ရည်ရွယ်ချက်
Vol. 90 Ch. 891
ဖားကြီးနှင့် လူပျံတော်များ၏ တိုက်ပွဲမှာ ပြင်းပြင်းထန်ထန်ပင် ဆက်လက်ဖြစ်ပွားနေ၏။
ထာဝရညသည် ထိုင်ခုံမြင့်ကြီးတခုံပေါ်တွင် ထိုင်လျက် တိုက်ပွဲအခြေအနေကို အေးအေးဆေးဆေးပင် စောင့်ကြည့်နေ၏။ သူ့ဘေးနားရှိ ခီလစ်ဒါက အခြေအနေကို အစီရင်ခံလျက်ရှိသည်။
“ဒီတော့ ဒီပိုးကောင်လေး မင်းလက်ထဲကနေ လွတ်သွားပြန်ပြီပေါ့ ဟုတ်လား”
ထာဝရညက မည်သည့်ခံစားချက်မှ ရှိဟန်မပေါ်သည့် အမူအရာဖြင့် မေးခွန်းထုတ်လိုက်သည်။ သို့သော် သူ့အကြောင်း သိသူများအဖို့ကတော့ ထာဝရည အလွန်တည်ငြိမ်သည့်ပုံစံပေါက်နေပါက အကြီးအကျယ် ဒေါသထွက်နေပြီဖြစ်ကြောင်း ချက်ချင်းနားလည်လိုက်ကြသည်။
ခီလစ်ဒါက ခေါင်းတချက်ညိတ်ရင်း ပြန်ဖြေလိုက်၏။
"ဒီကောင် ကျုပ်ထင်ထားတာထက်တောင် ပိုပြီးညဏ်ကောင်းလွန်းနေတယ်အရှင်မင်းကြီး အမှန်အတိုင်းပြော ရင် ဒီကောင် ကျုပ်ရဲ့ သေခြင်းတရားပဲ့တင်သံနည်းစနစ်ရဲ့လွှမ်းမိုးမှုအောက်က ဘယ်လိုများ လွတ်သွားသလဲဆိုတာ ခုအချိန်ထိကို ကျုပ် တွေးမရသေးဘူး ကံကောင်းတာကတော့ ကျုပ် ဒီကောင့်တည်ရှိမှုကို တစိတ်တပိုင်းတော့ ခံစားနိုင်နေတုန်းပဲ သေချာတယ် ဒီကောင်ကောင်းကင်မြို့တော်ထဲမှာပဲ သေချာပေါက် ရှိနေသေးတယ် ဒါပေမဲ့ သူ ဘယ်မှာရှိနေသလဲဆိုတာကိုတော့ကျုပ် မသိတော့ဘူး"
ထာဝရညက ကုလားထိုင်လက်ရန်းကို တဒေါက်ဒေါက်ခေါက်ရင်း စဥ်းစားနေ၏။ အတန်ကြာသော် သူက ပြောလိုက်လေသည်။
"ကျုပ်တို့ရဲ့ရန်သူဟာ ကျုပ်တို့ထင်ထားတာထက် အများကြီးပိုပြီး လိမ္မာပါးနပ်တယ် အများကြီးပိုပြီး သတိကြီးတယ် အပြင်ပန်းကြည့်ရင် သူ့လုပ်ရပ်တွေဟာ အရူးတယောက်ပုံပေါက်နေပေမဲ့ အရာအားလုံးကို စနစ်တကျ တွက်ချက်ထားတဲ့ပုံပဲ ပြီးတော့ သူ ကျပန်းလုယက်နေတာ မဟုတ်ဘူး"
“အရှင်မင်းကြီးဆိုလိုတာ"
“စိမ်းလန်းညနေမင်း သူ ဆိုင်ပေါင်း ဘယ်နှစ်ဆိုင်လောက်ကို ဝင်ဖောက်ခဲ့တာလဲ"
“စုစုပေါင်း ဆယ့်ခုနစ်ဆိုင်ကို ဝင်ဖောက်သွားတာပါ အရှင်မင်းကြီး"
“ဒီဆိုင်တွေအကုန်လုံးက တဆိုင်နဲ့တဆိုင် ကပ်ရပ်စီရှိနေကြတာလား”
