ်းမိခဲ့လျင်ပင် ထာဝရညတို့လူသိုက်အဖို့ ရတနာများကို ဘယ်သောအခါမှ ပြန်လည်ရရှိနိုင်တော့မည် မဟုတ်ချေ။
ထို့ပြင် ဤရတနာများသည်လည်း အသေးအဖွဲ ရတနာများမဟုတ်။ အင်အားကြီးအဖွဲ့အစည်းတချို့ နှစ်ပေါင်းထောင်ချီကြာအောင် စုဆောင်းထားခဲ့သည့် တန်ဖိုးမဖြတ်နိုင်သော ရတနာများ ဖြစ်သည်။ ဤရတနာများကိုသာ မူလကျောက်တုံးများအဖြစ် ပြောင်းလဲလိုက်မည်ဆိုလျင် စုစုပေါင်းတန်ဖိုးမှာ မူလကျောက်တုံး သန်းရာနှင့်ချီနေပေလိမ့်မည်။
အထူးသဖြင့် နတ်ဘုရားအဆင့်ရတနာများသည် အခြေခံအားဖြင့် တန်ဖိုးဖြတ်၍ မရပေ။ အကြောင်းမှာ သင့်တွင် မူလကျောက်တုံး ကဋေနှင့်ချီပြီး ပိုင်ဆိုင်ထားလျင်ပင် နတ်ဘုရားအဆင့်ရတနာများကို ဝယ်ယူရန်မှာ မဖြစ်နိုင်သောကြောင့်ပင်။
ဤသို့သောဆုံးရှုံးမှုမျိုးကို မည်သူက ခံနိုင်ရည်ရှိလိမ့်မည်နည်း။
ခီလစ်ဒါ စုချန်းကို ဒေါသတကြီး စိုက်ကြည့်နေ၏။
"မင်း လိမ်နေတာ ကျုပ်က မင်းကို တချိန်လုံး အနီးကပ် စောင့်ကြည့်နေတာပဲ မင်း ကောင်းကင်မြို့တော်အပြင်ဘက်ကို တစ်ခါမှ မထွက်ရသေးဘူးဆိုတာ သေချာတယ်"
စုချန်း ပုခုံးတွန့်လိုက်၏။
"ခီလစ်ဒါ...ခင်ဗျားကြီး အဲဒီလောက်ထိ မတုံးအစမ်းပါနဲ့လေ ခုလောက်ဆိုရင် ကျုပ်ရဲ့လှည့်ကွက်တွေအတော်များများကို ခင်ဗျား သိဖို့သင့်နေပြီ နေရာတကာ ကျုပ်ကိုယ်တိုင် သွားနေစရာ မလိုဘူးလေဗျာ ကျုပ်ကိုယ်ပွားတကောင်လောက် လွှတ်လိုက်ရုံနဲ့ ပြီးနေတဲ့ကိစ္စပဲလေ အပြင်ထွက်စရာတောင်မလိုဘူး ပြီးတော့ မူလလက်စွပ်လေးတချို့ကို ဖွက်မဲ့အရေးမှာ ကြီးကြီးကျယ်ကျယ်တွေ လုပ်နေစရာမလိုဘူးလေဗျာ ကြုံတဲ့နေရာမှာ ကျင်းတူးပြီး မြှုပ်ထားလိုက်ရုံပဲမလား"
ခီလစ်ဒါ အကြီးအကျယ် စိတ်ပျက်သွားတော့၏။
သွားပြီ...ဒီတခါ တကယ်သွားပြီ...
ရတနာအားလုံး ပျောက်ဆုံးသွားခဲ့လေပြီ...
တောက်...ဒီခွေးမသားလေးကွာ...
ဒီကောင် အတော်ကို လုပ်ရက်တဲ့ကောင်ပဲ...