“မဟုတ်ပါဘူး အရှင်မင်းကြီး ဟဲယွန်လေစီးကြောင်း ဝင်မဖောက်ပဲ ချန်ထားခဲ့တဲ့ဆိုင်တွေလဲ နည်းနည်းပါးပါးတော့ ရှိပါတယ်”
စိမ်းလန်းညနေမင်းက ပြန်ဖြေလိုက်၏။
“ဒါဆို ဒီဆိုင်အားလုံးရဲ့ ဆုံးရှုံးမှုစာရင်းကို ကျုပ် သိချင်တာ အမြန်ဆုံးစာရင်းပြုစုပါ"
“အခုကိုပဲ စာရင်းပြုစုနေပါပြီ မကြာခင် အဆင်သင့်ဖြစ်ပါလိမ့်မယ်”
ထာဝရည၏ အမှုတော်ကို ထမ်းရွက်လာသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်လာပြီဖြစ်၍ ၎င်း၏ အလေ့အထမှန်သမျှကို စိမ်းလန်းညနေမင်း ကောင်းကောင်းသိထား၏။
“ဒါ့အပြင် မဖောက်ထွင်းခံရတဲ့ ဆိုင်တွေနဲ့ပတ်သက်တဲ့ အကြောင်းအရာအချက်အလက်တွေက်ိုလဲ မင်းသွားရှာလိုက် အဲ့ဒီအချက်အလက်တွေကိုလဲ ကျုပ် သိချင်တယ်"
“အမိန့်တော်အတိုင်းပါအရှင်မင်းကြီး”
သိပ်မကြာမှီ အထက်တန်းလွှာရပ်ကွက်ရှိ ဆိုင်များ၏ အချက်အလက်များပါဝင်သည့် စာလိပ်တလိပ် သူ့တို့လက်ထဲသို့ ရောက်လာ၏။ ထာဝရည စာလိပ်ကိုယူ၍ သေသေချာချာပင် ဖတ်ရှုနေလေသည်။
အဆုံးထိဖတ်ပြီးသည့်နောက်တွင် ထာဝရည တစုံတရာကို အတန်ကြာအောင် တွေးတောနေ၏။ ပြီးမှ သူက အောက်ပါအတိုင်း မှတ်ချက်ပြုလိုက်လေသည်။
“လက်စသတ်တော့ ဒီကောင် မူလသလင်းတွေ လိုချင်နေတာပဲကိုး”
ဖောက်ထွင်းခံရသောဆိုင်များနှင့် စုချန်း မဖောက်ထွင်းပဲ ချန်ထားခဲ့သည့် ဆိုင်များ၏ အခြေအနေကို ခွဲခြမ်းစိတ်ဖြာလိုက်ရုံနှင့် စုချန်း၏ ရည်ရွယ်ချက်ကို ထာဝရည သိရှိသွားတော့သည်။ တကယ်လည်း စုချန်း၏ရည်ရွယ်ချက်မှာ မူလသလင်းအားလုံးကို ခိုးယူရန်ပင် မဟုတ်ပါလား။ မည်သို့ဆိုစေ ဤမျှ ရှုပ်ထွေးပွေလီနေသော အခြေအနေမှာပင် အမှန်တရားကို ခွဲခြားနိုင်သိမြမင်နိုင်သည့် ထာဝရည၏စွမ်းရည်ကို ခီလစ်ဒါ အတော်လေး အထင်ကြီးလေးစားသွားလေသည်။
“အရှင်မင်းကြီးရဲ့ဉာဏ်ပညာဟာ ပင်လယ်သမုဒ္ဒရာလိုပဲ ကျယ်ပြန့်လှပါပေတယ်”
ခီလစ်ဒါ စိတ်ပါလက်ပါပင် ချီးကျူးလိုက်လေသည်။
“ရန်သူရဲ့စွမ်းရည်နဲ့အရည်အချင်းကလည်း အထင်သေးလို့တော့မရဘူး”
ထာဝရည တိုက်ပွဲကို စိုက်ကြည့်နေရင်း မှတ်ချက်ပြုလိုက်သည်။
စုချန်း၏ ပြသနာက အရေးကြီးလာသည့်တိုင် လက်ရှိဖြစ်ပွားနေသေးသည့်တိုက်ပွဲကိုလည်း သူ မမေ့ချေ။
ခီလစ်ဒါ သူ့စိတ်ထဲ သံသယဝင်နေသောမေးခွန်းကို မနေနိုင်တော့ပဲ ထုတ်မေးလိုက်တော့သည်။
“မူလသလင်းတွေ …… သူဘာလို့ မူလသလင်းတွေ ဒီလောက်အများကြီးကို လိုချင်ရတာလဲ ပြီးတော့ မူလသလင်းတွေ ရသွားပြီးတာနဲ့ သေခြင်းတရားရဲ့ပဲ့တင်သံကို သူ ပယ်ဖျက်နိုင်ခဲ့တယ် ဒီအခြေအနေနှစ်မျိုးကြားမှာ ဆက်စပ်မှုများ ရှိနေသလား"
ခီလစ်ဒါ၏ ပင်ကိုယ်ဓားပြဗီဇကြောင့် စုချန်း မူလသလင်းများ ရသွားသည်နှင့် သေခြင်းတရား၏ ပဲ့တင်သံနည်းစနစ် ပျက်ပြယ်သွားခြင်းတို့ကြား ဆက်နွှယ်မှုကို ခပ်မြန်မြန်ပင် တွေ့ရှိသွားခဲ့တော့သည်။
သို့သော် ထာဝရည၏အာရုံက ထိုအပေါ်တွင် ရှိမနေချေ။
သူ့အတွက်မူ ထိုကိစ္စသည် အတိတ်ကာလ ဖြစ်သွားလေပြီ။ သူယခုအာရုံစိုက်နေသည်မှာ ပစ္စုပ္ပါန်နှင့် အနာဂတ်ပင် ဖြစ်သည်။
ထိုအခါ သူက ပြောလိုက်၏။
“သူဘာလို့ အချိန်အကြာကြီးယူခဲ့တာလဲ ခုလို အထက်တန်းလွှာရပ်ကွက်က ဆိုင်တွေကို လုယက်ဖို့ ဘာ့အတွက်ကြောင့် ဒီလောက်ထ်ိ အချိန်ယူခဲ့ရတာလဲ ဒါကို ကျုပ်က ပိုပြီး စိတ်ဝင်စားတယ်”
ခီလစ်ဒါ အံ့အားသင့်သွား၏။
“အဆိပ်တထောင်ဖားကြီးက ကောင်းကင်မြို့တော် ကို တိုက်ခိုက်မယ့်အချိန်ကို ဒီကောင် စောင့်နေတာဖြစ်မှာပေါ့ ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်ကျရင် ကျုပ်တို့ရဲ့ ထိပ်သီးတိုက်ခိုက်ရေးသမားတွေအားလုံး အလုပ်များနေကြမှာမို့လို့ပေါ့"
“ဒါဆို မနေ့က သူဘာလို့ ငြိမ်ကုပ်နေတာလဲ အဆိပ်တထောင်ဖားကြီးဟာ မြို့ကို မနေ့ကတည်းက ဝင်တိုက်နေပြီလေ"
ထာဝရညက ပြန်လည်မေးခွန်းထုတ်လိုက်ပြန်သည်။
ခီလစ်ဒါ နောက်တကြိမ် အံ့သြသင့်သွားရပြန်၏။
မှန်ပေသည်။ မနေ့က စုချန်း ဘာကြောင့် မလှုပ်ရှားခဲ့ရလေသနည်း။
ထာဝရညက သူ့မေးခွန်းကို သူကိုယ်တိုင်ပင် ဖြေလိုက်သည်။
“ဘာကြောင့်လဲဆိုတော့ သူ စောင့်ကြည့်နေခဲ့လို့ပဲ”
“စောင့်ကြည့်နေခဲ့တယ် ဟုတ်လား အရှင်မင်းကြီး”
ထာဝရည၏စကားကို ကြားလိုက်သည်နှင့် ခီလစ်ဒါတယောက် အတွေးနယ်ထဲ နစ်ဝင်သွားတော့သည်။