ဤအတိုင်းဆိုလျင် သူ့အနေနှင့်ဘုရင်ကြီးထာဝရညကို မည်သို့မျက်နှာပြရနည်နည်း။ အိပ်မက်ကြာပန်းသရဖူကို မည်သို့ပြောရမည်နည်း။
ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ခီလစ်ဒါ၏ မျက်နှာကိုကြည့်ရင်း စုချန်း အကြီးအကျယ် ရယ်မောလိုက်၏။
"ကျုပ် ပြောစရာရှိတယ်ဆိုတာ ဒီစကားတွေပဲ ကဲ အခု ခင်ဗျား ကျုပ်ကို တိုက်ခိုက်ချင်သေးလား ဒါဆိုလဲ ခပ်မြန်မြန်လေး လှုပ်ရှားသင့်ပြီ"
ခီလစ်ဒါ ဘာမှပြန်မပြောပဲ စုချန်း၏ ကိုယ်ပွားကို စိုက်ကြည့်နေ၏။ အတန်ကြာသော် သူက ရုတ်ရက်ဆိုသလိုပင် တနေရာသို့လှည့်ကြည့်ပြီး အော်ပြောလိုက်လေသည်။
"ဒီလောက်လွယ်လွယ်လေးနဲ့ လွတ်မယ်ထင်သလားကွ ဟဲယွန်လေစီးကြောင်း"
ခီလစ်ဒါ လှည့်ကြည့်လိုက်သောအရပ်မှာ စုချန်းအစစ် ရှိနေသောနေရာပင် ဖြစ်သည်။
"ဟုတ်လို့လား"
စုချန်း၏ ကိုယ်ပွားက တည်ငြိမ်သောအမူအရာနှင့် ပြန်ပြောလိုက်သည်။
"ကျုပ်ကတော့ ခင်ဗျားထင်သလို မထင်ဘူး သေခြင်းတရားရဲ့ပဲ့တင်သံက အားကောင်းတာတော့ အမှန်ပဲ ဒါပေမယ့် ကျုပ်ကလဲ ဘာမှမလုပ်ပဲ ငြိမ်ခံနေမဲ့လူစားမျိုးမဟုတ်ဘူးဆိုတာ ခင်ဗျား သိသင့်တယ်"
"ဘာကွ"
ခီလစ်ဒါ အကြီးအကျယ် တုန်လှုပ်သွား၏။
"မင်း ဘယ်တုန်းက သိသွားတာလဲ"
"ဟား ဟား ဟား"
စုချန်း၏ ကိုယ်ပွား အားရပါးရ ရယ်မောလိုက်၏။
"ခင်ဗျား ကျုပ်ကို ဘယ်လိုတွေ ရှာတွေ့နေသလဲဆိုတာ ကျုပ်နားလည်သွားပြီ ...ဒီမယ် ခီလစ်ဒါ အနာဂတ်မှာ ခင်ဗျား ထင်သလောက် မလွယ်တော့ဘူးဗျို့"
ထို့နောက် စုချန်း၏ ကိုယ်ပွားသည် တဖြည်းဖြည်းနှင့် အဝေးသို့ ပျောက်ကွယ်သွားလေသည်။
"မဟုတ်ဘူး"
စုချန်းအစစ် ရှိနေသည့်နေရာကို ဦးတည်ပြေးလွှားရင်း ခီလစ်ဒါ သွေးရူးသွေးတန်း ဖြစ်နေရှာ၏။ ဤတကြိမ်တွင် သူ အမှန်တကယ် ကြောက်လန့်နေခဲ့လေပြီ။
လမ်းတဝက် အရောက်မှာပင် စုချန်းအား ခီလစ်ဒါ၏ ခြေရာခံနိုင်စွမ်းမှာ တဖြည်းဖြည်း မှေးမှိန်လာခဲ့၏။
အခြားတစ်ဖက်တွင်လည်း စုချန်းသည် သူ ကြိုတင်ဖော်စပ်ထားသည့် ဆေးကို ဂွပ်ခနဲသောက်ချလိုက်ရင်း သက်ပြင်းတချက်ကို ရှည်လျားစွာ ချလိုက်သည်။
တစ်နှစ်ကျော်ကြာသည်အထိ သူ့ကို စိတ်ပျက်စေခဲ့သော အနှီအာကင်နာနည်းစနစ်မှာ နောက်ဆုံးတော့ လုံးဝပျက်ပြယ်သွားခဲ့ချေပြီတည်း။