တကယ်တော့ သူသည်လည်း အဖွဲ့အစည်းကြီးတဖွဲ့ကို အချိန်ကြာမြင့်စွာ ဦးဆောင်ခဲ့ဖူးသူ ဖြစ်လေရာ သာမညောင်ည မဟုတ်ချေ။ သိပ်မကြာမီ သူ တစုံတရာကို မြန်မြန်ဆန်ဆန်ပင် သဘောပေါက်သွားတော့သည်။ ထို့နောက်တွင်တော့ သူ့မျက်လုံးများထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အရိပ်အယောင်များ ယှက်သန်းလာ၏။
"ဒီကောင် ကောင်းကင်မြို့တော်ကို တစုံတခု မကောင်းတာလုပ်ဖို့ ရည်ရွယ်နေတာပဲ”
ခီလစ်ဒါ၏ အတွေးမှာ မှန်ပေသည်။
ခီလစ်ဒါ၏ အဆိပ်ဖြေဆေးကြောင့် အဆိပ်တစ်ထောင်ဖားကြီး၏ အားအထားရဆုံး တိုက်ခိုက်မှုများမှာ လုံးဝထိရောက်မှုမရှိတော့ပဲ ဖြစ်သွား၏။ တနည်းအားဖြင့် ဤအချက်ကြောင့် ၎င်း၏ အင်အား များစွာလျော့ကျသွားစေသည်ဟု ဆိုနိုင်သည်။ ထို့ကြောင့်ကောင်းကင်မြို့တော်သည် မူလကတည်းက ကိုယ့်အင်အားကိုအပြည့်အဝအသုံးမချနိုင်သည့် ကမ္ဘာဦးမတိုင်မီသားရဲကြီးနှင့်သာ ရင်ဆိုင်ရတော့မည်ဖြစ်လေရာ ဤတိုက်ပွဲတွင် သူတို့အနိုင် မည်မှာ သေချာသလောက်ဖြစ်နေပြီးသားပင်။
သို့သော် စုချန်း၏တည်ရှိမှုက အရာအားလုံးကို များစွာ ပြောင်းလဲသွားစေနိုင်၏။
ကောင်းကင်မြို့တော်အတွက် အဆိပ်တထောင်ဖားကြီးသည် ပြင်ပရန်သူဖြစ်ပြီး စုချန်းကတော့ အတွင်းမှရန်သူဖြစ်သည်။ စုချန်းဖက်မှပြန်ကြည့်လျင်လည်း မြို့ထဲ၌ ပြဿနာများဖန်တီးရန် မကြိုးစားခဲ့လျင် စုချန်းဟု သတ်မှတ်၍ရနိုင်တော့မည်မဟုတ်။
သမိုင်းတစ်လျှောက် အင်အားကြီးမားသော မြို့တော်ပေါင်းများစွာသည် ပြင်ပမှ ရန်သူများ ဝိုင်းရံတိုက်ခိုက်ခံရခြင်းကြောင့် ရှုံးနိမ့်ခဲ့ရခြင်း မဟုတ်ချေ။ မြို့တွင်းမှ နေထိုင်သူ တဦးဦး၏ သစ္စာဖောက်မှုကြောင့်သာ ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။
ထို့ကြောင့် စုချန်းသည် ရန်သူ၏နောက်ကျောကို ထိုးနှက်တိုက်ခိုက်ရန် အသင့်ဖြစ်နေသည့် ဓားမြှောင်တချောင်းနှင့် တူနေ၏။ အကယ်၍ စုချန်းသာ အချိန်ကိုက် လုပ်ဆောင်နိုင်ခဲ့လျင် ကြီးမားသည့် ပြဿနာတရပ် ပေါ်ပေါက်လာနိုင်ပေသည်။
ဥပမာအားဖြင့် အကယ်၍ စုချန်းသာ အာကင်နာမျှော်စင်များကို ဖျက်ဆီးခြင်းအားဖြင့် ကောင်းကင်မြို့တော်၏ အကာအကွယ်ကို ပိတ်ပစ်နိုင်ခဲ့လျင် အဆိပ်တထောင်ဖားကြီးသည် မြို့ထဲသို့ ဝင်ရောက်လာပေလိမ့်မည်။ ထိုအခြေအနေမျိုးသာ ပေါ်ပေါက်လာခဲ့လျင် လူပျံတော်များ အကြီးအကျယ် ဒုက္ခရောက်ပြီဟု မုချဆိုနိုင်သည်။
သို့သော် စုချန်း မြို့တွင်းသို့ရောက်နေကြောင်း လူတိုင်းသိရှိပြီးသားဖြစ်လေရာ ခီလစ်ဒါနှင့် ထာဝရညတို့က ထိုအန္တရာယ်မျိုးကို ကြိုတင်ကာကွယ်ထားပြီးသား ဖြစ်သည်။ ထို့ကြောင့် စုချန်းအနေနှင့် ကောင်းကင်မြို့တော်၏ မဟာဗျူဟာမြောက်နေရာများကို မည်သို့မှ ဝင်ရောက်လာနိုင်ဖွယ်ရာ မရှိချေ။
သို့သော် တဖက်တွင်လည်း လူပျံတော်များအနေနှင့် တမြို့လုံးကိုတော့ မည်သို့မှ ကာကွယ်ထားနိုင်စွမ်းမရှိချေ။ ဤအချက်သည်ပင် စုချန်းအတွက် အခွင့်အရေးတရပ် ဖြစ်လာတော့သည်။
လက်ရှိအချိန်တွင် ကောင်းကင်မြို့တော်တမြို့လုံးရှိ လူပျံတော်တိုင်းသည် သူ့ဟာနှင့်သူ အသီးသီး အလုပ်များနေကြ၏။ တမြို့လုံးရှိ လူပျံတော်တိုင်း စစ်မှုထမ်းဆောင်ရန် ဆင့်ခေါ်ခံထားရသည့် အခြေအနေမျိုး ဖြစ်လေရာ ရှေ့တန်းမလိုက်ရသော လူပျံတော်များပင်လျင် အလုပ်ရှုပ်နေကြလေသည်။ သူတို့သည် ရှေ့တန်းမှ စစ်သည်များအတွက် လိုအပ်သော မြှားများ၊ မူလသလင်းများ၊ ဆေးဝါးများနှင့် မူလကိရိယာများကို အသည်းအသန်ပင် ထုတ်လုပ်နေကြလေသည်။
သို့ဆို စုချန်း ယမန်နေ့က ဘာကို စောင့်ကြည့်နေလေသနည်း။
အဖြေမှာကား ကောင်းကင်မြို့တော်၏ မည်သည့်နေရာက အရေးအကြီးဆုံးဖြစ်ပြီး လုံခြုံရေးအားအနည်းဆုံးမှာ မည်သည့်နေရာများမှန်း သိရှိနိုင်ရန်ပင် ဖြစ်လေသတည်း။
စုချန်း၏ပထမဆုံးလှုပ်ရှားမှုမှာ မူလအရိုးတောင်ဝှေးကို ယဇ်ပူဇော်ရန်အတွက် မူလသလင်းများကို လုယက်လိုက်ခြင်းပင် ဖြစ်သည်။ ထို့နောက်တွင်တော့ စုချန်း၏ ခေါင်းထဲတွင် ကောင်းကင်မြို့တော်ကို ဒုက္ခရောက်စေမည့် စီမံချက်တရပ်ကို ရေးဆွဲပြီးသွားလေပြီ။
ထိုအချက်ကို သဘောပေါက်လိုက်သည်နှင့် ခီလစ်ဒါ ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။