တကယ်တော့ ခီလစ်ဒါ စုချန်းအပေါ် အသုံးပြုခဲ့သည့် နည်းစနစ်မှာ နဝမဆင့်အာကင်နာနည်းစနစ်တရပ်ဖြစ်သော သေခြင်းတရား၏ပဲ့တင်သံပင် ဖြစ်သည်။
မူလက အဆိုပါအာကင်နာနည်းစနစ်သည် ကံကြမ္မာလက်ချောင်းများ၏ ရတနာသိုက်ထဲမှ ရတနာများကို ကာကွယ်ပေးနေခြင်းပင် ဖြစ်သည်။ အဆိုပါရတနာများကို ယူသွားသူ မည်သူမဆိုသည် ဤအာကင်နာနည်းစနစ်၏ တည်နေရာအဆက်မပြတ် ပေးပို့နေခြင်းကို ခံနေရပေလိမ့်မည်။
ဤနည်းစနစ်သည် တည်နေရာပေးပို့ရုံမျှသာ တတ်နိုင်ပြီး သက်ရောက်ခံရသူအပေါ် မည်သည့်ထိခိုက်မှုမှ မဖြစ်စေလေရာ ခုခံကာကွယ်ရေးနည်းစနစ်အားလုံးကို ကျော်လွှားနိုင်စွမ်းရှိနေ၏။ ထို့ကြောင့် ဤနည်းစနစ်၏ လွှမ်းမိုးမှုကို ဖယ်ရှားရန်မှာ အလွန်ပင် ခက်ခဲလှတော့သည်။
စုချန်းသည် ဤနည်းစနစ်နှင့်ပတ်သက်၍ အဖြေထုတ်နိုင်ရန် နတ်ဆိုးဧကရာဇ်မူလသလင်းနှစ်လုံးနှင့် နတ်ဆိုးဘုရင်မူလသလင်းတလုံးတို့ကို မူလအရိုးတောင်ဝှေးထံ ယဇ်ပူဇော်ခဲ့ရ၏။ ခီလစ်ဒါသည် ဒဏ္ဍာရီလာအင်ကင်နာပညာရှင် ဖြစ်လေရာ သူ့နှင့် ပတ်သက်သော ဟောကိန်းတခု ထွက်လာရန်မှာ အလွန်ပင် ကုန်ကျစရိတ်များလှသည်။
ထို့ပြင် ခီလစ်ဒါထံ သူ့ကိုယ်ပွားတကောင်ကို စုချန်း ပို့လိုက်ရသည့် အဓိကရည်ရွယ်ချက်မှာ ထာဝရညထံ သတင်းစကား ပေးပို့ရန်အပြင် သူ့သံသယများကို အတည်ပြုရန်နှင့် မူလအရိုးတောင်ဝှေး၏ ခန့်မှန်းချက် မှန်ကန်ကြောင်း သေချာစေရန်ပင် ဖြစ်သည်။
ယခုတော့ သူ့အတွက် ခြိမ်းခြောက်မှုကြီးသဖွယ် ဖြစ်နေသည့် ခီလစ်ဒါ၏ ခြေရာခံနည်းစနစ်သည် သေခြင်းတရား၏ ပဲ့တင်သံဖြစ်မှန်း စုချန်းအဖို့ သေချာသွားလေပြီ။ ထို့နောက်တွင်တော့ သူသည် ဤနည်းစနစ်၏ သက်ရောက်မှုကို ပျက်ပြယ်သွားစေနိုင်မည့် ဆေးတဖုံကို မြန်မြန်ဆန်ဆန်ပင် ဖော်စပ်လိုက်လေသည်။
သို့သော် သူ ဤမျှ ကြိုးစားပမ်းစားဖော်စပ်ခဲ့ရသည့် ဆေးသည်ပင် ပါဝင်ပစ္စည်းတချို့ လိုအပ်နေသည့်အတွက် အားနည်းချက်တချို့တော့ ကျန်နေသေး၏။ ထိုအချက်ကြောင့် စုချန်းအနေနှင့် သေခြင်းတရား၏ ပဲ့တင်သံလက်အောက်မှ အလုံးစုံ ထွက်ပြေးလွတ်မြောက်နိုင်စွမ်းတော့ မရှိသေးချေ။
ထို့ကြောင့် လက်ရှိအချိန်တွင် ခီလစ်ဒါအနေနှင့် စုချန်း ဘယ်နေရာတွင် ပုန်းအောင်းနေမှန်း အတိအကျ မသိနိုင်တော့။
သို့သော် စုချန်း ဘယ်အရပ်ဒေသအဝိုင်းအဝန်းထဲတွင် ရှိနေသည်ကိုတော့ ခီလစ်ဒါ တွက်ဆနိုင်နေဆဲပင်တည်း။