"ဒီလိုဆိုရင် အရှင်မင်းကြီး သူ နောက်ထပ် ဘယ်နေရာကိုများ တိုက်ခိုက်လောက်သလဲ"
ထာဝရည ခေါင်းခါလိုက်၏။
"ဖြစ်နိုင်ခြေတွေကတော့ အများကြီးပဲ”
စစ်ပွဲတခုအောင်မြင်ရန်ဟူသည်မှာ နောက်တန်းမှ ပံ့ပိုးမှုများစွာလိုအပ်သောကြောင့် စုချန်း၏ပစ်မှတ်ကို ခန့်မှန်းရန်မှာ များစွာ ခက်ခဲလှတော့သည်။
ထာဝရညအတွက်ပင် ထ်ိုဖြစ်နိုင်ချေများမှာ များပြားလွန်းနေ၏။
ထိုအချိန်မှာပင် လူပျံတော်အရာရှိတဦးက အောက်ပါအတိုင်း အစီရင်ခံလိုက်၏။
“အရှင်မင်းကြီး အနီရောင်မိုးအလုပ်ရုံ ခုနကပဲ ဖောက်ထွင်းခံလိုက်ရတယ်လို့ သိရပါတယ်"
“အနီရောင်မိုးအလုပ်ရုံ ဟုတ်လား”
ထာဝရညက တွေခနဲ ဖြစ်သွား၏။
“မြူခိုးပြာအရိပ်"
“အမိန့်ရှိပါ အရှင်မင်းမြတ်”
ထာဝရည၏ ခေါ်သံကြောင့် လူပျံတော်တဦး ရှေ့သို့ထွက်လာ၏။
ထာဝရညက ထပ်မံမေးခွန်းထုတ်လိုက်ပြန်သည်။
“မင်းက ထောက်ပံ့ရေးအရာရှိချုပ်ပဲ အနီရောင်မိုးအလုပ်ရုံ က ကျုပ်တို့ကို အရေးကြီးတဲ့ပစ္စည်းတခုခု ပံ့ပိုးပေးနေတာများ ရှိသလား"
“ရှိပါတယ် အရှင်မင်းကြီး”
မြူခိုးပြာအရိပ်ကလည်း ချက်ချင်းပြန်ဖြေလိုက်၏။
"သူတို့ဟာ ကျုပ်တို့အတွက် မီးလောင်အမှုန့်တွေ ပံ့ပိုးပေးဖို့ တာဝန်ယူထားပါတယ်”
လက်ရှိတွင် ကောင်းကင်မြို့တော် ၏အလုပ်ရုံများအားလုံးသည် စစ်ပွဲအတွက် လိုအပ်သောပစ္စည်းများကို ထုတ်လုပ်နေကြ၏။ အနီရောင်မိုးအလုပ်ရုံသည်လည်း ဤအတိုင်းပင်။
“မီးလောင်အမှုန့် ဟုတ်လား ကျုပ် မှတ်မိသလောက် ဒီအမှုန့်တွေဟာ နေမင်းထိုးခွဲအမြောက်တွေကိုပစ်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းတမျိုးပဲ မလား"
“မှန်ပါတယ်အရှင်မင်းကြီး”
မြူခိုးပြာအရိပ်က ချက်ချင်း ခေါင်းညိတ်သည်။
“နေမင်းထိုးခွဲအမြောက်တွေ …… ဘာလို့ နေမင်းထိုးခွဲအမြောက်တွေ ဖြစ်နေရျာလဲ……” ‘
ထာဝရည အကြီးအကျယ် ခေါင်းစားသွားရပြန်၏။
အထက်တန်းလွှာရပ်ကွက်ကို ဖောက်ထွင်းခံရခြင်းသည် သူ့အတွက် အထူးတလည် စိုးရိမ်စရာမဟုတ်။ ခီလစ်ဒါ၏ သေခြင်းတရားပဲ့တင်သံနည်းစနစ် ပျက်ပြယ်သွားရခြင်းကိုလည်း သူ လစ်လျူရှုထားနိုင်သေးသည်။ သို့သော် မီးလောင်အမှုန့် ထုတ်လုပ်သည့်အလုပ်ရုံ ဖျက်ဆီးခံလိုက်ရခြင်းကတော့ ထာဝရညကို အတွေးနယ်ချဲ့စေခဲ့လေပြီ။
ထာဝရညတယောက် အကြီးအကျယ် စဥ်းစားနေစဥ်မှာပင် ကောင်းကင်မြို့တော်၏ တဖက်ခြမ်းတွင် အလွန်ကြီးမားသော ဝံပုလွေတကောင်သည် တိုက်ပွဲကို အာရုံစိုက်ကာ ကြည့်ရှုနေ၏။
အဝေးတွင် ဖြစ်ပွားနေသော စစ်ပွဲမှာအရက်စက်ကြမ်းကြုတ်လှ၏။ သို့သော် ဝံပုလွေ၏မျက်လုံးများသည် မည်သည့်ခံစားချက်အရိပ်အယောင်မျှမရှိပဲ တည်ငြိမ်နေလေသည်။
“အရှင်မင်းကြီးတွေ့လား ကျုပ်တို့ရဲ့ ဘိုးဘေးကြီးကတော့ တကယ့်ကို အံ့မခန်းပဲ ခုလေးတင် ရာနဲ့ချီတဲ့ လူပျံတော်တွေ အဆိပ်မိပြီး သေကုန်တယ် ဒီလူပျံတော်တွေ ဒီနေ့မှာလဲ စစ်သည်ခြောက်ထောင် ခုနစ်ထောင်လောက်တော့ ထပ်ပြီးဆုံးရှုံးအုံးမှာပဲ”
ရွှေရောင်ငှက်တကောင်က ဝံပုလွေအနီးရှိ မြေပြင်ပေါ်သို့ ဆင်းသက်ရင်း စိတ်လှုပ်ရှားဟန်ဖြင့် ပြောလိုက်သည်။
“မင်းကသာ အားရပါးရကြီး ချီးမွမ်းနေတာ ကျုပ်အမြင်မှာတော့ ဒီကောင်ဟာ အသုံးမကျတဲ့ကောင် အရှုံးသမားပဲ"
ဝံပုလွေက သရော်တော်တော်ပြုံးရင်း လူစကားဖြင့် ပြန်ပြောလိုက်သည်။
“အရှုံးသမား အသုံးမကျဘူး ဟုတ်လား”
ရွှေရောင်ငှက် အံ့အားသင့်သွားသည်။
“အရှင်မင်းကြီးအပြာရောင်မီးလျံ ဘိုးဘေးကြီးကို ဘယ်လိုများ ပြောလိုက်တာလဲ သူ ဘယ်လိုလုပ်ပြီး အရှုံးသမား အသုံးမကျတဲ့ကောင် ဖြစ်ရမှာလဲ တကယ်လို့ သူသာ သိသွားရင်……”
“သူမသိပါဘူးကွာ”
ဝံပုလွေကြီးက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်ပြန်၏။
“သူ့ရဲ့ဥာဏ်ရည်ကို ကြည့်ရတာ ကျုပ် သူ့ကို မျက်နှာချင်းဆိုင်ဆဲနေရင်တောင် နားလည်မဲ့ပုံမပေါ်ဘူး”
အပြာရောင်မီးလျှံ ၏မျက်လုံးများထဲတွင် မထီမဲ့မြင်ပြုသည့် အရိပ်အယောင်များ ယှက်သန်းလာသည်။
တကယ်လည်း ကမ္ဘာဦးမတိုင်မီသားရဲများသည် အလွန်သန်မာအားကောင်းသော်လည်း ဥာဏ်ရည်မှာ အလွန်အမင်း နိမ့်ကျလှ၏။
“ပြီးတော့ သူ အသက်ငင်နေပြီ ကျုပ်ပြောတာကို နားလည်နိုင်ရင်တောင် သူဂရုမစိုက်နိုင်တော့ပါဘူးလေ”
မိုးပြာရောင်မီးလျှံ၏လေသံမှာ တည်ငြိမ်လှ၏။
“အခုအချိန်မှာ ကျုပ်တို့ အများဆုံးမျှော်လင့်နိုင်တာဆိုလို့ သူ မသေခင်လေးမှာ ကောင်းကင်မြို့တော် ကို ဖျက်ဆီးသွားဖို့ပဲ ဒါပေမဲ့ ဒါတောင် မဖြစ်နိုင်တော့ဘူးထင်တယ် အဆိပ်တစ်ထောင်ဖားဟာ မနက်ဖြန်ညအထိတောင် ခံပါ့မလား မသေချာဘူး"
“ဒီတော့ အရှင်မင်းကြီး ဆိုလိုတာကတော့……”
“လူပျံတော်သုံးသောင်းလောက်ပဲ သူ သတ်နိုင်လိမ့်မယ် ဒါ ရယ်စရာမကောင်းဘူးလားကွာ ကျန်တဲ့ဘိုးဘေးတွေသာ သူ့နေရာမှာဆိုရင် ဒီအချိန် သွေးချောင်းစီကုန်လောက်ပြီ ဉာဏ်ရည်မြင့်မျိုးစိတ်တွေ မဟာမိတ်ဖွဲ့ထားတဲ့အချိန်မျိုးမှာတောင် ကျုပ်တို့ရဲ့ဘိုးဘေးတကောင်ကို သတ်ဖို့ အသက်ပေါင်း သိန်းချီ၍ ပေးဆပ်ခဲ့ရတယ် ခုတော့ သုံးသောင်းတဲ့ကွာ ရှက်စရာကောင်းလိုက်တာ”
မိုးပြာရောင်မီးလျှံ အထက်ပါအတိုင်းပြောရင်း သက်ပြင်းချလိုက်၏။
“မဖြစ်နိုင်ပါဘူး ဘိုးဘေးကြီးက……ဒီလောက်တောင် အခြေအနေဆိုးနေတာတဲ့လား”
ရွှေရောင်ငှက်လေးအဖို့ သူ့နားကိုပင် သူ မယုံနိုင်ပဲ ဖြစ်နေဟန်တူသည်။
မိုးပြာရေင်မီးလျှံက ရှင်းပြလိုက်ပြန်သည်။
"တကယ်တော့ ကျုပ်တို့ ဘိုးဘေး အခြေအနေဆိုးတာသက်သက် မဟုတ်ဘူးကွ ရန်သူတွေမှာ သူ့အဆိပ်တချို့ကို ဖြေနိုင်တဲ့ ဖြေဆေးရှိနေလို့ သူရဲ့အားအကောင်းဆုံးလက်နက်က အသုံးမဝင်တော့ပဲ ဖြစ်ကုန်တာ နောက်တအချက်ကတော့ ဒီပတ်ဝန်းကျင်ဟာ သူ့ကို အကြီးအကျယ် အားနည်းစေတယ် ဒီအတိုင်းဆိုရင် သူ မြို့ထဲကို ဘယ်လိုမှ မဝင်နိုင်လောက်တော့ဘူး"
“မြို့ထဲကိုလား”
ရွှေရောင်ငှက်လေး အံ့အားသင့်သွား၏။
“ဟုတ်တယ် မြို့ထဲကို”
မိုးပြာရောင်မီးလျှံ က ပြန်ဖြေလိုက်သည်။
“လူပျံတော်တွေဟာ မြို့ရဲ့ကာကွယ်ရေးစနစ်ကိုသုံးပြီး ကျုပ်တို့ဘိုးဘေးကို တားဆီးနေကြတာ အဲ့ဒီကာကွယ်ရေးစနစ်တွေ ခနတဖြုတ် ရပ်တန့်သွားရင်တောင် လူပျံတော်တွေ အကြီးကြီး ပေးဆပ်ရလိမ့်မယ်"
“အရှင်မင်းကြီး ဒါဆို သူ မြို့ထဲကို ဝင်ဖို့ဆိုတာ ဖြစ်နိုင်ချေရှိသေးသလား”
“ခက်ခဲပေမယ့် ကျုပ်တို့မှာ အခွင့်အရေးတခုတော့ရှိနေသေးတယ်”
မိုးပြာရောင်မီးလျှံ က အဝေးရှိမြို့ကို အာရုံစိုက်ကြည့်ရှုရင်း ပြောလိုက်လေသည်။